ယုံကြည်ခြင်းက သူ့ကို လုပ်ဆောင်ဖို့ တွန်းအားပေးခဲ့
ဣသရေလလူမျိုးကို အီဂျစ်ကျွန်ဘဝမှ ဦးဆောင်ခေါ်ထုတ်ရန် မောရှေကို ယေဟောဝါတာဝန်ပေးအပ်တော်မူခဲ့စဉ်က မောရှေသည် ပထမ၌ “အိုဘုရားရှင်၊ အကျွန်ုပ်သည် နှုတ်သတ္တိမရှိပါ။ အထက်ကလည်းမရှိပါ။ ကိုယ်တော်ကျွန်အား မိန့်တော်မူသောအခါ၌ပင် မရှိပါ။ နှုတ်လေးသောသူ၊ စကားနှေးနှေးပြောတတ်သောသူဖြစ်ပါ၏” ဟု ပြောကာ တောင်းပန်ခဲ့သည်။ (ထွက်မြောက်ရာ ၄:၁၀) မှန်သည်၊ ထိုမျှကြီးလေးသောတာဝန်အတွက် အရည်အချင်းမပြည့်မီဟု မောရှေထင်မှတ်ခဲ့သည်။
ယနေ့၌လည်းထို့နည်းတူပင် အချို့သောယေဟောဝါ၏ကျေးကျွန်များသည် သူတို့အားခန့်အပ်သည့်တာဝန်များကို ပြီးမြောက်အောင်ဆောင်ရွက်ရန် အရည်အချင်းမပြည့်မီဟု တစ်ခါတစ်ရံ ထင်မှတ်ကြသည်။ ဥပမာအနေနှင့် သီအဒေါရ်အမည်ရှိသူ ခရစ်ယာန်ကြီးကြပ်မှူးတစ်ဦးက “ယေဟောဝါ ကျွန်တော့်ကို လုပ်ဖို့ခိုင်းသမျှတွေထဲမှာ လယ်ကွင်းဓမ္မအမှုဟာ အခက်ဆုံးပဲ။ ငယ်ငယ်တုန်းကဆို ကျွန်တော် တံခါးပေါက်ဆီကိုခပ်မြန်မြန်လေးလျှောက်သွားပြီး တံခါးဘဲလ်ကို တီးဟန်ပြုလိုက်တယ်။ နောက် ဘယ်သူမှ မကြားမမြင်အောင် တိတ်တိတ်လေးပြန်ထွက်လာခဲ့တယ်။ ကြီးလာတဲ့အခါမှာတော့ အဲဒီလိုမလုပ်တော့ပါဘူး။ ဒါပေမဲ့ တစ်အိမ်တက်တစ်အိမ်ဆင်းသွားရမယ်ဆိုတဲ့အတွေးဟာ ကျွန်တော့်ကို နေထိုင်မကောင်းဖြစ်စေတယ်။ ခုအချိန်အထိတောင် ဓမ္မအမှုဆောင်မထွက်ခင်မှာ ကျွန်တော်မအီမသာဖြစ်တယ်။ ဒါပေမဲ့လည်း ကျွန်တော်သွားခဲ့တာပါပဲ။”
မောရှေ၊ ထို့ပြင် သီအဒေါရ်ကဲ့သို့သော မျက်မှောက်ခေတ်ရှိ သက်သေခံများကို ယင်းသို့သောကြောက်ရွံ့မှုများကို တွန်းလှန်နိုင်စေသည့်အရာကားအဘယ်နည်း။ “ယုံကြည်ခြင်းအားဖြင့် [မောရှေသည်] . . . အဲဂုတ္တုပြည်ကို စွန့်သွား၏။ အကြောင်းမူကား မျက်မြင်မရသောဘုရားသခင်ကို မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ၏” ဟု ကျမ်းစာက ဖြေကြားပေးသည်။—ဟေဗြဲ ၁၁:၂၇။
အမှန်ပင် ယေဟောဝါကို ယုံကြည်ခြင်းအားဖြင့် မောရှေသည် အရည်အချင်းမပြည့်မီဟု သူ၏အထင်ကို အောင်နိုင်စေခဲ့ပြီး တရားသူကြီး၊ ပရောဖက်၊ အမျိုးသားခေါင်းဆောင်၊ ပညတ်ပဋိညာဉ်၏ ဖျန်ဖြေစေ့စပ်ရေးမှူး၊ တပ်မှူး၊ သမိုင်းပညာရှင်နှင့် ကျမ်းစာရေးသားသူအဖြစ် သူ၏တာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့လေသည်။
ထို့နည်းတူပင် မောရှေကဲ့သို့သောယုံကြည်ခြင်းမျိုး ကျွန်ုပ်တို့၌ရှိမည်ဆိုလျှင် “မျက်မြင်မရသောဘုရားသခင်ကို မြင်ရဘိသကဲ့သို့” ကျွန်ုပ်တို့ လျှောက်လှမ်းလိမ့်မည်။ ထိုသို့သောယုံကြည်ခြင်းက ရဲစွမ်းသတ္တိရှိစေပြီး မပြည့်မီဟု ကျွန်ုပ်တို့အထင်ရှိသည့်အခါများ၌ပင်လျှင် ကျွန်ုပ်တို့၏ခရစ်ယာန်တာဝန်များကို ထမ်းဆောင်နိုင်စေပါမည်။