မကြာမီ မည်သူမျှချို့တဲ့တော့မည်မဟုတ်!
“ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာသတင်းကို ငါသည် သင်တို့အား ကြားပြောရ၏။” (လုကာ ၂:၁၀) ယေရှုမွေးသောညတွင် ဗက်လင်မြို့အနီး၌ အံအားသင့်နေသောသိုးကျောင်းသားတို့သည် ဤအားတက်ဖွယ်စကားများကို ကြားနာခဲ့ရသည်။ ထိုကြေညာချက်နှင့်အညီ ယေရှုသည် ကိုယ်တော်၏မြေကြီးပေါ် ဓမ္မအမှုဆောင်ချိန်တွင် ‘သတင်းကောင်း’ ကို အလေးပေးပြောကြားခဲ့သည်။ ကျွန်ုပ်တို့၏လိုအပ်ရာများအတွက် ငွေမရှိမဖြစ်သော ဤအချိန်အခါတွင် ယေရှုနှင့်ပတ်သက်သောသတင်းကောင်းသည် ကျွန်ုပ်တို့ကို မည်သို့အကျိုးပြုနိုင်မည်နည်း။
ယေရှုခရစ်သည် “ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်း” ကြားပြောခဲ့သည်။ (လုကာ ၄:၁၉) မဿဲ ၉:၃၅ (သမ္မာ) အရ “ယေရှုသည် တရားဇရပ်များ၌ ဆုံးမသြဝါဒပေးလျက် နိုင်ငံတော်နှင့်ယှဉ်သော ဝမ်းမြောက်ဖွယ်သတင်းတရားတော်ကို ဟောလျက် . . . မြို့ရွာရှိသမျှတို့ကို ဒေသစာရီလှည့်လည်တော်မူ၏။” ကိုယ်တော်၏သတင်းတရားသည် အထူးသဖြင့် ဆင်းရဲမွဲပြာကျနေသူများအတွက် အလွန်အားရှိစရာဖြစ်သည်။ “လူအစုအဝေးတို့ကိုမြင်တော်မူလျှင် သနားခြင်းစိတ်ရှိတော်မူ၏။ အကြောင်းမူကား ထိုသူတို့သည် ထိန်းသူမရှိသောသိုးကဲ့သို့ ပင်ပန်း၍ အားလျော့လျက်ရှိနေကြ၏။” (မဿဲ ၉:၃၆၊ သမ္မာ) မှန်ပါသည်၊ ယေရှုက “ဆင်းရဲသောသူတို့ကား သင်တို့၌ အစဉ်ရှိကြ၏” ဟုဆိုခဲ့သည်။ သို့သော် ယင်းစကားများကြောင့် ချို့တဲ့နွမ်းလျသူတို့အတွက် မျှော်လင့်ချက်လုံးဝမရှိဟူ၍ မဆုံးဖြတ်သင့်ပါ။ (ယောဟန် ၁၂:၈) သူဆင်းရဲများ၏ အဖြစ်ဆိုးရခြင်းအကြောင်း မည်သို့ပင်ဖြစ်စေကာမူ ဤစနစ်ဆိုးကြီး ရှိသရွေ့ကာလပတ်လုံး သူဆင်းရဲများ ရှိနေပါလိမ့်မည်။ ဘုရားသခင်၏နှုတ်ကပါဌ်တော်သည် ဆင်းရဲချို့တဲ့ခြင်း၏အဖြစ်မှန်ကို ဥပေက္ခာမပြုသကဲ့သို့ အပြုသဘောမပါသည့်ဘက်မှ ရေးသားတင်ပြထားခြင်းလည်းမရှိပါ။ ၎င်းအစား ဘဝအသက်တာ၏စိုးရိမ်မှုများကို နိုင်နင်းစွာဖြေရှင်းတတ်ဖို့ ချို့တဲ့သူတို့ကိုကူညီပေးပါသည်။
ဆင်းရဲသူများအတွက် အကူအညီ
မှတ်သားဖွယ်ကား “ဂရုစိုက်မည့်သူ၊ နားလည်မှုပြမည့်သူ မရှိခြင်းထက် အခံရခက်သောအကြောင်းမရှိပါ” ဟုဆိုထားခြင်းဖြစ်သည်။ စာနာမှုကင်းမဲ့သူ အများအပြားရှိသည်မှန်သော်လည်း သူဆင်းရဲများအတွက်—မျက်မှောက်နှင့် အနာဂတ်အတွက်ပါ—သတင်းကောင်းရှိသည်။
လူအများစုသည် သူဆင်းရဲများကို ကူညီပေးလိုစိတ်မရှိခြင်းကား ဝမ်းနည်းစရာပင်ဖြစ်သည်။ ကမ္ဘာ့စာအုပ်စွယ်စုံကျမ်းအရ “လူ့အဖွဲ့အစည်းတွင် လူတို့သည် အသက်ရှင်တည်တံ့ရေးအတွက် ပြိုင်ဆိုင်ကြပြီး . . . သာလွန်ထူးကဲသူများက အာဏာရ၍ ကြွယ်ဝလာတတ်သည်” ဟုအချို့ယူဆကြပါသည်။ လူမှုရေးဒါဝင်ဝါဒဟုခေါ်ဆိုသည့် ဤသီအိုရီကိုခံယူသူများက သူဆင်းရဲတို့အား လူပျင်းများ သို့မဟုတ် အသုံးအဖြုန်းကြီးသူများဟူ၍ ယူမှတ်ကြပေမည်။ အမှန်မှာ ကျေးလက်အလုပ်ကြမ်းသမားများ၊ ပျံကျအလုပ်သမားများနှင့် အခြားသူများတို့သည် အခကြေးငွေအနည်းငယ်သာရသော်လည်း မိသားစုစားဝတ်နေရေးအတွက် တပင်တပန်းကြိုးစားလုပ်ကိုင်ကြရသည်။
နိုင်ငံအများတွင် ဆင်းရဲချို့တဲ့မှုကို မြင်နေကျတွေ့နေကျဖြစ်သည်။ သို့ဖြစ်၍ လူအများစုဖြစ်သည့် သူဆင်းရဲတို့သည် သူတို့ကိုယ်ကို မဖြစ်ထွန်းသူများဟု မခံစားရကြတော့ချေ။ သို့ဖြစ်စေကာမူ ယင်းနိုင်ငံများတွင်ပင် ဆင်းရဲမွဲတေသူများအလယ် စည်းစိမ်နှင့်နေထိုင်သူများရှိသည်။ ကျန်းမာရေးမညီညွတ်သော ပြွတ်သိပ်နေသည့်တဲပုတ်များနှင့်ယှဉ်၍ ခမ်းနားထည်ဝါသောအိမ်ကြီးများကို တွေ့ရှိရသည်။ လစာကောင်းရသူတို့သည် မရှိဆင်းရဲ၊ အလုပ်လက်မဲ့ဖြစ်သူတို့ ကြိတ်ကြိတ်တိုးနေသောလမ်းများပေါ်တွင် မိမိတို့၏ ဈေးကြီးသောကားများကို မောင်းနှင်သွားလာကြသည်။ ဤကဲ့သို့သောနိုင်ငံများတွင် သူဆင်းရဲတို့သည် မိမိတို့အဖြစ်ကို အလွန်ရင်နာကြပါသည်။ အမှန်ဆိုလျှင် “သူဆင်းရဲသည် အာဟာရချို့တဲ့ခြင်း၊ အိမ်ရာများညံ့ဖျင်းခြင်းနှင့် ဆေးဝါးကုသပြုစုမှု မလုံမလောက်ခြင်းတို့ကြောင့် ဒုက္ခရောက်ကြရသည်သာမက မိမိတို့အခြေအနေအတွက် အစဉ်တစိုက်စိုးရိမ်နေရ၍လည်း သောကရောက်ကြရ၏” ဟုကမ္ဘာ့စာအုပ်စွယ်စုံကျမ်းကဆိုသည်။ “အလုပ်အကိုင်ကောင်းကောင်း မရနိုင်ကြ၍ သိက္ခာကျရုံမက မိမိသိက္ခာကို မဆယ်နိုင်တော့ဘဲဖြစ်ကြရ၏။” သို့ဖြစ်လျှင် ဆင်းရဲမွဲပြာကျသူအချို့သည် သူတို့၏အခြေအနေကို မည်သို့ကိုင်တွယ်ဖြေရှင်းကြသနည်း။ ယေရှုနှင့်ပတ်သက်သောသတင်းကောင်းကား ထိုသို့ကိုင်တွယ်ဖြေရှင်းခြင်းနှင့် မည်သို့သက်ဆိုင်သနည်း။
ဦးဆုံး၊ ဆင်းရဲချို့တဲ့ခြင်းသည် အသိအလိမ္မာမရှိသောအကျင့်များကြောင့် ပိုမိုဆိုးရွားသွားနိုင်ကြောင်း သတိရပါလေ။ ဥပမာတချို့ သုံးသပ်ကြည့်ပါ။ ဘရာဇီးနိုင်ငံတွင် ဗောလ်ဒီစာသည် မယားနှင့်ကလေးငယ်များခမျာ အာဟာရချို့တဲ့နေစဉ် သူက ငွေသုံးဖြုန်း၍အပျော်အပါးလိုက်စားနေခဲ့သည်ဟု ဝန်ခံသည်။ သူက ဤသို့ပြောပြသည်– “ကျွန်တော့်မှာ အလုပ်အကိုင်ရှိပေမဲ့ ပိုက်ဆံဘယ်တော့မှမရှိဘူး။ အိတ်ထဲမှာတော့ အမြဲတမ်းထီလက်မှတ်တွေအများကြီးပဲ။” မီလ်တဲန်သည် အရက်နှင့် ဆေးလိပ်ကို လွန်ကျွံစွာသောက်သုံးခဲ့ခြင်းကြောင့် အလုပ်သမား ၂၃ ဦးရှိလုပ်ငန်းတစ်ခုကို ဆုံးရှုံးခဲ့ရသည်။ သူက ဤသို့ဆိုသည်– “ညအခါမှာ အိမ်မပြန်နိုင်ဘဲ လမ်းပေါ်မှာပဲ ကျွန်တော်အချိန်ဖြုန်းခဲ့တယ်။ ကျွန်တော့်ကြောင့် ကျွန်တော့်မိသားစု တကယ်ဒုက္ခရောက်ခဲ့ရရှာတယ်။”
ဇယ်ဦလည်း ဒုစရိုက်လိုက်စားမှုတွင် သူ၏လစာ သုံးဖြုန်းခဲ့သည်။ “ညကို အိမ်မပြန်ဘဲနေခဲ့တယ်။ ကျွန်တော်ရသမျှဟာ ကျွန်တော့်ဒုစရိုက်များနဲ့ အပျော်အပါးတွေအတွက်တောင် မလောက်ဘူး။ အခြေအနေက အတော်လေးဆိုးရွားလာတဲ့အတွက် ကျွန်တော့်မိန်းမက ကျွန်တော့်ကိုကွာရှင်းချင်ခဲ့တယ်။” သူ၏ငွေရေးကြေးရေးနှင့် အိမ်ထောင်ရေးပြဿနာများအပြင် အခြားပြဿနာများလည်းရှိသေးသည်။ “ကျွန်တော့်အမျိုးတွေ၊ အိမ်နီးနားချင်းတွေနဲ့လည်း ကျွန်တော်ပြဿနာတက်ခဲ့တယ်။ အထူးသဖြင့် အလုပ်မှာ ပြဿနာများလာတယ်။ အဲ့ဒါကြောင့် အလုပ်ပြုတ်ပြုတ်သွားတယ်။” ဇူလီအိုသည် မူးယစ်ဆေးစွဲသူဖြစ်သည်။ သို့ရာတွင် သူက ဤသို့ရှင်းပြသည်– “ကျွန်တော့်လစာဟာ ကျွန်တော့်မူးယစ်ဆေးစွဲတဲ့အကျင့်အတွက် တစ်ခါမှမလောက်နိုင်လို့ မူးယစ်ဆေးကိုဝယ်ဖို့မလိုရအောင် မူးယစ်ဆေးရောင်းချတဲ့အလုပ်ကို စလုပ်ကိုင်ခဲ့တယ်။”
သားသမီးရှစ်ယောက်ရှိ ဆင်းရဲသောမိသားစုတွင် ကြီးပြင်းလာသော ဇိုဆေးသည် မိမိအတွက်တစ်ခုခုရလိုသည်။ မထူးတော့ချေဟု သူယူဆကာ အခြားလူငယ်များနှင့်အတူ လုယူခိုးဝှက်လေတော့သည်။ အခြားလူငယ်တစ်ဦးဆိုလျှင် စိတ်ပျက်လက်မှိုင်ချပြီး ခေါင်းတိုက်အဖွဲ့အမည်ရှိသော လူငယ့်ဂိုဏ်းဝင်တစ်ဦး ဖြစ်လာလေသည်။ သူက ဤသို့ရှင်းပြသည်– “ကျွန်တော်တို့အများစုဟာ အတော်ဆင်းရဲတဲ့သူတွေဖြစ်လို့ အတန်အရာစိတ်ကျေနပ်မှုရအောင် ပစ္စည်းတွေကိုဖျက်ဆီး၊ လူတွေကိုတိုက်ခိုက်ကြတယ်။”
သို့ဖြစ်သော်လည်း ယနေ့ ဤသူတို့နှင့် သူတို့၏မိသားစုများသည် ဆင်းရဲနွမ်းပါးခြင်း၊ သို့မဟုတ် ရင်နာခြင်း၊ စိတ်မကျေမနပ်ဖြစ်ခြင်းတို့ကို မခံရကြတော့ချေ။ ယခုသူတို့သည် ခိုကိုးရာမဲ့၊ မျှော်လင့်ချက်မရှိဘဲမနေတော့ပါ။ အဘယ်ကြောင့်နည်း။ ယေရှုဟောပြောခဲ့သော သတင်းကောင်းကို သူတို့လေ့လာခဲ့ကြသောကြောင့်ဖြစ်သည်။ သမ္မာကျမ်းစာ၏သြဝါဒကို ကျင့်သုံးပြီး ယေဟောဝါသက်သေခံများ၏အသင်းတော်များရှိ စိတ်သဘောတူသူများနှင့် သူတို့ပေါင်းသင်းလာကြသောကြောင့်ဖြစ်သည်။ စည်းစိမ်ဥစ္စာရှိခြင်း၊ ဆင်းရဲနွမ်းလျခြင်းတို့နှင့်ပတ်သက်၍ အရေးကြီးသောအကြောင်းအရာများကို သူတို့သိရှိလာခဲ့ကြသည်။
ဆင်းရဲချို့တဲ့ခြင်းကို နိုင်နင်းစွာဖြေရှင်းနိုင်ရန် အကူအညီ
ဦးဆုံး၊ ကျမ်းစာမူများကို လိုက်နာကျင့်သုံးမည်ဆိုလျှင် ဆင်းရဲချို့တဲ့ခြင်း၏ဆိုးကျိုးများကို လျော့နည်းစေနိုင်ကြောင်း သူတို့သိနားလည်လာကြသည်။ သမ္မာကျမ်းစာက စာရိတ္တယိုယွင်းခြင်း၊ သောက်ကြူးခြင်း၊ လောင်းကစားခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းတို့ကို တားမြစ်ထားပါသည်။ (၁ ကောရိန္သု ၆:၉၊ ၁၀) ဤအကျင့်များသည် ငွေအကုန်အကျများလွန်းစေသည်။ ယင်းတို့သည် သူကြွယ်တစ်ဦးအား သူဆင်းရဲဖြစ်စေနိုင်၍ သူဆင်းရဲကို ဆင်းရဲတွင်းနက်စေနိုင်သည်။ ဤဒုစရိုက်မှုများနှင့် ယင်းကဲ့သို့သောအခြားအမှုများကို စွန့်လွှတ်ခြင်းအားဖြင့် မိသားစု၏ စီးပွားရေးအခြေအနေကို တိုးမြှင့်ပေးရန် များစွာအထောက်အကူပြုသည်။
ဒုတိယ၊ ဘဝတွင်စည်းစိမ်ဥစ္စာရှိခြင်းထက် သာ၍အရေးကြီးသောအရာများ ရှိကြောင်းကို သူတို့သဘောပေါက်လာကြသည်။ ဤမှုတ်သွင်းခံစကားများတွင် ချင့်ချိန်တတ်သောအမြင်ကို ဖော်ပြထား၏– “ငွေသည် ကွယ်ကာတတ်သကဲ့သို့၊ ပညာသည်လည်း ကွယ်ကာတတ်၏။ အသိပညာ၏အကျိုးကျေးဇူးကား ပညာရှင်အား အသက်ရှင်စေခြင်းတည်း။” (ဒေသနာ ၇:၁၂၊ သမ္မာ) မှန်သည်၊ ငွေမရှိမဖြစ်ပါ။ သို့သော် ကျမ်းစာအခြေခံသော ဉာဏ်ပညာနှင့် ဘုရားသခင့်ရည်ရွယ်ချက်များကို သိရှိထားခြင်းက ပိုမိုအကျိုးရှိသည်။ အမှန်မှာ ဉာဏ်ပညာမဲ့သူအတွက် ငွေပေါများခြင်းသည် ငွေနည်းလွန်းခြင်းတမျှ စိတ်နာကြည်းစရာဖြစ်နိုင်သည်။ ကျမ်းရေးသူတစ်ဦးက ပညာရှိစွာ ဤသို့ဆုတောင်းခဲ့သည်– “ဆင်းရဲခြင်းနှင့် ငွေရတတ်ခြင်းကို ပေးတော်မမူပါနှင့်။ အသက်မွေးလောက်သောအစာကိုသာ ပေးတော်မူပါ။ သို့မဟုတ် အကျွန်ုပ်သည် ကြွယ်ဝ၍ ‘ထာဝရဘုရား [“ယေဟောဝါ”၊ ကဘ] ကား အဘယ်သူနည်း’ ဟုဆိုလျက် ကိုယ်တော်ကို ငြင်းပယ်မည်ဟု စိုးရိမ်စရာရှိပါ၏။ သို့မဟုတ် ဆင်းရဲ၍ သူ့ဥစ္စာကိုခိုးသဖြင့် အကျွန်ုပ်၏ ဘုရားသခင်နာမတော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုမည်ဟု စိုးရိမ်စရာရှိပါ၏။”—သု. ၃၀:၈၊ ၉။
တတိယ၊ တစ်ဦးတစ်ယောက်သောသူသည် ယေရှုဟောပြောသော သတင်းကောင်းနှင့်အညီ အသက်ရှင်နေထိုင်မည်ဆိုလျှင် အားငယ်စရာ ဘယ်တော့မျှရှိစရာမလိုကြောင်း သူတို့တွေ့ရှိကြသည်။ သတင်းကောင်းသည် ဘုရားသခင်၏နိုင်ငံတော်နှင့်ပတ်သက်သည်။ ထိုသတင်းတရားကို “နိုင်ငံတော်နှင့်ယှဉ်သောသတင်းကောင်း” ဟုခေါ်ဆိုထားသည်။ ယင်းကို ကျွန်ုပ်တို့ခေတ်တွင် လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောပြောနေပါသည်။ (မဿဲ ၂၄:၁၄၊ ကဘ) ထိုနိုင်ငံတော်ကို စောင့်မျှော်နေမည်ဆိုလျှင် ထောက်မကူညီမှု ရရှိလိမ့်မည်ဟု ယေရှုပြောကြားထား၏။ ကိုယ်တော်က “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတ္တံ့” ဟုဆိုသည်။ (မဿဲ ၆:၃၃) ကျွန်ုပ်တို့အား ဆန်းသစ်သောမော်တော်ကားများ၊ သို့မဟုတ် စည်းစိမ်ရှိသောအိမ်များကိုပေးမည်ဟု ဘုရားသခင်ကတိထားတော်မမူချေ။ ယေရှုက စားဝတ်နေရေးအတွက် လိုအပ်သောအရာများအကြောင်း ပြောဆိုနေခြင်းဖြစ်သည်။ (မဿဲ ၆:၃၁) သို့သော် ယေရှု၏ကတိတော်ကို ယုံကြည်စိတ်ချလောက်သည်ဟု ယနေ့သန်းပေါင်းများစွာသောသူတို့က သက်သေအထောက်အထားတင်ပြနိုင်ကြသည်။ တစ်ဦးတစ်ယောက်၊ အလွန်ဆင်းရဲသူတစ်ဦးပင်ဖြစ်ပါစေ နိုင်ငံတော်ကိုရှေ့ဦးထားမည်ဆိုလျှင် လုံးလုံးစွန့်ပယ်ခံရမည်မဟုတ်ပါ။
စတုတ္ထ၊ ဘုရားသခင့်နိုင်ငံတော်ကို ရှေ့ဦးထားသူသည် စီးပွားရေးအခက်အခဲကြောင့် ရင်နာရလိမ့်မည်မဟုတ်ကြောင်း သူတို့သဘောပေါက်လာကြသည်။ မှန်ပေသည်၊ သူဆင်းရဲတစ်ဦးသည် အလုပ်ကိုကြိုးစားလုပ်ကိုင်ရ၏။ သို့သော် ဘုရားသခင့်အမှုတော်ကို ထိုသူထမ်းဆောင်မည်ဆိုလျှင် “နှိမ့်ချလျက်ရှိသောသူ၏နှိမ့်ချသောအဖြစ်ကို မထီမဲ့မြင်ပြုတော်မူသည်မဟုတ်။ မျက်နှာတော်ကိုမလွှဲ၊ အော်ဟစ်သောအခါ နားထောင်တော်မူ” သောဖန်ဆင်းရှင်နှင့် ဆက်ဆံရေးရခွင့်ရှိသည်ဟု သမ္မာကျမ်းစာကဖော်ပြထားသည်။ (ဆာလံ ၂၂:၂၄) ထို့ပြင် သူဆင်းရဲသည် ဘဝပြဿနာများကိုဖြေရှင်းရန် အကူအညီလည်းရရှိသည်။ ခရစ်ယာန်ချင်းတို့နှင့် ရင်းနှီးစွာပေါင်းသင်းခွင့်ရှိပြီး ယေဟောဝါဖော်ပြထားတော်မူသည့်အလိုတော်ကို သိရှိနားလည်ကာ ယင်းကိုယုံကြည်စိတ်ချနိုင်ပါသည်။ ဤကဲ့သို့သောအရာများသည် “ရွှေထက်မက၊ များစွာသောရွှေစင်ထက် နှစ်သက်ဖွယ်ဖြစ်၍ ပျားရည်ထက်မက ပျားလပို့ထက်ချို” ပါသည်။—ဆာလံ ၁၉:၁၀။
နောက်ဆုံးတွင် ဆင်းရဲချို့တဲ့မှု မရှိတော့!
နောက်ဆုံး၊ ယေဟောဝါဘုရားသခင်၏နိုင်ငံတော်အားဖြင့် ဆင်းရဲချို့တဲ့ခြင်းပြဿနာကို ကိုယ်တော်ဖြေရှင်းရန် ရည်ရွယ်တော်မူကြောင်း သတင်းကောင်းကိုလက်ခံသူတို့ သိနားလည်လာကြသည်။ သမ္မာကျမ်းစာက ဤသို့ကတိထားတော်မူ၏– “ငတ်မွတ်သောသူတို့ကို အစဉ်မေ့လျော့တော်မမူ။ ဆင်းရဲသောသူတို့သည် မျှော်လင့်၍မရဘဲ အစဉ်မနေရကြ။” (ဆာလံ ၉:၁၈) ဘုရားသခင်၏နိုင်ငံတော်သည် ကောင်းကင်တွင်တည်ထောင်သော ယေရှုခရစ်အုပ်ချုပ်သည့် တကယ့်အစိုးရတစ်ခုဖြစ်သည်။ မကြာမီ ထိုဘုရားသခင့်နိုင်ငံတော်သည် လူ့အစိုးရများကိုအစားထိုးကာ လူသားအမှုရေးရာကို ကွပ်ကဲစီမံလိမ့်မည်။ (ဒံယေလ ၂:၄၄) ထိုအခါ နန်းတင်ခံရသောဘုရင်ယေရှုသည် “ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူကို သနား၍ ငတ်မွတ်သောသူတို့၏အသက်ကို ကယ်တင်တော်မူလိမ့်မည်။ သူတို့အသက်ကို လှည့်စားခြင်းနှင့် ညှဉ်းဆဲခြင်း၏လက်မှ ရွေးနုတ်၍ သူတို့အသွေးကို နှမြောတော်မူလိမ့်မည်။”—ဆာလံ ၇၂:၁၃၊ ၁၄။
ထိုအချိန်အခါကိုမြော်မြင်ကာ မိက္ခာ ၄:၃၊ ၄ ကဤသို့ဆိုသည်– “လူအပေါင်းတို့သည် ကိုယ်ပိုင်သောစပျစ်ပင်၊ ကိုယ်ပိုင်သောသင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူတစ်ယောက်မျှမရှိရ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏နှုတ်တော်ထွက်အမိန့်တော်ရှိ၏။” ဤတွင် မည်သူများအကြောင်းကို ဖော်ညွှန်းခြင်းဖြစ်သနည်း။ ဘုရားသခင့်နိုင်ငံတော် လက်အောက်ခံသူ အားလုံးကိုဆိုလိုသည်။ ထိုဘုရားသခင့်နိုင်ငံတော်သည် လူသားတို့အား ဒုက္ခရောက်စေသောပြဿနာအားလုံး—ဖျားနာခြင်းနှင့် သေခြင်းပြဿနာကိုပင် ဖြေရှင်းပစ်လိမ့်မည်။ “သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရားသည်လည်း ခပ်သိမ်းသောမျက်နှာတို့မှ မျက်ရည်ကိုသုတ်တော်မူလိမ့်မည်။” (ဟေရှာယ ၂၅:၈; ၃၃:၂၄) အလွန်ထူးခြားသောကမ္ဘာ ဖြစ်လိမ့်မည်တကား! ဤကတိတော်များကို ဘုရားသခင်ကိုယ်တော်တိုင် မှုတ်သွင်းထားတော်မူသည့်အတွက် ယင်းတို့အား စိတ်ချယုံကြည်နိုင်ကြောင်း သတိရပါ။ ကိုယ်တော်က ဤသို့မိန့်တော်မူသည်– “ငါ၏လူတို့သည်လည်း ငြိမ်သက်သောနေရာ၊ လုံခြုံသောမြို့ရွာ၊ ဘေးလွတ်သောချမ်းသာရာအရပ်တို့၌ နေရကြလိမ့်မည်။”—ဟေရှာယ ၃၂:၁၈။
ဘုရားသခင့်နိုင်ငံတော်ကို ယုံကြည်စိတ်ချခြင်းက ဆင်းရဲချို့တဲ့မှုကြောင့် များသောအားဖြင့်ဖြစ်တတ်သည့် သိမ်ငယ်သည့်စိတ်ကို အနိုင်ရစေသည်။ ဘုရားသခင်၏အမြင်မှာ ဆင်းရဲသောခရစ်ယာန်တစ်ဦးသည် ချမ်းသာသောခရစ်ယာန်တစ်ဦးနည်းတူ အရေးပါကြောင်းကို သူသိနားလည်ထားပါသည်။ နှစ်ဦးစလုံးကို ဘုရားသခင်သည် တန်းတူညီတူချစ်တော်မူ၍ နှစ်ဦးစလုံးသည် ထပ်တူမျှော်လင့်ချက်ရှိကြသည်။ ဘုရားသခင်၏နိုင်ငံတော်အောက် ဆင်းရဲချို့တဲ့မှုသည် ရှေးဖြစ်ဖူးသောအရာကဲ့သို့ယူမှတ်ရမည့်အချိန်ကို နှစ်ဦးစလုံးမျှော်လင့်တကြီး စောင့်စားနေကြသည်။ အမှန်တကယ်ပင် နှစ်ထောင်းအားရစရာကာလ ဖြစ်မည်ပါတကား! နောက်ဆုံးတွင် မည်သူမျှဆင်းရဲတော့မည်မဟုတ်ပါတကား!
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
လောင်းကစားခြင်း၊ ဆေးလိပ်သောက်ခြင်း၊ သောက်ကြူးခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်း၊ သို့မဟုတ် အပျော်အပါးလိုက်စားသော ဘဝပုံစံဖြင့်အသက်ရှင်ခြင်းတို့အတွက် မိမိအင်အားကို အဘယ်ကြောင့်သုံးဖြုန်းမည်နည်း
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ယေဟောဝါဘုရားသခင်သည် ကိုယ်တော်၏နိုင်ငံတော်အားဖြင့် လူသား၏ဆင်းရဲချို့တဲ့ခြင်းပြဿနာများကို ဖြေရှင်းတော်မူလိမ့်မည်