ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
ခရစ်ယာန်စစ်များသည် နှိပ်စက်ညှဉ်းဆဲခံရလိမ့်မည်
အာဗေလခေတ်ကတည်းကစ၍ ယေဟောဝါ၏ကျေးကျွန် မြောက်မြားစွာတို့သည် ဘာသာရေးကြောင့် နှိပ်စက်ညှဉ်းဆဲခံခဲ့ကြရပြီ။ (လုကာ ၁၁:၄၉-၅၁) ဤသို့ဖြစ်ရခြင်းကို အံ့ဩစရာမလိုပါ။ အကြောင်းမှာ သမ္မာကျမ်းစာက “ယေရှုခရစ်၏တရားတော်နှင့်အညီ ဘုရားဝတ်၌မွေ့လျော်၍နေခြင်းငှာအလိုရှိသောသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းကိုခံရကြလိမ့်မည်” ဟုသတိပေးထားသည်။ (၂ တိမောသေ ၃:၁၂) ထို့ကြောင့် ယနေ့ ၂၅ နိုင်ငံထက်မကတွင် ယေဟောဝါသက်သေများ၏လုပ်ငန်းကိုပိတ်ပင်ထားပြီး သူတို့သည် နှိပ်စက်ညှဉ်းပန်းခံနေကြရသည်။ ယေဟောဝါသက်သေများကို ပိတ်ပင်ထားရုံမက ဘာသာရေးအဖွဲ့များ၏နှိပ်စက်ကလူပြုမှုကိုခံရသောနိုင်ငံတွင် သတင်းကောင်းကြေညာသူ ၁၂,၀၀၀ ကျော်တို့သည် ဇွဲလုံ့လနှင့် ဆက်အမှုဆောင်ကာ လူ ၁၅,၀၀၀ ကျော်နှင့် ကျမ်းစာလေ့လာနေကြပါသည်။ သူတို့၏ဟောပြောခြင်းလုပ်ငန်းကို အမှန်ပင် ဆင်ဆင်ခြင်ခြင်ပြုလုပ်ကြရသည်။ အများအားဖြင့် သူတို့၏ခရစ်ယာန်အစည်းအဝေးများကို ကိုယ်ပိုင်အိမ်များတွင်ကျင်းပလေ့ရှိပြီး ဤအစည်းအဝေးများသို့ စိတ်ဝင်စားသူများကိုခေါ်ဖိတ်သောအခါ သတိရှိရှိဖြင့် ခေါ်ဖိတ်ကြရသည်။
မကြာမီက အစိုးရသည် သက်သေခံများအပေါ် ပိုမိုသက်ညှာလာပြီဖြစ်ရာ ယခု သူတို့၏လုပ်ငန်းများစွာကို ရန်လိုစိတ်နှင့်နှောင့်ယှက်သူမရှိဘဲ လုပ်ဆောင်နေသည်။ သို့ရာတွင် ဘာသာရေးအုပ်စုအသီးသီးတို့က သူတို့အားဒုက္ခရောက်စေရန် ဩဇာလွှမ်းနေဆဲရှိသည်။
မြို့တစ်မြို့တွင် ဘာသာရေးတစ်ယူသန်သူ ၂၀၀ ခန့်ရှိလူအုပ်သည် ယေဟောဝါသက်သေခံ ၅၀ ခန့်အသင်းတော်အစည်းအဝေးတစ်ခုကျင်းပနေသောအိမ်တစ်အိမ်သို့ အုတ်အုတ်သဲသဲ ချီတက်လာသည်။ လူအုပ်ရှိသူအချို့သည် ကျောက်ခဲများကိုင်ကာ ဘာသာရေးကြွေးကြော်သံများကို အော်ဟစ်လာကြသည်။ သူတို့သည် သက်သေခံများကိုတိုက်ခိုက်ပြီး အိမ်ကိုလုယက်ဖျက်ဆီးပစ်ရန် ရည်ရွယ်ချက်ရှိကြောင်း ထင်ရှား၏။ ဘာသာရေးခေါင်းဆောင်များသည် အစည်းအဝေးများကျင်းပခြင်းကို အတန်ကြာဂရုစိုက်နေပြီး တိုက်ခိုက်ဖို့ရန်အခွင့်ကောင်းကိုစောင့်ဆိုင်းခဲ့ကြောင်း ထင်ရှားသည်။ လူအုပ်သည် အိမ်ထဲဝင်ခါနီးတွင်ပင် ရဲသား ၁၅ ဦးရောက်လာပြီး ထိုလူအုပ်ကိုခွဲပစ်ခဲ့သည်။ ယင်းသည် သက်သေခံများ အံ့ဩတကြီးဖြစ်စရာပင်။ အကြောင်းမှာ သူတို့တစ်ယောက်မျှ ရဲကိုတိုင်ကြားချိန်မရလိုက်၍ ဖြစ်သည်။
သို့သော် အခြားအချိန်အခါများတွင်မူ အတိုက်အခံပြုသူတို့သည် အောင်မြင်ခဲ့၏။ သက်သေခံအချို့သည် ရုံးတင်စစ်ဆေးခံရပြီး ထောင်ဒဏ်ကျခဲ့ရသည်။ အမှုတစ်ခုသည် နှစ်ချီ၍မပြီးမပြတ်ဖြစ်နေရာ တရားစွဲသူများကလည်း ယင်းကိုမေ့ပျောက်နေပုံရှိသည်။ သို့ရာတွင် ဒေသခံဓမ္မဆရာ၏သွေးထိုးမှုကြောင့် ယင်းအမှုကို ပြန်ရုံးတင်စစ်ဆေးကြပြီး သက်သေခံအား ထောင်ဒဏ်ချခဲ့သည်။
အခြားတစ်နေရာတွင် သက်သေခံတစ်စုသည် ကိုယ်ပိုင်အိမ်တစ်အိမ်၌ သခင့်ညစာစားပွဲကိုကျင်းပဖို့အတွက် စည်းဝေးခဲ့ကြသည်။ ထိုညနေချိန် နောက်ပိုင်းတွင် ရဲသားအချို့လာ၍ အိမ်ရှင်နှင့် အစည်းအဝေးကိုဦးဆောင်သူ အကြီးအကဲတို့အား ဖမ်းဆီးသွားသည်။ ရဲဌာနတွင် သူတို့ကိုပြင်းထန်စွာရိုက်နှက်ကြ၏။ နာရီအတော်ကြာ ရက်စက်ကြမ်းတမ်းစွာ စစ်ဆေးမေးမြန်းခဲ့သည်။ သက်သေခံတစ်ဦးသည် အေးစိမ့်သောရေတွင်းတစ်ခုထဲ၌ ချုပ်နှောင်ထားခြင်းဒဏ်ကိုလည်း ခံခဲ့ရသည်။
ရဲတပ်ဖွဲ့သည် အဘယ်ကြောင့် ဤသို့တိုက်ခိုက်နေရသနည်း။ ဤတွင်တစ်ဖန် ဒေသခံဓမ္မဆရာများအကူအညီနှင့် ဘာသာရေးတစ်ယူသန်သူများက ရဲတပ်ဖွဲ့ကိုသွေးထိုးနေခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ရဲမင်းကြီးက သူ၏ခွင့်ပြုချက်မရဘဲ ဖမ်းဆီးမှုများပြုလုပ်ခဲ့ကြောင်းဖော်ပြသည်။ ဝန်ခံတောင်းပန်ချက်ထုတ်ပြန်ပြီးနောက် ရိုက်နှက်မှုများကိုတာဝန်ခံဆောင်ရွက်သူတို့အား အရေးယူခဲ့သည်။
ယေဟောဝါသက်သေများသည် အပြင်းအထန်အတိုက်အခံပြုမှုများကြားမှပင် ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းကို ကမ္ဘာတစ်ဝန်း၌ အဆက်မပြတ်ဟောပြောနေကြသည်။ သူတို့သည် ယေရှု၏ဤသြဝါဒကို လိုက်နာနေသည်– “တောခွေးစုထဲသို့ သိုးတို့ကိုစေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ထိုကြောင့် သင်တို့သည် မြွေကဲ့သို့ လိမ္မာလျက် ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက်ရှိကြလော့။”—မဿဲ ၁၀:၁၆။
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
ပထမဦးဆုံးနှိပ်စက်ခံရသူသည် အာဗေလဖြစ်သည်