ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
လူငယ်များ အာဖရိကတိုက်တွင် သတင်းကောင်းကြေညာကြ
ယေရှုရှင်ပြန်ထမြောက်ပြီးနောက် များမကြာမီအချိန်လေးတွင် အာဖရိကတိုက်သားတစ်ဦးသည် ယေရုရှလင်မြို့သို့ အလည်အပတ်ရောက်လာသည်။ သမ္မာကျမ်းစာက သူ၏အမည်ကိုမဖော်ပြပါ။ သူ့အား “အဲသယောပိပြည်ကိုအစိုးရသော မိဖုရားကန္ဒက်ထံ၌ ဘုန်းကြီးသောအမတ်ဖြစ်၍ ဘဏ္ဍာတော်ရှိသမျှကို အုပ်စိုးရသော” သူဟူ၍သာ သိရှိရသည်။ သူ့အား သမ္မာကျမ်းစာတွင် အဘယ်ကြောင့်ဖော်ပြထားပါသနည်း။ ခရစ်ယာန်ဧဝံဂေလိတရားဟောပြောသူ ဖိလိပ္ပုထံ ကောင်းကင်တမန်တစ်ပါးလာ၍ ထိုသူအား “ယေရှု၏အကြောင်းတည်းဟူသော ဧဝံဂေလိတရား” ကိုကြေညာစေခဲ့သောကြောင့်ဖြစ်သည်။ ခရစ်ယာန်အသင်းတော်ဝင်တစ်ဦးဖြစ်လာသည့် ဤအဲသယောပိသားသည် မှတ်တမ်းတင်ခံရသော ပထမဦးဆုံးအာဖရိကတိုက်သားဖြစ်သည်။—တမန်တော် ၈:၂၆-၃၉။
ယနေ့ အာဖရိကတိုက်တွင် ယေဟောဝါသက်သေထောင်ပေါင်းများစွာရှိသည်။ သူတို့သည် ယေရှုနှင့်ဆိုင်သောသတင်းကောင်းကို အခွင့်အရေးရတိုင်း ဟောပြောကြပါသည်။ ဤအလုပ်ကို အာဖရိကရှိသူငယ်များပင်လျှင်ပြုလုပ်နေကြောင်း အောက်ပါတွေ့ကြုံမှုများက ဖော်ပြပါသည်။
◻ ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့တွင်နေထိုင်သူ ၁၁ နှစ်အရွယ် မိန်းကလေးနှစ်ဦးဖြစ်သည့် စန်ဒီနှင့်ပရီယာတို့သည် အိမ်နီးချင်းများဖြစ်ကြသည်။ ကစားဖော်ကစားဖက်များဖြစ်ကြ၍ ပုံပြင်ဝတ္ထုစာအုပ်များ လဲလှယ်ဖတ်ရှုလေ့ရှိကြသည်။ ပရီယာ၏မိဘများသည် ယေဟောဝါသက်သေများနှင့် ကျမ်းစာစလေ့လာလေသည်။ ထိုအခါ ပရီယာသည် စာအုပ်အသစ်များထပ်မံရရှိလာသည်။ သူအထူးကြိုက်နှစ်သက်လာသောစာအုပ်တစ်အုပ်မှာ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းထုတ်ဝေသည့် ကြီးမြတ်သောဆရာ့စကားကို နားထောင်ခြင်း ဖြစ်သည်။ သူမသည် သူ၏ကြီးမြတ်သောဆရာစာအုပ်ကို သူငယ်ချင်းစန်ဒီကိုပေးဖတ်ပါသည်။ ထို့နောက် သူတို့သူငယ်ချင်းနှစ်ယောက်သည် ထိုစာအုပ်ကို မှန်မှန်အတူတကွလေ့လာဖတ်ရှုကြလေသည်။
သို့ရာတွင် စန်ဒီ၏မိခင်၊ ယူးနာသည် အင်ဂလီကန်ချာ့ချ်တက်နေသူဖြစ်၍ ယေဟောဝါသက်သေများ၏စာအုပ်များကို သူမ၏သမီးအား မဖတ်စေလိုပါ။ မိခင်မည်မျှပင်အတိုက်အခံပြုစေကာမူ သူတို့ဆက်လေ့လာဖတ်ရှုကြသည်။ တစ်နေ့သောအခါ စန်ဒီက သူမတို့၏ဆွေးနွေးခန်းကို တစ်ကြိမ်သာနားထောင်ကြည့်ရန် မိခင်အားတောင်းပန်သည်။ ထိုနေ့ရက်တွင် လုံမငယ်ကလေးများဖတ်ရှုသည့်အခန်းမှာ “မွေးနေ့ပါတီလုပ်တဲ့လူနှစ်ယောက်” အကြောင်းဖြစ်သည်။ ယူးနာသည် ယင်းကိုနားထောင်ပြီး အလွန်စွဲမှတ်သွားလေသည်။ ထိုအခါ ပရီယာ၏မိခင်ထံ အလျင်အမြန်သွား၍ ကျမ်းစာနှင့်ပတ်သက်သောမေးခွန်း အမြောက်အမြားမေးမြန်းလေသည်။
ပရီယာ၏မိခင်က ယူးနာနှင့် ကျမ်းစာလေ့လာရန် သက်သေခံတစ်ဦးနှင့်စီစဉ်ပေးပါသည်။ ယူးနာကိုယ်တိုင်လည်း သူမ၏လုပ်ဖော်ကိုင်ဖက် ဒေါ်လီအား မိမိတတ်သိလာသမျှကို ပြောပြလေသည်။ ဤအတောအတွင်း ၁၁ နှစ်သမီးပရီယာသည် ဆက်တိုးတက်လာပြီး ယေဟောဝါသက်သေများ၏ ခရိုင်စည်းဝေးပွဲတစ်ခုတွင် မိမိကိုယ်ကို ယေဟောဝါထံဆက်ကပ်အပ်နှံကြောင်းအထိမ်းအမှတ်အဖြစ် ရေ၌နှစ်ခြင်းယူရန် စိတ်ဆုံးဖြတ်ပါသည်။ ထိုစည်းဝေးပွဲကြီးတွင်ပင် ယူးနာနှင့်ဒေါ်လီတို့ပါ နှစ်ခြင်းခံခဲ့ကြသဖြင့် ပရီယာသည် အလွန်ဝမ်းသာအားရခဲ့သည်!
◻ အာဖရိကတိုက်တွင် ယေဟောဝါသက်သေများ၏လုပ်ငန်းကို မှတ်ပုံမတင်နိုင်သည့် နိုင်ငံအချို့ရှိပါသည်။ ဤကဲ့သို့သောနိုင်ငံတစ်ခုတွင် သက်သေခံများ၏ဘာသာရေးဆိုင်ရာလုပ်ငန်းနှင့် ယုံကြည်ချက်များကို မတားဆီးဘဲခွင့်ပြုထားပုံရှိပါသည်။ ထိုနိုင်ငံရှိကျောင်းတစ်ကျောင်းတွင် သက်သေခံများ၏သားများဖြစ်သူ ခုနစ်နှစ်သားနှင့်ခြောက်နှစ်သား၊ ညီအစ်ကိုနှစ်ယောက်သည် ဘာသာရေးဆိုင်ရာဆုတောင်းချက်များပြုလုပ်ကြသည့်အခါ အတန်းမှထွက်သွားခွင့်ရရှိထားပါသည်။
တစ်နေ့သောအခါ ဆရာအသစ်တစ်ဦးက ထိုသူငယ်များကို အခြားကလေးများနှင့်အတူ ဆုတောင်းရန်အတင်းအကျပ်ပြောဆိုသည်။ ကလေးအကြီးက ငြင်းဆန်သဖြင့် ထိုဆရာ၏ရိုက်ပုတ်ခြင်းကို ခံရသည်။ ညီဖြစ်သူ ခြောက်နှစ်သားရှက်ဒရက်က ကျောင်းအုပ်ကို သူ၏ရုံးခန်းထဲဝင်တွေ့နိုင်ဖို့ အခွင့်တောင်းသည်။ အခြားသူများနှင့် အဘယ်ကြောင့်အတူမပါဝင်လိုရကြောင်း ကျောင်းအုပ်နှင့် ကျောင်းဆရာအသစ်က သူ့အားမေးမြန်းသည်။ မိဘများရိုက်မည်ကို စိုးရိမ်၍လောဟု မေး၏။ သူက ပိုင်နိုင်သောအာရပ်စကားဖြင့် ဤသို့ဖြေဆိုသည်– “မဟုတ်ဘူး။ ကျွန်တော်ကိုးကွယ်တဲ့ဘုရားသခင်ဟာ ရုန်းရင်းခတ်တဲ့ဘုရားသခင်မဟုတ်ဘဲ စည်းစနစ်ရှိတဲ့ဘုရားဖြစ်တယ်။ ကျွန်တော်ဟာ အိမ်မှာယေဟောဝါသက်သေတစ်ယောက်ဖြစ်ပြီး ကျောင်းမှာ တခြားဘာသာဝင်တစ်ယောက် မဖြစ်နိုင်ဘူး!” ယင်းကြောင့် သူ့အား ကင်းလွတ်ခွင့်ပေးခဲ့သည်။
တမန်တော်ဝတ္ထုတွင်ဖော်ပြထားသော အဲသယောပိလူသည် နှစ်ခြင်းယူပြီးနောက် “ဝမ်းမြောက်ဝမ်းသာခြင်းနှင့် မိမိသွားရသောလမ်းကိုသွားလေ၏။” (တမန်တော် ၈:၃၉) ယနေ့လည်း အလွန်ကျယ်ဝန်းသော အာဖရိကတိုက်ကြီးရှိ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများသည် ‘ယေရှုနှင့်ဆိုင်သောသတင်းကောင်းကို ကြေညာခြင်း’ အခွင့်အရေး၌ ရွှင်လန်းဝမ်းမြောက်နေကြပါသည်။—တမန်တော် ၈:၃၅။