အီရီနာ၏ အနှစ်သက်ဆုံးသော သီချင်းစာအုပ်
မကြာသေးမီက ဘူးလ်ဂေးရီးယားနိုင်ငံ၊ ဆိုဖီယာမြို့မှ အီရီနာဟူသည့် အသက်ကိုးနှစ်အရွယ်မိန်းကလေးတစ်ဦးသည် ယေဟောဝါသက်သေတစ်ဦးအဖြစ် နှစ်ခြင်းခံခဲ့သည်။ သူမသည် သီချင်းဆိုခြင်းကိုမြတ်နိုးပြီး ယေဟောဝါအား ချီးမွမ်းကျူးဧခြင်းစာအုပ်မှ သီချင်းများကို အထူးသဖြင့်နှစ်သက်လေသည်။ ထို့ကြောင့် အီရီနာသည် လစဉ်လတိုင်း သီချင်းအချို့ကို အလွတ်ရရန် ပန်းတိုင်ထားသည်။
ကျောင်းတွင် အီရီနာအနှစ်သက်ဆုံးသောဘာသာရပ်တစ်ခုမှာ တေးဂီတပင်ဖြစ်သည်။ ထို့ကြောင့်ကျောင်းတေးသံစုံအဖွဲ့တွင် သီချင်းဆိုရန်ကမ်းလှမ်းချက်ကို အီရီနာငြင်းလိုက်သောအခါ သူမ၏တေးဂီတဆရာမအတွက် စိတ်ရှုပ်ထွေးစရာဖြစ်ခဲ့ရသည်။ အီရီနာအဘယ်ကြောင့်ငြင်းလိုက်ရသနည်း။ သူမသီဆိုရမည့်တေးသီချင်းအများစုသည် တိတ္ထိအရင်းအမြစ်မှဖြစ်သော နိုင်ငံ့သူရဲကောင်းများနှင့် အားလပ်ရက်များကို ဂုဏ်တင်သည့်အရာများဖြစ်လိမ့်မည်ဖြစ်ကြောင်း သူမသိသည်။ အချို့သီချင်းများသည် လူမျိုးရေးစံနှုန်းများကိုမြှင့်တင်ရန် ပုန်ကန်မှုနှင့်အကြမ်းဖက်မှုကိုပင် ထောက်ခံကြသည်။ ဤကိစ္စနှင့်ပတ်သက်၍ အီရီနာ၏ရပ်တည်ချက်ကို ဆရာမသည် နားမလည်နိုင်ဘဲဖြစ်နေသည်။ အီရီနာမှာ ကြံရာမရဖြစ်ကာ ဆရာမထံ စာတစ်စောင်ကိုရေး၍ သူမ၏ဘာသာရေးယုံကြည်ချက်ကိုဖော်ပြခဲ့သည်—သို့သော် အချည်းနှီးသာဖြစ်ခဲ့သည်။
အီရီနာ၏ဖခင်၌ အကြံတစ်ခုရှိ၏။ အီရီနာအမြတ်တနိုးသီဆိုတတ်သော သီချင်းများပါသည့် ယေဟောဝါအား ချီးမွမ်းကျူးဧခြင်းဟူသည့် စာအုပ်တစ်အုပ်ကို ဆရာမအား သူပေးပို့ခဲ့သည်။ ရက်အနည်းငယ်ကြာသောအခါ ဆရာမက အီရီနာကို တေးဂီတအခန်းထဲသို့ ခေါ်လိုက်သည်။ ဆရာမစန္ဒရားတီးပေးနေခိုက် ထိုစာအုပ်ထဲမှ အီရီနာအနှစ်သက်ဆုံးသောသီချင်းအချို့ကို သူမ၏အတန်းဖော်များရှေ့မှောက်တွင် ဆရာမကသီဆိုခိုင်းသည်။ သီဆိုဖျော်ဖြေမှုမှာ တစ်နာရီကျော်ကြာမှ ပြီးဆုံးသွားခဲ့သည်! အီရီနာ၏အနှစ်သက်ဆုံးသောသီချင်းစာအုပ်တွင် သာယာနာပျော်ဖွယ်ကောင်းသောတေးသွားများပါသည်ဟု ဆရာမဝန်ခံခဲ့လေသည်။ (w 2/1/96)