ဖြောင့်မတ်ခြင်း က လူမျိုးတစ်မျိုးကို ချီးမြှောက်
မိုးရက်ဆက်ရွာပြီးနောက် တိမ်ကင်းသောမိုးကောင်းကင်ဝယ် နေသာနေသည်ကို အိပ်ရာထလာချိန်၌တွေ့မြင်ရခြင်းသည် မည်မျှကြည်နူးစရာဖြစ်သည်တကား! ကမ္ဘာမြေကြီးသည် ပြန်လည်လန်းဆန်းလာပြီး ယခုဆိုလျှင်အပင်များသည် ပေါများထူထပ်စွာပေါက်ရောက်နိုင်ကြပေပြီ။ ဖြောင့်မတ်သောအုပ်ချုပ်ရေးနှင့်ပတ်သက်သည့်ကောင်းချီးများကို ရှင်းလင်းတင်ပြရန် ဤကဲ့သို့သောသရုပ်ဖော်ပြချက်ကို တစ်ခါကယေဟောဝါအသုံးပြုခဲ့ဖူးပေသည်။ ဘုရင်ဒါဝိဒ်ကို ကိုယ်တော်ဤသို့မိန့်တော်မူခဲ့သည်– “လူတို့အပေါ်တွင် တရားသဖြင့်စီရင်၍ ဘုရားသခင်ကို ကြောက်ရွံ့လျက်အုပ်စိုးသောသူသည် မိုးမအုံ့၊ နေထွက်သောနံနက်အလင်းကဲ့သို့လည်းကောင်း၊ မိုးရွာပြီးမှ နေရောင်ထွက်သဖြင့် မြေ၌မြက်နုပေါက်သကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။”—၂ ဓမ္မရာဇဝင် ၂၃:၃၊ ၄၊ သမ္မာ။
ဒါဝိဒ်၏သားတော်၊ ဘုရင်ရှောလမုန်၏ ဖြောင့်မတ်သည့်အုပ်ချုပ်ရေးကာလအတွင်း ဘုရားသခင်၏နှုတ်တော်ထွက်မှန်ကန်ကြောင်း ထင်ရှားခဲ့သည်။ သမ္မာကျမ်းစာက ဤသို့ဖော်ပြ၏– “[ရှောလမုန်၏] လက်ထက်တော်ကာလပတ်လုံး ယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့သည် ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင်အသီးအသီး မိမိစပျစ်ပင်၊ မိမိသင်္ဘောသဖန်းပင်အောက်မှာ ငြိမ်ဝပ်စွာနေရကြ၏။”—၃ ဓမ္မရာဇဝင် ၄:၂၅။
ရှေးဣသရေလလူမျိုးသည် ဘုရားသခင်ရွေးချယ်တော်မူသော လူမျိုးတော်ဖြစ်သည်။ ကိုယ်တော်သည် သူတို့အား ပညတ်တော်များပေးပြီး မိန့်တော်မူချက်ကိုနားထောင်လျှင် သူတို့ကို “လူမျိုးတကာတို့ထက် . . . ချီးမြှောက်တော်မူမည်” ဟု မိန့်တော်မူခဲ့သည်။ (တရားဟောရာ ၂၈:၁) ဣသရေလလူမျိုးကိုယ်နှိုက်၏ဖြောင့်မတ်ခြင်းကမဟုတ်ဘဲ ယေဟောဝါ၏ဖြောင့်မတ်ခြင်းက သူတို့ကိုချီးမြှောက်ခဲ့ခြင်းဖြစ်သည်။ သူတို့အား ဘုရားသခင်ပေးတော်မူခဲ့သည့်ပညတ်ချက်များသည် ဘေးပတ်ဝန်းကျင်ရှိလူမျိုးတို့၏ ဥပဒေများထက် အပြတ်အသတ်သာလွန်ပေသည်။ လူမျိုးတစ်မျိုးအနေနှင့်သူတို့သည် ထိုလူမျိုးများနည်းတူ မစုံလင်သူများဖြစ်ကြသည်။ ထို့ကြောင့် ယေဟောဝါ၏သာလွန်သည့်ပညတ်တော်များနှင့် ယင်းကို သူတို့ ကြပ်မတ်စွာလိုက်လျှောက်ခြင်းတို့က လူမျိုးများ၏အထက်သို့ သူတို့ချီးမြှောက်ခံရသည့်အကြောင်းဖြစ်သည်။ သူတို့သည် ယေဟောဝါ၏ပညတ်တော်ကိုနာခံသောအခါ ကိုယ်တော်၏မျက်နှာသာတော်နှင့် ကောင်းချီးများကို ခံစားရသည်။ ရှောလမုန်မင်းကြီးသည် သူ၏နန်းစံချိန်အတွင်း ယင်းကိုတွေ့ကြုံခံစားခဲ့ရသည်။ သူဤသို့ဆိုနိုင်ခဲ့သည်– “ဖြောင့်မတ်ခြင်းတရားသည် ပြည်သားတို့ကို ချီးမြှောက်တတ်၏။” သို့သော် သူက “ဒုစရိုက်အပြစ်မူကား ပြည်သားများတို့ကို ရှုတ်ချတတ်၏” ဟု သတိပေးခဲ့သည်။—သု. ၁၄:၃၄။
ဝမ်းနည်းစရာမှာ နာခံမှုမဲ့သည့်လုပ်ရပ်ကို အကြိမ်ကြိမ်ပြုခဲ့သောကြောင့် ဣသရေလလူမျိုးသည် နိမ့်ကျသောအဆင့်သို့ရောက်သွားရသည်။ လူမျိုးဂုဏ်ပျက်ခဲ့ရသည်။ နောက်ဆုံးတွင် သူတို့ကိုထာဝရငြင်းပယ်ပြီး အသစ်သောဝိညာဏလူမျိုးတစ်မျိုးကိုမျက်နှာသာပေးရန်အတွက် ယင်းကဖြစ်စေခဲ့သည်။—မဿဲ ၂၁:၄၃။
ဝိညာဏဣသရေလ
ယေရုရှလင်မြို့ရှိ ခရစ်ယာန်အုပ်ချုပ်ရေးအဖွဲ့၏စည်းဝေးတစ်ခု၌ ဂျူးတစ်ဦးအဖြစ်မွေးဖွားခဲ့သောယာကုပ်သည် မှုတ်သွင်းခံရကာ ဘုရားသခင်သည် “မိမိနာမအဖို့ တစ်ပါးအမျိုးသားတို့အထဲက အချို့သောသူတို့ကိုနုတ်ယူခြင်းငှာ ရှေ့ဦးစွာတစ်ပါးအမျိုးသားတို့ကို အကြည့်အရှုကြွလာတော်မူသည်” ဟု ပြောဆိုခဲ့သည်။ (တမန်တော် ၁၅:၁၄) တမန်တော်ပေါလုက ဤအသစ်သောခရစ်ယာန်လူမျိုးကို “ဘုရားသခင်၏ဣသရေလအမျိုး” ဟု ခေါ်ဆိုခဲ့သည်။ (ဂလာတိ ၆:၁၆) သူတို့ကိုခေါ်တော်မူခြင်း၏ရည်ရွယ်ချက်နှင့်စပ်လျဉ်း၍ ပေတရုက “သင်တို့မူကား မှောင်မိုက်ထဲမှ အံ့ဖွယ်သောအလင်းတော်သို့ခေါ်သွင်းတော်မူသောသူ၏ဂုဏ်ကျေးဇူးများကို ဖော်ပြစေခြင်းငှာ ‘ရွေးချယ်တော်မူသောအမျိုးဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ဆိုင်တော်မူရာအထူးဖြစ်ကြ၏’” ဟု ပြောဆိုခဲ့သည်။ (၁ ပေတရု ၂:၉၊ ကဘ) ဘုရားသခင်၏အရွေးချယ်ခံလူမျိုးတော်အနေနှင့် သူတို့သည် ဤလောကအတွင်း၌ ထွန်းလင်းသူများအဖြစ် အလင်းဖြာကြရမည်ဖြစ်သည်။ ယေဟောဝါ၏ဖြောင့်မတ်ခြင်းက သူတို့ကိုမြှင့်တင်ပေးပေလိမ့်မည်။—ဖိလိပ္ပိ ၂:၁၅။
ဤဝိညာဏဣသရေလလူမျိုးများကိုရွေးချယ်ခြင်းသည် မိုင်းခွဲ၍စိန်ရှာခြင်းနှင့် နှိုင်းယှဉ်နိုင်ပါသည်။ အဖိုးထိုက်သောစိန်ပါသည့်သတ္တုရိုင်း မြေမျက်နှာပြင်ပေါ်သို့ယူဆောင်လာသောအခါ ယင်းသည် မြေကြီး ၃ တန်တွင်မှ ၁ ကရက် (.၀၀၇ အောင်စ) သာ ထွက်မည်ဖြစ်သည်။ တစ်ချိန်ကအသုံးပြုခဲ့သည့် စိန်ကိုခွဲထုတ်သော နည်းတစ်နည်းမှာ သတ္တုရိုင်းကို ရေနှင့်ရောစပ်ပြီး အမဲဆီသုတ်ထားသည့်စားပွဲများပေါ်သို့ အရောအနှောများကို စီးဆင်းစေသည်။ မလိုအပ်သည့်ပစ္စည်းများ ရေနှင့်မျောပါသွားစဉ်၌ စိန်များသည် ရေတွင်မပျော်ဝင်သောကြောင့် အမဲဆီတွင်ကပ်ကျန်နေခဲ့သည်။ ဤအဆင့်၌ စိန်များသည် မညီမညာဖြစ်နေပေမည်။ သို့သော်လည်း သွေးပြီးသောအခါ အရပ်ရပ်သို့အရောင်များဖြာထွက်လာသည်။
ဘေးပတ်ဝန်းကျင်ရှိအရာများနှင့်မရောသည့် ရေတွင်မပျော်ဝင်သောစိန်နည်းတူ ယေဟောဝါ၏လူမျိုးတော်သည် ဤလောကနှင့်သီးခြားခွဲထုတ်ခံထားရသည်။ (ယောဟန် ၁၇:၁၆) အလင်းသို့ဆွဲဆောင်ခံရသောပထမဦးဆုံးအချိန်၌ သူတို့သည် တောက်ပမှုရှိချင်မှရှိမည်။ သို့သော် ယေဟောဝါ၏နှုတ်ကပါဌ်တော်နှင့်ဝိညာဉ်တော်က သူတို့အထဲ၌ဥပဓိရုပ်သစ်ကိုဖန်တီးပေးကာ ဤလောကအတွင်းတွင် ထွန်းလင်းသူများအဖြစ် သူတို့အလင်းဖြာကြသည်။ ယေဟောဝါ၏ဖြောင့်မတ်မှုကြောင့် သူတို့သည် အမြင့်သို့မြှင့်တင်ခံရပြီး ဘုရားသခင့်နိုင်ငံတော်သမ္မာတရားနှင့်စပ်ဆိုင်သော ဂုဏ်ကျက်သရေရှိသည့်အလင်းကို အရပ်ရပ်သို့ရောင်ပြန်ဟပ်ကြခြင်းဖြစ်သည်။ သူတို့ကိုယ်နှိုက်၏ ဖြောင့်မတ်မှုကြောင့်မဟုတ်ပါ။
သို့သော် စီ.အီး. ပထမရာစုနှောင်းပိုင်းတွင် အသင်းတော်များအတွင်းသို့အယူဖောက်ပြန်ခြင်းဝင်ရောက်လာပြီး များစွာသောသူတို့ကိုထိခိုက်ခဲ့သည်။ အမည်ခံခရစ်ယာန်များသည် လောကီတိုင်းနိုင်ငံများနှင့်ရောယှက်လာကြပြီး သူတို့ကို ပတ်ဝန်းကျင်ရှိလောကနှင့် မခွဲခြားနိုင်တော့အောင်ဖြစ်ခဲ့သည်။
ယနေ့ သစ္စာရှိဝိညာဏဣသရေလအကြွင်းအကျန်တို့သည် ယေဟောဝါ၏မျက်နှာသာတော်ကို ပြန်လည်ရရှိခဲ့ကြသည်။ သူတို့သည် မိမိတို့ကိုယ်ကို လောကနှင့်သီးခြားဖြစ်စေကြပြီး “ကိုယ်ခန္ဓာ၏အညစ်အကြေး၊ စိတ်ဝိညာဉ်၏အညစ်အကြေးရှိသမျှတို့နှင့်” ကင်းစင်စေခဲ့ကြသည်။ (၂ ကောရိန္သု ၇:၁) ယေဟောဝါ၏ရှေ့တော်၌သန့်ရှင်းဖြောင့်မတ်ခြင်းအားဖြင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို သူတို့ထောက်ခံကြသည်။ ယင်းက လောကီလူမျိုးများအထက် သာလွန်မြင့်မားသည့်အခြေအနေသို့ သူတို့ကိုမြှင့်တင်ပေးခဲ့သည်။ သူတို့သည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဇွဲလုံ့လရှိရှိကြေညာခြင်းကြောင့် လူမျိုးပေါင်းစုံမှလူအုပ်ကြီးတစ်အုပ်သည် ယေဟောဝါထံသို့ဆွဲဆောင်ခံရပြီး ကိုယ်တော့်လူမျိုးတော်အဝင်ဖြစ်လာလေသည်။—ဗျာဒိတ် ၇:၉၊ ၁၀။
လောကသည် ကွဲပြားမှုကိုတွေ့မြင်နိုင်
လောကီအာဏာပိုင်တို့သည် ရံဖန်ရံခါဆိုသလိုပင် ဘုရားသခင့်ကျေးကျွန်များ၏အပြုအမူကို ချီးမွမ်းကြသည်။ လွန်ခဲ့သောအချိန်တစ်ချိန်က အာဖရိကတောင်ပိုင်း၊ ပရီတိုရီးယားပြပွဲကွင်း၏လုံခြုံရေးအကြီးအမှူးသည် နှစ်ပတ်လည်စည်းဝေးကြီးများအတွက် ထိုအဆောက်အအုံများကိုအသုံးပြုကြသော လူမျိုးအသီးသီးမှလာကြသည့်ယေဟောဝါသက်သေများ၏အမူအကျင့်ကို ချီးမွမ်းခဲ့သည်။ အခြားအရာများအနက်မှာမှ သူဤသို့လည်းရေးသားခဲ့သည်– “လူတိုင်းဟာ ယဉ်ကျေးရည်မွန်တယ်၊ တစ်ယောက်ကိုတစ်ယောက် ကောင်းမွန်စွာပဲစကားပြောကြတယ်၊ ဒီသဘောထားတွေကို လွန်ခဲ့တဲ့ရက်အနည်းကတွေ့ခဲ့ရတယ်—ဒီအရာတွေအားလုံးဟာ ခင်ဗျားတို့ရဲ့အဖွဲ့အစည်းအဝင်ဖြစ်တဲ့သူတွေရဲ့ အရည်အသွေးကိုထောက်ပြနေပါတယ်။ ပြီးတော့ အားလုံးဟာပျော်ရွှင်တဲ့မိသားစုတစ်စုလိုပဲအတူနေနေကြတယ်။”
ယေဟောဝါ၏လူမျိုးတော်သည် ဤကဲ့သို့သောစုဝေးမှုကြီးများ၌သာမဟုတ်ဘဲ သူတို့၏ကိုယ်ပိုင်အသက်တာတွင်လည်း ကိုယ်တော့်လူမျိုးတော်၏ဖြောင့်မတ်မှု၌ပါဝင်နိုင်ကြသည်။ ဥပမာအနေနှင့် ဂျိုဟန်နက်စဘတ်ဂ်မြို့နေအမျိုးသမီးတစ်ဦးထံမှ ဤသို့ဆိုထားသောစာတစ်စောင်ကို ကင်းမျှော်စင်အသင်း၏ တောင်အာဖရိကဌာနခွဲရုံးကလက်ခံရရှိခဲ့သည်– “ပြီးခဲ့တဲ့အပတ်က ကားအဖုံးပေါ်မှာ ကျွန်မရဲ့ပိုက်ဆံအိတ်တင်ထားပြီး မောင်းထွက်သွားမိတယ်။ ဂျဲန် စမတ်စ်ရိပ်သာလမ်းမှာ အဲဒါပြုတ်ကျသွားခဲ့ရော။ ရှင်တို့အသင်းက ဦးအာရ်—က ပိုက်ဆံအိတ်နှင့်အတူပါတဲ့အရာအားလုံးကိုကောက်ရပြီးတော့ကျွန်မဆီဖုန်းဆက်ပြီး ပြန်ပေးခဲ့တယ်။ . . . အခုအချိန်အခါမှာ ရှားပါးလာပြီဖြစ်တဲ့ ဒီလိုရိုးသားမှုကို ကျွန်မတကယ်ပဲတန်ဖိုးထားကျေးဇူးတင်မိပါတယ်။ ပြီးတော့ ရှင်တို့အသင်းသားတွေ စောင့်ထိန်းလိုက်လျှောက်ကြဖို့မူတွေကို ချမှတ်ပေးတဲ့ ရှင်တို့အသင်းတော်ကိုလည်းချီးမွမ်းပါတယ်။”
မှန်ပါသည်၊ ယေဟောဝါ၏ဖြောင့်မတ်သည့်မူများကိုစောင့်ထိန်းကြခြင်းအားဖြင့် ကိုယ်တော်၏လူမျိုးတော်သည် လောကနှင့်ကွဲပြားကြောင်းထင်ရှားပေသည်။ ယင်းတို့သည် ယေဟောဝါ၏ဖြောင့်မတ်မှုကိုဖော်ပြသောကြောင့် စိတ်နှလုံးရိုးဖြောင့်သူများသည် ခရစ်ယာန်အသင်းတော်သို့ဆွဲဆောင်ခံကြရသည်။ သန့်ရှင်းဖြူစင်သောအရာထံသို့ဆွဲဆောင်ခံရခြင်းသည် ဓမ္မတာပင်ဖြစ်သည်။ ဥပမာ ဆွစ်ဇာလန်နိုင်ငံ၊ ဇူရစ်ချ်မြို့ရှိ ယေဟောဝါသက်သေများ၏အစည်းအဝေးတစ်ခုသို့ တစ်ခါကလာတက်ရောက်ခဲ့သောသူစိမ်းတစ်ဦးက အသင်းတော်သားတစ်ဦးဖြစ်လိုကြောင်းပြောသည်။ သူ၏အစ်မသည် စာရိတ္တပျက်ပြားမှုကြောင့်နှင်ထုတ်ခံခဲ့ရကြောင်းရှင်းပြကာ “အကျင့်ဆိုးတွေကိုသည်းမခံ” သော အဖွဲ့အစည်းနှင့် သူပူးပေါင်းလိုကြောင်း ထပ်ဖြည့်စွက်၍ပြောကြားခဲ့သည်။ ကက်သလစ်စွယ်စုံကျမ်းသစ်ကပင် ယေဟောဝါသက်သေများသည် “ကမ္ဘာတွင် အကောင်းဆုံးပြုမူကျင့်ကြံသည့်အဖွဲ့တစ်ဖွဲ့” အဖြစ် လူသိများကြကြောင်း အသိအမှတ်ပြုထားသည်။
ဖြောင့်မတ်မှုကမြှင့်တင်ပေးသော်လည်း အပြစ်သည် လူတစ်ဦး၏နာမည်ကောင်းကိုဂုဏ်ပျက်စေနိုင်သည်။ အထူးသဖြင့် ကြီးလေးသောအပြစ်သည် လူ့အသိုင်းအဝိုင်းတွင်ထင်ပေါ်လာလျှင် ထိုသို့ ဖြစ်နိုင်သည်။ အသင်းသားတစ်ဦးက ကြီးမားသောအပြစ်ကိုကျူးလွန်သောအခါများတွင် တစ်ခါတစ်ရံ၌ ခရစ်ယာန်အသင်းတော်သည် အလွန်ပင်သိက္ခာကျရတတ်သည်။ အမှားပြုသူကို ကျမ်းစာမူများနှင့်အညီဖြစ်သောမေတ္တာပါသည့်နည်းလမ်းဖြင့် ဆုံးမပြီးပြီဖြစ်ကြောင်း သစ္စာရှိအသင်းတော်သားများကတင်ပြခြင်းအားဖြင့် အသင်းတော်၏နာမည်ကောင်းကို ကာကွယ်ပေးနိုင်သည်မှာပြောစရာပင်လိုမည်မဟုတ်။ တစ်ဦးတစ်ယောက်သည် အပြစ်ပြုမိပြီး နောင်တမယူပါက သူသည် အသင်းတော်မှပယ်ရှား—နှင်ထုတ်—ခံရပေလိမ့်မည်။—၁ ကောရိန္သု ၅:၉-၁၃။
အချို့သူများ နှင်ထုတ်ခံရသည့်အကြောင်း
ခရစ်ယာန်အသင်းတော်မှ နှစ်စဉ် ထောင်ပေါင်းအနည်းငယ်ခန့်မျှသောသူတို့ နှင်ထုတ်ခံနေကြရသော်လည်း ယင်းသည် ကမ္ဘာပေါ်ရှိငါးသန်းနီးပါးခန့်သောသက်သေခံများအနက် ရာခိုင်နှုန်းအနည်းငယ်သာဖြစ်ပါသည်။ ခရစ်ယာန်အသင်းတော်ရှိသူ တစ်ဦးတစ်ယောက်ကို ဤကဲ့သို့သောပြင်းထန်သည့်အရေးယူမှု အဘယ်ကြောင့်ပြုသင့်သနည်း။ ကျူးလွန်သည့်အပြစ်အမျိုးအစားသည် ချင့်ချိန်ဆုံးဖြတ်ရမည့်အရာများတွင်တစ်ခုအပါအဝင်ဖြစ်သည်။ သို့သော် ပို၍အရေးကြီးသည့်အရာမှာ အမှားပြုသူသည် ကျူးလွန်မိသည့်ကြီးလေးသောအမှားနှင့်စပ်လျဉ်း၍ စစ်မှန်သောနောင်တရမရပင်ဖြစ်သည်။ သူသည် အမှန်ပင်ဝမ်းနည်းကြေကွဲပြီး ကိုယ်တော်ကိုပြစ်မှားမိသည့်အပြစ်ကိုခွင့်လွှတ်ရန် လှိုက်လှိုက်လှဲလှဲဆုတောင်းခြင်းဖြင့်ယေဟောဝါထံလှည့်လာကာ အသင်းတော်ရှိတာဝန်ရှိသူများထံအကူအညီရှာယူခဲ့မည်ဆိုလျှင် ဘုရားသခင်၏မျက်နှာသာတော်ကို ပြန်ရရှိပြီး အသင်းတော်သားတစ်ဦးအဖြစ် ဆက်ရှိနေရန် အကူအညီရနိုင်ပေမည်။—သု. ၂၈:၁၃; ယာကုပ် ၅:၁၄၊ ၁၅။
ဖခင်နှင့်ကောင်းမွန်သည့်ဆက်ဆံရေးရှိသော ကလေးသည် ဖခင်ကိုဝမ်းနည်းစေသည့်အရာ တစ်စုံတစ်ခုကိုလုပ်မိပါက နှစ်ဦးစလုံးသည် တန်ဖိုးဖြတ်မရသည့်ဆက်ဆံရေးကိုအလျင်အမြန်ပြန်ရယူသင့်သည်။ ထိုနည်းတူစွာပင် ယေဟောဝါထံကျွန်ုပ်တို့အသက်တာကိုဆက်ကပ်အပ်နှံလိုက်ခြင်းသည် ကိုယ်တော်နှင့်တန်ဖိုးအရှိဆုံးဆက်ဆံရေးတစ်ခုကိုစတင်လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ကိုယ်တော်ကိုဝမ်းနည်းစေသည့်အရာတစ်ခုခုကို ကျွန်ုပ်တို့လုပ်မိသောအခါ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်နှင့်ရှိပြီးဖြစ်သော ထိုဆက်ဆံရေးကို ပြန်လည်ရရှိရန် အလျင်အမြန်ကြိုးစားသင့်သည်။
ဝမ်းသာစရာမှာ နှင်ထုတ်ခံထားရသူအချို့တို့သည် အသုံးအဖြုန်းကြီးသောသားပုံဥပမာကို နှလုံးသွင်းခဲ့ကြခြင်းပင်ဖြစ်သည်။ နောင်တရသောအပြစ်သားသည် ပြန်လှည့်လာပြီး ဘုရားသခင်၏ခွင့်လွှတ်မှုကိုရှာယူပါက ထိုသူပြန်လာသည်ကိုလက်ခံရန်အသင့်ရှိသော မေတ္တာရှိသောဖခင်နှင့် ထိုတွင် ယေဟောဝါကိုပုံခိုင်းထားသည်။ (လုကာ ၁၅:၁၁-၂၄) စစ်မှန်၍လှိုက်လှဲသည့် နောင်တယူခြင်းနှင့် မကောင်းသည့်အရာမှ ရှောင်ထွက်လာခြင်းသည် ယေဟောဝါ၏မျက်နှာသာကို ပြန်ရရန်နှင့် ခရစ်ယာန်အသင်းတော်သို့ပြန်လာရန်အတွက် နည်းလမ်းပင်ဖြစ်သည်။ အပြစ်ဝန်ထုပ်အောက် နာလန်မထူနိုင်ဟုခံစားကြရသော နောင်တရသည့်အမှားပြုသူအချို့တို့သည် နောင်တယူပြီး မေတ္တာရှိသည့် ခရစ်ယာန်အသင်းတော်အသိုင်းအဝိုင်းသို့ပြန်လာရန် ခြေလှမ်းလှမ်းဖို့လှုံ့ဆော်ခံရကြသည်။ ထိုသို့အားဖြင့် ဟေရှာယ ၅၇:၁၅ ပါ ယေဟောဝါ၏စကားတော်ကို သူတို့ကောင်းစွာနားလည်သဘောပေါက်လာကြသည်။
တစ်ဦးတစ်ယောက်အား ယေဟောဝါ၏မေတ္တာပါခွင့်လွှတ်မှုသို့လှည့်မလာစေရန် ကျူးလွန်မိသည့်အပြစ်အတွက် ခွင့်လွှတ်မှုမရှိဟု စာတန်လှည့်ဖြားလိုပေသည်။ သို့သော် ခရစ်တော်ယေရှု၏ရွေးဖိုးပူဇော်သကာသည် မည်သည့်နောင်တရသူ၏အပြစ်များကိုမဆို ဖုံးအုပ်လိုက်ဖို့လုံလောက်ပေသည်—မှန်ပါသည်၊ “လောကီသားအပေါင်းတို့၏” အမွေခံခဲ့ရသောအပြစ်တရားကိုပင် ဖုံးအုပ်ပေးနိုင်သည်။ (၁ ယောဟန် ၂:၁၊ ၂) ရွေးနုတ်ဖိုးဖြင့်ဖုံးအုပ်ခြင်းမခံရသောအပြစ်မည်သည် ဘုရားသခင့်ဝိညာဉ်တော်၏စီစဉ်ဆောင်ရွက်မှုကို တမင်တကာဆန့်ကျင်ပုန်ကန်ရာကျသော၊ ယုဒ ရှကာရုတ်နှင့် များစွာသောကျမ်းတတ်နှင့်ဖာရိရှဲတို့၏ ကြီးမားလှသည့်အပြစ်များကဲ့သို့သော ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်ကိုဆန့်ကျင်သည့်အပြစ်မျိုးဖြစ်သည်။—မဿဲ ၁၂:၂၄၊ ၃၁၊ ၃၂; ၂၃:၁၃၊ ၃၃; ယောဟန် ၁၇:၁၂။
ယေဟောဝါ၏ဖြောင့်မတ်မှုကို ထောက်ခံခြင်း
၁၉၁၉ ခုနှစ်တွင် ဝိညာဏဣသရေလလူမျိုးအကြွင်းအကျန်တို့သည် ယေဟောဝါ၏မျက်နှာသာတော်ကိုပြန်ရရှိခဲ့ကြသောကြောင့် သူတို့သည် ဘေးပတ်ဝန်းကျင်ရှိလောကထက်ပို၍ပို၍မြှင့်တင်ခြင်းခံလာကြရသည်။ ယင်းသည် သူတို့ဘက်မှတစ်စုံတစ်ရာသောကောင်းမှုကြောင့်မဟုတ်ဘဲ ဘုရားသခင်၏ပညတ်တော်နှင့် စံနှုန်းတော်များကို သူတို့တလိုတလားလက်အောက်ခံကြသောကြောင့်ဖြစ်သည်။ ရလဒ်အနေနှင့် သန်းပေါင်းများစွာသောခရစ်တော်၏ “အခြားသိုးတို့” သည် သစ္စာရှိအပေါင်းအဖော်များအဖြစ် ဝိညာဏဣသရေလတို့နှင့် ပူးပေါင်းရန် ဆွဲဆောင်ခံရကြသည်။ (ယောဟန် ၁၀:၁၆) ဘုရားသခင်၏ဖြောင့်မတ်သောစံနှုန်းတော်များမှ အလှမ်းကွာဝေးလှသောလောကကြီးတွင် ဤလူမျိုးတော်သည် ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းနေကြသည်။ ယင်းသည် တစ်ခါက တောင်အာဖရိကမဂ္ဂဇင်းဖြစ်သော Personality က ဤသို့ဖော်ပြခဲ့သကဲ့သို့ပင်ဖြစ်သည်– “ယေဟောဝါသက်သေများသည် ကောင်းသောအရည်အချင်းတို့နှင့် ပြည့်လျှံနေဟန်ရှိပြီး မကောင်းသောအရည်အချင်းမှ လုံးလုံးကင်းလွတ်မတတ်ပင်ဖြစ်သည်။”
ဘုရားတရားမဲ့သောလောကတွင် ဤမြှင့်တင်ခံထားရသောအခြေအနေကိုဆက်လက်ထိန်းသိမ်းထားရန်အတွက် ခရစ်ယာန်အသင်းတော်သားယောက်စီယောက်တိုင်းသည် ယေဟောဝါ၏ရှေ့တော်၌ သန့်ရှင်းဖြောင့်မတ်သောအသက်တာဖြင့်အသက်ရှင်ရန်လိုအပ်သည်။ သမ္မာကျမ်းစာထဲတွင် ယေဟောဝါ၏ကောင်းကင်ဆိုင်ရာအဖွဲ့အစည်းသည် သန့်ရှင်းသောအရာဖြင့်ပုံတင်ပြခံရသည်။ နေကိုဝတ်ပြီး သူမ၏ခြေအောက်တွင်လရှိသော လှပသည့်အမျိုးသမီးတစ်ဦးအဖြစ် ယင်းကို မြင်တွေ့ရသည်။ (ဗျာဒိတ် ၁၂:၁) ယေရုရှလင်မြို့သစ်ကို လှပသောအဆင်းသဏ္ဌာန်ရှိသန့်ရှင်းသောမြို့အဖြစ် ဖော်ပြထားသည်။ (ဗျာဒိတ် ၂၁:၂) ခရစ်တော်၏သစ္စာရှိသတို့သမီးအဖွဲ့ဝင်တို့သည် “စင်ကြယ်ပြောင်လက်သောပိတ်ချော” ကို ပေးအပ်ခံရသည်။ (ဗျာဒိတ် ၁၉:၈) လူအုပ်ကြီးအား “ဖြူသောဝတ်လုံကိုဝတ်ဆင်လျက်” မြင်တွေ့ရသည်။ (ဗျာဒိတ် ၇:၉) ဖြောင့်မတ်မှုဘက်စိတ်တိမ်းညွှတ်သောလူတို့သည် သန့်ရှင်းသောအဖွဲ့အစည်းသို့ ဆွဲဆောင်ခံရကြသည်။ ဆန့်ကျင်ဘက်အားဖြင့် စာတန့်အဖွဲ့အစည်းမူ သန့်ရှင်းမှုမရှိပေ။ သူ၏ဘာသာရေးစနစ်ကို ပြည့်တန်ဆာကြီးအဖြစ်ပုံဖော်ပြထားပြီး၊ သန့်ရှင်းသောမြို့ပြင်ရှိသူများကို ညစ်ညမ်း၍သန့်ရှင်းမှုမရှိသောအရာအဖြစ် ဖော်ပြထားသည်။—ဗျာဒိတ် ၁၇:၁; ၂၂:၁၅။
ဖြောင့်မတ်သောသူတို့အတွက် ထာဝရအသက်ကိုကတိပေးထားသည်။ ယေဟောဝါ၏ဖြောင့်မတ်ခြင်းကို ထောက်ခံသော စုစည်းလျက်ရှိသည့်လူများသည် ဤဆိုးယုတ်သောအစီအစဉ်စနစ်၏အဆုံးကို အသက်ရှင်လွတ်မြောက်သွားဖို့ မျှော်လင့်ချက်ရှိ၏။ နယပုံပြင် ၁:၃၃ တွင် ဘုရားသခင်က “ငါ့စကားကို နားထောင်သောသူမူကား လုံခြုံစွာနေ၍ ဘေးကိုမကြောက်ဘဲ ငြိမ်ဝပ်လိမ့်မည်” ဟု ကတိပေးတော်မူသည်။
သာ၍ကြီးမြတ်သောရှောလမုန်ဖြစ်သည့် ခရစ်တော်ယေရှုသည် ယေဟောဝါကိုကြောက်ရွံ့ခြင်း၊ ဖြောင့်မတ်ခြင်းတို့ဖြင့်ထိုကမ္ဘာသစ်ကိုအုပ်ချုပ်သောအခါ မည်မျှရွှင်ပျလန်းဆန်းဖွယ်ဖြစ်မည်ပါတကား! (၂ ပေတရု ၃:၁၃) ယင်းသည် တိမ်ကင်းစင်သောနံနက်ခင်းတစ်ခု၌ ဖြာကျလာသောနေအလင်းကဲ့သို့ဖြစ်မည်။ ကမ္ဘာသားအားလုံးတို့သည် ငြိမ်းချမ်းစွာဖြင့်နေထိုင်ကြကာ ပုံဆောင်သဘောအနေနှင့်ယောက်စီယောက်တိုင်းတို့သည် ကိုယ်ပိုင်သောစပျစ်ပင်၊ ကိုယ်ပိုင်သောသင်္ဘောသဖန်းပင်အောက်တွင် ထိုင်နေကြမည်ဖြစ်သည်။ ဖြောင့်မတ်သောလူ့အဖွဲ့အစည်းသည် ကမ္ဘာကြီးကို အလှဆင်ကာ စကြဝဠာအတွင်း၌ ယင်း၏တော်မှန်သောနေရာတွင်ရှိနေခြင်းအားဖြင့် ကျွန်ုပ်တို့၏ဘုရားသခင် ယေဟောဝါကို ထာဝရချီးမွမ်းခြင်းဖြစ်နေပေလိမ့်မည်။—မိက္ခာ ၄:၃၊ ၄; ဟေရှာယ ၆၅:၁၇-၁၉၊ ၂၅ လည်းရှု။
[Picture Credit Line on page 26]
Garo Nalbandian