‘လူတိုင်း သူတို့လိုသာဆိုရင်လေ!’
ဤစကားများသည် လပ်စ်ဇမ်းဘတ်ခ် ဂျာနယ် ခေါ် လက်ဇမ်ဘတ်သတင်းစာ ပင်တိုင်ဆောင်းပါးရှင်တစ်ဦး၏ စကားများဖြစ်သည်။ မည်သူတို့အကြောင်း သူပြောဆိုနေခြင်းဖြစ်သနည်း။
အနှစ် ၅၀ မြောက်၊ အော့စ်ဝစ်လွတ်မြောက်ရေးနှစ်ပတ်လည်နေ့ပွဲကိုတက်ရန် ပိုလန်နိုင်ငံသို့ သူရောက်ခဲ့သည်။ ထိုတွင်အပြင်းအထန်ညှဉ်းဆဲခံခဲ့ရသော လူစုတစ်စုကို လုံးလုံးအမည်မဖော်ကြောင်း သူသတိပြုမိသည်။ သို့နှင့် ၁၉၉၅၊ ဖေဖော်ဝါရီ ၂ ရက်ပါ သူ၏ဆောင်းပါးတွင် ယင်းအုပ်စုမှာ ယေဟောဝါသက်သေများဖြစ်ကြောင်းကို သူဖော်ပြကာ ဤသို့ရေးသားခဲ့သည်– “အပြင်းထန်ဆုံးသောချုပ်နှောင်မှု သို့မဟုတ် ချွေးတပ်စခန်းသော်လည်းကောင်း၊ အငတ်ထားတန်းလျားများတွင် ဆင်းဆင်းရဲရဲထားခံရခြင်းသော်လည်းကောင်း၊ ပုဆိန် သို့မဟုတ် ခေါင်းဖြတ်စက်ဖြင့် ခေါင်းဖြတ်ခံရ၍ ဆုံးပါးရခြင်းသော်လည်းကောင်း၊ ယင်းတို့က သူတို့၏ယုံကြည်ခြင်းကိုစွန့်လွှတ်ရန် မခြိမ်းခြောက်နိုင်ပါ။” သူက ဤသို့ဆက်တင်ပြသည်– “ရက်စက်ကြမ်းကြုတ်သော အက်စ်အက်စ်အစောင့်များပင် ယေဟောဝါသက်သေများ သတ္တိရှိရှိနှင့် အသေခံကြသည်ကို အံ့သြခဲ့သည်။”
ယေဟောဝါသက်သေများသည် အာဇာနည်သူရဲကောင်းများဖြစ်လိုကြသည်မဟုတ်ပါ။ သို့သော် ပထမရာစုရှိခရစ်ယာန်များနည်းတူ သူတို့မှ ထောင်ပေါင်းများစွာသောသူတို့သည် ခရစ်ယာန်မူဝါဒများကို ချိုးဖောက်မည့်အစား အသေခံရန်ရွေးချယ်ကြသည်။ ဤယုံကြည်ခြင်းက မိုးမှောင်ကျသောနာဇီခေတ်အတွင်း သူတို့အား ထူးထူးခြားခြားသိသာထင်ရှားစေခဲ့သည်။
ပင်တိုင်ဆောင်းပါးရှင်က ဤသို့နိဂုံးချုပ်ခဲ့သည်– “လူတိုင်း ယေဟောဝါသက်သေများလိုသာဆိုရင်လေ!” ထိုသို့သာဖြစ်ကြမည်ဆိုလျှင် ဒုတိယကမ္ဘာစစ် ဖြစ်ခဲ့စရာအကြောင်း လုံးဝမရှိပါ။