ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၄/၁၅ စာ. ၂၆-၂၈
  • “ရွေ့ရှားသည့်” တောင်တစ်လုံး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ရွေ့ရှားသည့်” တောင်တစ်လုံး
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဖူးမြော်ရာအရပ်အဖြစ် ရှေးကတည်းကတည်ရှိခဲ့
  • ဖူးမြော်ခြင်းခရီး၏ထင်ရှားရာများ
  • သူတို့အဘယ့်ကြောင့်တက်ကြသနည်း
  • ဖန်ဆင်းရှင်ကို ကျေးဇူးတင်လေးမြတ်ရန် လှုံ့ဆော်
  • မိဘနှစ်ပါးက စွန့်ပစ် ဘုရားသခင်က ချစ်
    နိုးလော့!—၂၀၀၂
  • တောင်တကာတွင် အမွန်မြတ်ဆုံးသော တောင်ကိုကျွန်တော် တက်ခဲ့သည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ကျောက်ဆောင်ချွန်များပေါ်ရှိ ကျွမ်းဘားသမားများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၄/၁၅ စာ. ၂၆-၂၈

“ရွေ့ရှားသည့်” တောင်တစ်လုံး

အနောက်အိုင်ယာလန်တွင် သူမတူအောင်ထူးသည့် ကတော့ပုံသဏ္ဌာန်ရှိ ခရိုးပက်ထရစ်တောင်သည် ဝန်းရံလျက်ရှိသောတောင်များကြားတွင် ပေါ်လွင်ထင်ရှားလျက်ရှိသည်။ နှစ်စဉ် ဇူလိုင်လ၏နောက်ဆုံး တနင်္ဂနွေနေ့တွင် လူကြီးလူငယ်ပေါင်း ၃၀,၀၀၀ ယောက်သောသူများသည် နှစ်ပတ်လည် ဖူးမြော်ခြင်းခရီး၌ တောင်အထွတ် (ပေ ၂,၅၁၀) သို့တက်ရောက်ကြသောအခါ တောင်ထိပ်သည် ရွေ့ရှားနေသည်ဟု ထင်ရသည်။

ဤနေ့တွင် အဖူးအမြော်လာသူများသည် ကျဉ်းမြောင်းပြီးကြမ်းတမ်းသည့် လမ်းကလေးနှင့် အန္တရာယ်မကင်းသော နေရာများတွင် တက်လိုက်ဆင်းလိုက်လုပ်နေကြသည်။ အမှန်တွင် အပြီးသတ် (ပေ တစ်ထောင်နီးပါး) သို့တက်ရောက်ခြင်းမှာ လုံးလုံးမတ်စောက်နေပြီး လုံးဝခိုင်ခံ့မှုမရှိသော ကျောက်တုံးများဖြစ်နေရာ ဤသို့တက်ရောက်ခြင်းသည် ဘေးအန္တရာယ်ရှိသည့်အပြင် အားအင်ကုန်ခန်းမောဟိုက်စေသည်။

အချို့က ယင်းသို့တက်ရာတွင် ဖိနပ်မပါ၊ အနည်းငယ်မှာ တချို့သောအပိုင်းများကို ဒူးထောက်၍ပင်တက်ကြသည်။ အတိတ်ကာလတွင် ဤဖူးမြော်ခြင်းခရီးကို ညအမှောင်ထုတွင် စတင်ခဲ့ကြသည်။

ခရိုးပက်ထရစ်တောင်သည် လူများစွာအတွက် အဘယ့်ကြောင့်ဤကဲ့သို့အရေးပါသော အတွေ့အကြုံတစ်ခု ဖြစ်ရပါသနည်း။

ဖူးမြော်ရာအရပ်အဖြစ် ရှေးကတည်းကတည်ရှိခဲ့

ပဉ္စမရာစုအစောပိုင်းတွင် ရိုမင်ကက်သလစ်ချာ့ချ်သည် ပက်ထရစ်အား အိုင်ယာလန်သို့ သာသနာပြုဘိရှော့အဖြစ် စေလွှတ်ခဲ့သည်။ သူ၏အဓိကရည်ရွယ်ချက်မှာ အိုင်းရစ္စလူမျိုးများ ခရစ်ယာန်ဘာသာသို့ ပြောင်းဝင်လာရန်ဖြစ်သည်။ လူများကြားတွင် ဟောပြောလုပ်ဆောင်စဉ်နှစ်များအတွင်း ပက်ထရစ်သည် ဤနေရာ၌ ကက်သလစ်ချာ့ချ်ကို တည်ထောင်အုတ်မြစ်ချခဲ့ကြောင်း အသိအမှတ်ပြုခဲ့ကြသည်။

သူ၏လုပ်ငန်းက သူ့အားနိုင်ငံတစ်ဝန်းနေရာအနှံ့ ခရီးဆန့်စေခဲ့သည်။ ခရီးတစ်ခုမှာ အနောက်အိုင်ယာလန်ဖြစ်ပြီး အချို့သောအရင်းခံသတင်းများအရ သူသည် သူ့ကိုအစွဲပြုခေါ်ခဲ့သည့်ခရိုးပက်ထရစ် (“ပက်ထရစ်တောင်ကုန်း” ဟုအဓိပ္ပာယ်ရှိ) ဟု ခေါ်တွင်လာသည့် တောင်ထိပ်တစ်ခုပေါ်တွင် ရက်ပေါင်း ၄၀ အချိန်အကုန်ခံခဲ့သည်။ ဤတွင်သူသည် မိမိအားပေးထားသည့်တာဝန်အောင်မြင်ဖို့အတွက် အစာရှောင်ကာ ဆုတောင်းခဲ့သည်။

နှစ်များစွာတစ်လျှောက် သူ၏စွန့်စားလုပ်ဆောင်မှုနှင့်ပတ်သက်သော ဒဏ္ဍာရီများ ပေါ်ပေါက်ခဲ့သည်။ အထင်ရှားဆုံးကား ဤတောင်ပေါ်တွင်ရှိနေစဉ် ပက်ထရစ်သည် အိုင်ယာလန်မှ မြွေများအားလုံးကို ဖယ်ရှားပစ်ခြင်းဖြစ်သည်။

ရိုးရာထုံးတမ်းက သူသည် ဤတောင်အထွတ်၌ ချာ့ချ်ငယ်ငယ်လေးတစ်ခုကို တည်ဆောက်ခဲ့ကြောင်း အခိုင်အမာဆိုသည်။ ဤအဆောက်အဦမရှိတော့သည်မှာ ကြာပြီဖြစ်သော်လည်း မူလအုတ်မြစ်သည် တည်ရှိနေဆဲဖြစ်ပြီး ဤမြေနေရာသာမက ဤတောင်သည်ပင် နှစ်များတစ်လျှောက် ဖူးမြော်ရာနေရာဖြစ်ခဲ့ပြီ။

ဖူးမြော်ခြင်းခရီး၏ထင်ရှားရာများ

အသက်အရွယ်ကြီးရင့်သူတစ်ဦးအတွက် (ဝါ) တောင်တက်သည့်အကျင့်မရှိသူတစ်ဦးအတွက် တောင်တက်ခရီး သုံးမိုင်လုံးလုံးတက်ပြီး ဘေးကင်းစွာပြန်ဆင်းခြင်းကိုယ်နှိုက်က ဖြစ်မြောက်အောင်မြင်မှုတစ်ခုဖြစ်သည်။ လမ်းတစ်လျှောက်အရေးတကြီးနေရာများတွင် အရေးပေါ်အဖွဲ့များသည် ထိခိုက်ဒဏ်ရာရမှုအမျိုးမျိုးကို ကိုင်တွယ်ရန်အသင့်ရှိနေကြသည်။

ကွန်းထောက်နားခိုရာနေရာ သုံးခုရှိပြီး လမ်းတစ်လျှောက်တွင်ရှိ အဖူးအမြော်လာသူများသည် နောင်တနှင့်ဆိုင်သောဝတ်များကို ပြုကြသည်။ ယင်းဝတ်တို့ကို စတက်သည့်နေရာရှိ ကြော်ငြာသင်ပုန်းတစ်ခုတွင် အပြည့်အစုံရှင်းပြထားသည်။—လေးထောင့်ကွက်ကိုရှု။

သူတို့အဘယ့်ကြောင့်တက်ကြသနည်း

ဤမျှများပြားလှသောလူများသည် အားစိုက်ရသောဖူးမြော်ခြင်းခရီးကို အဘယ်ကြောင့်သွားကြသနည်း။ တချို့သူများသည် တောင်တက်သောအခါ အဘယ့်ကြောင့်အစွန်အဖျားအထိ သွားကြသနည်း။

အမှန်မှာ တချို့သူများက ဤဖူးမြော်ခြင်းခရီးစဉ်အတွင်း ဆုတောင်းခြင်းသည် မိမိတို့၏ကိုယ်ပိုင်အကျိုးအတွက် သူတို့၏အသနားခံတောင်းပန်ချက်များကို ပို၍နားညောင်းပုံရှိကြောင်း ယုံကြည်ကြသည်။ အခြားသူများမှာ အမှားအယွင်းတချို့အတွက် ခွင့်လွှတ်မှုရှာရန် ယင်းသို့လုပ်ဆောင်သည်။ အခြားသူများအတွက်မူ ကျေးဇူးတော်ချီးမွမ်းသည့်နည်းတစ်ခုဖြစ်သည်။ များစွာသောသူများမှာ မိတ်ဆုံပွဲအတွက်သွားခြင်းဖြစ်သည်မှာ သေချာပါသည်။ အာဏာပိုင်တစ်ယောက်က ယင်းသည် ‘ပူးပေါင်းလုပ်ဆောင်လိုသည့်စိတ်ဓာတ်နှင့် မျှဝေခံစားလိုသောမေတ္တာ၏ ဖော်ပြချက်တစ်ခု’ ဖြစ်ကြောင်း မှတ်ချက်ချသည်။ သူက ခရိုးပက်ထရစ်တောင်တက်ခြင်းသည် “စိန့်ပက်ထရစ်၏ခြေရာကို သူတို့နင်းသည့်လမ်းဖြစ်ပြီး ယုံကြည်ခြင်းအတွက် သူ့အားပေးဆပ်ရန် တာဝန်ရှိသည်ဟု အသိအမှတ်ပြုခြင်းဖြစ်သည်” ဟုလည်းဆိုသည်။ သူက အရေးကြီးဆုံးအနေနှင့် တောင်တက်ခြင်းမှာ “ကိုယ်ကာယပါဝင်လုပ်ဆောင်မှုသည် အမှန်ပင်နောင်တနှင့်ဆိုင်သော ဝတ်ဖြစ်သည်။ တောင်ထိပ်သို့တဖြည်းဖြည်းတက်ခြင်းသည် နောင်တနှင့်ဆိုင်သည့် ရှည်ကြာသောလုပ်ရပ်တစ်ခုဖြစ်သည်” ဟုထပ်ဆင့်ခဲ့သည်။

လူတစ်ဦးက မိမိသည် ၂၅ ကြိမ်တက်ခဲ့ကြောင်း ဂုဏ်ယူဝင့်ကြွားစွာဖော်ပြခဲ့သည်! “နည်းနည်းနောင်ကြဉ်သွားဖို့” ယင်းကိုသူတက်ခဲ့ကြောင်း ဆိုသည်! အခြားလူကြီးတစ်ဦးက “အနာမခံရင် အသာမစံရဘူးလေ!” ဟူ၍ ရိုးရိုးလေးရှင်းပြသည်။

မလုပ်မဖြစ်လိုအပ်သောအရာ မဟုတ်သော်လည်း များစွာတို့သည် ဖိနပ်မပါဘဲတောင်တက်ကြသည်။ အဘယ်ကြောင့်ယင်းသို့ ပြုကြသနည်း။ ပထမအချက်မှာ ဤမြေပြင်သည် “သန့်ရှင်း” သည်ဟုယူမှတ်ထားသောကြောင့် မိမိတို့၏ရူးဖိနပ်များကို ချွတ်လိုက်ကြသည်။ ဒုတိယအချက်မှာ ‘အနည်းငယ် နောင်ကြဉ်သွား’ ဖို့ရည်ရွယ်ရင်းကို မပျောက်မပျက်ထိန်းသိမ်းခြင်းဖြစ်သည်။ ယင်းက အချို့သူများသည် ကွန်ထောက်နားခိုရာနေရာများတွင် ဒူးထောက်၍ပင်အဘယ့်ကြောင့် တက်ကြကြောင်းကိုလည်း ရှင်းလင်းစေသည်။

ဖန်ဆင်းရှင်ကို ကျေးဇူးတင်လေးမြတ်ရန် လှုံ့ဆော်

သို့သော် လူတစ်ဦးတစ်ယောက်တွင် အထူးနေ့တစ်နေ့၌တောင်တက်သည့် ဘာသာရေးအဖူးအမြော်လာသူစိတ်ထားမျိုးမရှိလျှင်ကော။ ရာသီဥတုသာသာယာယာရှိပြီး ရူးဖိနပ်များခိုင်ပါက တောင်ကို မည်သည့်အချိန်မဆို တက်နိုင်ပါသည်။ ကျွန်ုပ်တို့သည် အဖူးအမြော်လာသူလူအုပ်ကြီး တရွေ့ရွေ့တက်သွားသည့်နေ့တွင် မတက်ကြပါ။ ကျွန်ုပ်တို့မကြာခဏ ခရီးတစ်ထောက်နားကြစဉ် တောင်တက်ခြင်းကိုယ်နှိုက်နှင့် ယင်းသို့တက်ခြင်းတွင် သက်ရောက်သည့်အကျိုးများစွာတို့ကို ပြန်စဉ်းစားနိုင်ကြသည်။ ထောင်နှင့်ချီသော အဖူးအမြော်လာသူများသည် ကြိုးစားပမ်းစားတက်ရောက်ကြခြင်းနှင့် ဘာသာရေးဝတ်ရွတ်စဉ်အမျိုးမျိုး ရွတ်ဖတ်ခြင်းတို့ကို စဉ်းစားကာ ‘ယင်းတို့သည် ဘုရားသခင့်တောင်းဆိုရာများဖြစ်သလော။ ဆုတောင်းစာများကို အကြိမ်အကြိမ်အထပ်ထပ်ရွတ်ဆိုစဉ် အချို့သောအထိမ်းအမှတ်များကို လှည့်ပတ်တက်ခြင်း (ဝါ) တောင်တက်ခြင်းအစဉ်အလာသည် မည်သူ့ကိုမဆို ဘုရားသခင်နှင့်အမှန်ပင်နီးကပ်စေသလော’ ဟု ကျွန်ုပ်တို့ကို ဆင်ခြင်တွေးတောစေသည်။ မဿဲ ၆:၆၊ ၇ တွင် အကြိမ်ကြိမ်အထပ်ထပ် ဆုတောင်းချက်များနှင့်ပတ်သက်၍ ယေရှုသြဝါဒကားအဘယ်နည်း။

ကျွန်ုပ်တို့သည် ဘာသာရေးအတွေ့အကြုံရှိရန် တောင်တက်ခြင်းမဟုတ်သည်မှာ အမှန်ပင်ဖြစ်သည်။ သို့တိုင် ကျွန်ုပ်တို့သည် ကမ္ဘာ့အံ့ဖွယ်များထဲတွင်ပါဝင်သည့် မည့်သည့်နေရာတွင်မဆိုရှိသော တောင်များကို ကိုယ်တော်၏ဖန်ဆင်းခြင်းအတွက် ကျေးဇူးတင်လေးမြတ်နိုင်သောကြောင့် မိမိတို့၏ဖန်ဆင်းရှင်နှင့် နီးကပ်နေသည်ဟု ခံစားရသည်။ တောင်အထွတ်မှနေ၍ ကျွန်ုပ်တို့သည် လှပသည့်တောတောင်ရေမြေရှုခင်းကို အကာအဆီးမရှိရှုမြင်ခံစားနိုင်သည့်အပြင် အတ္တလန္တိတ်သမုဒ္ဒရာကမ်းခြေကိုပင် တွေ့ရှိနိုင်သည်။ ကျွန်ုပ်တို့အောက်နားရှိ ပင်လယ်အော်တွင် ကျွန်းကလေးများသည် တလက်လက်တောက်ပနေရာ အခြားတစ်ဖက်ခြမ်းရှိ မျက်နှာပြင်မညီမညာနှင့် ကာရံထားသော တောင်ထူထပ်သည့်ဒေသနှင့် သိသိသာသာကွဲပြားသည်။

ကျွန်ုပ်တို့သည် ကွန်းထောက်နားခိုရာသုံးခုနှင့်ပတ်သက်၍ တွေးတောကြသည်။ မိမိနောက်တော်လိုက်များအား ယေရှုကိုယ်တော်တိုင်ဤသို့ပြောခဲ့သည့်အချိန်က စကားများ စိတ်ထဲတွင်ပေါ်လာသည်– “သင်တို့သည် ဆုတောင်းသောအခါ သာသနာပလူတို့နည်းတူ အချည်းနှီးသောစကားဖြင့် အထပ်ထပ်မမြွက်ကြနှင့်။ ထိုသူတို့သည် များစွာသောစကားအားဖြင့် မိမိတို့အလို ပြည့်စုံမည်ဟု ထင်မှတ်ကြ၏။”—မဿဲ ၆:၇။

ဤတောင်သည် ကြိုးကုတ်လုပ်ဆောင်ရသည့် အစဉ်အလာဖြင့် ထောင်နှင့်ချီသော လူများကိုချုပ်နှောင်ထားသည့် ရိုးရာထုံးတမ်းအဝင်ဖြစ်လာခဲ့ကြောင်း ကျွန်ုပ်တို့သိထားကြသည်။ ကျွန်ုပ်တို့သည် တမန်တော်ယောဟန်ဤသို့ပြောသည့် လွတ်လပ်မှုနှင့်မည်မျှဆန့်ကျင်ဘက်ဖြစ်ပုံကို ဆင်ခြင်မိကြသည်– “ပညတ်တော်တို့ကို စောင့်ခြင်းအရာသည် ဘုရားသခင်ကိုချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်။”—၁ ယောဟန် ၅:၃။

ကျွန်ုပ်တို့သည် ခရိုးပက်ထရစ်တောင်သို့ တက်ခြင်းအပါအဝင် အပျော်ခရီးထွက်ခြင်းအပေါ် နှစ်သက်ပျော်ရွှင်ကြသည်။ ယင်းက ကျွန်ုပ်တို့အား လူသားရှိရှိသမျှသည် ကျမ်းစာနှင့်မညီသည့် ထုံးစံဓလေ့များမှ လွတ်ကျွတ်ပြီး ကမ္ဘာ့မေတ္တာရှိဖန်ဆင်းရှင်ကို “နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း” ကိုးကွယ်ဝတ်ပြုလာနိုင်မည့်အချိန်ကို ရှုမျှော်ရန် လှုံ့ဆော်ပေးသည်။—ယောဟန် ၄:၂၄။

[စာမျက်နှာ ၂၇ ပါ လေးထောင့်ကွက်]

ဖူးမြော်ခြင်းခရီး၏ အဓိကထင်ရှားရာအကြောင်းများ

စိန့်ပက်ထရစ်နေ့တွင်၊ (ဝါ) ပွဲတော်ရှစ်ရက်အတွင်းတွင်၊ (ဝါ) ဇွန်၊ ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာလများအတွင်း အချိန်တစ်ချိန်ချိန်တွင် တောင်တက်သူများ၊ ဤပုပ်ရဟန်းမင်းကိုရည်စူးလျက် ဆုတောင်းဝတ်ပြုကျောင်းတွင် (ဝါ) အနီးတွင်ဆုတောင်းသည့်သူများသည် ထိုတောင်အထွတ်တွင် သို့မဟုတ် ဤအပတ်အတွင်းတွင် သွားရောက်အာပတ်ဖြေခြင်း၊ ကိုယ်တော်မြတ်ပင့်ခြင်းတို့၏အခြေအနေပေါ်တွင် အပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ရပေမည်။

အစဉ်အလာကွန်းထောက်နားခိုရာများ

“ကွန်းထောက်နားခိုရာ” သုံးခုမှာ (၁) ကတော့ပုံ (ဝါ) လျပ်ဘဲင်နွန်အောက်ခြေ၊ (၂) တောင်အထွတ်၊ (၃) တောင်၏ လျပ်ကန်ဝီး [မြို့တစ်မြို့] ဘက်ရှိ အတော်လှမ်းသည့် ရလစ်မွေရဲတို့ဖြစ်သည်။

ပထမကွန်းထောက်နားခိုရာ– လျပ်ဘဲင်နွန်

အဖူးအမြော်လာသူက ထိုကျောက်အစုအပုံကို ခုနစ်ကြိမ်ပတ်ပြီး သခင့်ပတ္ထနာ ၇ ကြိမ်၊ မာရီးယားကိုချီးမွမ်းကြ ၇ ကြိမ်နှင့် ယုံကြည်ချက် တစ်ကြိမ်ရွတ်ဆိုနေကြသည်။

ဒုတိယကွန်းထောက်နားခိုရာ– တောင်အထွတ်

(က) အဖူးအမြော်လာသူသည် သခင့်ပတ္ထနာ ၇ ကြိမ်၊ မာရီးယားကိုချီးမွမ်းကြ ၇ ကြိမ်နှင့် ယုံကြည်ချက် တစ်ကြိမ် ဒူးထောက်ကာရွတ်ဆိုသည်။

(ခ) အဖူးအမြော်လာသူသည် ပုပ်ရဟန်းမင်းကို ရည်စူးလျက် ဆုတောင်းဝတ်ပြုကျောင်းအနီးတွင် ဆုတောင်းသည်။

(ဂ) အဖူးအမြော်လာသူသည် ဆုတောင်းဝတ်ပြုကျောင်းကို ၁၅ ပတ် ပတ်လျှောက်ကာ သခင့်ပတ္ထနာ ၁၅ ကြိမ်၊ မာရီးယားကိုချီးမွမ်းကြ ၁၅ ကြိမ်၊ ယုံကြည်ချက် တစ်ကြိမ်ရွတ်ဆိုသည်။

(ဃ) အဖူးအမြော်လာသူသည် လျာဘာဖောရစ်ဂ် [ပက်ထရစ်၏အိပ်ရာ] ကို ၇ ကြိမ်ပတ်လျှောက်ကာ သခင့်ပတ္ထနာ ၇ ကြိမ်၊ မာရီးယားကိုချီးမွမ်းကြ ၇ ကြိမ်နှင့် ယုံကြည်ချက် တစ်ကြိမ်ရွတ်ဆိုသည်။

တတိယကွန်းထောက်နားခိုရာ– ရလစ်မွေရဲ

အဖူးအမြော်လာသူသည် ကျောက်အစုအပုံ တစ်ခုစီကို ၇ ကြိမ်ပတ်လျှောက်ပြီး တစ်ခုစီ [အစုအပုံ သုံးခုရှိသည်] တွင် သခင့်ပတ္ထနာ ၇ ကြိမ်၊ မာရီးယားကို ချီးမွမ်းကြ ၇ ကြိမ်နှင့် ယုံကြည်ချက် တစ်ကြိမ်ရွတ်ဆိုကာ နောက်ဆုံးတွင် ရလစ်မွေရဲတစ်ခုလုံးကိုပတ်ပြီး ၇ ကြိမ်ဆုတောင်းသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ