ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၅/၁ စာ. ၂၁-၂၄
  • သင့်ယုံကြည်စိတ်ချမှုကို အဆုံးတိုင်ဆက်၍မြဲမြံစေပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ယုံကြည်စိတ်ချမှုကို အဆုံးတိုင်ဆက်၍မြဲမြံစေပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်ယုံကြည်ခြင်းကို ကျင့်သုံးပါ
  • အတွေ့အကြုံမှ ယုံကြည်စိတ်ချမှုကို တည်ဆောက်ခြင်း
  • အပေါင်းအသင်းကြောင့် ကျွန်ုပ်တို့ လမ်းလွဲသွားနိုင်
  • စည်းစိမ်ဥစ္စာ၏လှည့်စားမှု
  • ယုံကြည်ခြင်းသည် လက်ခံရန်အသင့်ဖြစ်သော နှလုံးပေါ်တွင် မူတည်
  • ကျွန်ုပ်တို့အားကယ်တင်တော်မူသော ဘုရားသခင်ကိုအားကိုးခြင်း
  • သတင်းကောင်းကို သင် အမှန်တကယ်ယုံကြည်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ယေဟောဝါရဲ့ ​ကတိတွေကို ယုံကြည်ကြောင်း တင်ပြပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • ယုံကြည်ခြင်းကိုတင်ပြခြင်းအားဖြင့် ဘုရားသခင့်ကတိတော်များကို တုံ့ပြန်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • “ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို တိုးပွားစေတော်မူပါ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၅/၁ စာ. ၂၁-၂၄

သင့်ယုံကြည်စိတ်ချမှုကို အဆုံးတိုင်ဆက်၍မြဲမြံစေပါ

ရာသီဥတုဆိုးရွားသည့်အခြေအနေများတွင် ပျံသန်းနေသည့် လေယာဉ်ငယ်တစ်စင်းကို မြင်ယောင်ကြည့်ပါ။ လေယာဉ်မှူးဖြစ်သူသည် အထင်ကရမြေပြင်မှတ်များကို မဝေခွဲနိုင်တော့ပါ။ ထူထပ်သည့်တိမ်တိုက်များက သူအား ရုံထားသည်။ သူသည် လေကာမှန်ကိုလွန်၍မမြင်နိုင်သော်လည်း မိမိ၏ခရီးကို ဘေးမသီရန်မခ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်နိုင်သည်ဟု သူတထစ်ချယူမှတ်ထားသည်။ သူယုံကြည်နိုင်သည့် အကြောင်းရင်းကားအဘယ်နည်း။

တိမ်တိုက်များအတွင်း ပျံသန်းကာ အမှောင်ထဲတွင် ဆင်းသက်နိုင်သည့် တိကျမှန်ကန်သောကိရိယာများ သူ့တွင်ရှိထားသည်။ အထူးသဖြင့် လေယာဉ်ကွင်းအနီးရှိလမ်းကြောင်းတစ်လျှောက် လေကြောင်းရေဒီယိုဆက်သွယ်ရေး အသံလွှင့်စက်များက လျှပ်စစ်ဖြင့် သူ့အားလမ်းကြောင်းတည့်ပေးသည့်အပြင် မြေပြင်မှ လေယာဉ်အသွားအလာထိန်းချုပ်သူများနှင့် ရေဒီယိုအဆက်အသွယ် သူ့တွင်ရှိထားသည်။

အလားတူနည်းဖြင့် လောကအခြေအနေသည် တစ်နေ့ထက်တစ်နေ့ သာ၍ပိတ်မှောင်လာလျက်ကယ် အနာဂတ်ကို ယုံကြည်စိတ်ချမှုဖြင့် ရင်ဆိုင်နိုင်သည်။ ဆိုးသွမ်းသော ဤစနစ်ကို ဖြတ်သန်းနေသည့် ကျွန်ုပ်တို့၏ခရီးသည် အချို့သူများ ထင်ထားသည်ထက် သာ၍ကြာရှည်နေပေမည်၊ သို့သော် ကျွန်ုပ်တို့သည် လမ်းကြောင်းပေါ်တွင်ရှိနေသေးကြောင်းနှင့် အချိန်မီသေးကြောင်း ယုံကြည်စိတ်ချနိုင်သည်။ ကျွန်ုပ်တို့သည် အဘယ်ကြောင့် ဤသို့သေချာပေါက်ဆိုနိုင်သနည်း။ လူသားတို့၏စက္ခုအာရုံနှင့်မမြင်နိုင်သည့်အရာကို သိရှိနိုင်စေသည့် လမ်းညွှန်ချက် ကျွန်ုပ်တို့တွင်ရှိထားသောကြောင့်တည်း။

ဘုရားသခင့်နှုတ်ကပါဌ်တော်သည် ‘ကျွန်ုပ်တို့၏ခြေရှေ့ရှိ မီးခွက်’ ဖြစ်၍ “ယုံကြည်စိတ်ချထိုက်ပြီး အတွေ့အကြုံနည်းသူများကို ဉာဏ်ပညာရှိစေသည်။” (ဆာလံ ၁၉:၇၊ ကဘ; ၁၁၉:၁၀၅) လေယာဉ်မှူးပျံသန်းရမည့်လမ်းကြောင်းကို လေကြောင်းရေဒီယိုအသံလွှင့်စက်များက လမ်းညွှန်ပြသသကဲ့သို့ ကျမ်းစာက ကျွန်ုပ်တို့သွားလိုသည့်ခရီးလမ်းဆုံးထိ ဘေးမသီရန်မခ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်နိုင်ရန် အနာဂတ်တွင်ဖြစ်လာမည့်အဖြစ်အပျက်များကို အသေအချာဖော်ပြကာ ရှင်းလင်းသောညွှန်ကြားချက်များကို ပေးသည်။ သို့သော် မြင့်မြတ်သောညွှန်ကြားချက်မှ အကျိုးရရန် ဤညွှန်ကြားချက်ကို ကျွန်ုပ်တို့ယုံကြည်စိတ်ချရမည်။

ဟေဗြဲလူများထံသို့ ရေးသောပေါလု၏စာတွင် သူက ဂျူးခရစ်ယာန်များအား ‘သူတို့သည် အစကနည်းတူ အဆုံးတိုင်အောင် ယုံကြည်စိတ်ချမှုကို စွဲမြဲ’ ရန် တိုက်တွန်းခဲ့သည်။ (ဟေဗြဲ ၃:၁၄၊ သတင်းကောင်း) ကျွန်ုပ်တို့ကိုင်စွဲထားသော အရာ၌ ‘စွဲမြဲ’ ခြင်းမရှိပါက ယုံကြည်စိတ်ချမှုသည် သို့လောသို့လောဖြစ်သွားနိုင်သည်။ ထို့ကြောင့် ပေါ်လာသည့်မေးခွန်းမှာ ယေဟောဝါ၌ ကျွန်ုပ်တို့၏ယုံကြည်စိတ်မှုကို အဆုံးထိတိုင်မြဲမြံရန် မည်သို့စောင့်ထိန်းနိုင်သနည်း။

သင့်ယုံကြည်ခြင်းကို ကျင့်သုံးပါ

လေယာဉ်မှူးတစ်ဦးသည် ကမ်းမမြင်လမ်းမမြင်ဝေဟင်ခရီးကို မပျံသန်းနိုင်မီ ကိရိယာများနှင့် မြေပြင်ထိန်းသိမ်းသူများပေါ်တွင် လုံးလုံးလျားလျားမှီခိုနေရသည်၊ လေ့ကျင့်မှုအလုံအလောက်နှင့် ပျံသန်းချိန်နာရီပေါင်းများစွာရှိရန် လိုအပ်သည်။ အလားတူစွာ ခရစ်ယာန်တစ်ဦးသည် အထူးသဖြင့် ခက်ခဲသောအခြေအနေများ ပေါ်လာသောအခါ ယေဟောဝါ၏ညွှန်ကြားချက်၌ ယုံကြည်စိတ်ချမှုကို တည်မြဲစေနိုင်ရန်အလို့ငှာ မိမိ၏ယုံကြည်ခြင်းကို ဆက်၍တင်ပြရန် လိုအပ်သည်။ တမန်တော်ပေါလု ဤသို့ရေးသားခဲ့သည်– “ထိုသို့သောယုံကြည်ခြင်းစိတ်ရှိသည်ဖြစ်၍၊ ‘ငါသည်ယုံကြည် [“ခြင်းကိုကျင့်သုံး၊” ကဘ] သောကြောင့် မြွက်ဆို၏’ ဟု ကျမ်းစာလာသည်နှင့်အညီ၊ ငါတို့သည် ယုံကြည်ခြင်း [“ကိုကျင့်သုံး၊” ကဘ] စိတ်ရှိ သောကြောင့် မြွက်ဆိုဟောပြောကြ၏။” (၂ ကောရိန္သု ၄:၁၃) ထို့ကြောင့် ဘုရားသခင်၏သတင်းကောင်းအကြောင်း ကျွန်ုပ်တို့ဟောပြောသောအခါ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို တင်ပြခြင်းဖြစ်ပြီး ယင်းကိုခိုင်မြဲစေခြင်းဖြစ်သည်။

ဒုတိယကမ္ဘာစစ်အတွင်း ချွေးတပ်စခန်းတစ်ခုတွင် လေးနှစ်ကြာနေခဲ့ရသူ မာဒလေနာက ဟောပြောခြင်းလုပ်ငန်း၏တန်ဖိုးကို ဤသို့ရှင်းပြသည်– “ယုံကြည်ခြင်းဆက်ပြီး ခိုင်မာနေဖို့နဲ့ အခြားသူများရဲ့ ဝိညာဏကောင်းကျိုးအတွက် စိုးရိမ်မကင်းဖြစ်စေဖို့ မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်ကြောင်း အမေက ကျွန်မကို သွန်သင်ပေးခဲ့ပါတယ်။ ကျွန်မတို့ရဲ့သဘောထားပုံကို ထင်ရှားပြလိုက်တဲ့ ဖြစ်ရပ်တစ်ခုကို ကျွန်မမှတ်မိသေးတယ်။ ကျွန်မတို့ ရာဗန်စဘရုခ် ချွေးတပ်စခန်းကနေလွတ်လာပြီးတဲ့နောက် တစ်ခုသောသောကြာနေ့မှာ အမေနဲ့ကျွန်မအိမ်ပြန်ရောက်လာတယ်။ နောက် နှစ်ရက်အကြာ တနင်္ဂနွေနေ့ကျတော့ တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းမှာ ညီအစ်ကိုတွေနဲ့အတူ ကျွန်မတို့ပါဝင်ခဲ့ကြသည်။ ကျွန်မတို့ဟာ ဘုရားသခင့်ကတိတော်တွေကို ယုံကြည်စိတ်ချအောင် အခြားသူတွေကို ကူညီပေးတာကို အာရုံစိုက်မယ်ဆိုရင် အဲ့ဒီကတိတော်တွေဟာ ကျွန်မတို့အတွက် ပိုပြီးဒိဋ္ဌအမှန်ဖြစ်လာမယ်လို့ တထစ်ချယုံတယ်။”—တမန်တော် ၅:၄၂ နှိုင်းယှဉ်။

ကျွန်ုပ်တို့၏ယုံကြည်ခြင်း အဆုံးထိတိုင် ဆက်၍မြဲမြံနေရန် အခြားကဏ္ဍများတွင် ဝိညာဉ်ရေးရာလုပ်ဆောင်ဖို့ လိုအပ်သည်။ ကိုယ်ပိုင်လေ့လာမှုသည် ယုံကြည်ခြင်းသန်စွမ်းစေသော အထူးကောင်းမွန်သည့် နောက်အကျင့်တစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် ဗေရိမြို့သားများကို အတုယူကာ ကျမ်းစာကို နေ့စဉ်ဝီရိယစိုက်ထုတ်သုံးသပ်ပါက ယင်းသည် ကျွန်ုပ်တို့အား “အဆုံးတိုင်အောင် ယုံမှားခြင်းနှင့်ကင်းသော မျှော်လင့်ခြင်းနှင့်ပြည့်စုံစေခြင်းငှာ” ထောက်ကူမည်။ (ဟေဗြဲ ၆:၁၂; တမန်တော် ၁၇:၁၁) မှန်ပါသည်၊ ကိုယ်ပိုင်လေ့လာမှုသည် အချိန်နှင့် ဆုံးဖြတ်ချက်လိုအပ်သည်။ ဤအကြောင်းကြောင့် ပေါလုက ဟေဗြဲအသင်းတော်ကို အဆိုပါကိစ္စတွင် “ပျင်းရိခြင်း” သို့မဟုတ် ဖင့်နွှဲနေခြင်း၏ အန္တရာယ်အကြောင်း သတိပေးခဲ့ခြင်းဖြစ်နိုင်သည်။—ဟေဗြဲ ၆:၁၁။

ဖင့်နွှဲသည့်သဘောထားသည် ဘဝကဏ္ဍများစွာတွင် ကြောက်မက်ဖွယ်အကျိုးဆက်များကို ဖြစ်ပေါ်စေသည်။ “လက်နှင့်မပြုပြင်ဘဲနေလျှင် အိမ်မိုးယိုတတ်” ကြောင်း ရှောလမုန် သတိပြုမိခဲ့သည်။ (ဒေသနာ ၁၀:၁၈) အနှေးနှင့်အမြန်ဆိုသလို မိုးရေသည် ပစ်စလက်ခတ်ထားသည့် အမိုးမှတစ်ဆင့် အစက်စက်စ၍ကျလာသည်။ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးဘက်တွင် မိမိကိုယ်ကိုမပြုပြင်ဘဲနေကာ မိမိတို့၏ယုံကြည်ခြင်းကို ဆက်တည်မြဲစေဖို့ ပျက်ကွက်ပါက သံသယများ မသိမသာဝင်လာပေမည်။ တစ်ဖက်တွင်မူ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို မှန်မှန်စဉ်းစားဆင်ခြင်ပြီး ယင်းကိုလေ့လာခြင်းသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို တိုးပွားစေပြီး အကာအကွယ်ပေးသည်။—ဆာလံ ၁:၂၊ ၃။

အတွေ့အကြုံမှ ယုံကြည်စိတ်ချမှုကို တည်ဆောက်ခြင်း

အမှန်မှာ၊ လေယာဉ်မှူးတစ်ဦးသည် အတွေ့အကြုံအပြင် ယုံကြည်စိတ်ချထိုက်သည့် ကိရိယာများကို သင်အံလေ့လာခြင်းမှ တတ်သိနားလည်လာသည်။ အလားတူစွာ ကျွန်ုပ်တို့၏အသက်တာတွင် ယေဟောဝါ၏ မေတ္တာပါစောင့်ရှောက်မှု အထောက်အထားကို တွေ့မြင်ရသောအခါတွင် ကိုယ်တော်၌ ကျွန်ုပ်တို့၏ယုံကြည်စိတ်ချမှုသည် တိုးပွားကြီးမားလာသည်။ ယောရှုသည် ယင်းကို ကိုယ်တွေ့ကြုံခဲ့ရာ ဣသရေလအမျိုးသားချင်းတို့ကို သူဤသို့ နှိုးဆော်ခဲ့သည်– “သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အဖို့မိန့်တော်မူသော ကောင်းကျိုးတစ်စုံတစ်ပါးမျှ မယုတ်မလျော့၊ အကုန်အစင်ပြည့်စုံကြောင်းကို သင်တို့သည် စိတ်နှလုံးထဲမှာ သိကြ၏။”—ယောရှု ၂၃:၁၄။

ဖိလစ်ပိုင်နိုင်ငံသူ အိမ်ထောင်သည်ညီအစ်မတစ်ဦးဖြစ်သူ ဟိုစေးဖီနာသည် ထပ်တူသင်ခန်းစာကို ရရှိခဲ့သည်။ သူမ သမ္မာတရားမသိမီက ဘဝမျိုးကို ဤသို့ရှင်းပြသည်– “ကျွန်မရဲ့ယောက်ျားဟာ အရက်တအားသောက်လေ့ရှိတယ်၊ အရက်မူးလာရင် ဒေါသထွက်ပြီး ကျွန်မကို ရိုက်ပါလေရော။ ပျော်ရွှင်မှုမရှိတဲ့ ကျွန်မတို့ရဲ့အိမ်ထောင်ရေးဟာ ကျွန်မတို့ရဲ့သားကိုလည်း ထိခိုက်ခဲ့တယ်။ ကျွန်မယောက်ျားနဲ့ ကျွန်မတို့နှစ်ယောက်စလုံးဟာ ဝင်ငွေအင်မတန်ကောင်းတဲ့အလုပ်ကို လုပ်နေကြပေမဲ့လည်း လောင်းကစားပြီး ငွေတွေကို ဖြုန်းပစ်လိုက်တာက များတယ်။ ကျွန်မယောက်ျားက မိတ်ဆွေပေါတယ်၊ ဒါပေမဲ့ သူတို့ထဲက အများစုဟာ အရက်ဖိုးရဖို့ မိတ်ဆွေဖွဲ့ကြခြင်းဖြစ်တယ်၊ တချို့ဆိုရင် သူ့ကို ဟာသလုပ်ဖို့အတွက် အရက်မူးအောင်အတင်းတိုက်ကြတဲ့ အထိပါပဲ။

“ယေဟောဝါကိုသိပြီး ကိုယ်တော့်သွန်သင်ချက်ကို နှလုံးသွင်းခဲ့အချိန်မှာ အခြေအနေတွေဟာ ပြောင်းသွားတယ်။ ကျွန်မယောက်ျားအရက်မသောက်တော့ဘူး၊ ကျွန်မတို့ဟာ လောင်းကစားခြင်းကို ရပ်တန်းကရပ်လိုက်ကြတယ်၊ ဒါ့အပြင် ကျွန်မတို့ကို ချစ်ပြီး အကူအညီပေးမဲ့ မိတ်ဆွေစစ်တွေရခဲ့တယ်။ ကျွန်မတို့ရဲ့အိမ်ထောင်ရေးဟာ ပျော်ရွှင်တဲ့အိမ်ထောင်ရေးဖြစ်နေပြီး သားဟာလည်း လူကောင်းသူကောင်းအဖြစ် ကြီးပြင်းလာနေပါတယ်။ ကျွန်မတို့ဟာ နာရီနည်းနည်းပဲ အလုပ်လုပ်တယ်၊ ဒါပေမဲ့ ငွေပိုပြီးရှိလာတယ်။ ယေဟောဝါဟာ မေတ္တာကြီးမားလှတဲ့ ဖခင်သဖွယ် မှန်ကန်တဲ့လမ်းကို အမြဲညွှန်ကြားပေးကြောင်း အတွေ့အကြုံကနေ ကျွန်မတို့ကို သွန်သင်ပေးခဲ့ပါပြီ။”

ရေဒီယိုလှိုင်းမှ ညွှန်ကြားချက်ကြောင့်သော်လည်းကောင်း၊ စစ်ဆေးရေးကိရိယာကြောင့်သော်လည်းကောင်း တစ်ခါတစ်ရံတွင် လေယာဉ်မှူးများသည် မိမိတို့၏လမ်းကြောင်းကို တည့်မတ်ပြုပြင်ရန် လိုကြောင်း သိလာကြသည်။ အလားတူစွာ ကျွန်ုပ်တို့သည် ယေဟောဝါ၏ညွှန်ကြားချက်အတိုင်း လမ်းကြောင်း ပြောင်းလဲခဲ့ရပေမည်။ “သင်သည် လက်ယာဘက်၊ လက်ဝဲဘက်သို့လမ်းလွဲလျှင် ‘ဤမည်သောလမ်းသည် မှန်၏။ ဤလမ်း၌သွားလော့’ ဟု သင့်နောက်၌ပြောသောစကားသံကို ကိုယ်နားနှင့်ကြားရလိမ့်မည်။” (ဟေရှာယ ၃၀:၂၁) ကိုယ်တော်၏နှုတ်ကပါဌ်တော်နှင့် ကိုယ်တော့်အဖွဲ့အစည်းမှတစ်ဆင့် ကျွန်ုပ်တို့ရရှိသည့် သွန်သင်ချက်က ဝိညာဉ်ရေးအန္တရာယ်များကို ကျွန်ုပ်တို့အား သတိဝီရိယရှိစေသည်။ ယင်းတို့ထဲမှတစ်ခုမှာ အပေါင်းအသင်းများနှင့် ပတ်သက်သည်။

အပေါင်းအသင်းကြောင့် ကျွန်ုပ်တို့ လမ်းလွဲသွားနိုင်

လေယာဉ်ငယ်တစ်စင်းသည် လိုအပ်သည့်ပြုပြင်မှုကို မလုပ်ဆောင်ပါက လွယ်လင့်တကူလမ်းလွဲသွားနိုင်သည်။ အလားတူစွာ ယခုခေတ်တွင် ပြင်ပသြဇာတို့သည် ခရစ်ယာန်များကို အဆက်မပြတ်ရိုက်ခတ်နေသည်။ ဝိညာဉ်ရေးစံနှုန်းများကို အထင်သေးပြီး ငွေကြေးနှင့် အပျော်အပါးကို ပို၍အလေးထားသည့် သွေးသားဆန္ဒကို အလေးပေးသောလောကတွင် ကျွန်ုပ်တို့အသက်ရှင်နေရသည်။ ဤနောက်ဆုံးနေ့ရက်များသည် “ခဲယဉ်း” မည်ဖြစ်ကြောင်း ပေါလုက တိမောသေကို သတိပေးခဲ့သည်။ (၂ တိမောသေ ၃:၁-၅) လက်ခံမှုရဖို့နှင့် နာမည်ကြီးဖို့ အာသာဆန္ဒပြင်းပြသည့် ဆယ်ကျော်သက်များသည် အထူးသဖြင့် အပေါင်းအသင်းဆိုးများကို ခုခံတွန်းလှန်နိုင်စွမ်းမရှိပါ။—၂ တိမောသေ ၂:၂၂။

၁၇ နှစ်အရွယ်ရှိ အမန်ဒါး ဤသို့ရှင်းပြသည်– “အတန်းဖော်တွေကြောင့် ကျွန်မရဲ့ယုံကြည်ခြင်းဟာ အတိုင်းအတာတစ်ခုထိ ခဏလောက်တော့ အားနည်းသွားတယ်။ ကျွန်မရဲ့ ဘာသာဟာ တင်းကျပ်ပြီး အကျိုးသင့်အကြောင်းသင့်မရှိကြောင်း သူတို့က ပြောပြောနေတယ်။ အဲ့ဒါကြောင့် ကျွန်မဟာ အားလျော့စပြုလာတယ်။ ဒါပေမဲ့ ခရစ်ယာန် လမ်းညွှန်ချက်တွေဟာ တင်းကျပ်ခြင်းမဟုတ်ဘဲ အကာအကွယ်ပေးကြောင်း နားလည်အောင် ကျွန်မရဲ့မိဘတွေက ကျွန်မကို ကူညီခဲ့တယ်။ အဲ့ဒီမူတွေဟာ ယခင် ကျွန်မရဲ့ကျောင်းနေဖက် အပေါင်းအသင်းတွေဆီကထက် ပိုပြီးကျေနပ်မှုရှိတဲ့ အသက်တာကို ရရှိအောင်ထောက်ကူပေးခဲ့ကြောင်း အခုသိလာပါပြီ။ ကျွန်မကို တကယ်ဂရုစိုက်တဲ့သူတွေဖြစ်တဲ့ ကျွန်မရဲ့ မိဘနဲ့ ယေဟောဝါတို့ကို ယုံကြည်ကိုးစားဖို့ သိရှိနားလည်သွားပြီး ကျွန်မရှေ့ဆောင်လုပ်နေပါတယ်။”

ကျွန်ုပ်တို့သည် မည်သည့်အသက်အရွယ်တန်းဝင်နေပါစေ ကျွန်ုပ်တို့၏ယုံကြည်ချက်များကို ကဲ့ရဲ့ရှုတ်ချသည့်စကားများပြောသည့် လူများကို ရင်ဆိုင်ရလိမ့်မည်။ သူတို့သည် လောကီပညာတတ်များဖြစ်နိုင်သော်လည်း ဘုရားသခင်အတွက်မူ သူတို့သည် ဝိညာဉ်ရေးစိတ်ထားမရှိသော ဇာတိလူများသာဖြစ်သည်။ (၁ ကောရိန္သု ၂:၁၄) ပေါလုခေတ်တွင် ကောရိန္သုမြို့ရှိ ဩဇာတက္ကမကြီးမားသော အုပ်စုတစ်စုသည် လောကီပညာတတ်များဖြစ်သည့် ခိုင်မာသည့်သံသယသမားများဖြစ်သည်။ အဆိုပါဒဿနိကပညာရှင်များ၏ သွန်သင်ချက်များသည် ကောရိန္သုခရစ်ယာန်တချို့ကို ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက် ပျောက်သွားစေခဲ့ဖွယ်ရှိသည်။ (၁ ကောရိန္သု ၁၅:၁၂) “အလွဲမယူကြနှင့်” ဟုတမန်တော်ပေါလု သတိပေးခဲ့သည်။ “မကောင်းသောသူတို့နှင့် ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ကို ယိုယွင်းစေတတ်၏။”—၁ ကောရိန္သု ၁၅:၃၃။

တစ်ဖက်တွင်မူ အပေါင်းအသင်းကောင်းများသည် ကျွန်ုပ်တို့ကို ဝိညာဉ်ရေးဘက်သန်စွမ်းလာစေသည်။ ကျွန်ုပ်တို့သည် ခရစ်ယာန်အသင်းတော်အတွင်းတွင် ယုံယုံကြည်ကြည်ဖြင့်နေထိုင်သူများနှင့် ပေါင်းသင်းခွင့်ရရှိသည်။ ၁၉၃၉ ခုနှစ်တွင် သမ္မာတရားရခဲ့သည့် ညီအစ်ကို နော်မန်သည် အားလုံးအတွက် အကြီးအကျယ်အားပေးမှု အရင်းအမြစ်တစ်ခုဖြစ်နေဆဲပင်။ သူ၏ဝိညာဏစက္ခုအာရုံကို အဘယ်အရာက ဆက်၍စူးရှနေစေသနည်း။ “သစ္စာရှိညီအစ်ကိုများနှင့်အတူ အစည်းအဝေးတက်ခြင်း၊ တရင်းတနှီးပေါင်းသင်းခြင်းတို့ဟာ အရေးကြီးတဲ့အရာတွေပဲ” ဟု သူပြန်ဖြေသည်။ “အဲ့လိုပေါင်းသင်းမှုမျိုးကနေ ဘုရားသခင့်အဖွဲ့အစည်းနဲ့ စာတန့်အဖွဲ့အစည်းတို့ရဲ့ ကွာခြားချက်ကို သဲသဲကွဲကွဲမြင်သာအောင် ကျွန်တော့်ကို အကူအညီပေးခဲ့တယ်။

စည်းစိမ်ဥစ္စာ၏လှည့်စားမှု

အတွေ့အကြုံများသော လေယာဉ်မှူးတစ်ဦးဖြစ်သူ ဘရိုင်ရမ်းက “လေယာဉ်မှူးတစ်ဦးသည် သူ၏ပင်ကိုအသိစိတ်တို့က သဘောမတူသောကြောင့် သူ၏ကိရိယာများကို ယုံဖို့ ရံဖန်ရံခါအခက်တွေ့နိုင်သည်။ မြေပြင်အချက်ပြမီးများကို ကြယ်အဖြစ်မြင်သောကြောင့် ပက်လက်ပျံသန်းကြသည့် အတွေ့အကြုံများသော စစ်လေယာဉ်မှူးများရှိကြောင်း သိရှိရကြသည်—သူတို့၏ကိရိယာများက ခြားနားစွာဖော်ပြသည့်အခါ၌ပင်ဖြစ်သည်” ဟု ရှင်းပြသည်။”

အလားတူစွာ ကျွန်ုပ်တို့တစ်ကိုယ်ကောင်းဆန်သော ပင်ကိုအသိစိတ်တို့သည် ကျွန်ုပ်တို့ကို ဝိညာဏသဘောဖြင့် လမ်းလွဲသွားစေနိုင်သည်။ စည်းစိမ်ဥစ္စာသည် “လှည့်စားခြင်း” ဖြစ်ကြောင်း ယေရှုမိန့်တော်မူခဲ့ပြီး ‘လူများစွာသည် ငွေကိုတပ်မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှလွဲသွားကြ’ ကြောင်း ပေါလုက သတိပေးထားသည်။—မာကု ၄:၁၉; ၁ တိမောသေ ၆:၁၀။

လှည့်စားတတ်သော မှိတ်တုတ်မှိတ်တုတ်အလင်းကဲ့သို့ စိတ်လှုပ်ရှားဖွယ် ခေတ်ထနေသည့် ရုပ်ပစ္စည်းလိုလားမှုပန်းတိုင်များသည် လမ်းစဉ်အမှားကို ကျွန်ုပ်တို့အား ညွှန်ပြပေးနိုင်သည်။ “မျှော်လင့်သောအရာကို မျက်မှောက်ပြု” ရေးတွင် မွေ့ပျော်နေမည့်အစား ပြောင်းလဲနေသည့် လောက၏ဟိတ်ဟန်ထုတ်ပြကွက်အားဖြင့် ကျွန်ုပ်တို့လမ်းလွဲသွားနိုင်သည်။ (ဟေဗြဲ ၁၁:၁; ၁ ယောဟန် ၂:၁၆၊ ၁၇) ကျွန်ုပ်တို့သည် ကြွယ်ဝချမ်းသာသည့် ဘဝမျိုးကိုရဖို့ “ဆုံးဖြတ်ထား” မည်ဆိုလျှင် ဝိညာဉ်ရေးကြီးထွားမှုအတွက် အချိန်မဆိုစလောက်သာပေးထားဖွယ်ရှိသည်။—၁ တိမောသေ ၆:၉၊ ကဘ; မဿဲ ၆:၂၄; ဟေဗြဲ ၁၃:၅။

ပက်ထရစ်အမည်ရှိ ငယ်ရွယ်သောအိမ်ထောင်သည်တစ်ဦးက သူနှင့် သူ့ဇနီးဖြစ်သူတို့သည် သာ၍ကြော့ကြော့မော့မော့နေနိုင်ရန်အတွက် ဝိညာဏပန်းတိုင်များကို စွန့်လွှတ်ခဲ့ကြကြောင်း ဝန်ခံခဲ့သည်။ သူဤသို့ရှင်းပြသည်– “ကျွန်တော်တို့ဟာ အဖိုးတန်ကားကြီးတွေနှင့် ဇိမ်ခံအိမ်ကြီးတွေပိုင်ဆိုင်ကြတဲ့ အသင်းတော်သားတွေရဲ့ ဩဇာအလွှမ်းခံလိုက်ရတယ်။ ကျွန်တော်တို့ဟာ ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်မြင်ကွင်း ပျောက်မသွားပေမဲ့လည်း ဇိမ်ကျကျလေးနေရရင် ကောင်းမှာပဲလို့ ခံစားမိကြတယ်။ ဒါပေမဲ့ အချိန်တန်တော့ စစ်မှန်သောပျော်ရွှင်မှုဟာ ယေဟောဝါရှင်ရဲ့အမှုတော်ထမ်းခြင်းနဲ့ ဝိညာဉ်ရေးတိုးပွားခြင်းတို့မှရကြောင်း ကျွန်တော်တို့သိရှိလာပါတယ်။ ခုဆိုရင် ကျွန်တော်တို့ရဲ့အသက်တာကို ရိုးရိုးလေးပဲပြန်နေကြတယ်။ ကျွန်တော်တို့ရဲ့အလုပ်ချိန်နာရီတွေကို လျှော့ပစ်လိုက်ပြီး မှန်မှန်ရှေ့ဆောင်ဖြစ်လာကြတယ်။”

ယုံကြည်ခြင်းသည် လက်ခံရန်အသင့်ဖြစ်သော နှလုံးပေါ်တွင် မူတည်

လက်ခံရန်အသင့်ဖြစ်သော နှလုံးသည်လည်း ယေဟောဝါ၌ ယုံကြည်စိတ်ချမှုကို တည်ဆောက်ရာတွင် အရေးပါသောကဏ္ဍမှပါဝင်သည်။ အမှန်မှာ “ယုံကြည်ခြင်းသည် မျှော်လင့်သောအရာများကို စိတ်ချစွာစောင့်မျှော်ခြင်း၊ မမြင်ရသော်လည်း အမှန်တည်ရှိသောအရာတို့၏ ထင်ရှားသောသက်သေ [သို့မဟုတ် ယုံကြည်စိတ်ချလောက်သော အထောက်အထား၊ အောက်ခြေမှတ်ချက်] ဖြစ်၏။” (ဟေဗြဲ ၁၁:၁၊ ကဘ) သို့သော် သဘောပေါက်လက်ခံလွယ်သောနှလုံး ကျွန်ုပ်တို့တွင်မရှိဘဲနှင့် ယုံကြည်စိတ်ချမှုရှိဖို့ ဖြစ်နိုင်ဖွယ်မရှိပါ။ (သု. ၁၈:၁၅; မဿဲ ၅:၆) ဤအကြောင်းကြောင့် တမန်တော်ပေါလုက “ယုံကြည်ခြင်းတရားကို လူတိုင်းမရ” ဟု ပြောခဲ့ခြင်းဖြစ်သည်—၂ သက်သာလောနိတ် ၃:၂၊ သမ။

သို့ဆိုလျှင် ကျွန်ုပ်တို့နှလုံးသည် ယုံကြည်စိတ်ချလောက်သော အထောက်အထားမှန်သမျှကို မည်သို့ဆက်၍တုံ့ပြန်လက်ခံစေနိုင်သနည်း။ ဘုရားရေးရာအရည်အသွေးများဖြစ်သည့် ယုံကြည်ခြင်းကိုတိုးပွားလှုံ့ဆော်ပေးသည့် အရည်အသွေးများကို မွေးမြူပေးခြင်းအားဖြင့်ဖြစ်သည်။ ပေတရုက ‘ကျွန်ုပ်တို့ယုံကြည်ခြင်း၌ အကျင့်သီလ၊ ကာမဂုဏ်ချုပ်တည်းခြင်း၊ ခံနိုင်ရည်၊ ဘုရားဝတ်၌မွေ့လျော်ခြင်း၊ ညီအစ်ကိုရင်းသဘောထားနှင့် ချစ်ခြင်းမေတ္တာတို့ကို ဖြည့်စွက်’ ရန် ကျွန်ုပ်တို့အား တိုက်တွန်းထားသည်။ (၂ ပေတရု ၁:၅-၇၊ သတင်းကောင်း; ဂလာတိ ၅:၂၂၊ ၂၃) တစ်ဖက်တွင်မူ ကျွန်ုပ်တို့သည် ငါသာပဓာနဘဝပုံစံကို ဦးစားပေးပါက သို့မဟုတ် ယေဟောဝါ၏အမှုတော်ကို စတိလောက်သာလုပ်ဆောင်ပါက ကျွန်ုပ်တို့ယုံကြည်ခြင်းတိုးပွားလာဖို့ မျှော်လင့်နိုင်ရန်အကြောင်းမရှိပါ။

ဧဇရသည် ယေဟောဝါ၏နှုတ်ကပါဌ်တော်ကို ဖတ်ရန်နှင့် ယင်းကို ကျင့်သုံးရန် “စိတ်စွဲလမ်း” သောသူဖြစ်သည်။ (ဧဇရ ၇:၁၀၊ သမ) အလားတူစွာ မိက္ခာသည်လည်း သဘောပေါက်လက်ခံလွယ်သော နှလုံးရှိသူဖြစ်သည်။ “ငါမူကား၊ ထာဝရဘုရားကို မျှော်လင့်မည်။ ငါ့ကိုကယ်တင်တော်မူသော ဘုရားသခင်ကို ငါခိုလှုံမည်။ ငါ၏ဘုရားသခင်သည် ငါ့စကားကို နားထောင်တော်မူမည်။”—မိက္ခာ ၇:၇။

အစောပိုင်းတွင်ဖော်ပြခဲ့သည် မာဒလေနာလည်း ယေဟောဝါကို စိတ်ရှည်လက်ရှည်စောင့်ဆိုင်းနေသည်။ (ဟဗက္ကုတ် ၂:၃) သူမဤသို့ဆိုသည်– “ကျွန်မတို့ဟာ ဝိညာဏပရဒိသုကို ပိုင်ဆိုင်ထားပါပြီ။ နောက်တစ်ဆင့်ကတော့ မကြာခင်မှာရရှိတော့မယ့် သဘာဝပရဒိသုတစ်ခုပါပဲ။ ဒီအတောအတွင်း ထောင်နဲ့သောင်းနဲ့ချီတဲ့သူတွေဟာ လူအုပ်ကြီးနဲ့လာပူးပေါင်းနေကြပါတယ်။ ဘုရားသခင့်အဖွဲ့အစည်းဆီကို အုပ်လိုက်သင်းလိုက်ရောက်လာတာကို မြင်ရခြင်းဟာ ကျွန်မအတွက် ဘဝင်လှိုက်စရာပါပဲ။”

ကျွန်ုပ်တို့အားကယ်တင်တော်မူသော ဘုရားသခင်ကိုအားကိုးခြင်း

အဆုံးထိတိုင် ကျွန်ုပ်တို့၏ယုံကြည်စိတ်ချမှုဆက်၍ မြဲမြံနေဖို့အတွက် ကျွန်ုပ်၏ယုံကြည်ခြင်းကို တင်ပြကာ ယေဟောဝါနှင့် ကိုယ်တော့်အဖွဲ့အစည်းမှလာသည့် လမ်းညွှန်ချက်ကို ဂရုတစိုက်နားထောင်ဖို့လိုအပ်သည်။ အားထုတ်ရကျိုးနပ်မည်သေချာသည်။ လေယာဉ်မှူးတစ်ယောက်သည် ရှည်လျားခက်ခဲသောခရီးကို ပျံသန်းပြီးနောက် အကျေနပ်ကြီးကျေနပ်ကာ ဆင်းသက်လိုက်သည်၊ နောက်ဆုံးတွင် ထူထပ်သည့်တိမ်တိုက်များကို ထိုးဖောက်ကျော်လွှားနိုင်လိုက်သည်။ သူ့ရှေ့တွင် စိမ်းလန်းပြီး လက်ကမ်းကြိုဆိုနေသော မြေကြီးသည် ဘွားကနဲပေါ်လာသည်။ လေယာဉ်ပြေးလမ်းသည် အောက်တွင်ရှိပြီး သူ့အားလက်ခံဖို့ အသင့်ရှိနေသည်။

ဘဝင်လှိုက်မောဖွယ်အတွေ့အကြုံတစ်ခု ကျွန်ုပ်တို့အတွက်လည်း အသင့်ရှိနေသည်။ ပိတ်မှောင်ပြီး ဆိုးသွမ်းသောဤလောကကို ဖြောင့်မတ်ခြင်းတည်ရာ မြေကြီးသစ်နှင့် အစားထိုးမည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ကြိုဆိုဖို့အသင့်ရှိနေတော်မူသည်။ ကျွန်ုပ်တို့သည် ဆာလံဆရာ၏ဤစကားများကို အလေးထားပါက ထိုနေရာသို့ ရောက်နိုင်ပါသည်– “အရှင်ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်မျှော်လင့်ရာဖြစ်တော်မူ၏။ အကျွန်ုပ် ငယ်သောအရွယ်မှစ၍ အကျွန်ုပ်ကိုးစားရာဖြစ်တော်မူ၏။ . . . ကိုယ်တော်ကို အစဉ်ချီးမွမ်းပါမည်။”—ဆာလံ ၇၁:၅၊ ၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ