ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၉/၁ စာ. ၅-၇
  • လွတ်လပ်မှုသို့လမ်းကျဉ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လွတ်လပ်မှုသို့လမ်းကျဉ်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အဘယ်နည်းဖြင့် လမ်းကျဉ်းသည် လွတ်မြောက်စေခြင်း
  • ဘုရားသခင့်အကူအညီ သေချာပေါက်ရမည်
  • လမ်းကျယ်ပေါ် သူတို့ဆက်မလျှောက်ကြတော့ချေ
  • လွတ်လပ်မှုအနည်းအကျဉ်းသာရှိသော လမ်းကျယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ဘာသာတရားအားလုံး ကောင်းသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ‘သူ့စကားကို ဆက်နားထောင်ကြပါ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • စစ်မှန်တဲ့လွတ်လပ်မှုရဖို့ ယေဟောဝါကို ဦးဆောင်ခွင့်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၉/၁ စာ. ၅-၇

လွတ်လပ်မှုသို့လမ်းကျဉ်း

စကြဝဠာသည် သဘာဝနိယာမတရား၏ထိန်းကျောင်းမှုကို ခံနေရကြောင်း ဉာဏ်ရည်ရှိသူများ ငြင်းခုံမည်မဟုတ်ပါ။ ယင်းနိယာမတရားသည် သေးနုပ်သောအဏုမြူများမှအစ ကြယ်များ ကုဋေကုဋာပါဝင်သည့် ကြီးမားသောနဂါးငွေ့တန်းများအထိပင် အရာခပ်သိမ်းကို ထိန်းချုပ်ထားသည်။ ယင်းသို့သာမဖြစ်လျှင် စီစဉ်ကြံဆမှုမရှိနိုင်၊ သိနားလည်မှုမရှိနိုင်; အသက်ပင်လျှင် တည်ရှိနိုင်မည်မဟုတ်ပေ။ သဘာဝနိယာမတရားများကို သဘောပေါက်နားလည်ပြီး ယင်းတို့နှင့်လိုက်လျောညီထွေလုပ်ကိုင်ခြင်းအားဖြင့် လူတို့သည် လကမ္ဘာပေါ် လမ်းလျှောက်ခြင်း၊ ကမ္ဘာ့ဒေသအရပ်ရပ်မှသာမက ကမ္ဘာ့လေထုပြင်ပမှပင် ရောင်စုံရုပ်ပုံများကို ကျွန်ုပ်တို့၏အိမ်တွင်းရှိ ရုပ်မြင်သံကြားဖန်သားပြင်တွင်ပေါ်လာအောင်ထုတ်လွှင့်ခြင်းကဲ့သို့သော အံ့သြဖွယ်စွမ်းဆောင်ချက်များကိုလုပ်နိုင်ခဲ့ကြပြီ။

သို့သော် စာရိတ္တဆိုင်ရာပညတ်ချက်များနှင့်စပ်လျဉ်း၍ မည်သို့ဆိုမည်နည်း။ ယင်းတို့ကို စောင့်ထိန်းခြင်းသည် ထပ်တူပင် အကျိုးပြုသလော။ လူအများက စာရိတ္တဆိုင်ရာပညတ်ချက်များမရှိဟူ၍ယူဆပြီး သူတို့၏လိုအင်နှင့်အံဝင်သော စည်းမဲ့ကမ်းမဲ့အတွေးအခေါ် သို့မဟုတ် ဘာသာတရားကို ရွေးချယ်ကြသည်။

သို့သော် အချို့သူများသည် သမ္မာကျမ်းစာတွင်ဖော်ပြထားသည့် ‘အသက်ရှင်ခြင်းသို့ရောက်သော လမ်းကျဉ်း’ ကိုရွေးချယ်ကြသည်။ လူနည်းစုသာလျှင် ဤလမ်းကိုရွေးသည့်အတွက် ကျွန်ုပ်တို့မအံ့သြသင့်ပါ။ အကြောင်းမူကား လမ်းကျဉ်းအကြောင်း ယေရှု ဤသို့မိန့်တော်မူခဲ့သည်– “တွေ့ဝင်သောသူတို့သည် နည်းကြ၏။” (မဿဲ ၇:၁၄) အဘယ်ကြောင့်နည်းရသနည်း။

အကြောင်းမူကား လမ်းကျဉ်းသည် ဘုရားသခင်၏ပညတ်ချက်များနှင့် စည်းမျဉ်းမူများဖြင့်ကန့်သတ်ထားသောကြောင့်ဖြစ်သည်။ ယင်းကို ဘုရားသခင်၏စံနှုန်းအတိုင်း တကယ်လိုက်လျှောက်ကျင့်သုံးလိုသောသူသာလျှင် နှစ်သက်ပေမည်။ လွတ်လပ်ပုံရှိသော်လည်း အမှန်အားဖြင့် ကျွန်ဖြစ်စေသည့် လမ်းကျယ်နှင့်လုံးဝမတူသော ကန့်သတ်ပုံရှိသည့်လမ်းကျဉ်းသည် အရေးကြီးသောကဏ္ဍတိုင်းတွင် လွတ်လပ်မှုပေးသည်။ ယင်း၏စည်းရိုးများသည် ‘လွှတ်ခြင်းနှင့်စပ်ဆိုင်သည့် စုံလင်သောတရား’ ဘောင်ခတ်ထားသည်။—ယာကုပ် ၁:၂၅။

အဘယ်နည်းဖြင့် လမ်းကျဉ်းသည် လွတ်မြောက်စေခြင်း

လမ်းကျဉ်းပေါ်တည်မြဲတည်နေရန် အစဉ်လွယ်ကူမည်မဟုတ်သည်ကား အမှန်ပင်။ အသက်ရှင်သူတိုင်းသည် မစုံလင်သူဖြစ်၍ မွေးကတည်းကပင် အမှားပြုတတ်သည့်သဘောရှိသောကြောင့် လမ်းလွဲစရာအကြောင်းရှိ၏။ သို့ဖြစ်သော်လည်း ဘုရားသခင်သည် ‘ကျွန်ုပ်တို့အကျိုးရရှိစေရန် . . . သွန်သင်’ ပေးတော်မူသဖြင့် “ကျဉ်းမြောင်းသောလမ်း” ပေါ်စွဲစွဲမြဲမြဲနေခြင်း၏အကျိုးခံစားဖို့အတွက် မိမိကိုယ်ကို လိုအပ်သ၍ပဲ့ပြင်ဆုံးမ၊ သို့မဟုတ် ပြုပြင်ပြောင်းလဲထိုက်ပေသည်။—ဟေရှာယ ၄၈:၁၇; ရောမ ၃:၂၃။

ဥပမာ– အမြော်အမြင်ရှိသောမိဘများသည် မိမိသားသမီးများအတွက် အစားအသောက်ဆိုင်ရာ “ကျဉ်းမြောင်းသောလမ်း” ကိုချမှတ်ပေးသည်။ ယင်းအတွက် အစာစားချိန်တွင် တစ်ခါတစ်ရံတင်းကျပ်ရန်လိုသည်။ သို့သော် သားသမီးများကြီးလာသည့်အခါ မိဘများ၏ မေတ္တာပါသောပဲ့ပြင်မှုကို ကျေးဇူးတင်ကြပါလိမ့်မည်။ လူကြီးများအနေဖြင့် သူတို့သည် ကျန်းမာရေးကိုအထောက်အကူပြုသောအစာကို စားတတ်နေမည်။ အာဟာရရှိသောအစာ အမျိုးမျိုးရှိသည့်အတွက်ကြောင့်လည်း ကန့်သတ်ခံရသည်ဟု သူတို့ထင်စရာအကြောင်းရှိမည်မဟုတ်ပါ။

အသက်ရှင်ခြင်းသို့ရောက်သော လမ်းကျဉ်းပေါ်ရှိသူများအတွက် ဘုရားသခင်သည် ဝိညာဉ်ရေးအရ ထပ်တူပင်ပြုလုပ်ပေးတော်မူသည်။ ကိုယ်တော်သည် ပျော်ရွှင်မှုနှင့် လွတ်လပ်မှုအစစ်အမှန်ရရှိစေသည့် မွန်မြတ်သောစိတ်ဆန္ဒများကို စိတ်နှိမ့်ချသူများ၌ရှိစေရန် မွေးမြူပြုစုပေးတော်မူသည်။ ယင်းကို မိမိ၏ နှုတ်ကပါဌ်တော် သမ္မာကျမ်းစာပေးတော်မူခြင်းအားဖြင့် ပြုလုပ်တော်မူ၏။ ထို့ပြင် ကျွန်ုပ်တို့အထောက်အကူရရန် ကိုယ်တော်၏ဝိညာဉ်အတွက်ဆုတောင်းဖို့ ကိုယ်တော်ဖိတ်ခေါ်တော်မူသည်။ လမ်းကျဉ်းပေါ်တည်မြဲတည်နေစေရန် အားပေးနိုင်မည့် ခရစ်ယာန်ချင်းတို့နှင့်လည်း ပေါင်းသင်းဖို့ ကိုယ်တော်မိန့်ကြားတော်မူသည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) မှန်ပါသည်၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ဤအရေးအပါဆုံးသောအရည်အချင်းသည် ကိုယ်တော်၏ရည်မှန်းချက်များနှင့် ကိုယ်တော်၏စီရင်တော်မူချက်များအားလုံးတို့၏အခြေခံဖြစ်သည်။—၁ ယောဟန် ၄:၈။

ချစ်ခြင်း၊ ငြိမ်သက်ခြင်း၊ ကောင်းမြတ်ခြင်း၊ ချုပ်တည်းခြင်းနှင့် ဘုရားသခင့်အခြားဝိညာဉ်အသီးများ ရှိမည်ဆိုလျှင် လမ်းကျဉ်းသည် ကန့်သတ်ချုပ်ချယ်ပုံရှိတော့မည်မဟုတ်ပါ။ သမ္မာကျမ်းစာကမိန့်ဆိုသည့်အတိုင်း “ထိုသို့သောအကျင့်ကို အဘယ်တရားမျှ မမြစ်တား” ပါ။ (ဂလာတိ ၅:၂၂၊ ၂၃) “ယေဟောဝါ၏ဝိညာဉ်တော်တရားရှိရာအရပ်၌ လွှတ်ခြင်းချမ်းသာရှိ၏။” (၂ ကောရိန္သု ၃:၁၇၊ ကဘ) စစ်မှန်သောခရစ်ယာန်များသည် ယခုပင် ဤလွတ်လပ်မှုကို မြည်းစမ်းနေကြရပြီ။ ယနေ့ လူအများခံစားနေကြရသည့် အနာဂတ်အတွက်စိုးရိမ်ခြင်းနှင့် သေခြင်းကိုအယူသီးစွာကြောက်လန့်ခြင်း အစရှိသောစိုးရိမ်မှု မြောက်မြားစွာတို့မှ သူတို့လွတ်ငြိမ်းကြပြီ။ “ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့ မြေကြီးသည် ထာဝရဘုရားကိုသိကျွမ်းခြင်းပညာနှင့်ပြည့်စုံ” မည့်အနာဂတ်ကာလကို တွေးတောရုံဖြင့် မည်မျှစိတ်ကြည်နူးစရာပါတကား! (ဟေရှာယ ၁၁:၉) ထိုအခါ ရာဇဝတ်မှုကို စိုးရိမ်ရတော့မည်မဟုတ်။ သော့ခလောက်များနှင့် သံတိုင်များလည်း ထာဝစဉ်ရှိတော့မည်မဟုတ်။ လူတိုင်း နေ့ညမပြတ်၊ အိမ်တွင်းအိမ်ပြင်၌ လွတ်လပ်လုံခြုံနေမည်ဖြစ်သည်။ တကယ့်လွတ်လပ်မှုပါတကား!

ဘုရားသခင့်အကူအညီ သေချာပေါက်ရမည်

မှန်ပါသည်၊ ဘုရားသခင့်စံနှုန်းများအတိုင်း အသက်ရှင်နေထိုင်ရန် ကြိုးစားအားထုတ်မှုလိုသည်။ သို့တိုင် မစုံလင်သူများပင် ဘုရားသခင်၏ “ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်” ပါ။ (၁ ယောဟန် ၅:၃) လမ်းကျဉ်းနှင့်ကိုက်ညီအောင် မိမိကိုယ်ကိုပြုပြင်ကြပြီး ၎င်းပေါ်သွားလာခြင်းအကျိုးကိုခံစားလာကြရာ လမ်းကျယ်ပေါ်ရှိသူများ၏လမ်းစဉ်နှင့် အတွေးအခေါ်များကို ပို၍ရွံရှာလာမည်ဖြစ်သည်။ (ဆာလံ ၉၇:၁၀) ဘုရားသခင့်ပညတ်တော်ကိုလိုက်နာခြင်းသည် ကျွန်ုပ်တို့အားလုံးတွင်ရှိသည့် ကောင်းသောစိတ်နှင့်ကိုက်ညီသည်။ လူအများခံနေရသည့် “ဝမ်းနည်းသောစိတ်၊” “ကြေကွဲသောနှလုံး” အစား ဘုရားသခင်ကဤသို့ကတိထားတော်မူသည်– “ငါ၏ကျွန်တို့သည် ရွှင်လန်းသောစိတ်နှင့် သီချင်းဆိုကြလိမ့်မည်။” မှန်ပါသည်၊ ယေဟောဝါ၏လေ့ကျင့်မှုကို ခံရသောနှလုံးသည် ရွှင်လန်းပြီး လွတ်လပ်နေပါမည်။—ဟေရှာယ ၆၅:၁၄။

စစ်မှန်သောလွတ်လပ်မှုကို ကျွန်ုပ်တို့ရရှိရန် ယေရှုအသေခံတော်မူခဲ့ပြီ။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “ဘုရားသခင်၏သားတော်ကိုယုံကြည်ကြောင်းတင်ပြသောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည်မိမိ၏တစ်ပါးတည်းသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။” (ယောဟန် ၃:၁၆၊ ကဘ) ယခု ဘုရားသခင့်ကောင်းကင်နိုင်ငံတော်ဘုရင်အဖြစ် ယေရှုသည် ထိုပူဇော်သကာ၏အကျိုးကျေးဇူးများကို စီမံခန့်ခွဲနေတော်မူသည်။ များမကြာမီ လမ်းကျယ်နှင့်တကွ ၎င်းပေါ်ရှိသူများ ပျက်စီးမည့် “ကြီးစွာသောဒုက္ခ” ပြီးနောက်တွင် ကိုယ်တော်သည် နာခံမှုရှိလူသားအပေါင်းကို ကျန်ရစ်သည့်လမ်းကျဉ်း၏အဆုံး—စုံလင်သောလူသားအဖြစ်—သို့ရောက်သည့်တိုင်အောင် စိတ်ရှည်စွာဖြင့် စတင်လမ်းပြတော်မူလိမ့်မည်။ (ဗျာဒိတ် ၇:၁၄-၁၇; မဿဲ ၂၄:၂၁၊ ၂၉-၃၁) ထိုအခါ ဤကြီးမြတ်သောကတိတော် ပြည့်စုံလာသည်ကို ကျွန်ုပ်တို့နောက်ဆုံးတွင် ကြုံတွေ့ရကြလိမ့်မည်– “ဘုရားသခင့်သားတို့၏ ဘုန်းဖြစ်သောလွတ်ခြင်းချမ်းသာတည်းဟူသော ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှ ကယ်လွှတ်ခြင်းချမ်းသာကို ဝင်စားမည်ဟု မျှော်လင့်ရသောအခွင့်ကိုပေး . . . ၏။” ဘုရားသခင်ပေးသော ဤလွတ်ခြင်းချမ်းသာသည် ပြိုင်စံရှား၏။ သေခြင်းပင် ရှိတော့မည်မဟုတ်ပါ။—ရောမ ၈:၂၁၊ သမ္မာ; ဗျာဒိတ် ၂၁:၃၊ ၄။

လမ်းကျဉ်းပို့ဆောင်သည့်နေရာကို ရှင်းလင်းပြတ်သားစွာ မြော်မြင်နားလည်ထားခြင်းအားဖြင့် ဤလမ်းကိုအလွယ်တကူရွေးချယ်နိုင်ပြီး ၎င်းပေါ်သွားလာနိုင်ပါသည်။ အထူးသဖြင့် လူငယ်များသည် အဝေးမမှုန်ရန်၊ ကန့်သတ်သည်ဟုအထင်နှင့် ဘုရားသခင့်စံနှုန်းများအပေါ် မကျေမနပ်မဖြစ်ရန် အကူအညီပေးခံနေရသည်။ ယင်းတို့ကို ဘုရားသခင့်မေတ္တာတော်၏ သက်သေအထောက်အထားအဖြစ်၊ လမ်းကျယ်ပေါ်ရှိဒုစရိုက်များမှ ကာဆီးရာအဖြစ် သူတို့သိမြင်ခံယူတတ်လာကြသည်။ (ဟေဗြဲ ၁၂:၅၊ ၆) အသီးပင်တစ်ပင်သည် အသီးသီးရန် အချိန်ယူရသကဲ့သို့ ဘုရားရေးရာအရည်အချင်းများနှင့် ဆန္ဒများကို ပြုစုပျိုးထောင်ရန် အချိန်လိုကြောင်းသတိရကာ စိတ်ရှည်ရမည်ကားအမှန်ပင်။ သို့သော် အပင်ကိုပြုစုပျိုးထောင်ပြီး ရေလောင်းပေးမည်ဆိုလျှင် အမှန်ပင်အသီးသီးပါလိမ့်မည်။

ထို့ကြောင့် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို လေ့လာပါ၊ အခြားခရစ်ယာန်များနှင့် ပေါင်းသင်းပြီး သန့်ရှင်းသောဝိညာဉ်တော်အတွက် “မခြားမလပ်ဆုတောင်း” ပါ။ (၁ သက်သာလောနိတ် ၅:၁၇) “သင်၏လမ်းခရီးများကို ဖြောင့်စေတော်မူ” ရန် ဘုရားသခင်ကိုကိုးစားပါ။ (သု. ၃:၅၊ ၆၊ သမ္မာ) သို့သော် ယင်းတို့အားလုံးသည် လက်တွေ့ကျပါသလော။ တကယ်အကျိုးပေးသလော။ ရှေ့ဆောင်းပါးတွင် ဖော်ပြထားသော တောမ်နှင့်မေရီတို့ကို အကျိုးပြုခဲ့သည်။

လမ်းကျယ်ပေါ် သူတို့ဆက်မလျှောက်ကြတော့ချေ

တောမ်က ဤသို့ရေးသည်– “၁၉၇၀ ပြည့်လွန်နှစ်များအလယ်တွင် ယေဟောဝါသက်သေတစ်ဦး ကျွန်တော်တို့အိမ်သို့ရောက်လာသည့်အခါ သူတို့နှင့် အဆက်အသွယ်ရခဲ့သည်။ ဆွေးနွေးပြီးနောက် ကျမ်းစာစလေ့လာခဲ့ကြသည်။ တဖြည်းဖြည်း ကျွန်တော့်ဘဝကိုကျွန်တော် ပြုပြင်ပြောင်းလဲလာသည်။ ၁၉၈၂ ခုနှစ်တွင် ကျွန်တော်နှစ်ခြင်းယူပြီး ယခု ဒေသခံအသင်းတော်တစ်ခုတွင် အမှုထမ်းနေပါသည်။ ကျွန်တော်တို့သားလည်း ယခု နှစ်ခြင်းယူပြီးပြီ။ သမ္မာတရားကို ကျွန်တော်မလေ့လာမီနှစ်များအတွင်း ကျွန်တော့်ဇနီးကျွန်တော့်ကို သည်းခံပေါင်းခဲ့သည့်အတွက် သူ့ကိုကျေးဇူးတင်မိသည်။ အားလုံးထက် ယေဟောဝါနှင့် ကိုယ်တော်၏သားတော် ခရစ်တော်ယေရှုတို့က ကျွန်တော်တို့အား ပေးခဲ့သမျှဆုကျေးဇူးများနှင့် ယခုရရှိထားသည့် အနာဂတ်မျှော်လင့်ချက်အတွက် သူတို့ကို ကျေးဇူးတင်ပါသည်။”

မေရီကော အဘယ်သို့နည်း။ သူမက ဘုရားသခင်သူ့ကို ဘယ်သောအခါမှ ခွင့်လွှတ်နိုင်မည်မဟုတ်ဟု အထင်ရှိခဲ့သော်လည်း သူမ၏ကလေးများကိုထောက်ထားပြီး ကိုယ်တော့်အကြောင်း သူမသင်ယူလိုခဲ့သည်။ သူမ၏အိမ်နီးချင်းကို ယေဟောဝါသက်သေများသည် ကျမ်းစာလာသင်ပေးနေကြောင်း သူမသိရှိသည့်အခါ အကူအညီတောင်းခံသည်။ သို့သော် သူမ၏အမြစ်စွဲနေသောအကျင့်ဆိုးများကြောင့် သူမတိုးတက်ဖို့ရန် မလွယ်ကူခဲ့ပါ။ လေ့လာမှုကလည်း တိုးတက်တစ်လှည့်၊ နောက်ဆုတ်တစ်လှည့်ဖြစ်ခဲ့သည်။ သို့သော် သူမ၏ ခုနစ်နှစ်သမီးကလေးက သူမကို ဤသို့အားပေးသည်။ “မေမေရယ်၊ ဖြစ်ပါတယ်၊ ကြိုးစားလိုက်ပါ!” ထိုအခါ မေရီသည် ဖိကြိုးစားလေသည်။

မူးယစ်ဆေးကိုအလွဲသုံးစားပြုသူဖြစ်သော သူမ၏ နှစ်ဦးသဘောတူ ပေါင်းသင်းနေသည့်လင်ယောက်ျား အိမ်ပြန်လာနေသည့်အခါ သူသည်လည်း သင်အံမှုတွင် ပါဝင်လေသည်။ တဖြည်းဖြည်း သူတို့နှစ်ဦးစလုံး မိမိတို့၏အကျင့်ဆိုးများကို အနိုင်ယူနိုင်ခဲ့ကြသည်။ ထို့နောက် သူတို့သည် တရားဝင်ထိမ်းမြားလက်ထပ်ကာ နှစ်ခြင်းယူပြီးနောက်တွင် များစွာပျော်ရွှင်မှုရရှိသည့် တကယ့်မိသားစုစိတ်ဓာတ်ကို ပထမဆုံးအကြိမ်ခံစားကြရလေသည်။ ဝမ်းနည်းစရာမှာ နောက်ဆုံး မေရီသည် အေအိုင်ဒီအက်စ်ရောဂါရပြီး သေဆုံးရရှာသည်။ သို့သော်လည်း ကျမ်းစာပါ ရှင်ပြန်ထမြောက်ခြင်းနှင့် ပရဒိသုကမ္ဘာပေါ်အသက်ရှင်ခြင်းကတိတော်တို့ကို သူမစိတ်စွဲလမ်းခဲ့သည်။ ဆိုးရွားသောလမ်းကျယ်၏အညစ်အစွန်းအားလုံးတို့မှလည်း သူမသည် မိမိကိုယ်ကိုသန့်စင်စေခဲ့သည်။

မှန်ပါသည်၊ ပျက်စီးခြင်းသို့ရောက်သော လမ်းကျယ်မှထွက်ခွာနိုင်၏။ ခရစ်တော်ယေရှုက ဤသို့ဆိုသည်– “ထာဝရအသက်ဟူမူကား မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။” (ယောဟန် ၁၇:၃) ထို့ကြောင့် အသက်ရှင်ခြင်းသို့ရောက်သော လမ်းကျဉ်းပေါ်လျှောက်ရန် စိတ်ဆုံးဖြတ်ပါ။ ဘုရားသခင့်နှုတ်ကပါဌ်တော်မှ သင်ကြားသမျှကို နှလုံးပိုက်ကျုံးပြီး ကျင့်သုံးခြင်းအားဖြင့် သင်သည် သမ္မာကျမ်းစာ၏ ဤကြည်နူးအားရဖွယ်ကတိတော်ကို ခံစားရလိမ့်မည်– “သမ္မာတရားကိုလည်းသိကြသဖြင့် ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်။”—ယောဟန် ၈:၃၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ