‘အမှန်တရားကား အဘယ်နည်း’
တစ်ဦးကိုတစ်ဦး မျက်နှာချင်းဆိုင်နေသူနှစ်ဦးတို့သည် လုံးဝမတူကြပါ။ တစ်ဦးက နိုင်ငံရေးသမားဖြစ်ပြီး အပြစ်သာမြင်တတ်သည့် ရည်မှန်းချက်ကြီးသော လူကုံထံဖြစ်၍ မိမိ၏ဘဝတက်လမ်းအတွက် ဘာကိုမဆိုလုပ်ဖို့အသင့်ရှိသူဖြစ်သည်။ အခြားတစ်ဦးမူကား စည်းစိမ်ဥစ္စာနှင့် နာမည်ကြီးခြင်းကို ငြင်းပယ်ပြီး သူတစ်ပါးအား ကယ်တင်ရန် မိမိအသက်ကိုပင်စွန့်ဖို့ အသင့်ရှိသောဆရာဖြစ်သည်။ ဤသူနှစ်ဦးသည် သဘောထားကွဲလွဲကြမည်မှာ ပြောစရာမလိုချေ! အထူးသဖြင့် သူတို့လုံးဝသဘောမတူနိုင်ကြသည့်ကိစ္စတစ်ခုမှာ အမှန်တရားကိစ္စဖြစ်သည်။
ထိုသူနှစ်ဦးကား ပုန္တိပိလတ်မင်းနှင့် ယေရှုခရစ်တော်တို့ဖြစ်သည်။ ယေရှုသည် ပိလတ်မင်းရှေ့အပြစ်စီရင်ခံရသောရာဇဝတ်သားတစ်ဦးအဖြစ် ရပ်နေသည်။ အဘယ်ကြောင့်နည်း။ ကမ္ဘာပေါ်သို့ မိမိဆင်းသက်လာရပြီး ဓမ္မအမှုဆောင်ရွက်ရခြင်း အကြောင်းရင်းအစစ်အမှန်သည် အမှန်တရားကြောင့်ပင်ဖြစ်ကြောင်း ယေရှုရှင်းပြသည်။ “သမ္မာ [အမှန်] တရားဘက်၌ သက်သေခံခြင်းငှာ ငါသည် မွေးဖွားခြင်းကိုခံ၍ ဤလောကသို့ ကြွလာပြီ။”—ယောဟန် ၁၈:၃၇။
ပိလတ်မင်း၏တုံ့ပြန်ချက်ကား မှတ်သားလောက်သော မေးခွန်းဖြစ်သည်– “သမ္မာ [အမှန်] တရားကား အဘယ်သို့နည်း။” (ယောဟန် ၁၈:၃၈) သူတကယ်ပင်အဖြေရလို၍လော။ ရလိုဟန်မရှိပေ။ ယေရှုသည် ကိုယ်တော်အား စိတ်ရင်းမှန်ဖြင့်မေးသော မည်သည့်မေးခွန်းကိုမဆို ဖြေဆိုနိုင်သူဖြစ်သော်လည်း ပိလတ်၏မေးခွန်းကို ဖြေတော်မမူချေ။ ပိလတ်သည် မေးခွန်းမေးပြီးသည်နှင့် စစ်ဆေးမေးမြန်းခန်းမှ ထွက်သွားသည်ဟု ကျမ်းစာကဖော်ပြသည်။ ရောမမြို့ဝန်မင်းက မယုံနိုင်၍အပြစ်ရှာလိုသောသဘောထားမျိုးဖြင့် “အမှန်တရားတဲ့လား၊ အဲ့ဒါက ဘာလဲ၊ မရှိနိုင်တဲ့ဥစ္စာ!”aဟုမေးမြန်းခဲ့ခြင်းဖြစ်မည်။
အမှန်တရားအပေါ် ပိလတ်၏ မယုံသင်္ကာဖြစ်သောအမြင်သည် ယနေ့ မဆန်းပါ။ အမှန်တရားသည် အကန့်အသတ်ဖြင့်သာဖြစ်သည်—တစ်နည်းအားဖြင့်ဆိုလျှင် တစ်ဦးအတွက်မှန်သည့်အရာသည် အခြားတစ်ဦးအတွက် မမှန်ဘဲနေမည်ဖြစ်သည်၊ ထို့ကြောင့် နှစ်ဦးစလုံး “မှန်ကန်” နေပေမည်။ ဤခံယူချက်ကို အနှံ့အပြားတွေ့ရှိရသည့်အတွက် ယင်းကို “ဆက်နွှယ်ခြင်းပြဝါဒ” ဟူသောစကားလုံးဖြင့် ခေါ်ဝေါ်ထားကြသည်။ သင်သည်လည်း အမှန်တရားကို ဤသို့ရှုမြင်ပါသလော။ ထိုသို့ဆိုလျှင် ဤရှုမြင်ပုံကို အသေအချာမစစ်ဆေး၊ မမေးမြန်းဘဲလျက် သင်ခံယူထားခြင်း ဖြစ်သလော။ ဤသို့မဟုတ်သည့်တိုင် ယင်းဒဿနိကသည် သင့်ဘဝကို မည်မျှဂယက်ရိုက်နေသည်ကို သင်သိရှိသလော။
အမှန်တရားကို ထိုးနှက်ခြင်း
ပုန္တိပိလတ်မင်းသည် အကြွင်းမဲ့မှန်ကန်သည့်သဘောကို ပထမဦးဆုံးမေးမြန်းခဲ့သောပုဂ္ဂိုလ်မဟုတ်ပါ။ ရှေးဂရိဒဿနိကပညာရှင်အချို့က သူတို့၏သက်မွေးလုပ်ငန်းအနေနှင့် ဤသံသယရှိဖွယ်ရာများကို သွန်သင်ပို့ချပေးခဲ့ကြသည်! ပိလတ်မင်းမတိုင်မီ ငါးရာစုနှစ်က (ဥရောပတက္ကဗေဒကို စတင်ဖော်ထုတ်သည်ဟု ယူမှတ်ခံရသူ) ပါမီနိုင်ဒက်စ်က အသိပညာအစစ်အမှန်ကို လက်လှမ်းမမီနိုင်ဟု ယူဆခဲ့သည်။ “ရှေးခေတ်ဒဿနိကပညာရှင်တို့တွင် အကျော်ကြားဆုံး” ဟုအခေါ်ခံရသူ ဒမ်မိုခရစ်တပ်စ်က ဤသို့အခိုင်အမာဆိုသည်– “အမှန်တရားကို နက်ရှိုင်းစွာ မြှုပ်နှံထားသည်။ . . . အဘယ်အရာကိုမျှ တိကျမှန်ကန်စွာ မသိနိုင်ပါ။” သူတို့အားလုံးတို့အနက် ကြည်ညိုလေးစားမှုအခံရဆုံးသူ၊ ဆိုကရေးတီးကမူ မိမိအသေအချာသိသည်ကား မိမိသည် အဘယ်အရာကိုမျှမသိကြောင်းဖြစ်သည်ဟု ပြောဆိုသည်။
အမှန်တရားကိုသိနိုင်သည်ဟူသောအတွေးအခေါ်ကို ဤသို့ထိုးနှက်ခြင်းသည် ယနေ့ထိတိုင်ပြုလုပ်နေဆဲရှိသည်။ ဥပမာ၊ လှည့်စားခံရနိုင်သော ကျွန်ုပ်တို့၏အာရုံများမှတစ်ဆင့် အသိပညာကိုရရှိသဖြင့် မည်သည့်ပညာကိုမျှ မှန်ကန်သည်ဟူ၍ ကျွန်ုပ်တို့စိတ်မချနိုင်ဟု ဒဿနိကပညာရှင်အချို့က ဆိုသည်။ မိမိတပ်အပ်သေချာသိသည်ဟု ယူမှတ်ထားသမျှကို စစ်ဆေးကြည့်မည်ဟူ၍ ပြင်သစ်ဒဿနိကပညာရှင်နှင့် သင်္ချာပညာရှင် ရီနေးဒက်စ်ကာ့တ်စ်က ဆုံးဖြတ်ခဲ့သည်။ အားလုံးကို ပစ်ပယ်ခဲ့သော်လည်း ယုံမှားဖွယ်မရှိဟူ၍ သူယူဆသည့် ဤအမှန်တရားတစ်ခုကိုသာ သူလက်ခံလေတော့သည်– “ကိုဂီတို အဲရ်ဂို စွန်းမ်” သို့မဟုတ် “ငါစဉ်းစားသည်၊ ယင်းကြောင့် ငါဖြစ်သည်။”
ဆက်နွှယ်ခြင်းပြဝါဒ၏ ပျိုးထောင်မှုတစ်ရပ်
ဆက်နွှယ်ခြင်းပြဝါဒသည် ဒဿနိကပညာရှင်များနှင့်သာ သက်ဆိုင်သည်မဟုတ်။ ယင်းကို ဘာသာရေးခေါင်းဆောင်များက သွန်သင်ပေးသည်၊ ကျောင်းတွင် ဆရာများက အယူသွတ်သွင်းသည်၊ လူထုဆက်သွယ်ရေးစနစ်က ဝါဒဖြန့်သည်။ လွန်ခဲ့သောနှစ်အနည်းငယ်က အီပစ္စကိုပယ်လ်ဘိရှော့ ဂျောန် အက်စ်. စပွန်းက ဤသို့ဆိုသည်– “ကျွန်ုပ်တို့သည် . . . အမှန်တရားရှိသည်ဟူသောအမြင်ကို ပြောင်းပစ်ရမည်။ ခြွင်းချက်မရှိအမှန်တရားသည် ကျွန်ုပ်တို့အားလုံး လက်လှမ်းမမီနိုင်သည့်အရာဖြစ်ကြောင်း ကျွန်ုပ်တို့အမြင်အတိုင်း အခြားသူများ ရှုမြင်လာရမည်။” စပွန်း၏ ဆက်နွှယ်ခြင်းပြဝါဒသည် ယခုခေတ် ဓမ္မဆရာမြောက်မြားစွာနည်းတူ ကျမ်းစာ၏အကျင့်စာရိတ္တဆိုင်ရာ သွန်သင်ချက်များကို လွယ်လင့်တကူစွန့်လွှတ်ပြီး “မိမိကြိုက်ရာကိုမိမိယူ” ဟူသည့်အတွေးအခေါ်ကို ထောက်ခံပါသည်။ ဥပမာ၊ အီပစ္စကိုပယ်လ်အသင်းတွင် လိင်တူဆက်ဆံသူများအား ပို၍ “စိတ်ချမ်းမြေ့” စေရန် တမန်တော်ပေါလုသည် လိင်တူဆက်ဆံသူတစ်ဦးဖြစ်သည်ဟု အဆိုပြုသောစာအုပ်တစ်အုပ်ကို စပွန်းရေးခဲ့၏!
နိုင်ငံမြောက်မြားစွာ၏ ပညာရေးစနစ်က ထပ်တူအတွေးအခေါ်မျိုးကို ဖြစ်ပေါ်စေပုံရှိသည်။ အမေရိကန်စိတ်မနောကို ကုလားကာချထားခြင်းဟူသောသူ၏စာအုပ်တွင် အဲလန်ဘလွမ်းက ဤသို့ရေးသားသည်– “ပါမောက္ခတစ်ဦး တပ်အပ်စိတ်ချနိုင်သည့်အရာတစ်ခုရှိသည်– တက္ကသိုလ်ကျောင်းသားတိုင်းနီးပါးက အမှန်တရားသည် ဆက်နွှယ်နေသည်ဟု ခံယူထားသည်၊ သို့မဟုတ် ထိုသို့ခံယူသည်ဟူ၍ ဆိုတတ်ကြသည်။” ယင်းနှင့်ပတ်သက်၍ ကျောင်းသူကျောင်းသားများ၏ ဤခံယူချက်ကို ဘလွမ်းသာငြင်းဆိုမည်ဆိုလျှင် “၂ + ၂ = ၄ ကိုသူသံသယရှိရသလော” ဟူသည့်သဘောမျိုးတင်ပြနေရာ သူတို့အံ့သြတကြီးဖြစ်ကြမည်ကို သူတွေ့ရှိသည်။
ထပ်တူအတွေးအခေါ်မျိုးကို အခြားနည်းမျိုးစုံဖြင့် ဖြစ်ပေါ်စေသည်။ ဥပမာ၊ တီဗွီနှင့် သတင်းထောက်များသည် အကြောင်းတစ်ရပ်၏အမှန်တရားကို ဖော်ထုတ်ပေးခြင်းထက် ရှုစားသူပရိသတ်ကြိုက်နှစ်သက်ရာကို တင်ပြရန် ပိုစိတ်ဝင်စားလေ့ရှိသည်။ သာ၍ ဇာတ်ဆန်သွားစေရန် အချို့သောသတင်းအစီအစဉ်များကို လိမ်လည်ပြုပြင်၊ သို့မဟုတ် သတင်းကားကိုလုပ်ကြံတင်ဆက်ခဲ့ကြပြီ။ ဖျော်ဖြေမှုလောကတွင် အမှန်တရားကို သာ၍ပင်တိုက်ခိုက်လေ့ရှိသည်။ ကျွန်ုပ်တို့မိဘများနှင့် ဘိုးဘွားများစံထားခဲ့သော လေးမြတ်ရာများနှင့် အကျင့်စာရိတ္တဆိုင်ရာ အမှန်တရားများသည် ခေတ်ကုန်ပြီဟူ၍ အများယူမှတ်ကြကာ ယင်းတို့ကို ဘွင်းဘွင်း ပြောင်လှောင်သရော်လေ့ရှိကြသည်။
ဤဆက်နွှယ်ခြင်းပြဝါဒ အများအပြားသည် ကျယ်ပြန့်သောသဘောထားရှိခြင်းကို ဖော်ပြသဖြင့် လူ့အဖွဲ့အစည်းကို အကျိုးပြုသည်ဟု အချို့ကဆိုမည်။ သို့သော် အမှန်တကယ်ပင် ထိုသို့ဖြစ်ပါသလော။ သင့်အပေါ် မည်သို့အကျိုးသက်ရောက်သနည်း။ အမှန်တရားသည် အကန့်အသတ်ဖြင့်သာဖြစ်သည် သို့မဟုတ် လုံးဝမရှိဟူ၍ သင်ခံယူသလော။ ထိုသို့ဆိုလျှင် ယင်းကိုရှာဖွေဆည်းပူးခြင်းသည် အချိန်ကုန်ရုံမျှဖြစ်သည်ဟု သင်သဘောထားပေမည်။ ဤသဘောထားမျိုးသည် သင့်အနာဂတ်ကို ထိခိုက်နိုင်သည်။
[အောက်ခြေမှတ်ချက်များ]
a ကျမ်းပညာရှင် အာရ်.စီ.အိပ်ချ်. လင်စကီအတိုင်းဆိုလျှင် ပိလတ်၏ “လေသံမှာ ဥပေက္ခာပြုတတ်သောလောကီသားတစ်ဦး၏လေသံဖြစ်ပြီး သူ၏မေးခွန်းအားဖြင့် ဘာသာရေးနှင့်ပတ်သက်သော မည်သည့်အမှန်တရားမဆိုသည် အချည်းနှီးတွေးဆချက်ဖြစ်သည်ဟု ဆိုလိုနေခြင်းဖြစ်၏။”