အချိန်အခါကောင်းရောက်တော့မည်
“ကျွန်မတို့မှာ တစ်-သုည-တစ်ရှိတယ်” ဟု အမျိုးသမီးတစ်ဦးကဆိုသည်။
“အခြေအနေတွေဟာ ကျွန်မအတွက် ပိုလို့တောင်ဆိုးသေးတယ်” ဟုသူမ၏မိန်းမဖော်က ပြန်ဖြေသည်။ “ကျွန်မကျတော့ သုည-သုည-တစ်ပဲရှိတယ်။”
အနောက်အာဖရိကရှိအချို့ဒေသများတွင် ဤကဲ့သို့သော အပြန်အလှန်ပြောဆိုခြင်းမျိုးသည် ရှင်းပြရန်မလိုပါ။ တစ်နေ့သုံးနပ် (တစ်-တစ်-တစ်) စားရမည့်အစား တစ်-သုည-တစ်ရှိသူတစ်ဦးသည် တစ်နေ့နှစ်နပ်—မနက်တစ်နပ်နှင့် ညနေတစ်နပ်သာစားနိုင်ခွင့်ရှိသည်။ သုည-သုည-တစ်ရှိလုလင်တစ်ဦးက သူ၏အခြေအနေကို ဤသို့ရှင်းပြသည်– “ကျွန်တော် တစ်နေ့ကို တစ်နပ်စားတယ်။ ကျွန်တော့်ရဲ့ရေခဲသေတ္တာထဲမှာ ရေပဲထည့်ထားတယ်။ ကျွန်တော်ဟာ ညဘက်အိမ်ရာမဝင်ခင်မှာ ဂါရီး [ပီလောပီနံဥ] စားတယ်။ အဲဒါကတော့ ကျွန်တော့်ရဲ့အခြေအနေကို ဖြေရှင်းနည်းပေါ့ဗျာ။”
ဤသည်ကား ယနေ့တိုးပွားလာသောလူသားထု၏ ဖြစ်အင်ပေတည်း။ ကုန်ဈေးနှုန်းတက်ပြီး ငွေ၏ဝယ်ယူနိုင်စွမ်း ကျဆင်းသွားသည်။
ကြိုပြောထားသည့် အစားအစာရှားပါးမှု
တမန်တော် ယောဟန်သို့ပေးသော ရူပါရုံတန်းတစ်ခုတွင် ဘုရားသခင်က ယနေ့လူများစွာရင်ဆိုင်ရသည့် ခက်ခဲသောအခြေအနေများကို တင်ကူးပြောထားတော်မူသည်။ ယင်းအခြေအနေများထဲတွင် အစားအစာရှားပါးမှုပါမည်။ ယောဟန်က ဤသို့ပြန်ပြောပြသည်– “ထိုအခါ ငါကြည့်လျှင် မြင်းနက်တစ်စီးရှိ၏။ မြင်းစီးသောသူသည် ချိန်ခွင်ကို ကိုင်၏။” (ဗျာဒိတ် ၆:၅) ဤဒုက္ခပေးမည့်ပုံရှိသော မြင်းနှင့်မြင်းစီးသူက အစာခေါင်းပါးမှု—အစားအစာသည် အလွန်ရှားပါးမည်ဖြစ်ရကား ချိန်ခွင်တွင် ဝေပုံကျခွဲရမည်ကို သရုပ်ဖော်ပြသည်။
တမန်တော်ယောဟန်က နောက်ထပ်ဤသို့ဆိုသည်– “ပြောသံဟူမူကား ‘ဒေနာရိတစ်ပြားနှင့် ဂျုံဆန်တစ်ခွက်ကို ရ၏။ မုယောဆန်သုံးခွက်ကို ရ၏။’ . . . ဟုဆိုသည်ကို ငါကြား၏။” ယောဟန်အချိန်တွင် ဂျုံဆန်တစ်ခွက်သည် စစ်သားတစ်ယောက်၏ နေ့စဉ်ဝေစုဖြစ်ခဲ့ပြီး ဒေနာရိတစ်ပြားသည် တစ်နေ့လုပ်ခငွေဖြစ်သည်။ ထို့ကြောင့် ဤအခန်းငယ်ကိုဘာသာပြန်သော ရိချဒ်ထ် ဝေမက်သ်၏ပြန်ဆိုချက်ကားဤသို့– “တစ်နေ့လုံးအတွက် လုပ်ခသည် ပေါင်မုန့်တစ်လုံးဖြစ်ပြီး တစ်နေ့လုံးအတွက်လုပ်ခသည် မုယောကိတ်မုန့်သုံးလုံးဖြစ်သည်။”—ဗျာဒိတ် ၆:၆။
ယနေ့တစ်နေ့လုံးလုပ်ခကား မည်မျှနည်း။ ကမ္ဘာ့လူဦးရေအခြေပြ၊ ၁၉၉၄ သတင်းက ဤသို့ရှုမြင်သည်– “ဖွံ့ဖြိုးဆဲကမ္ဘာ့လူဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်ဖြစ်သော လူ ၁.၁ ဘီလီယံခန့်သည် တစ်နေ့လျှင် ၁ ဒေါ်လာ ခန့်ဖြင့်အသက်မွေးနေရသည်။” ထို့ကြောင့် ကမ္ဘာ့လူမွဲများအတွက် တစ်နေ့လုပ်ခသည် စာသားအတိုင်းပင် ပေါင်မုန့်တစ်လုံး ဝယ်၍ရရုံသာရှိသည်။
ဆင်းရဲမွဲတေနေသူများအတွက် ယင်းသည်အံ့အားသင့်စရာမဟုတ်သည်မှာ အမှန်ပင်။ “ပေါင်မုန့်လား၊ ဘယ်သူတွေပေါင်မုန့်စားနိုင်သလဲ! အခုခေတ်မှာ ပေါင်မုန့်ဟာ ဇိမ်ခံအစားအစာဖြစ်နေပြီကော!” ဟု လူတစ်ဦးက အာမေဍိတ်စကားဆိုသည်။
ဆန်းနေသည်မှာ အစားအစာရှားပါး၍ မဟုတ်။ ယူအဲန်သတင်းရပ်ကွက်အရ လွန်ခဲ့သည့် ဆယ်နှစ်အတွင်း ကမ္ဘာ့စားနပ်ရိက္ခာထုတ်လုပ်မှုသည် ၂၄ ရာခိုင်နှုန်းတိုးတက်ခဲ့ရာယင်းက ကမ္ဘာ့လူဦးရေတိုးပွားမှုနှုန်းထက် ပိုများသည်။ သို့ရာတွင် ဤစားနပ်ရိက္ခာတိုးတက်လာမှုကို ကမ္ဘာသူကမ္ဘာသားအားလုံး မခံစားကြရပါ။ ဥပမာ အာဖရိကတွင် လူဦးရေတိုးပွားမှုသည် ၃၄ ရာခိုင်နှုန်းရှိနေစဉ်တွင် စားနပ်ရိက္ခာထုတ်လုပ်မှုနှုန်းသည် အမှန်အားဖြင့် ၅ ရာခိုင်နှုန်းကျဆင်းသွားသည်။ ထို့ကြောင့် ကမ္ဘာချီအတိုင်းအတာအရ များသောအားဖြင့်စားနပ်ရိက္ခာအလျှံပယ်ရှိနေလျက်ကယ် အစားအစာရှားပါးမှုသည် နိုင်ငံများစွာတွင်ဆက်ဖြစ်နေသည်။
အစားအစာရှားပါးမှုဟူသည် ကုန်ဈေးနှုန်းမြင့်မားခြင်းဖြစ်သည်။ အလုပ်လက်မဲ့ဖြစ်ခြင်း၊ လုပ်ခနည်းခြင်းနှင့် ငွေကြေးဖောင်းပွမှုမြင့်တက်လာခြင်းတို့က ရနိုင်သည့်ပစ္စည်းများကို ဝယ်ဖို့ငွေရှာရန် ပို၍ခက်ခဲစေသည်။ လူ့ဖွံ့ဖြိုးတိုးတက်မှုအစီရင်ခံစာ၊ ၁၉၉၄ က ဤသို့ဆိုသည်– “လူများဆာလောင်ငတ်မွတ်ကြခြင်းမှာ အစားအစာကို မရနိုင်သောကြောင့်မဟုတ်—ယင်းကို သူတို့မဝယ်နိုင်သောကြောင့်ဖြစ်သည်။”
မျှော်လင့်ချက်မဲ့မှု၊ စိတ်ဓာတ်ကျဆင်းမှုနှင့် ကြံရာမရဖြစ်မှု တိုးပွားလျက်ပင်။ အနောက်အာဖရိကတွင်နေထိုင်သူ ဂလောရီးက “ဒီနေ့ဆိုးရွားတယ်၊ နက်ဖန်ပိုပြီးဆိုးမယ်လို့ လူတွေခံစားနေရကြတယ်” ဟုဆိုခဲ့သည်။ အခြားအိမ်ထောင်ရှင်မတစ်ဦးက ဤသို့ဆိုသည်– “လူတွေဟာ ရုတ်တရက်ကပ်ဆိုက်မှုကြီးဆီသို့ ချဉ်းကပ်သွားနေကြောင်း ခံစားကြရတယ်။ ဈေးထဲမှာ ဘာမျှမရှိတဲ့အချိန်ကာလ ရောက်လာမယ်လို့ သူတို့ယူဆထားကြတယ်။”
အတိတ်ကာလက မိမိကျေးကျွန်များကို ယေဟောဝါရှင် စောင့်ရှောက်ခဲ့
ယေဟောဝါရှင်သည် မိမိ၏သစ္စာစောင့်သိသူများအား သူတို့၏လိုအပ်ရာများကို ပေးသနားခြင်းအားဖြင့်လည်းကောင်း၊ ခက်ခဲသောအခြေအနေများကို ဖြတ်ကျော်သွားရန် အားရှိသန်စွမ်းစေခြင်းဖြင့်လည်းကောင်း ဆုချပေးသနားတော်မူကြောင်း ဘုရားသခင့်ကျေးကျွန်များ သိကြသည်။ အမှန်မှာ ထောက်မပေးမည့်ဘုရားသခင့်အရည်အသွေးကို ဤကဲ့သို့သောယုံကြည်စိတ်ချမှုမျိုးသည် သူတို့၏ယုံကြည်ခြင်းအတွက် မရှိမဖြစ်လိုအပ်သောအပိုင်းဖြစ်သည်။ တမန်တော်ပေါလုဤသို့ရေးသားခဲ့သည်– “ဘုရားသခင့်အထံတော်သို့ချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူသည်ကိုလည်းကောင်း၊ ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူသည်ကိုလည်းကောင်း၊ ယုံကြည်ရမည်။”—ဟေဗြဲ ၁၁:၆။
ယေဟောဝါရှင်သည် သစ္စာစောင့်သိသော မိမိ၏ကျေးကျွန်များကို အမြဲစောင့်ရှောက်တော်မူသည်။ သုံးနှစ်ခွဲမိုးခေါင်ရေရှားဖြစ်စဉ်အတွင်း ယေဟောဝါရှင်သည် ပရောဖက်ဧလိယအတွက် အစားအစာကို ပေးတော်မူခဲ့သည်။ အစပိုင်းတွင် ဘုရားသခင်သည် ကျီးကန်းများအား ဧလိယထံသို့ ပေါင်မုန့်နှင့် အသားယူသွားရန် စေလွှတ်ခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁၇:၂-၆) နောက်ပိုင်းတွင် ယေဟောဝါရှင်သည် ဧလိယအတွက် အစားအစာပေးသူ မုဆိုးမတစ်ဦး၏ရိက္ခာဂျုံမှုန့်နှင့် ဆီကို အံ့ဖွယ်နည်းဖြင့် ထောက်မပေးတော်မူခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁၇:၈-၁၆) ဤအစာခေါင်းပါးမှုဖြစ်နေစဉ် ဆိုးသွမ်းသောယေဇဗေလက ပြင်းထန်သောဘာသာရေးညှဉ်းဆဲနှိပ်စက်မှုကို သူတို့အပေါ်သို့ကျရောက်စေသည့်ကြားမှ ယေဟောဝါရှင်သည် မိမိ၏ပရောဖက်များ မုန့်နှင့်ရေရရှိရန်လည်း အသေအချာစီစဉ်ပေးခဲ့သည်။—၃ ဓမ္မရာဇဝင် ၁၈:၁၃။
နောက်ပိုင်းတွင် ဗာဗုလုန်ရှင်ဘုရင်က အယူဖောက်ပြန်သောယေရုရှလင်ကို ဝိုင်းရံပိတ်ဆို့ထားသောအခါ လူများသည် “မုန့်ကိုချိန်လျက် စိုးရိမ်သောစိတ်နှင့်စား” ခဲ့ရကြသည်။ (ယေဇကျေလ ၄:၁၆) အခြေအနေသည် အမျိုးသမီးတချို့ မိမိတို့ရင်သွေးလေးများ၏ အသားကိုစားခဲ့ကြသည်အထိ ဆိုးရွားလာခဲ့သည်။ (ယေရမိမြည်တမ်းစကား ၂:၂၀) သို့သော် ပရောဖက်ယေရမိသည် မိမိ၏ဟောပြောခြင်းကြောင့် အချုပ်အနှောင်ခံနေရလျက်ပင် ယေဟောဝါရှင်သည် “မြို့တွင် မုန့်မကုန်မီတိုင်အောင် မုန့်သည်တန်းမှ မုန့်တစ်လုံး [ယေရမိ] ကိုနေ့တိုင်းအစဉ်ပေး” ရန် အသေအချာစီစဉ်ပေးခဲ့သည်။—ယေရမိ ၃၇:၂၁။
မုန့်အထောက်အပံ့ပြတ်တောက်သွားသောအခါ ယေဟောဝါရှင်သည် ယေရမိကို မေ့လျော့ခဲ့ပါသလော။ မမေ့ခဲ့ကြောင်းထင်ရှားသည်၊ အကြောင်းမှာ မြို့သည် ဗာဗုလုန်လူမျိုးများ၏လက်တွင်း သက်ဆင်းခဲ့သည့်အခါတွင် ယေရမိသည် ‘စားစရိတ်နှင့် လက်ဆောင်ကိုပေး၍ စေလွှတ်ခြင်း’ ခံခဲ့ရသောကြောင့်ဖြစ်သည်။—ယေရမိ ၄၀:၅၊ ၆; ဆာလံ ၃၇:၂၅ ကိုလည်းရှု။
ဘုရားသခင်သည် ယနေ့မိမိ၏ကျေးကျွန်များကို ထောက်မပေး
ယေဟောဝါရှင်သည် အတိတ်ကလူမျိုးဆက်များဖြစ်သည့် မိမိကျေးကျွန်များကို ထောက်ပံ့ပေးခဲ့သကဲ့သို့ ယနေ့လည်းထိုအတိုင်းပင် သူတို့အတွက် ရုပ်ပစ္စည်းအရကော ဝိညာဉ်ရေးအရပါ စောင့်ရှောက်ပေးသည်။ ဥပမာ အနောက်အာဖရိကတွင်နေထိုင်သော လမ်မီတူဒဲ၏တွေ့ကြုံမှုကို သုံးသပ်ကြည့်ပါ။ သူဤသို့ပြန်ပြောပြသည်– “ကျွန်တော်ဟာ အလွန်ကျယ်တဲ့ ကြက်ငှက်မွေးမြူရေးခြံကြီးကို ပိုင်ဆိုင်ထားပါတယ်။ တစ်နေ့မှာပေါ့၊ လက်နက်ကိုင်ဓားပြများ ခြံထဲဝင်လာပြီး ကြက်အများစု၊ အရန်သင့်ထားတဲ့ မီးစက်နဲ့ ကျွန်တော်တို့မှာရှိတဲ့ ငွေတွေကို ခိုးယူသွားကြတယ်။ အဲ့ဒီနောက်များမကြာမီမှာပဲ ကျန်ရှိနေသေးတဲ့ကြက်အနည်းငယ်ဟာ ရောဂါဝင်ပြီးသေကုန်ရော။ ကျွန်တော်ရဲ့မွေးမြူရေးလုပ်ငန်း ပျက်ပြုန်းသွားပြီဗျာ။ နှစ်နှစ်ကြာလောက် အလုပ်ရှာခဲ့ပေမဲ့အချည်းနှီးပါပဲ။ ကိစ္စရပ်တွေဟာ တကယ့်ကိုခက်ခဲတယ်၊ ဒါပေမဲ့လည်း ကျွန်တော်တို့ကို ယေဟောဝါထောက်မခဲ့ပါတယ်။
“ဒီခက်ခဲတဲ့အခြေအနေတွေကို ကျော်လွှားနိုင်ဖို့ ကျွန်တော့်ကို ထောက်မခဲ့တဲ့အရာကတော့ ကိစ္စရပ်တွေကို ယေဟောဝါရှင် ခွင့်ပြုခဲ့တာဟာ ကျွန်တော်တို့ကို သန့်စင်စေရန်ချွတ်ခြင်းဖြစ်ကြောင်း ကျွန်တော်ရဲ့အသိအမှတ်ပြုခြင်းပါပဲ။ ကျွန်တော့်ဇနီးနှင့်ကျွန်တော်တို့ဟာ မိသားစုကျမ်းစာလေ့လာမှု လုပ်ရိုးလုပ်စဉ်ကို ဆက်ထိန်းထားတယ်၊ ဒါက ကျွန်တော်တို့ကို အမှန်ပဲ ထောက်ကူခဲ့ပါတယ်။ ဆုတောင်းခြင်းဟာလည်း စွမ်းအားရှိစေဖို့အတွက် ကြီးမားတဲ့အရင်းအမြစ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်ဟာ တစ်ခါတလေအဲဒီလိုဆုမတောင်းချင်ဘူး၊ ဒါပေမဲ့ ဆုတောင်းလိုက်တဲ့အခါ သက်သာသွားတယ်လို့ ခံစားရတယ်။
“အဲ့ဒီခက်ခဲတဲ့ကာလအတွင်းမှာ ကျွန်တော်ဟာ ကျမ်းစာကိုတွေးတောစဉ်းစားခြင်းရဲ့ တန်ဖိုးကို သိရှိနားလည်ခဲ့တယ်။ ယေဟောဝါဟာ ကျွန်တော်တို့ရဲ့သိုးထိန်းလို့ပြောထားတဲ့ ဆာလံ ၂၃ နဲ့ပတ်သက်ပြီး ကျွန်တော်အများကြီးစဉ်းစားလေ့ရှိတယ်။ ကျွန်တော့်ကို အားတက်စေခဲ့တဲ့ နောက်ကျမ်းချက်ကတော့ ‘ဉာဏ်ဟူသမျှလိုက်မမီနိုင်တဲ့ ဘုရားသခင်ရဲ့ငြိမ်သက်ခြင်း’ ကို အကြောင်းပြုရေးသားထားတဲ့ ဖိလိပ္ပိ ၄:၆၊ ၇ ပါပဲ။ ကျွန်တော့်ကို ခွန်အားရှိလာစေတဲ့ ကျမ်းပိုဒ်တစ်ခုကတော့ ၁ ပေတရု ၅:၆၊ ၇ ပါပဲ။ အဲဒီထဲမှာ ဒီလိုပြောထားတယ်– ‘သို့ဖြစ်သောကြောင့် အချိန်တန်လျှင် သင့်အားချီးမြှောက်ရန်အလို့ငှာ ဘုရားသခင်၏ မဟာလက်ရုံးတော်အောက်တွင် သင့်ကိုသင် နှိမ့်ချလျက်နေလော့; ကိုယ်တော်သည် သင့်ကိုစောင့်ရှောက်သောကြောင့် သင်၏စိုးရိမ်ပူပန်မှုရှိသမျှကို ကိုယ်တော်အပေါ်၌ချထားလော့။’ ဒီအခန်းငယ်တွေအားလုံးဟာ အဲ့ဒီခက်ခဲတဲ့ကာလအတွင်းမှာ ကျွန်တော့်ကို ထောက်ကူခဲ့ပါတယ်။ သင်စဉ်းစားတွေးတောတဲ့အခါ စိတ်ဓာတ်ကျစေတဲ့သင့်စိတ်တွင်းရှိအရာတွေနေရာမှာ အစားထိုးနိုင်တယ်။
“အခု ကျွန်တော်အလုပ်ပြန်ရတယ်၊ ဒါပေမဲ့ ရိုးရိုးသားသားပြောရမယ်ဆိုရင် ကိစ္စရပ်တွေဟာ လွယ်တော့မလွယ်သေးဘူး။ ၂ တိမောသေ ၃:၁-၅ မှာ ကျမ်းစာကြိုပြောထားသလိုပါပဲ၊ ကျွန်တော်တို့ဟာ ‘ခက်ခဲပြီးကိုင်တွယ်ရခက်’ ခြင်းကိုမှတ်သားဖော်ပြတဲ့ ‘နောက်ဆုံးသောနေ့ရက်တွေ’ မှာအသက်ရှင်နေရကြတယ်လေ။ ကျွန်တော်တို့ဟာ ကျမ်းစာပြောထားတဲ့အရာကို ပြောင်းလဲမပစ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်တော်ဟာ သက်သောင့်သက်သာဘဝကို မမျှော်မှန်းပါဘူး။ ဒါပေမဲ့ ယေဟောဝါရှင်ရဲ့ဝိညာဉ်တော်ဟာ အောင်မြင်ကျော်လွှားဖို့ ကျွန်တော့်ကို ထောက်မနေတယ်လို့ ခံစားရပါတယ်။”
ကျွန်ုပ်တို့သည် ခက်ခဲသောအချိန်များတွင် အသက်ရှင်နေရသော်လည်း ယေဟောဝါနှင့် ကိုယ်တော့်သားတော်ဘုရင် ခရစ်တော်ယေရှုကို ယုံကြည်ကိုးစားသူတို့သည် စိတ်ပျက်စရာဖြစ်မည်မဟုတ်။ (ရောမ ၁၀:၁၁) ယေရှုကိုယ်တော်တိုင် ကျွန်ုပ်တို့အား ဤသို့အာမခံထားသည်– “ထို့ကြောင့် ငါဆိုသည်ကား၊ အဘယ်သို့စားသောက်ရမည်ဟု အသက်အဖို့မစိုးရိမ်ကြနှင့်။ အဘယ်သို့ဝတ်ရမည်ဟု ကိုယ်အဖို့မစိုးရိမ်ကြနှင့်။ အစာထက်အသက်မြတ်သည်မဟုတ်လော။ အဝတ်ထက်ကိုယ်မြတ်သည်မဟုတ်လော။ မိုးကောင်းကင်၌ကျင်လည်သော ငှက်များကိုကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကိုမစိုက်မကြဲ၊ စပါးကိုမရိတ်၊ ကျီ ၌မစုမသွင်း၊ သို့သော်လည်း ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သူတို့ကိုကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက်သင်တို့သည် အလွန်မြတ်သည်မဟုတ်လော။ အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကိုတစ်တောင်ခန့်မျှ တိုးပွားစေနိုင်သနည်း။ အဝတ်အဖို့၌ အဘယ်ကြောင့်စိုးရိမ်ရသနည်း။”—မဿဲ ၆:၂၅-၂၈။
ယင်းတို့သည် ဤခက်ခဲသောအချိန်များတွင် နှလုံးစစ်ကြောသောမေးခွန်းများ အမှန်ပင်ဖြစ်သည်။ သို့ရာတွင် ယေရှုက ဤထပ်ဆင့်အာမခံစကားများကို ဆက်ပြောခဲ့သည်– “တောနှင်းပင်တို့သည် အဘယ်သို့သောအားဖြင့် ကြီးပွားသည်ကို ဆင်ခြင်အောက်မေ့ကြလော့။ ထိုအပင်တို့သည် အလုပ်လည်းမလုပ်၊ ချည်ဖြစ်စေခြင်းငှာမငင်မဝင့်။ သို့သော်လည်း ဘုန်းကြီးသောရှောလမုန်မင်းကြီး၏အဝတ်သည် ထိုအပင်တစ်ပင်မျှ၏အဝတ်ကို မမီဟုငါဆို၏။ ယုံကြည်အားနည်းသောသူတို့။ ယနေ့အသက်ရှင်လျက် နက်ဖန်မီးဖိုထဲသို့ရောက်သောတောမြက်ပင်ကို ဘုရားသခင်သည် ထိုသို့သောအဝတ်နှင့် ဖုံးလွှမ်းတော်မူလျှင်၊ ထိုမျှမက သင်တို့ကိုအဝတ်နှင့်ဖုံးလွှမ်းတော်မူမည်မဟုတ်လော။ ထို့ကြောင့် ‘အဘယ်သို့စားသောက်ရအံ့နည်း၊ အဘယ်သို့ဝတ်ရအံ့နည်း’ ဟူ၍ မစိုးရိမ်ကြနှင့်။ ထိုအရာများကို သာသနာပလူတို့သည် ရှာဖွေတတ်ကြ၏။ ထိုအရာများကို သင်တို့သည်အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့၏အဘသည် သိတော်မူ၏။ ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေးဦးစွာရှာကြလော့။ နောက်မှထိုအရာများကို ထပ်၍ပေးတော်မူလတ္တံ့။”—မဿဲ ၆:၂၈-၃၃။
အချိန်အခါကောင်းရောက်တော့မည်
ကမ္ဘာ့ဒေသများစွာတွင် ယိုယွင်းနေသောစီးပွားရေးနှင့် လူမှုရေးအခြေအနေများက ဆက်၍ဆိုးရွားနေမည်ဖြစ်ကြောင်း အဘက်ဘက်ကဖော်ပြနေသည်။ သို့တိုင် ဤအခြေအနေများသည် ခဏယာယီသာဖြစ်ကြောင်း ဘုရားသခင့်လူမျိုးတော်တို့ အသိအမှတ်ပြုကြသည်။ ရှောလမုန်ဘုရင်၏ ဘုန်းတန်ခိုးထွန်းပြောင်သောအုပ်စိုးမှုက ကမ္ဘာတစ်ခုလုံးကို အုပ်စိုးမည့် ရှောလမုန်ထက်ကြီးမြတ်သော ဘုရင်တစ်ပါး၏ ဖြောင့်မတ်သောအုပ်စိုးမှုကို ကြို၍ညွှန်ပြခဲ့သည်။ (မဿဲ ၁၂:၄၂) ထိုဘုရင်ကား ခရစ်တော်ယေရှုဖြစ်ပြီး “ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်” ဖြစ်တော်မူ၏။—ဗျာဒိတ် ၁၉:၁၆။
ရှောလမုန်နှင့်ပတ်သက်၍ ဦးဆုံးပြည့်စုံခဲ့သည့် ဆာလံ ၇၂ က ယေရှုခရစ်၏ပို၍ကျယ်ပြန့်သော အုပ်စိုးမှုကို ဖော်ပြသည်။ ဘုရင်အဖြစ်ခရစ်တော်၏လက်အောက် ကမ္ဘာမြေကြီး၏ အနာဂတ်နှင့်ပတ်သက်ပြီး ယင်းကကြိုပြောထားသည့် အံ့မခန်းဖွယ်ရာများမှ တချို့ကို သုံးသပ်ကြည့်ပါ။
ကမ္ဘာတစ်ခွင်ငြိမ်သက်သောအခြေအနေများ– “လက်ထက်တော်၌ လသည်ပပျောက်ခြင်းသို့မရောက်မီတိုင်အောင်၊ တရားသောသူသည် ပွင့်လန်း၍ချမ်းသာများပြားလိမ့်မည်။ ပင်လယ်တစ်ပါးမှ တစ်ပါးတိုင်အောင်လည်းကောင်း၊ မြစ်မှသည်မြေကြီးစွန်းတိုင်အောင်လည်းကောင်း အစိုးရတော်မူလိမ့်မည်။”—ဆာလံ ၇၂:၇၊ ၈။
နိမ့်ကျသူများအတွက် စိုးရိမ်မကင်းဖြစ်မှု– “ငတ်မွတ်သောသူအော်ဟစ်သောအခါ ထိုသူကိုလည်းကောင်း၊ ကိုးကွယ်ရာမရှိ၍ ဆင်းရဲသောသူကိုလည်းကောင်း ချမ်းသာပေးတော်မူလိမ့်မည်။ ဆင်းရဲသောသူနှင့်ငတ်မွတ်သောသူကို သနား၍ ငတ်မွတ်သောသူတို့၏ အသက်ကိုကယ်တင်တော်မူလိမ့်မည်။ သူတို့အသက်ကို လှည့်စားခြင်းနှင့်ညှဉ်းဆဲခြင်း၏လက်မှ ရွေးနုတ်၍သူတို့အသွေးကိုနှမြောတော်မူလိမ့်မည်။”—ဆာလံ ၇၂:၁၂-၁၄။
အစားအစာအလျှံပယ်– “မြေကြီးပေါ်တွင် ကောက်ပဲသီးနှံများစွာရှိလာပြီး တောင်များထိပ်တွင် အလျှံပယ်ဖြစ်နေမည်။”—ဆာလံ ၇၂:၁၆၊ ကဘ။
မြေကြီးကိုပြည့်စေမည့်ဘုရားသခင့်ဘုန်းတော်– “အံ့ဖွယ်သောအမှုတို့ကို တစ်ပါးတည်းသာစီရင်တော်မူသော ထာဝရအရှင်ဘုရားသခင်၊ ဣသရေလအမျိုး၏ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။ ဘုန်းကြီးသောနာမတော်သည်လည်း အစဉ်အမြဲမင်္ဂလာရှိတော်မူစေသတည်း။ မြေကြီးတစ်ပြင်လုံးသည် ဘုန်းတော်နှင့်ပြည့်ပါစေသတည်း။”—ဆာလံ ၇၂:၁၈၊ ၁၉။
ထို့ကြောင့် အချိန်အခါကောင်းအမှန်ပင်ရောက်တော့မည်။