‘ကျွန်ုပ်သည် ဘုရားသခင်အတွက် အရေးပါသလော’
“ကျွန်ုပ်သည် အရေးပါအရာရောက်ပါသလော။ ဘုရားသခင် ဂရုစိုက်တော်မူပါသလော။” ခရစ္စတီအဲနီတီထူဒေးမဂ္ဂဇင်းပါ ဆောင်းပါးတစ်ခု၏ခေါင်းစဉ်က ဤအတိုင်းဆိုသည်။ ဆောင်းပါးရှင် ဖိလစ်ရဲန်စီက “ကျွန်ုပ်၏စာရေးဆရာလုပ်သက်တွင် နာကျင်မှုအကြောင်းရေးသားသည်က များပါသည်။ တစ်ခါမျှမပျောက်နိုင်သောအနာဟောင်းတစ်ခုကို ကိုင်ကြည့်သကဲ့သို့ မေးပြီးသားမေးခွန်းများကိုပင် ထပ်ခါတလဲလဲ ပြန်မေးမြန်းရ၏။ ကျွန်ုပ်၏စာရှုသူများဖော်ပြသည့် စိတ်ဒုက္ခများက ကျွန်ုပ်အဖို့သံသယဝင်စရာအကြောင်း ပို၍ဖြစ်စေသည်” ဟုရေးသားထားသည်။
အသင်အနေနှင့်လည်း ကျွန်ုပ်ကို ဘုရားသခင်စိတ်ဝင်စားပါသလောဟု တွေးမိပေမည်။ “ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏” ဟူသောယောဟန် ၃:၁၆ ပါကျမ်းစကားကို သင်သည်အကျွမ်းတဝင်ရှိပေမည်။ သို့မဟုတ် ယေရှုသည် “မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာ ကြွလာသည်” ဟုဆိုသော မဿဲ ၂၀:၂၈ ကိုဖတ်ဖူးပေမည်။ သို့တိုင် သင်က ‘ဘုရားသခင်သည် ကျွန်ုပ်ကိုသတိပြုသလော။ ကိုယ်တော်သည် ကျွန်ုပ်ကို ပုဂ္ဂိုလ်တစ်ဦးအနေနှင့် ဂရုစိုက်တော်မူပါသလော’ ဟူ၍ မေးမြန်းပေမည်။ ကျွန်ုပ်တို့တွေ့ကြရမည့်အတိုင်း ကိုယ်တော်သည် အမှန်ပင်ဂရုစိုက်ကြောင်း ယုံကြည်လက်ခံစရာအကြောင်းရှိပါသည်။