လူနာ၏အခွင့်အရေးများကို တန်ဖိုးထားကြ
‘ဒီခွဲစိတ်မှုကို သွေးမသွင်းဘဲနဲ့ ကျွန်တော်လုပ်မပေးနိုင်ဘူး။ ခင်ဗျားအနေနဲ့ ခွဲစိတ်ကုသခံချင်ရင်တော့ ကျွန်တော်ရဲ့ကုသနည်းကို သဘောတူရလိမ့်မယ်။ ဒါမှမဟုတ်ရင်တော့ တခြားဆရာဝန်တစ်ယောက်ဆီ သွားဖို့ပဲရှိတော့တယ်။’
ဆရာဝန်၏စကားများသည် ထိုင်းနိုင်ငံတွင်နေထိုင်သည့် ယေဟောဝါသက်သေတစ်ယောက်ဖြစ်သော ဂျန်စေးဂျူး၏ယုံကြည်ခြင်းကို မတုန်လှုပ်သွားစေခဲ့ပါ။ ဦးနှောက်မြင်းဖုတစ်မျိုးဖြစ်သော မနင်းဂျိမြှေးမြင်းဖု ရောဂါလက္ခဏာကြောင့် ဂျန်ခမျာ ခွဲစိတ်မှုကို မဖြစ်မနေခံယူရန်လိုအပ်လာသည်။ သို့သော် ကျမ်းစာ၏ ဤပညတ်ချက်ကို နာခံဖို့ သူမဆုံးဖြတ်ခဲ့သည်– “အသွေးကို . . . ကြဉ်ရှောင်ရမည်။”—တမန်တော် ၁၅:၂၈၊ ၂၉။
ဂျန်သည် ဖြစ်နိုင်ပါက မိမိ၏နိုင်ငံတွင် ကုသမှုခံယူလိုသဖြင့် အခြားဆေးရုံနှစ်ခုသို့ သွားရောက်ခဲ့သည်။ ထိုတွင်ရှိဆရာဝန်များကလည်း သွေးမသွင်းဘဲခွဲစိတ်ဖို့ ငြင်းကြရာ သူမစိတ်ဓာတ်ကျခဲ့သည်။ နောက်ဆုံး၌ ဂျန်သည် ထိုင်းနိုင်ငံရှိ ဆေးရုံအချက်အလက်လုပ်ငန်း (အိတ်ချ်အိုင်အက်စ်) ၏အကူအညီဖြင့် တိုကျိုအမျိုးသမီးများဆေးကောလိပ်၏ အာရုံကြောဌာနနှင့် အဆက်အသွယ်ရခဲ့သည်။ ထိုဆေးရုံသည် ဓာတ်ရောင်ခြည်ကုထုံး၏ အဆန်းသစ်ဆုံးတိုးတက်မှုတစ်ခုဖြစ်သည့် ဂမ္မာဓားကို အသုံးပြုကာ ဦးနှောက်မြင်းဖုလူနာ ၂၀၀ ကျော်တို့ကို ကုသပေးခဲ့ပြီ။
ဂျန်ကို ဆေးရုံးအနီးတွင်နေထိုင်သော ဂျပန်လူမျိုးသက်သေခံများထံတွင်တည်းရန် စီစဉ်ပေးကြသည်။ ထိုင်းစကားတတ်သည့် ယေဟောဝါသက်သေနှစ်ဦးနှင့် အိတ်ချ်အိုင်အက်စ် ကိုယ်စားလှယ်တစ်ဦးအပါအဝင် အုပ်စုတစ်စုက လေဆိပ်တွင် သူမကို လာကြိုကြသည်။ တစ်ပတ်ခန့်စမ်းသပ်စစ်ဆေးပြီးနောက် ဂျန်သည် ဆေးရုံ တက်ခွင့်ရခဲ့သည်။ ထိုတွင် ဂမ္မာဓားဖြင့် ကုသမှုခံယူရ၏။ ခွဲစိတ်မှုအဆင့်ဆင့်သည် တစ်နာရီခန့်မျှသာကြာသည်။ နောက်တစ်နေ့တွင် ဆေးရုံဆင်းပြီး ဂျန်သည် နောက်တစ်ရက်အကြာ၌ ထိုင်းနိုင်ငံသို့ ပြန်ခဲ့သည်။
“ဒီအစီအစဉ်ကြောင့် ဒီလောက်အထိအကူအညီဖြစ်နိုင်မယ်လို့ ကျွန်မတစ်ခါမျှ မထင်မိခဲ့ဘူး။ တင်ပြခဲ့သည့်မေတ္တာကြောင့်သာမကဘဲ ပူးပေါင်းလုပ်ဆောင်မှုနဲ့ ပါဝင်ခဲ့တဲ့ အဖွဲ့သားတွေကြောင့် ကျွန်မ တကယ့်ကို စိတ်စွဲမှတ်သွားရပါတယ်” ဟု ဂျန်ပြောခဲ့သည်။
ဂျပန်သတင်းစာ မိုင်နိချိရှင်ဘွန်း ကထိုအကြောင်း ဖော်ပြရာတွင် ဤသို့မှတ်ချက်ချသည်– “သွေးသွင်းခြင်းကို ငြင်းဆန်ရခြင်း၏ ဘာသာရေးဆိုင်ရာအကြောင်းပြချက်များသည် ယနေ့အထိ အာရုံစိုက်ခြင်းခံလာခဲ့ရသည်။ မည်သို့ဆိုစေ၊ သွေးသွင်းခြင်းသည် အေအိုင်ဒီအက်စ်၊ အသည်းရောင် စီ ကဲ့သို့ သေစေနိုင်သောဗိုင်းရပ်ကူးစက်မှုများနှင့် သွေးမတည့်ခြင်းကဲ့သို့သော နောက်ဆက်တွဲဆိုးကျိုးများ ရှိသည်။ ဤအကြောင်းကြောင့်ပင် ဘာသာရေးယုံကြည်ချက် မည်သို့ပင်ရှိပါစေ သွေးမသွင်းလိုသည့် လူနာများရှိပါသည်။”
ထိုသတင်းစာက ဤသို့ထပ်၍ဖော်ပြသည်– “သွေးသွင်းဖို့ငြင်းဆန်သော လူနာများစွာသည် ဆေးရုံပြောင်းဖို့ ဖိအားပေးခံခဲ့ရကြသည်၊ သို့သော် လူနာ၏ဆန္ဒကို လေးစားထောက်ထားကာ ဆေးဘက်ဆိုင်ရာဌာနများအပိုင်းမှလည်း ပြောင်းလဲဖို့ လိုအပ်ပါသည်။ အသိပေးထားသော သဘောတူညီချက် (ပါဝင်ပတ်သက်သည့်အရာများနှင့်ပတ်သက်သော အပြည့်အဝရှင်းပြချက်ကို လူနာဖြစ်သူသိထားပြီး ကုသမှုကို လက်ခံကြောင်းသဘောတူညီချက်) လိုအပ်သည်၊ သွေးသွင်းခြင်းကိစ္စများတွင်လည်း ထိုအတိုင်းပင်ဖြစ်သည်။ ယင်းသည် တစ်စုံတစ်ခုသော ဘာသာတရားနှင့်သာပတ်သက်သည့် အရေးကိစ္စတစ်ခုမဟုတ်ကြောင်း အသိအမှတ်ပြုသင့်သည်။”
ဂျန်စေးဂျူးကဲ့သို့ပင် သွေးမပါဘဲကုသမှုခံယူလိုသူ များစွာတို့သည် အခြားဆေးရုံများသို့ ပြောင်းခဲ့ကြရသည်။ မည်သို့ပင်ဖြစ်ပါစေ၊ သူတို့သည် လူနာများ၏အခွင့်အရေးများကို လေးစားတန်ဖိုးထားလိုသော စိတ်ထားရှိသည့် ဆရာဝန်များ၏ အားထုတ်လုပ်ဆောင်မှုများကို ကျေးဇူးတင်ကြသည်။
ယေဟောဝါသက်သေများသည် သူတို့၏ယုံကြည်ချက်များကို လေးစားတန်ဖိုးထားသည့် ဆရာဝန်များနှင့် ပူးပေါင်းလုပ်ဆောင်နိုင်ရန် ဆေးရုံအချက်အလက်လုပ်ငန်းကို ကင်းမျှော်စင်အသင်း၏ ဌာနခွဲများတွင် ဖွဲ့စည်းထားကြသည်။ ကမ္ဘာတစ်ဝန်းလုံးတွင် အိတ်ချ်အိုင်အက်စ်သည် ဆေးရုံများ၊ ဆရာဝန်များ၊ ကျန်းမာရေးလုပ်သားများ၊ ရှေ့နေများ၊ တရားသူကြီးများနှင့် ပူးပေါင်းလုပ်ဆောင်တတ်သည့် ဆက်ဆံရေး ရှိထားကြသည်။