သင်အမှန်ပင် ဘုရားသခင်ကို ချစ်နိုင်ပါမည်လော
ဘုရားသခင်က “ငါ့မျက်နှာကိုမြင်လျှင် အသက်ရှင်ရသောလူတစ်စုံတစ်ယောက်မျှမရှိ” ဟု မိန့်တော်မူ၏။ (ထွက်မြောက်ရာ ၃၃:၂၀) ကျမ်းစာခေတ်ပြီးသည့်နောက်ပိုင်း၌ လူသားတစ်ဦးတစ်ယောက်က ကိုယ်တော်နှင့်တိုက်ရိုက်ဆက်သွယ်ခဲ့သည်ဟူသည့် သက်သေသာဓကမရှိတော့ချေ။ သင် တိုက်ရိုက်မတွေ့ရှိ၊ မကြားသိခဲ့ဖူးသူတစ်ဦးအား နက်ရှိုင်းသောချစ်ခင်တွယ်တာမှုကို ပျိုးထောင်ရန် ခက်ခဲဟန်၊ ဖြစ်ပင်မဖြစ်နိုင်ဟန် မရှိပေလော။ စကြဝဠာကိုဖန်ဆင်းသောအရှင်နှင့် မေတ္တာပါသည့်ဆက်ဆံရေး အမှန်ပင်ရရှိနိုင်ပါမည်လော။
ဘုရားသခင်နှင့် နွေးထွေးသောကိုယ်ပိုင်တွယ်တာမှုတစ်ခုကို ပျိုးထောင်ရန် ဖြစ်နိုင်ကြောင်း သံသယမရှိသင့်ပါ။ တရားဟောရာ ၆:၅ တွင် “သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့” ဟူ၍ ဣသရေလလူမျိုးအား အမိန့်ပေးထားသည်ကို ကျွန်ုပ်တို့ဖတ်ရှုရသည်။ နောက်ပိုင်း ယေရှုခရစ်က မိမိ၏နောက်တော်လိုက်များအား ဤပညတ်ချက်ကို တစ်ဖန်အခိုင်အမာမိန့်တော်မူပြီး ဤ “ပညတ်သည် ပထမပညတ်ဖြစ်၏။ ကြီးမြတ်သောပညတ်လည်းဖြစ်၏” ဟု ထပ်ဖြည့်စွက်ခဲ့သည်။ (မဿဲ ၂၂:၃၇၊ ၃၈) ထိုကဲ့သို့သောဆက်ဆံရေးကို မရရှိနိုင်ပါက ဘုရားသခင်အားချစ်မြတ်နိုးရန် သမ္မာကျမ်းစာက ကျွန်ုပ်တို့ကိုတိုက်တွန်းပါမည်လော။
သို့သော် ယေဟောဝါသည် မိမိအမိန့်ထုတ်ပြန်ထားသောကြောင့် မိမိအားချစ်မြတ်နိုးရမည်ဟု မျှော်လင့်ခြင်းလော။ မဟုတ်ပါ။ ဘုရားသခင်သည် မိမိကိုချစ်မြတ်နိုးရန်အစွမ်းသတ္တိပါလျက် ပထမလူသားမောင်နှံကို ဖန်ဆင်းခဲ့သည်။ အာဒံနှင့်ဧဝတို့သည် သူတို့၏ဖန်ဆင်းရှင်နှင့် မေတ္တာပါသောဆက်ဆံမှုရှိရန် အတင်းအကြပ်ပြုခံရခြင်းမဟုတ်ပါ။ ယင်းအစား ဘုရားသခင်သည် မိမိအား နက်ရှိုင်းသောချစ်ခင်တွယ်တာမှုကို ပျိုးထောင်ဖို့ရန် သူတို့ကို အကောင်းဆုံးအခြေအနေများအလယ်တွင် နေရာချထားပေးခဲ့သည်။ ရွေးချယ်ရန်မှာ သူတို့အတာဖြစ်၏—ဘုရားသခင်နှင့် ရင်းနှီးနိုင်သည် သို့မဟုတ် ကိုယ်တော့်ထံမှထွက်ခွာသွားနိုင်သည်။
အာဒံနှင့်ဧဝက ပုန်ကန်ရန် ရွေးချယ်ခဲ့၏။ (ကမ္ဘာဦး ၂:၁၆၊ ၁၇; ၃:၆၊ ၇) သို့ရာတွင် သူတို့၏သားစဉ်မြေးဆက်၌ ဖန်ဆင်းရှင်နှင့် မေတ္တာပါသည့်ဆက်ဆံရေးတစ်ခုကို ပျိုးထောင်နိုင်ပေလိမ့်သည်။
စစ်မှန်သောဘုရားသခင်နှင့်အတူ လျှောက်လှမ်းခြင်း
ဥပမာအနေနှင့် အာဗြဟံကို ဘုရားသခင်၏ “အဆွေ” အဖြစ် သမ္မာကျမ်းစာထဲ၌ ခေါ်ဆိုထား၏။ (ယာကုပ် ၂:၂၃) သို့သော်လည်း အာဗြဟံသည် ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေးရရှိခဲ့သည့် တစ်ဦးတည်းသောသူမဟုတ်ပါ။ ယေဟောဝါအား စစ်မှန်သောချစ်ခင်တွယ်တာမှု တင်ပြခဲ့ပြီး “ဘုရားသခင်နှင့်အတူသွားလာ” ခဲ့သော အခြားမစုံလင်သည့်လူသားမြောက်မြားစွာတို့အကြောင်းလည်း သမ္မာကျမ်းစာက ဖော်ပြပေးသည်။—ကမ္ဘာဦး ၅:၂၄; ၆:၉; ယောဘ ၂၉:၄; ဆာလံ ၂၅:၁၄; သု. ၃:၃၂။
ရှေးအချိန်က ဘုရားသခင်၏ကျေးကျွန်များသည် ဘုရားသခင်အား ချစ်ခင်တွယ်တာမှုပါလျက် မွေးဖွားလာကြခြင်းမဟုတ်ပါ။ ယင်းကို သူတို့ပျိုးထောင်ရ၏။ မည်သို့အားဖြင့်နည်း။ ယေဟောဝါဟူသည့် ကိုယ်တော်၏ကိုယ်ပိုင်နာမတော်ကို သိရှိအောင်ပြုခြင်းဖြင့်ဖြစ်သည်။ (ထွက်မြောက်ရာ ၃:၁၃-၁၅; ၆:၂၊ ၃) ကိုယ်တော်တကယ်တည်ရှိခြင်းနှင့် ဘုရားအဖြစ်တော်ကို သိရှိခြင်းဖြင့်ဖြစ်သည်။ (ဟေဗြဲ ၁၁:၆) ကိုယ်တော်၏မေတ္တာပါသောလုပ်ဆောင်မှုများကို အကြိမ်ကြိမ်စဉ်းစားခြင်းဖြင့်ဖြစ်သည်။ (ဆာလံ ၆၃:၆) သူတို့၏အတွင်းအကျဆုံးသောအတွေးအခေါ်များကို ဘုရားသခင်ထံ ဆုတောင်းခြင်း၌ ဖော်ပြခြင်းဖြင့်ဖြစ်သည်။ (ဆာလံ ၃၉:၁၂) ကိုယ်တော်၏ကောင်းမြတ်မှုများကို သင်ယူခြင်းဖြင့်ဖြစ်သည်။ (ဇာခရိ ၉:၁၇) ကိုယ်တော်အား ပြစ်မှားမိမည်ကိုကြောက်သော အကျိုးဖြစ်ထွန်းသည့်ကြောက်ရွံ့မှုကို မွေးမြူခြင်းဖြင့်ဖြစ်သည်။—သု. ၁၆:၆။
သင်သည် ဘုရားသခင်၏အဆွေအဖြစ် ကိုယ်တော်နှင့်အတူ လျှောက်လှမ်းနိုင်မည်လော။ ဘုရားသခင်ကို သင်မတွေ့ မြင်နိုင်သကဲ့သို့၊ ကိုယ်တော့်အသံတော်ကိုလည်း သင်မကြားနိုင်သည်မှာ မှန်ပါသည်။ သို့သော်လည်း ယေဟောဝါက ‘မိမိ၏တဲတော်တွင် ဧည့်သည်’ ဖြစ်ရန်၊ မိမိ၏အဆွေဖြစ်ရန် သင့်အား ဖိတ်ခေါ်ထား၏။ (ဆာလံ ၁၅:၁-၅) ထို့ကြောင့် ဘုရားသခင်ကို သင်ချစ်မြတ်နိုးရန် ဖြစ်နိုင်ပါသည်။ သို့သော် ကိုယ်တော်နှင့်ရင်းနှီးသော၊ ချစ်ခင်တွယ်တာသောဆက်ဆံရေးကို သင်မည်သို့ ပြုစုပျိုးထောင်နိုင်မည်နည်း။