ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
‘ဘုရားသခင်၏နှုတ်ကပါဌ်တော်သည် တိုးပွားလျက်ရှိသည်’
ခရစ်ယာန်အသင်းတော်ကို ဖွဲ့စည်းပြီးသည်နှင့် နာရီပိုင်းအတွင်းတွင်ပင် အသင်းဝင် ၁၂၀ မှ ၃,၀၀၀ ကျော်အထိတိုးပွားခဲ့ပါသည်။ (တမန်တော် ၁:၁၅; ၂:၄၁) “ဘုရားသခင်၏နှုတ်ကပါဌ်တော်သည် တိုးပွားလျက်ရှိကာ ယေရုရှလင်မြို့၌ တပည့်တော်တို့၏အရေအတွက်သည် အလွန်ပွားများလာသည်” ဟုသမ္မာကျမ်းစာက ရှင်းပြသည်။ (တမန်တော် ၆:၇၊ ကဘ) နှစ်အနည်းငယ်အကြာတွင်ပင် တည်ထောင်ခါစ အသင်းတော်သည် အာဖရိက၊ အာရှ နှင့် ဥရောပတိုက်များတို့တွင် ခရစ်ယာန်များရှိလာရာ တိုက်များဆိုင်ရာအဖွဲ့အစည်းတစ်ခု ဖြစ်လာလေသည်။
ယနေ့ ခရစ်ယာန်အသင်းတော်သည်လည်း ထပ်တူပင် အလျင်အမြန်တိုးပွားနေသည်။ ဥပမာ၊ မက္ကဆီကိုနိုင်ငံတွင် ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများအရေအတွက်သည် ငါးနှစ်အတွင်းတွင်ပင် လူပေါင်း ၁၃၀,၀၀၀ ကျော်မှ ၄၄၃,၆၄၀ အထိတိုးပွားခဲ့ပြီတကား! ၁၉၉၅ ခုနှစ်တွင် ယေဟောဝါသက်သေများကျင်းပသည့် ခရစ်တော်၏သေခြင်းဆိုင်ရာ သတိရအောက်မေ့ပွဲကို မက္ကဆီကိုနိုင်ငံရှိသူ ၅၉ ယောက်လျှင် ၁ ယောက် တက်ရောက်ခဲ့ကြသည်။ ထိုနိုင်ငံတွင်ဆောင်ရွက်နေသော ဝိညာဏရိတ်သိမ်းခြင်းသည် မပြီးစီးသေးကြောင်း အောက်ပါတွေ့ ကြုံမှုက ဖော်ပြပါသည်။—မဿဲ ၉:၃၇၊ ၃၈။
ချီအာပါ့စ်ပြည်နယ်ရှိ မြို့တစ်ခုတွင် နှစ်ပေါင်း ၂၀ ခန့်သတင်းကောင်းဟောပြောခဲ့လျက်ပင် ယေဟောဝါသက်သေများနှင့် အိမ်တွင်းကျမ်းစာသင်အံမှုပြုလုပ်ခြင်းကို တစ်ဦးတစ်ယောက်မျှ လက်မခံဝံ့ပါ။ မြို့သားအများစုသည် စိတ်ကြမ်းတမ်းသူဟု အမည်ရသူတစ်ဦးကို ကြောက်နေကြပုံရသည်။ မိမိတို့သည် သက်သေခံများနှင့် ကျမ်းစာလေ့လာနေကြောင်း ထိုသူသိလျှင် ဒုက္ခရောက်မည်ကို သူတို့စိုးရိမ်နေကြ၏။
ထိုအရပ်ဒေသသို့ ရွှေ့ပြောင်းနေထိုင်သူ သတ္တိရှိသောသက်သေခံနှစ်ဦးသည် ယင်းပြဿနာကိုဖြေရှင်းရန် ထိုသူထံ တိုက်ရိုက်သွားမည်ဟု ဆုံးဖြတ်ကြလေသည်။ ထိုသူ၏အိမ်သို့ရောက်သွားကြသောအခါ ဇနီးဖြစ်သူနှင့်တွေ့ဆုံ၍ သူမသည် သတင်းတရားကို စူးစိုက်နားထောင်ခဲ့လေသည်။ သူမသည် သမ္မာကျမ်းစာဖော်ပြသည့် ကမ္ဘာ့ပရဒိသုတွင် နေထိုင်ခွင့်ရှိခြင်းကို အထူးစိတ်ဝင်စားပါသည်။ သို့သော် သူမသာ ကျမ်းစာလေ့လာမည်ဆိုလျှင် ခင်ပွန်းသည် အမှန်ပြဿနာလုပ်မည်ဟု သူမဝန်ခံပြောဆိုသည်။ သူမသည် သမ္မာကျမ်းစာကို အသေအချာ မလေ့လာလျှင် ကမ္ဘာပေါ် ထာဝရစံစားနိုင်ရန် ဘုရားသခင်ကို မည်သို့ဝတ်ပြုရမည်အကြောင်း ဘယ်တော့မျှသိလိမ့်မည်မဟုတ်ဟု သက်သေခံများက သူမအားရှင်းပြသည်။ ကျမ်းစာသင်အံမှုကို သူမလက်ခံလိုက်လေသည်။
မျှော်လင့်သည့်အတိုင်းပင် သူမ၏ခင်ပွန်းသည် သူမ၏ဆုံးဖြတ်ချက်ကို မနှစ်သက်ပါ။ သူမ၏မော်တော်ကားကို ကိစ္စအမျိုးမျိုးအတွက် အသုံးပြုခွင့်ပေးသော်လည်း ခရစ်ယာန်အစည်းအဝေးများတက်ရောက်ခြင်းအတွက်ကိုကား အသုံးမပြုရဟု တားမြစ်လိုက်သည်။ သူမသည် ခင်ပွန်း၏အတိုက်အခံကြားမှ ခြောက်မိုင်ဝေးသော ယေဟောဝါသက်သေများ၏ အနီးဆုံးဘုရားသခင့်နိုင်ငံတော်ခန်းမသို့ မှန်မှန်လမ်းလျှောက်သွားပါသည်။ မကြာမီပင် မြို့တွင်းရှိ အခြားသူများတို့သည် သူမ၏သတ္တိနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုကို သတိပြုမိကြလေသည်။ မိမိတို့၏အိမ်သို့ သက်သေခံများလည်ပတ်ရောက်ရှိလာသည့်အခါ စတင်နားထောင်ကြ၏။ အချို့သူများသည် ထိုအမျိုးသမီးနှင့်အတူ အစည်းအဝေးများကို စ၍တက်ကြလေသည်။ မကြာမီအချိန်တွင် သက်သေခံများသည် ထိုမြို့တွင် ကျမ်းစာသင်အံမှုပေါင်း ၂၀ ခန့်ကျင်းပနိုင်လေတော့သည်!
ဤအမျိုးသမီး၏မိတ်ဆွေတစ်ဦးသည် သူမ၏ခင်ပွန်းဆန့်ကျင်သည့်ကြားမှ ကျမ်းစာလေ့လာရန် စိတ်ဆုံးဖြတ်ခဲ့သည်။ အံ့ဩစရာကား ကျမ်းစာလေ့လာရန် သူမအား တိုက်တွန်းသူကား ပထမအမျိုးသမီး၏ခင်ပွန်းကိုယ်တိုင်ဖြစ်သည်။ ဤသူသည် သူမ၏ခင်ပွန်းကိုရှင်းပြပြီးနောက် အတိုက်အခံပြုမှု ရပ်စဲသွားသည်။ ဤနည်းအားဖြင့် နှစ်ပေါင်း ၂၀ ကုန်လွန်ပြီးနောက် နောက်ဆုံးတွင် သမ္မာတရားမျိုးစေ့သည် အညှောက်စထွက်လာရာ ယခုသတင်းကောင်းကြေညာနေသော ဤအမျိုးသမီးနှစ်ဦးအပါအဝင် လူပေါင်း ၁၅ ယောက်ကျော်တို့သည် ကျမ်းစာလေ့လာပြီး ခရစ်ယာန်အစည်းအဝေးများကို တက်ရောက်နေကြပြီတကား!