ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၁၂/၁၅ စာ. ၂၂-၂၃
  • နျူဝေးရှိ ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်ခုကို ကြည့်လိုက်ပါဦး!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နျူဝေးရှိ ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်ခုကို ကြည့်လိုက်ပါဦး!
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • လုပ်ငန်းစတင်ရန် ဆုံးဖြတ်ခြင်း
  • ပူးပေါင်းလုပ်ဆောင်မှုစိတ်ဓာတ်နှင့် ဧည့်ဝတ်ကျေပွန်မှု
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၁၂/၁၅ စာ. ၂၂-၂၃

နျူဝေးရှိ ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်ခုကို ကြည့်လိုက်ပါဦး!

နျူဝေးသည် နယူးဇီလန်နိုင်ငံ၏ အရှေ့မြောက်ဘက် ၁,၃၄၀ မိုင်အကွာ တောင်ပစိဖိတ်ရှိ သန္တာကျွန်းလေးဖြစ်သည်။ ခရီးသွားလာရေး ဘရိုရှာအရ နျူဝေးဟူသည့်အမည်သည် “အုန်းပင်” ဟုအဓိပ္ပာယ်ရသော နျူ နှင့် “ရှုစားလော့” သို့မဟုတ် “ကြည့်လိုက်ပါဦး” ဟူ၍အဓိပ္ပာယ်ရသော ဝေး ဟူသည့် စကားလုံးနှစ်လုံးတို့မှဆင်းသက်လာသည်။ ထိုဘရိုရှာက ဤသို့ဆိုသည်– “ဒဏ္ဍာရီအရ ဦးဆုံးပါလနီးရှန်းအခြေချသူများက ခရီးရောက်မဆိုက် ကုန်းပေါ်တွင် အုန်းပင်များပေါက်နေသည်ကို မြင်လိုက်သောအခါ ဤစကားများပြောခဲ့သည်။”

ယခုအခါ နျူဝေးရှိယေဟောဝါသက်သေများသည် “ကျွန်ုပ်တို့ရဲ့ဘုရားသခင့်နိုင်ငံတော်ခန်းမကို ကြည့်လိုက်ပါဦး!” ဟူ၍အဓိပ္ပာယ်ရသည့် “အဲ! ဖာလဲဟဲ ကောက်တူး မောက်တိုလူး!” ဟု ဧည့်သည်များကို ဂုဏ်ယူဝင့်ကြွားစွာပြောဆိုကြသည်။ ဤခန်းမနှင့်ပတ်သက်၍ သူတို့တွင် ဤမျှနက်ရှိုင်းသောခံစားချက်များ အဘယ်ကြောင့်ရှိကြသနည်း။ အနယ်နယ်အရပ်ရပ်ရှိ ယေဟောဝါသက်သေများသည် သူတို့၏ဘုရားသခင့်နိုင်ငံတော်ခန်းမနှင့်ပတ်သက်၍ ဂုဏ်ယူဝင့်ကြွားကြသည်၊ အထူးသဖြင့် သူတို့ကိုယ်တိုင်ဆောက်လုပ်ရသောအခါတွင်ဖြစ်သည်။ သို့ရာတွင် ကျယ်ပြောသော တောင်ပစိဖိတ်၏အလယ်တွင်ရှိသော ဝေးလံသည့်ကျွန်းတစ်ကျွန်းပေါ်တွင် ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်လုံးဆောက်ရန်မှာမူ နောက်ထပ်အရေးတစ်ခုဖြစ်သည်။ အမှန်မှာ နျူဝေးသည် စတုရန်းမိုင်ပေါင်း ၁၀၀ မျှသာကျယ်ဝန်းပြီး ကျွန်းတစ်ခုလုံးတွင် လူဦးရေ ၂,၃၀၀ မျှသာရှိသည်။

ထိုဘုရားသခင့်နိုင်ငံတော်ခန်းမကို မည်သူဆောက်မည်နှင့်ပတ်သက်၌ အခက်တွေ့နေသည်။ နျူဝေးရှိ တစ်ခုတည်းသောအသင်းတော်တွင် သက်သေခံ ၃၂ ဦးသာရှိသည်။ ထရပ်ကားများ၊ မြေတူးစက်များနှင့် ကရိန်းများကဲ့သို့သော လိုအပ်သည့် အဓိကပစ္စည်းကိရိယာအားလုံးသည် အစိုးရပိုင်ဖြစ်သည်။ ထို့အပြင် မရှိမဖြစ်လိုအပ်သည့် အဆောက်အအုံပစ္စည်းအားလုံးလိုလို—သံမဏိ၊ ကွန်ကရစ်တုံးများ၊ အမိုးပစ္စည်း၊ လျှပ်စစ်နှင့် ရေပိုက်ဆက်သွယ်ရေးပစ္စည်းများ၊ အသံချဲ့စက်နှင့် ထိုင်ခုံများ—ကို ငါးပတ်လျှင်တစ်ကြိမ်သာလည်ပတ်သည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြင့် နယူးဇီလန်နိုင်ငံမှ တင်ပို့ရမည်ဖြစ်သည်။ နောက်ဆုံးအနေနှင့် ထိုကျွန်း၏ကျောက်ထူသောမြေမျက်နှာပြင်သည် ဆောက်လုပ်ရေးကို ခက်ခဲစေသည့်အပြင် ခန်းမကို အပူပိုင်းဟာရီကိန်းမုန်တိုင်းဒဏ် ခံနိုင်ရန် ဆောက်ကြရမည်။ မည်သူ့အတွက်မဆို အလွန်ခက်ခဲသည့်တာဝန်ဖြစ်သည်ကားအမှန်ပင်တည်း!

သို့သော် ဤနေရာတွင် အကြီးအကျယ်ခြားနားချက်တစ်ခုရှိသည်။ ယေဟောဝါသက်သေများအတွက်ဆိုလျှင် ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်ခုသည် စစ်မှန်သောဝတ်ပြုရေး၏ ဒေသဆိုင်ရာဗဟိုချက်မဖြစ်ပြီး သူတို့သည် ညွှန်ကြားမှုနှင့် အထောက်အမအတွက် ယေဟောဝါဘုရားသခင်ကို မျှော်ကိုးသည်။ (ဆာလံ ၅၆:၁၁; ၁၂၇:၁) အော်ကလန်ရှိ နျူဝေးဘာသာစကားပြောသောအသင်းတော်၏ အသင်းတော်သားများအပါအဝင် နယူးဇီလန်ရှိ ခရစ်ယာန်ညီအစ်ကိုများသည် နျူဝေးရှိ သက်သေခံအုပ်စုငယ်လေးကို အကူအညီပေးရန် ရောက်လာကြပြီး ဆောက်လုပ်ရေးစီမံကိန်းကို လှိုက်လှိုက်လှဲလှဲ ယိုင်းပင်းကူညီကြသည်။

လုပ်ငန်းစတင်ရန် ဆုံးဖြတ်ခြင်း

၁၉၉၄ ဇွန်လတွင် နယူးဇီလန်နိုင်ငံ ရိုတာရူအာမြို့ရှိ ဘုရားသခင့်နိုင်ငံတော်ခန်းမ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ နျူဝေးစီမံကိန်းတွင်ပါဝင်ရန် စိတ်ဝင်စားသူများကို ဖိတ်ခေါ်ခဲ့သည်။ အံ့ဩစရာကောင်းလောက်အောင်ပင်၊ လုပ်အားပေးမည့် ခရစ်ယာန်ညီအစ်ကို ညီအစ်မ ၂၀၀ ရှိသည်။ သူတို့အထဲမှ လက်သမားများ၊ သံမဏိလုပ်သားများ၊ ပိုက်ဆက်လုပ်သားများ၊ အမိုးလုပ်သားများ၊ အင်္ဂတေအချောကိုင်သူများ၊ ဆေးသုတ်သူများ၊ လျှပ်စစ်ကျွမ်းကျင်သူများနှင့် အသံချဲ့စက်ကျွမ်းကျင်သူများ၊ ကွန်ကရစ်လောင်းလုပ်သားများ၊ အုတ်စီအုတ်ဆက်သူများနှင့် အလုပ်ကြမ်းသမားများပါဝင်သော လူအယောက် ၈၀ ကို ရွေးချယ်ခဲ့သည်။

ညီအစ်ကိုများသည် ယေဟောဝါကိုယုံစားလျက် အစီအစဉ်များဆွဲကာ ရှေ့ဆက်ဆောင်ရွက်ခဲ့ကြသည်။ နယ်ခံစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သော နျူဝေးရှိ အသင်းတော်အကြီးအကဲနှစ်ဦးမှ တစ်ဦးသည် လိုအပ်သောပစ္စည်းများအားလုံးကို တင်သွင်းရန် စတင်စီစဉ်ခဲ့သည်။ မိမိတို့ဘာသာကုန်ကျစရိတ်စိုက်ထုတ်ကြသည့် နိုင်ငံရပ်ခြားမှ စေတနာ့ဝန်ထမ်းလုပ်သားများအတွက် အထူးလေယာဉ်ခရီးစဉ်အတွက်နှင့်နေရာထိုင်ခင်းအတွက်ကုန်ကျစရိတ်တို့ကို စေ့စပ်ညှိနှိုင်းပေးပြီး ဆောက်မည့်နေ့စွဲကို သတ်မှတ်လိုက်သည်။ ဤစီမံကိန်းသည် ၁၉၉၅၊ မတ်လ ၄ ရက်နေ့မှ ဘုရားသခင့်နိုင်ငံတော်ခန်းမကို အပ်နှံမည့် မတ်လ ၂၃ ရက်နေ့အထိ ရက် ၂၀ နှင့် ပြီးစီးရန်ဖြစ်သည်။

“မြေနေရာကို ကျွန်တော်တွေ့လိုက်တော့ ထိတ်ထိတ်ပျာပျာဖြစ်သွားတာဟာ ပထမဆုံးအကြိမ်ပါပဲ။ မြေပြင်က အားလုံးကျောက်ချည်းပဲ။ အုတ်မြစ်အတွက် တူးရုံလေးတောင် နှစ်ပတ်ကြာမယ်” ဟု အစီအစဉ်ချဖို့ နယူးဇီလန်မှ တစ်ပတ်ကြိုရောက်လာသည့် စီမံကိန်းဒါရိုက်တာက ပြောခဲ့သည်။ သို့သော် သူသည် နယ်ခံသက်သေခံများကို လျှော့တွက်ခဲ့ကြောင်း နောက်ပိုင်းတွင် ဝန်ခံခဲ့သည်။ “နျူဝေးညီအစ်ကိုများဟာ ကျောက်အကြောင်း အစဉ်းသိအတွင်းသိတွေပဲဗျာ။ ကျောက်တုံးအကြီးကြီးတွေ ခွဲထုတ်လို့ရအောင် ဘယ်နေရာကို တူးရမယ်ဆိုတာ သူတို့ကျွမ်းကြတယ်” ဟုသူပြောခဲ့သည်။ အုတ်မြစ်တူးခြင်းတို့ကို နှစ်ရက်နှင့်ပြီးသွားပါသည်တကား!

နယူးဇီလန်သက်သေခံများပါလာသည့် ပထမဆုံးလေယာဉ်သည် မတ်လ ၄ ရက်နေ့တွင် ရောက်ရှိလာပြီး ကွန်ကရစ်စလောင်းတော့သည်။ လုပ်သားအုပ်စုများ ဆက်တိုက်ရောက်ရှိလာသည်နှင့်အမျှ စီမံကိန်း၏အထွေအထွေလုပ်ငန်းစဉ်များ ပြီးစီးကုန်ကြသည်။ နေ့စဉ်နံနက် ၇:၀၀ တွင် နေ့စဉ်ကျမ်းချက်ကို အတိုချုပ်ဆွေးနွေးပြီး အလုပ်စကြသည်။ အချို့ညီအစ်ကိုများသည် ၉၇ ဒီဂရီ ဖာရင်ဟိုက်အထိမြင့်သော အပူချိန်တွင် တစ်နေ့ အလုပ်ချိန် ၁၂ နာရီဖြင့် လုပ်ဆောင်ကြသည်။ နောက်ဆုံး မတ်လ ၂၃ ရက်ရောက်သောအခါ မြေပြင်ရှုခင်းများကို အကွက်ချပြင်ဆင်ပြီးသွားသည်။ သရက်သားဖြင့်ပြုလုပ်ထားသော ဆွဲဆောင်မှုရှိသည့် ဆိုင်းဘုတ်က ဤအဆောက်အအုံသည် “ယေဟောဝါသက်သေများ၏ ဘုရားသခင့်နိုင်ငံတော်ခန်းမ” ဖြစ်ကြောင်း ဖော်ပြထားသည်။

ပူးပေါင်းလုပ်ဆောင်မှုစိတ်ဓာတ်နှင့် ဧည့်ဝတ်ကျေပွန်မှု

ဤစီမံကိန်းကို အောင်အောင်မြင်မြင်ဖြစ်ရန် ထောက်ကူသည့်အရေးအကြီးဆုံးအချက်မှာ နျူဝေးပြည်သူလူထု၏ ပူးပေါင်းလုပ်ဆောင်မှုဖြစ်သည်။ ဤလုပ်ဆောင်မှုစိတ်ဓာတ်ကူးစက်ခြင်းခံရသော နယ်ခံရွာသူရွာသားများသည် အစားအစာနှင့် ငွေကြေးများကို လှူဒါန်းကြသည်။ အများအပြားမှာ ခန်းမဆောက်လုပ်ရေးကို သူတို့၏စီမံကိန်းအဖြစ် သဘောထားခဲ့ကြသည်။ အစိုးရအရာရှိများနှင့် စီးပွားရေးလုပ်ငန်းရှင်များသည် မိမိတို့လုပ်ဆောင်ရမည့်တာဝန်ထက်ကျော်လွန်သည့်အထိ လုပ်ဆောင်ပေးကြသည်။ လိုအပ်သည့်ကိရိယာများကို ရရှိရန်ဆောင်ရွက်ပေးသကဲ့သို့ လက်သမားရုံကိုလည်း ရရှိရန်ဆောင်ရွက်ပေးခဲ့သည်။ သင်္ဘောကုန်စည်ပို့ဆောင်ရေးကုမ္ပဏီက လိုအပ်သည့်ပစ္စည်းများ အချိန်မီ ကျိန်းသေရောက်ရှိရန် မိမိတို့၏သင်္ဘောခရီးစဉ်ကိုပင် ပြင်ဆင်သတ်မှတ်ပေးခဲ့သည်။

မိမိတို့၏အိမ်များနှင့် ပိုင်ဆိုင်ရာများကို ဝေမျှပေးလိုသည့် နျူဝေးသက်သေခံများ၏ ကြိုးစားပမ်းစားလုပ်ဆောင်မှုနှင့် ဧည့်ဝတ်ကျေပွန်မှုတို့ကို ဧည့်သည်များ အမှန်ပင်ကျေးဇူးတင်ကြသည်။ “နယ်ခံညီအစ်မတွေ သိပ်တော်ကြတယ်” ဟု ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ဆိုခဲ့သည်။ နေ့စဉ် နေ့လယ်စာပူပူနွေးနွေးအပြင် ထိုညီအစ်မများသည် နံနက်တိုင်း ၆:၃၀ နာရီတွင် နံနက်စာကိုချက်ပြုပ် ကျွေးကြသည်။ အချို့တို့သည် အစားအစာပြင်ဆင်ရန် နံနက် ၄:၃၀ နာရီတွင် ထကြသည်။ ဆောက်လုပ်ရေးလုပ်သားတစ်ဦး ဤသို့ပြောခဲ့သည်– “ကျွန်ုပ်တို့အိမ်မှာနေရတာထက် ဒီနျူဝေးမှာနေရတာ အခြေအနေပိုသာတယ်လို့ထင်တယ်။”

မေလ ၁၀ ရက်ထုတ် နျူဝေးစတား သတင်းစာက “နျူဝေးရှိ ပထမဆုံးသောဘုရားသခင့်နိုင်ငံတော်ခန်းမ” ဟူသည့် ခေါင်းစဉ်ဖြင့် ယင်းဖြစ်ရပ်အကြောင်း၊ နယူးဇီလန်လူမျိုးနှင့်နျူဝေးလူမျိုးများလုပ်ငန်းခွင်တွင် အလုပ်လုပ်နေကြသည့်ပုံတစ်ပုံကို မျက်နှာဖုံးသတင်းတွင်ဖော်ပြထားသည်။ ခန်းမသည် အရွယ်အစားအားဖြင့် စတုရန်းပေပေါင်း ၃,၀၀၀ ရှိပြီး ထိုင်ခုံ ၇၀ မှ ၁၀၀ အထိပါရှိကြောင်း ယင်းက ဖော်ပြခဲ့သည်။ ထိုဆောင်းပါးက ဤသို့ဆက်လက်ဖော်ပြသည်– “ဤတာဝန်ကို နှစ် [ပတ်] အတွင်း အမှန်ပင်ပြီးစီးနိုင်ပါသည်၊ သို့သော် ယင်းကို တိုးချဲ့ရမည့်အခြေအနေရှိသည်။ ဤလုပ်ဆောင်မှုအခြေအနေမှာ လုပ်ငန်းစပြီးနောက် နှစ်ရက်တည်းနှင့် အုတ်မြစ်၊ ဘောင်များ၊ ဒိုင်းများနှင့် အမိုးတို့ကို သတ်မှတ်ချိန်မတိုင်မီ လုပ်ဆောင်တပ်ဆင်ပြီးသွားသည်။”

နယ်ခံစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က နျူဝေးကျွန်းသားအားလုံး ဤစီမံကိန်းကို လာရောက်ကြည့်ရှုပြီး ယင်းမှ သင်ခန်းစာယူဖို့ ဆန္ဒပြုခဲ့သည်။ ယင်းက မေတ္တာနှင့် ပူးပေါင်းလုပ်ဆောင်မှုတို့ဖြင့် ပြီးမြောက်နိုင်သည့်အရာကို လူတိုင်းအားပြသမည်ဟု မိမိမျှော်လင့်ကြောင်း ထိုသူပြောခဲ့သည်။

၂၀၄ ယောက်ရှိသောလူအုပ်သည် အပ်နှံပွဲသို့ တက်ရောက်ခဲ့ကြသည်။ တက်ရောက်လာသူအားလုံးအတွက် အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသော အတွေ့အကြုံတစ်ခုဖြစ်ကြောင်း ထင်ရှားသည့်အရာမှာ နျူဝေးလူမျိုးညီအစ်ကိုညီအစ်မများနှင့်ကလေးများက ဘုရားသခင့်နိုင်ငံတော်ခန်းမဆောက်လုပ်မှုအကြောင်းကို တေးသီချင်းနှင့်အကတို့ဖြင့်သရုပ်ဖော်သည့် အထူးတင်ဆက်မှုဖြစ်သည်။ ဆောက်လုပ်ရေးအဖွဲ့ကိုလည်းကောင်း၊ လုပ်ငန်းပြီးမြောက်ရန် စိတ်၊ နှလုံးနှင့်လက်များကို မိမိ၏ဝိညာဉ်တော်ဖြင့် တိုက်တွန်းလှုံ့ဆော်သော ယေဟောဝါကိုလည်းကောင်း ကျေးဇူးတင်ကြောင်း ဖော်ပြကြသည်။—ဟေရှာယ ၄၀:၂၈-၃၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ