ဘယ်တော့မျှမသေတော့မည့်—ကျွန်တော်၏ရာသက်ပန်မျှော်လင့်ချက်
ဟက်တာ အာ. ပရစ်စ် ပြောပြသည်
“ကင်ဆာက ကုလို့မရဘူး။ ခင်ဗျားအတွက် ကျွန်တော်တို့ဘာမှလုပ်ပေးနိုင်မှာမဟုတ်တော့ဘူး” လို့ ဆရာဝန်ကဆိုတယ်။ ဒီဆေးစစ်တမ်းကို လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ သေဆုံးခြင်းမရှိတော့ဘဲ ကမ္ဘာမြေပေါ်မှာထာဝစဉ်နေထိုင်ရမယ်ဆိုတဲ့ ကျမ်းစာအခြေခံမျှော်လင့်ချက်ကိုတော့ ကျွန်တော်နှလုံးပိုက်ထားဆဲပါပဲ။—ယောဟန် ၁၁:၂၆။
ကျွန်တော့်မိဘများဟာ ကျွန်တော်တို့ရဲ့မိသားစုစိုက်ပျိုးမွေးမြူရေးခြံနဲ့မဝေးလှတဲ့ တောမြို့လေးတစ်မြို့ကချာ့ချ်ကို မှန်မှန်တက်ရောက်ကြတဲ့ သဘောရိုးဖြောင့်တဲ့မက်သဒစ် [“သူတွေ”]ဖြစ်ပါတယ်။ ကျွန်တော့်ကို နယူးဇီလန်နိုင်ငံ၊ ဝယ်လင်တန်မြို့တော်ရဲ့အရှေ့မြောက်ဘက် မိုင် ၈၀ အကွာလောက်မှာရှိတဲ့ ဝိုက်ရာရာပါခရိုင်ရဲ့ ချစ်စရာစိုက်ပျိုးမွေးမြူရေးချိုင့်ဝှမ်းလေးမှာ မွေးဖွားခဲ့ပါတယ်။ အဲဒီမှာဆိုရင် နှင်းဖုံးတောင်တွေ၊ ကြည်လင်တဲ့တောင်ပေါ်မြစ်တွေ၊ နိမ့်တုံမြင့်တုံဖြစ်နေတဲ့တောင်ကုန်းတွေနဲ့ မြေသြဇာကောင်းတဲ့လွင်ပြင်တွေကို ကျွန်တော်တို့တွေ့မြင်ကြရတယ်။
မက်သဒစ်ချာ့ချ်မှာ လူကောင်းအားလုံးကောင်းကင်သွားမယ်၊ လူဆိုးအားလုံး ပူလောင်တဲ့ဒုက္ခဝေဒနာတွေခံစားရမယ့် ငရဲဆိုတဲ့နေရာကိုသွားကြမယ်လို့ ကျွန်တော်တို့ကိုသွန်သင်ပေးကြတယ်။ ဘုရားသခင်ဟာ လူတွေကိုကောင်းကင်မှာအသက်ရှင်စေချင်တယ်ဆိုရင် ဘာဖြစ်လို့အစကတည်းက အဲဒီမှာမထားခဲ့ရတာလဲဆိုတာကို ကျွန်တော်နားမလည်နိုင်အောင်ဖြစ်ခဲ့ရတယ်။ သေခြင်းတရားကို အမြဲလိုလိုကျွန်တော်ကြောက်ရွံ့ခဲ့ရတယ်၊ မကြာခဏလည်း ဘာကြောင့်ကျွန်တော်တို့သေရတယ်ဆိုတာကို တွေးတောမိတယ်။ ၁၉၂၇၊ ကျွန်တော့်အသက် ၁၆ နှစ်အရွယ်မှာ ကျွန်တော်တို့ရဲ့မိသားစုဟာ ဝမ်းနည်းစရာအဖြစ်အပျက်တစ်ခုကို တွေ့ကြုံခံစားခဲ့ရတယ်။ အဲ့ဒါက ကျွန်တော့်မေးခွန်းတွေရဲ့အဖြေကိုရှာဖို့အတွက် အကြောင်းဖန်လာတာပါပဲ။
ရီချ် အဘယ့်ကြောင့်သေရသနည်း
ကျွန်တော့်ညီလေး ရီချ်ဟာ ၁၁ နှစ်အရွယ်မှာ အသည်းအသန်ဖျားလာတယ်။ ဆရာဝန်က ဘာဖြစ်နေတာလဲဆိုတာကို မဆုံးဖြတ်နိုင်တာကြောင့် သူ့ကိုမကူညီနိုင်ဘဲဖြစ်ခဲ့ရတယ်။ အမေကမက်သဒစ် ဓမ္မဆရာကို ခေါ်တယ်။ သူက ရီချ်အတွက် ဆုတောင်းပေးပေမဲ့ အဲဒါကအမေ့ကိုနှစ်သိမ့်မှုမပေးနိုင်ခဲ့ဘူး။ တကယ်ဆိုရင် ဓမ္မဆရာကို ရှင့်ရဲ့ဆုတောင်းချက်ဟာ ထိရောက်မှုမရှိဘူးလို့တောင် သူပြောခဲ့တယ်။
ရီချ်သေသွားတဲ့အခါ အမေဟာ သူ့ရဲ့သားငယ်ဘာကြောင့်သေရတယ်ဆိုတာနဲ့ပတ်သက်လို့ စစ်မှန်တဲ့အဖြေအတွက် သူ့ရဲ့ဆာလောင်ငတ်မွတ်မှုကို ကျေနပ်ရောင့်ရဲစေအောင်ကြိုးစားလုပ်ပေးကြဖို့ လူတိုင်းကိုလိုက်ပြောတယ်။ မြို့ကစီးပွားရေးသမားတစ်ယောက်နဲ့စကားပြောနေခိုက် သေသူရဲ့အခြေအနေအကြောင်း သူသိတာများရှိသလားလို့ မေးလိုက်မိတယ်။ သူ့ဆီမှာတော့ ဘာအကြံဉာဏ်မှမရှိပေမဲ့ “တစ်ယောက်ယောက်က စာအုပ်တစ်အုပ်ကို ဒီမှာလာထားသွားတယ်၊ ခင်ဗျားယူသွားလို့ရပါတယ်” လို့ပြောတယ်။
အမေဟာစာအုပ်ကို အိမ်ယူလာပြီး စဖတ်တော့တာပဲ။ လက်ကကိုမချတော့ဘူး။ တဖြည်းဖြည်းနဲ့ သူ့စိတ်နေစိတ်ထားတစ်ခုလုံး ပြောင်းလဲလာတယ်။ “ဒါပါပဲ; ဒါဟာသမ္မာတရားပဲ” လို့ အိမ်သားတွေကို သူပြောတယ်။ အဲဒီစာအုပ်ကတော့ ကျမ်းစာစောင်များမှ လေ့လာစရာများ ဆိုတဲ့စာအုပ်ရဲ့ ပထမတွဲဖြစ်တဲ့ ခေတ်များတစ်လျှောက် ဘုရားသခင့်အစီအစဉ် [လိပ်] ဆိုတာပါပဲ။ ပထမတော့ ကျွန်တော်မယုံဘဲ စာအုပ်ထဲက ဖန်ဆင်းရှင်ရဲ့ရည်ရွယ်ချက်နဲ့ပတ်သက်တဲ့တင်ပြထားချက်တွေကို ငြင်းဆိုဆန့်ကျင်ဖို့ ကြိုးစားခဲ့တယ်။ နောက်ဆုံးတော့ ကျွန်တော့်ရဲ့ငြင်းဆိုမှုတွေပဲ ရပ်တန့်သွားခဲ့ရပါတယ်။
ကျမ်းစာသမ္မာတရားကို သက်ဝင်ယုံကြည်ခြင်း
‘ဘယ်တော့မှမသေဘဲ ထာဝရနေရမယ်ဆိုတာကို စဉ်းစားကြည့်လိုက်စမ်း!’ လို့ ကျွန်တော်တွေးမိတယ်။ အဲဒါဟာ မေတ္တာရှင်ဘုရားသခင်ဆီကနေ လူတစ်ဦးမျှော်လင့်ရမည့်အရာပါပဲ။ ပရဒိသုကမ္ဘာမြေတစ်ခု! ဟုတ်တယ်၊ အဲ့ဒါဟာ ကျွန်တော့်အတွက်ပဲ။
အဲ့ဒီ ထူးခြားလှတဲ့သမ္မာတရားကိုလေ့လာပြီးတဲ့နောက် အမေနဲ့ ဝယ်လင်တန်ကခရစ်ယာန်ညီအစ်မသုံးယောက်ဖြစ်တဲ့ ညီအစ်မတော်မစန်၊ ဘာတန်နဲ့ ဂျိုးစ်တို့ဟာ တစ်ခါတစ်ခါထွက်ရင် ရက်အတန်ကြာ တောရွာတွေမှာ အနှံ့သွားပြီး ဘုရားသခင့်နိုင်ငံတော်မျိုးစေ့ကို လိုက်ဖြန့်ဝေပေးကြတယ်။ အမေ့သာသနာပြုစိတ်ဓာတ်မျိုး အဖေ့မှာမရှိပေမဲ့လို့ အမေ့ရဲ့လှုပ်ရှားဆောင်ရွက်မှုတွေကို သူထောက်ပံ့ပေးခဲ့ပါတယ်။
သမ္မာတရားကို ကျွန်တော်လက်ခံယုံကြည်ခဲ့ပေမဲ့လို့ အချိန်အခိုက်အတန့်တစ်ခုအထိတော့ ကျွန်တော့်ယုံကြည်ခြင်းအတွက် အနည်းငယ်လောက်ပဲ လုပ်ဆောင်ဖြစ်ခဲ့တယ်။ ၁၉၃၅ ခုနှစ်မှာ ရိုအီနာ ကောလက်ကို ကျွန်တော်လက်ထပ်ခဲ့ပြီး အချိန်တန်တော့ အဲနစ်ဆိုတဲ့သမီးလေးတစ်ယောက်နဲ့ ဘယ်ရီဆိုတဲ့သားလေးတစ်ယောက်ကို ကောင်းချီးအဖြစ်ရရှိခဲ့တယ်။ ကျွန်တော့်အလုပ်ကတော့ ကျွဲ၊ နွားဝယ်သူဖြစ်ပြီး အနီးတစ်ဝိုက်မှာရှိတဲ့လယ်သမားတွေဆီကနေ ကျွဲ၊ နွားထောင်နဲ့ချီကို ဝယ်ယူခဲ့တယ်။ လယ်သမားတွေက နိုင်ငံရေးအကြောင်းပြောကြတဲ့အခါ “လူသားတွေရဲ့ ကြိုးစားအားထုတ်မှုတွေဟာ တစ်ခုမှအောင်မြင်မှာမဟုတ်ဘူး။ ဘုရားသခင့်နိုင်ငံတော်အစိုးရတစ်ခုတည်းပဲ အောင်မြင်လိမ့်မယ်” လို့ သူတို့ကို ပြောပြရတဲ့အခါ ကျွန်တော်ပျော်ရွှင်ရတယ်။
ဝမ်းနည်းစရာကတော့၊ ကျွန်တော်ဆေးလိပ်စွဲလာတယ်; ကျွန်တော့်ပါးစပ်မှာ မပြတ်တမ်းဆေးပြင်းလိပ်ခဲထားလေ့ရှိတယ်။ ကြာတော့ ကျွန်တော့်ကျန်းမာရေးယိုယွင်းလာပြီး ဗိုက်နာဗိုက်အောင့်တဲ့ရောဂါနဲ့ ဆေးရုံတက်ခဲ့ရတယ်။ ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်တဲ့ အစာအိမ်နှင့်အူသိမ်ရောင်တာဖြစ်တဲ့အကြောင်း ပြောပြကြတယ်။ အဲဒီအကျင့်ကို စွန့်ပစ်ခဲ့ပေမဲ့လို့ ကျွန်တော်ဟာ ထာဝရဆေးပြင်းလိပ် ဒါမှမဟုတ် စီးကရက်ကို သောက်နေတယ်လို့ အိပ်မက်မက်လေ့ရှိခဲ့တယ်။ ဆေးလိပ်ဟာ ကြောက်မက်ဖွယ်ကောင်းလောက်အောင်စွဲနိုင်စေပါကလား!
ဆေးလိပ်ဖြတ်ပြီးတဲ့နောက် တခြားအရေးကြီးတဲ့ပြုပြင်ပြောင်းလဲမှုတစ်ခုကို ကျွန်တော်လုပ်ခဲ့သေးတယ်။ ၁၉၃၉၊ ကျွန်တော့်အသက် ၂၈ နှစ်အရွယ် ရွာရှိကျွန်တော့်ရဲ့အိမ်အနားက မက်ကတီမြစ်ထဲမှာ နှစ်ခြင်းခံခဲ့တယ်။ နယူးဇီလန်နိုင်ငံမှာ ဟောပြောခြင်းလုပ်ငန်းကို နောက်ပိုင်း ကွပ်ကဲဦးစီးခဲ့ရတဲ့ ရောဘတ် လက်ဆဘီဟာ ကျွန်တော်တို့ရဲ့အိမ်မှာဟောပြောချက်ပေးဖို့နဲ့ ကျွန်တော့်ကိုနှစ်ခြင်းပေးဖို့အတွက် ဝယ်လင်တန်ကနေခရီးထွက်လာခဲ့ရတယ်။ အဲဒီအချိန်ကစပြီး ကျွန်တော်ဟာ ယေဟောဝါရဲ့ ရဲရင့်တဲ့သက်သေခံတစ်ဦးဖြစ်လာခဲ့တာပါပဲ။
ဟောပြောခြင်းလုပ်ငန်းကို ဖွဲ့စည်းခြင်း
နှစ်ခြင်းခံပြီးနောက် ကျွန်တော့်ကို အဲကီတာဟူနာအသင်းတော်ရဲ့ ကြီးကြပ်မှူးအဖြစ် ခန့်အပ်လိုက်တယ်။ ကျွန်တော့်ဇနီး ရိုအီနာကတော့ ကျမ်းစာသမ္မာတရားကို လက်ခံယုံကြည်မှုမရှိသေးဘူး။ ဒါပေမဲ့ တစ်အိမ်တက်ဆင်းမှာ ဘယ်လိုကောင်းကောင်းဟောနိုင်မလဲဆိုတာ ကျွန်တော့်ကိုပြပေးဖို့ အဲဖ် ဘိုက်ရဲကို ဖက်ဟီတူအာမြို့ကနေဆင်းလာဖို့ ဖိတ်ခေါ်လိုက်တော့မည့်အကြောင်း သူ့ကိုကျွန်တော်အသိပေးခဲ့တယ်။ ဟောပြောခြင်းလုပ်ငန်းကို ဖွဲ့စည်းပြီး ကျွန်တော်တို့ရဲ့နယ်မြေကို စနစ်တကျနဲ့ပြီးစီးအောင် ကျွန်တော်လုပ်လိုခဲ့တယ်။
“ဟက်တာ၊ ရှင်တစ်အိမ်တက်ဆင်းသွားရင် ရှင်ပြန်လာတဲ့အခါ ကျွန်မဒီမှာရှိတော့မှာမဟုတ်ဘူး။ ကျွန်မ ရှင်ကိုစွန့်သွားမှာ။ ရှင်ရဲ့တာဝန်က ဒီမှာ၊ မိသားစုနဲ့အတူအိမ်မှာရှိရမှာ” လို့ ရိုအီနာကပြောတယ်။
ကျွန်တော်ဘာလုပ်ရမှန်းကိုမသိခဲ့ဘူး။ ချီတုံချတုံဖြစ်မနေတော့ဘဲ ကျွန်တော်အဝတ်အစားလဲလိုက်တယ်။ ‘ဒါကို ငါလုပ်ကိုလုပ်ရမယ်။ ငါ့အသက်နဲ့ ငါ့မိသားစုရဲ့အသက်ဟာ ဒီပေါ်မှာပဲမူတည်နေတာ’ ဆိုပြီး ကျွန်တော့်ဘာသာကျွန်တော်အဆက်မပြတ်တွေးတောနေမိတယ်။ ဒါကြောင့် ရိုအီနာကို ကျွန်တော်ဘယ်လိုနည်းနဲ့မှ သူ့ကိုထိခိုက်နစ်နာစေလိုတဲ့ဆန္ဒမရှိကြောင်း ကတိပေးတယ်။ ကျွန်တော် သူ့ကိုတကယ့်ချစ်ပေမဲ့လို့ ယေဟောဝါရဲ့နာမတော်နဲ့ ပိုင်သအုပ်စိုးခွင့်အပြင် ကျွန်တော်တို့ရဲ့အသက်အတွက်လည်းပါဝင်ပတ်သက်နေတာကြောင့် ဒီနည်းနဲ့ပဲ ဟောပြောရမှာဖြစ်တယ်လို့ သူ့ကိုကျွန်တော်ပြောပြတယ်။
အဲဖ်နဲ့ ကျွန်တော် ဦးဆုံးအိမ်ကိုသွားပြီး သူကဦးဆောင်ပြီးဟောတယ်။ အဲဒီနောက်ပိုင်း အိမ်ရှင်ကို ကျွန်တော်က နောဧခေတ်မှာဖြစ်ပျက်ခဲ့တာတွေဟာ ကျွန်တော်တို့အချိန်မှာဖြစ်ပျက်နေတာတွေရဲ့ပုံနမူနာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့ကယ်တင်ခြင်းအတွက် သေချာအောင်တစ်ခုခုလုပ်ရတော့မယ်ဆိုတာကိုပြောပြရင်း စကားလက်ဆုံကျလို့နေပါတော့တယ်။ (မဿဲ ၂၄:၃၇-၃၉) စာအုပ်ငယ်အချို့ကို ဝေငှနိုင်ခဲ့တယ်။
ကျွန်တော်တို့ပြန်ထွက်လာတဲ့အချိန်မှာ အဲဖ် က “ဒီအသိပညာတွေကို ခင်ဗျားဘယ်ကရလာတာလဲ။ ကျွန်တော် ခင်ဗျားအတွက်မလိုပါဘူး။ ခင်ဗျားဘာသာခင်ဗျားသွားရင် ဒီနယ်မြေကို နှစ်ခါလောက်ပြီးအောင်လုပ်နိုင်တယ်” လို့ပြောတယ်။ ဒီအတိုင်း ကျွန်တော်တို့လုပ်ဆောင်ခဲ့ကြတယ်။
ကျွန်တော်တို့အိမ်ပြန်လာတဲ့အခါ ဘာများစောင့်ကြိုနေလိမ့်မလဲဆိုတာကို ကျွန်တော်တို့မသိကြပါဘူး။ အံ့သြဝမ်းသာစရာကတော့ ရိုအီနာက ကျွန်တော်တို့အတွက် လက်ဖက်ရည်အဆင်သင့်လုပ်ပေးထားတာကြောင့်ပါပဲ။ နှစ်ပတ်ကြာပြီးနောက် ကျွန်တော့်ဇနီးဟာ လူသူရှေ့ဓမ္မအမှုမှာ ကျွန်တော်နဲ့အတူပါဝင်လာပြီး ခရစ်ယာန်ဇွဲမှာ ပုံသက်သေကောင်းတဲ့သူတစ်ဦးဖြစ်လာတယ်။
ကျွန်တော်တို့ရဲ့စိုက်ပျိုးမွေးမြူရေးချိုင့်ဝှမ်းမှာ ပထမဦးဆုံး ယေဟောဝါသက်သေတွေဖြစ်လာသူတွေကတော့ မု မင်ဆာရယ်၊ သူမရဲ့သား ဝီလျံနဲ့ သမီး ရုဘီတို့ဖြစ်တယ်။ မုရဲ့အမျိုးသားဟာ ခက်ထန်တဲ့မျက်နှာပန်းနဲ့ ကြမ်းတမ်းတဲ့လူတစ်ယောက်ဖြစ်တယ်။ တစ်နေ့မှာ ရိုအီနာနဲ့ ကျွန်တော် မုကိုဓမ္မအမှုဆောင်ခေါ်သွားဖို့ သူတို့ရဲ့ခြံရှိနေအိမ်ကိုရောက်ခဲ့ကြတယ်။ လူငယ်လေးဝီလျံက သူ့ကားကို ကျွန်တော်တို့အသုံးပြုဖို့အတွက်စီစဉ်ပေးထားပေမဲ့လို့ သူ့အဖေမှာတခြားအစီအစဉ်တွေ ရှိနေတယ်လေ။
အခြေအနေက တင်းမာလာတယ်။ သမီးလေး အဲနစ်ကို ချီထားဖို့ ရိုအီနာကို ကျွန်တော်ပြောလိုက်တယ်။ မစ္စတာမင်ဆာက ကျွန်တော်တို့ထွက်မသွားခင် ကားဂိုဒေါင်တံခါးကိုပိတ်ဖို့အလောတကြီးသွားနေချိန်မှာ ကျွန်တော်ကဝီလျံရဲ့ကားပေါ်ကိုတက်ပြီး ကားဂိုဒေါင်ထဲကနေ ဝေါကနဲ့မောင်းထွက်လိုက်တယ်။ သူရှုံးသွားတယ်။ နည်းနည်းလောက်လမ်းပေါ်ကိုမောင်းတက်သွားပြီး ဒေါသူပုန်ထနေတဲ့ မစ္စတာမင်ဆာနဲ့တွေ့ရအောင် ကားပေါ်ကဆင်းလိုက်တယ်။ “ကျွန်တော်တို့ လယ်ကွင်းဓမ္မအမှုကိုသွားမလို့၊ နောက်ပြီး မစ္စမင်ဆာက ကျွန်တော်တို့နဲ့လိုက်မလို့ပါ” လို့ သူ့ကိုပြောလိုက်တယ်။ ကျွန်တော်သူ့ကို အသနားခံလိုက်တော့ သူ့ရဲ့ဒေါသ နည်းနည်းလျော့သွားပါတယ်။ ပြန်တွေးကြည့်လိုက်တော့ အဲဒါကို တခြားနည်းနဲ့ ကျွန်တော်ကိုင်တွယ်သင့်ခဲ့ပါတယ်၊ ဒါပေမဲ့ နောက်ပိုင်းမှာ သူဟာသက်သေခံတစ်ယောက်ဖြစ်မလာပေမဲ့လို့ ယေဟောဝါသက်သေတွေအပေါ် ပိုပြီးနှစ်သက်လာခဲ့တယ်။
အဲဒီနှစ်တွေအတွင်းမှာ ယေဟောဝါရဲ့လူမျိုးဟာ နည်းနည်းပဲရှိပြီး ကျွန်တော်တို့ရဲ့လယ်မြေမှာလာနေသွားတဲ့ အချိန်ပြည့်ဓမ္မအမှုဆောင်များရဲ့လည်ပတ်မှုကနေ တကယ့်ကိုပျော်ရွှင်မှုနဲ့ အကျိုးကျေးဇူးတွေကို ကျွန်တော်တို့ခံစားခဲ့ရတယ်။ အဲဒီလာရောက်လည်ပတ်သူတွေထဲမှာ အဲဒရီရဲ တော်မစန်နဲ့ သူရဲ့ညီအစ်မမော်လီတို့လည်းပါတယ်၊ နှစ်ယောက်စလုံးက သာသနာပြုတွေအတွက်ဖြစ်တဲ့ ဂိလဒ်ကင်းမျှော်စင်ကျမ်းစာကျောင်းရဲ့အဦးပိုင်းအတန်းတွေကို တက်ရောက်ခဲ့ကြတဲ့သူတွေဖြစ်ပြီး ဂျပန်နဲ့ ပါကစ္စတန်မှာ နိုင်ငံရပ်ခြားတာဝန်တွေကို ထမ်းဆောင်နေကြတယ်။
စစ်ကာလ အတွေ့အကြုံများ
၁၉၃၉၊ စက်တင်ဘာလမှာ ဒုတိယကမ္ဘာစစ်စဖြစ်လာပြီး ၁၉၄၀၊ အောက်တိုဘာမှာ နယူးဇီလန်အစိုးရက ယေဟောဝါသက်သေများရဲ့လှုပ်ရှားမှုကို ပိတ်ပင်လိုက်တယ်။ ကျွန်တော်တို့ရဲ့ခရစ်ယာန်ညီအစ်ကိုအများဟာ နိုင်ငံရဲ့တရားရုံးတွေကို ခေါ်သွားခြင်းခံရတယ်။ တချို့ကတော့ အကျဉ်းထောင်ထဲထည့်ခံရပြီး သူတို့ရဲ့ဇနီးသားသမီးတွေနဲ့ အဆက်အသွယ်ပြတ်တောက်ခံရတယ်။ စစ်က အပြင်းအထန်ဆက်ဖြစ်နေတာကြောင့် ကျွန်တော်တို့ဆီမှာနို့စားနွားမွေးမြူရေးခြံရှိနေပေမဲ့လို့ စစ်မှုထမ်းဖို့အတွက် ခေါ်များခေါ်ခံရလေမလားလို့ စိုးရိမ်နေမိတယ်။ အဲဒီနောက် စစ်မှုထမ်းဖို့အတွက် နောက်ထပ်စိုက်ပျိုးမွေးမြူရေးသမားတွေကို နိုင်ငံထဲက ခေါ်ထုတ်သွားမှာမဟုတ်တော့ဘူးလို့ ကြေညာတယ်။
ရိုအီနာနဲ့ ကျွန်တော်ဟာ ခရစ်ယာန်ဓမ္မအမှုမှာဆက်ပါဝင်ပြီး ဟောပြောခြင်းလုပ်ငန်းမှာ နှစ်ဦးစလုံး တစ်လ နာရီ ၆၀ ကျော် ကျွန်တော်တို့ပေးဆက်ကြတယ်။ အဲဒီအချိန်အတောအတွင်း ကျွန်တော်ဟာ ခရစ်ယာန်ကြားနေခြင်းကိုဆက်လက်ထိန်းသိမ်းကြတဲ့ သက်သေခံလူငယ်လေးတွေကို ကူညီခွင့်ရခဲ့တယ်။ သူတို့အတွက် ဝယ်လင်တန်၊ မြောက်ပိုင်း ပါလ်မာစတုံး၊ ပါဟီရတူနဲ့ မာစ်တာတန်တရားရုံးတွေရှေ့မှောက်ကို ကျွန်တော်ရောက်ခဲ့ရတယ်။ စစ်သားစုဆောင်းရေးဘုတ်အဖွဲ့မှာ ဓမ္မဆရာအဖွဲ့ဝင်တစ်ဦးပါလေ့ရှိတာကြောင့် စစ်ရဲ့ကြိုးပမ်းအားထုတ်မှုကိုထောက်ပံ့ပေးတဲ့ သူတို့ရဲ့ခရစ်ယာန်မဆန်မှုကိုဖော်ထုတ်ရတာ ပျော်စရာပါပဲ။—၁ ယောဟန် ၃:၁၀-၁၂။
တစ်ည ရိုအီနာနဲ့ကျွန်တော် ကင်းမျှော်စင်လေ့လာနေတုန်း ထောက်လှမ်းရေးတွေက ကျွန်တော်တို့အိမ်ကိုဝင်စီးလိုက်တယ်။ ရှာဖွေကြတဲ့အခါ ကျွန်တော်တို့အိမ်ထဲမှာ ကျမ်းစာစာပေတွေကိုတွေ့သွားကြတယ်။ “ဒါတွေအတွက်ကြောင့် ခင်ဗျားတို့ထောင်ကျနိုင်တယ်နော်” လို့ ကျွန်တော်တို့ကိုပြောတယ်။ ပြန်ဖို့အတွက် သူတို့ကားထဲဝင်လိုက်တဲ့အခါမှာ ဘရိတ်ဖြုတ်မရလို့ ကားကမရွေ့နိုင်ဘဲဖြစ်နေတာကိုတွေ့ရတယ်။ ဝီလျံ မင်ဆာက ကူညီပြီးကားကိုပြင်ပေးလိုက်တယ်။ နောက်ပိုင်းသူတို့ဆီက ဘာမှမကြားကြရတော့ဘူး။
ပိတ်ပင်ထားခံရတဲ့အတောအတွင်း ကျမ်းစာစာပေစာတမ်းတွေကို ကျွန်တော်တို့စိုက်ပျိုးမွေးမြူရေးခြံရဲ့ ချောင်ကျကျနေရာကအဆောက်အအုံတစ်ခုထဲမှာ ဝှက်ထားကြတယ်။ ကျွန်တော်ဟာ ညသန်းခေါင်အချိန်မှာ နယူးဇီလန်ဌာနခွဲကိုသွားပြီး ကျွန်တော့်ကားထဲမှာ စာပေစာတမ်းတွေကိုတင်ပါတယ်။ ပြီးတဲ့နောက် အိမ်ကိုယူလာပြီး ကျွန်တော်တို့ရဲ့သီးသန့်နေရာလေးမှာ သိုလှောင်ထားလိုက်တယ်။ တစ်ည လျှို့ဝှက်ကုန်ပစ္စည်းကိုယူဖို့ဌာနခွဲကိုရောက်သွားတဲ့အခါ နေရာတစ်ခုလုံးလင်းထိန်သွားတယ်! “ခင်ဗျားကို ကျွန်တော်တို့ဝိုင်းထားကြပြီ!” လို့ ရဲတွေကအော်ကြတယ်။ ဒါပေမဲ့ အံ့ဩစရာက ပြန်လှန်ချေပစရာသိပ်မလိုဘဲ ကျွန်တော့်ကိုသူတို့လွှတ်ပေးလိုက်တယ်။
၁၉၄၉ ခုနှစ်မှာ ရိုအီနာနဲ့ ကျွန်တော်ဟာ စိုက်ပျိုးမွေးမြူရေးခြံကိုရောင်းပြီး ပိုက်ဆံတွေကုန်တဲ့အထိ ရှေ့ဆောင်လုပ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။ မာစ်တာတန်မှာရှိတဲ့အိမ်ကိုပြောင်းသွားပြီး မာစ်တာတန်အသင်းတော်မှာပဲ ရှေ့ဆောင်လုပ်ကြတယ်။ နှစ်နှစ်အတွင်း တက်ကြွတဲ့ကြေညာသူ ၂၄ ယောက်ရှိတဲ့ ဖိစ်တာစတုံးအသင်းတော်ကိုတည်ထောင်နိုင်ခဲ့ပြီး ဦးစီးကြီးကြပ်မှူးအဖြစ် ကျွန်တော်ထမ်းဆောင်ခဲ့ရတယ်။ အဲ့ဒီနောက် ၁၉၅၃ ခုနှစ်မှာ နယူးယောက်စီးတီး၊ ရန်ကီအားကစားကွင်းမှာ ယေဟောဝါသက်သေများကျင်းပတဲ့ ရှစ်ရက်ကြာ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးတက်ရောက်ဖို့အတွက် အမေရိကန်နိုင်ငံကိုခရီးထွက်ဖို့ အခွင့်အရေးရရှိခဲ့တယ်။ ရိုအီနာကတော့ ဦးနှောက်သွက်ချာပါဒရောဂါခံစားနေရတဲ့ သမီးလေးအဲနစ်ကို စောင့်ရှောက်ဖို့လိုတာကြောင့် ကျွန်တော်နဲ့အတူမလိုက်နိုင်ခဲ့ဘူး။
နယူးဇီလန်ကို ကျွန်တော်ပြန်လာပြီးတဲ့နောက် ဝမ်းစာရှာလုပ်ငန်းကို လုပ်ခဲ့ရတယ်။ မာစ်တာတန်အသင်းတော်ကို ကျွန်တော်တို့ ပြန်ရွှေ့လာပြီး အဲဒီမှာ ဦးစီးကြီးကြပ်မှူးအဖြစ်ခန့်အပ်ခံရတယ်။ အဲဒီအချိန်လောက်မှာ ဝီလျံ မင်ဆာက မာစ်တာတန်မှာရှိတဲ့ ဇာတ်ရုံငယ်လေးတစ်ခုကိုဝယ်ခဲ့ပြီး အဲဒါလေးက ဝိုက်ရာရာပါခရိုင်မှာ ပထမဦးဆုံးသောဘုရားသခင့်နိုင်ငံတော်ခန်းမဖြစ်လာတယ်။ ၁၉၅၀ ပြည့်လွန်နှစ်တွေအတွင်းမှာ ကျွန်တော်တို့ရဲ့အသင်းတော်ဟာ ဝိညာဉ်ရေးကောင်းပြီး အရေအတွက်လည်းကြီးထွားလာတယ်။ ဒါကြောင့် တိုက်နယ်ကြီးကြပ်မှူးလာလည်ပတ်တဲ့အခါ နိုင်ငံရဲ့တခြားဒေသတွေကိုပြောင်းရွှေ့ကြပြီး အဲဒီမှာ ဟောပြောခြင်းလုပ်ငန်းကို ကူညီလုပ်ကိုင်ကြဖို့ ရင့်ကျက်တဲ့ပုဂ္ဂိုလ်တွေကို မကြာခဏအားပေးတာကြောင့် အချို့အဲဒီလိုလုပ်ကြပါတယ်။
ကျွန်တော့်မိသားစုကတော့ မာစ်တာတန်မှာပဲဆက်နေပြီး အဲဒီနောက်ပိုင်းဆယ်စုနှစ်တွေအတွင်း ကျွန်တော်ဟာ အသင်းတော်မှာအခွင့်အရေးတွေအများကြီးရတာတင်မကဘူး ပြည်လုံးကျွတ်စည်းဝေးနဲ့ အပြည်ပြည်ဆိုင်ရာစည်းဝေးတွေမှာလည်း တာဝန်တွေရရှိခဲ့တယ်။ ရိုအီနာဟာ လယ်ကွင်းလုပ်ငန်းမှာ ဇွဲရှိရှိပါဝင်ပြီး တခြားသူတွေကိုလည်း သူ့လိုလုပ်ဆောင်ဖို့အတွက် တစိုက်မတ်မတ်ကူညီပေးခဲ့တယ်။
ယုံကြည်ခြင်းစမ်းသပ်မှုကို ခံရပ်ခြင်း
အစပိုင်းမှာသတိပြုခဲ့ကြတဲ့အတိုင်း ၁၉၈၅ ခုနှစ်မှာ ကျွန်တော်ဟာ ကုလို့မရတဲ့ကင်ဆာဖြစ်နေတယ်လို့ ပြောခံရတယ်။ ကျွန်တော့်ဇနီး ရိုအီနာ၊ ကျွန်တော်နဲ့ ကျွန်တော်တို့ရဲ့ကလေးတွေဟာ ဘယ်တော့မှမသေတော့မည့် အခုအသက်ရှင်နေသူသန်းပေါင်းများစွာအဝင် ဖြစ်ချင်လိုက်ကြတာ! ဒါပေမဲ့ ဆရာဝန်က သေဖို့အတွက် ကျွန်တော့်ကိုအိမ်ပြန်ပို့လိုက်တယ်။ ပထမတော့ ဆေးစစ်ချက်ကို ကျွန်တော်ဘယ်လိုမြင်သလဲလို့ သူတို့မေးကြသေးတယ်။
“ကျွန်တော်ကတော့ စိတ်ငြိမ်ငြိမ်ထားပြီး အကောင်းမြင်ဝါဒကိုပဲ ကျင့်သုံးသွားမယ်” လို့ ပြန်ဖြေလိုက်တယ်။ အမှန်ပါပဲ၊ “ကျန်းမာသောနှလုံးသည် ကိုယ်အသက်ရှင်စေသောအကြောင်း” ဖြစ်တယ်လို့ဆိုထားတဲ့ နယပုံပြင်ကျမ်းဟာ ကျွန်တော့်ကိုတည်ငြိမ်မှုဖြစ်စေတဲ့အရာပါပဲ။—သု. ၁၄:၃၀။
ကင်ဆာအထူးကုတွေက ကျမ်းစာအကြုံပြုချက်ကို ချီးမွမ်းပြောဆိုကြတယ်။ “ဒီစိတ်သဘောက ကင်ဆာလူနာတွေမှာ ၉၀ ရာခိုင်နှုန်းလောက်ကို ရောဂါပျောက်ကင်းစေတယ်” လို့ သူတို့ပြောကြတယ်။ ဓာတုကုထုံးကို ခုနှစ်ပတ်ကြာခံယူဖို့လည်း အကြံပေးကြတယ်။ ဝမ်းသာစရာက နောက်ဆုံးမှာ ကင်ဆာတွန်းလှန်ခြင်းကို ကျွန်တော်အောင်မြင်သွားပါတယ်။
ဒီခက်ခဲတဲ့အချိန်အတွင်းမှာ ကျွန်တော်ပြင်းပြင်းထန်ထန်ထိုးနှက်ခံလိုက်ရပါတယ်။ လှပပြီး သစ္စာရှိတဲ့ ကျွန်တော့်ရဲ့ဇနီးဟာ ဦးနှောက်သွေးယိုတဲ့ရောဂါကိုခံစားရပြီး သေဆုံးသွားတယ်။ ကျမ်းစာထဲမှာမှတ်တမ်းတင်ထားတဲ့ သစ္စာရှိသူတွေရဲ့ပုံသက်သေတွေအပြင် သူတို့ဖြောင့်မတ်မှုကိုဆက်ထိန်းသိမ်းကြတာနဲ့အမျှ သူတို့အတွက် ယေဟောဝါဘယ်လိုပြေလည်အောင်လုပ်ပေးခဲ့တယ်ဆိုတာတွေကနေ ကျွန်တော်နှစ်သိမ့်မှုရခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာသစ်နဲ့ပတ်သက်တဲ့ကျွန်တော့်ရဲ့မျှော်လင့်ချက်ဟာ ဆက်ပြီးတောက်ပနေခဲ့ပါတယ်။—ရောမ ၁၅:၄။
ဒါပေမဲ့လည်း ကျွန်တော်စိတ်ဓာတ်ကျလာပြီး အကြီးအကဲတစ်ဦးအဖြစ်ဆက်မထမ်းဆောင်ချင်တော့ပဲဖြစ်လာတယ်။ ဒေသခံညီအစ်ကိုတွေက ဆက်ပြီးထမ်းဆောင်နိုင်တဲ့ခွန်အားပြန်ရလာတဲ့အထိ အားပေးခဲ့ကြတယ်။ ရလဒ်အနေနဲ့ ကျွန်တော်ဟာ ခရစ်ယာန်အကြီးအကဲတစ်ဦးအဖြစ်ကော ကြီးကြပ်မှူးအဖြစ်ပါ လွန်ခဲ့တဲ့ ၅၇ နှစ်လုံးလုံး ဆက်ထမ်းဆောင်နိုင်ခဲ့တယ်။
အနာဂတ်ကို ယုံကြည်စိတ်ချမှုဖြင့်ရင်ဆိုင်ခြင်း
အဲ့ဒီနှစ်တွေတစ်လျှောက်လုံး ယေဟောဝါထံအမှုထမ်းခဲ့တာတွေဟာ တွက်ဆလို့တောင်မရတဲ့အခွင့်ထူးကြီးတွေပါပဲ။ ကောင်းချီးတွေအများကြီး ကျွန်တော်ရခဲ့တယ်! အသက် ၁၆ နှစ်အရွယ်တုန်းက “ဒါပါပဲ; ဒါသမ္မာတရားပဲ!” လို့ ကျွန်တော်ကြားခဲ့ရတဲ့ အမေ့ဟစ်ကြွေးသံဟာ သိပ်မကြာသေးဘူးလို့ထင်မှတ်ရပါတယ်။ အမေဟာ အသက် ၁၀၀ ကျော်အရွယ်၊ သူမသေဆုံးသွားတဲ့ ၁၉၇၉ ခုနှစ်အထိ သစ္စာရှိပြီး ဇွဲကောင်းတဲ့သက်သေခံတစ်ဦးအနေနဲ့ ဆက်ရပ်တည်ခဲ့တယ်။ သူမရဲ့သမီးနဲ့ သားခြောက်ယောက်ဟာလည်း သစ္စာရှိသက်သေခံတွေဖြစ်လာပါတယ်။
ကျွန်တော့်ရဲ့အပြင်းထန်ဆုံးဆန္ဒကတော့ ယေဟောဝါရဲ့နာမတော် ရှုတ်ချမှုအပေါင်းကနေ ကင်းဝေးတာကို တွေ့မြင်ဖို့အတွက် ဆက်အသက်ရှင်လိုခြင်းပါပဲ။ ဘယ်တော့မှမသေတော့မည့် ကျွန်တော့်ရဲ့ရာသက်ပန်မျှော်လင့်ချက်ဟာ ပြည့်မြောက်ပါ့ဦးမလား။ အဲဒါကတော့လေ၊ ဆက်ပြီးစောင့်ကြည့်ရပါဦးမယ်။ ဒါပေမဲ့ ကျွန်တော်ယုံကြည်စိတ်ချနေတာကတော့ လူအများ၊ ဟုတ်ပါတယ်၊ သန်းပေါင်းများစွာတို့ဟာ နောက်ဆုံးဒီကောင်းချီးကို တွေ့ကြုံခံစားရမှာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်အသက်ရှင်နေသမျှကာလပတ်လုံး ဘယ်တော့မှမသေမည့်သူတွေအဝင်အဖြစ်ရေတွက်ခံရဖို့ဆိုတဲ့ မျှော်လင့်ချက်ကို အမြတ်တနိုးထိန်းသိမ်းသွားပါမယ်။—ယောဟန် ၁၁:၂၆။
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
ကျွန်တော့်အမေ
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
ကျွန်တော့်ဇနီး၊ သားသမီးတွေနဲ့အတူ