ကျွန်ုပ်တို့ အငြိမ်းစားမယူကြ!
“ကျွန်ုပ်တို့ အငြိမ်းစားမယူကြ” ဟူသည် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ တစ်မူထူးသောအိမ်တစ်လုံးသို့ သွားရောက်လည်ပတ်လျှင်သင် ရရှိမည့် အမှာစကားဖြစ်သည်။ ပျမ်းမျှအသက် ၇၀ ရှိ ယောက်ျားမိန်းမ ၂၂ ဦးပါဝင်သော မိသားစုတစ်စု ထိုတွင်နေထိုင်ကြသည်။ သူတို့ကို သွေးသားတော်စပ်ခြင်းအားဖြင့်မဟုတ်ဘဲ အားလုံးစိတ်ဝင်စားရာတစ်ခုဖြစ်သည့် သာသနာပြုလုပ်ငန်းအားဖြင့် ဖွဲ့နှောင်ထားခြင်းဖြစ်သည်။ သူတို့သည် စုစုပေါင်း နှစ် ၁,၀၂၆ ကြာ အချိန်ပြည့်ဟောပြောခြင်းလုပ်ငန်းတွင် စွဲစွဲမြဲမြဲလုပ်ဆောင်ခဲ့ကြသည်! ၎င်းထဲမှ အသက်အကြီးဆုံးသုံးဦးသည် ၁၉၁၀ ပြည့်နှစ်တွင် ဖွားမြင်ခဲ့သည်။ သူတို့ထဲမှ ခုနစ်ဦးသည် မိမိတို့၏ဆယ်ကျော်သက်နှစ်များ၌ အချိန်ပြည့်လုပ်ငန်းတော်တွင် စတင်ပါဝင်ခဲ့ကြသည်။ သူတို့ထဲမှ ကိုးဦးမှာမူ ဒုတိယကမ္ဘာစစ်အပြီး ဂျပန်နိုင်ငံတွင် ဘုရားသခင့် နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းတော် စတင်ကတည်းက ယင်း၏တိုးတက်ကြီးထွားမှုကို တွေ့မြင်ခဲ့ကြသည်။—ဟေရှာယ ၆၀:၂၂။
သို့သော် ဤခြောက်ထပ် ကင်းမျှော်စင်ဌာနခွဲအဆောက်အဦဟောင်းသည် အထူးသဖြင့် ဤတွင်နေထိုင်သော သာသနာပြုများ၏ ထူးကဲသောအာသီသစိတ်ကြောင့် အားပေးရာဌာနေတစ်ခုဖြစ်သည်။ သူတို့အများစုသည် အသက်အရွယ်၊ ကျန်းမာရေးချို့တဲ့မှုအလိုက် ကာယရေးအကန့်အသတ်များရှိကြသော်လည်း ဤဝိညာဏစစ်သား တစ်ဦးတစ်ယောက်မျှ လွယ်လွယ်နှင့်လက်မလျှော့ကြပါ။ ဂျပန်လူမျိုးယေဟောဝါသက်သေများသည် သူတို့အတွက် ဤအဆောက်အအုံကို အပြီးသတ်ပြုပြင်မွမ်းမံခဲ့ပြီး မြေအောက်ခန်းတွင် ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်ခုနှင့် လူစီးဓာတ်လှေကားတို့ကို စီစဉ်ပေးထားသည်။
သူတို့အားပျော်ရွှင်စေသည့်အရာ
ဤမျှနှစ်ပေါင်းများစွာ မိမိတို့၏တာဝန်ကို ထမ်းဆောင်ခဲ့ပြီးနောက် ဤသာသနာပြုများသည် ယင်းကို သူတို့၏ဌာနေအဖြစ် ယူမှတ်ကြသည်။ ဤမိသားစုတွင် အသက်အကြီးဆုံးတစ်ယောက်က “လွန်ခဲ့တဲ့နွေရာသီမှာ ခရိုင်စည်းဝေးကြီးအတွက် ဩစတြေးလျကို ပြန်သွားခဲ့တုန်းက နှစ်ပတ်ကုန်တဲ့အခါ ဌာနေကိုပြန်ဖို့ ကျွန်တော်အဆင်သင့်ဖြစ်နေပြီ” ဟု ပြောခဲ့သည်။ သူတို့သည် မိမိတို့တာဝန်ယူနေသည့် သူများကို ချစ်မြတ်နိုးကြပြီး သူတို့အတွက်နက်ရှိုင်းသောချစ်ခင်ကြင်နာမှုကို ပျိုးထောင်ထားကြပြီ။ သာသနာပြုအားလုံးသည် လွန်လေပြီးသောအချိန်က လုပ်ဆောင်မှုများကို ပြန်သတိရစေသည့် စာများ၊ ဖုန်းဆက်ခြင်းတို့ကို တန်ဖိုးထားကြသည်။
ဤသည်မှာ ကြိုးကြိုးစားစားဓမ္မအမှုဆောင်ခြင်း၏ ရလဒ်ဖြစ်သည်။ ယေဟောဝါကြောင့် ချစ်သောမေတ္တာ၏လှုံ့ဆော်မှုကြောင့် သာသနာပြုများသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို အခြေအနေအမျိုးမျိုးအောက်တွင် အရေးတကြီးဟောပြောခဲ့ကြသည်။ (၂ တိမောသေ ၄:၂ နှိုင်းယှဉ်။) “ကျွန်မတို့ဟာ ပျော်ရွှင်ဖို့ ကိုယ့်ကိုယ်ကို လေ့ကျင့်ထားတယ်၊ ယေဟောဝါရဲ့ အမှုတော်ကိုထမ်းဆောင်နေခြင်းကြောင့်ပါဘဲ” ဟု ဂျပန်နိုင်ငံတွင် ၃၇ နှစ်ကြာ အမှုတော်ထမ်းခဲ့သူ ဗိုင်ရာမက္ကာကဆိုသည်။ “တံခါးဝကို ဘယ်သူမှမလာရင်တောင် ကျွန်မတို့ဟာ ယေဟောဝါအကြောင်း သက်သေခံဖို့ အဲဒီမှရှိနေကြပါတယ်။”
ဤသာသနာပြုများထဲမှ ၁၂ ဦးမှာ အိမ်ထောင်မပြုခဲ့ကြသော်လည်း သူတို့သည် အာရုံပျံ့လွင့်ခြင်းမရှိဘဲ သခင်ဘုရားထံ ပျော်ပျော်ရွှင်ရွှင်နှင့် အမှုဆောင်နိုင်ကြသည်။ (၁ ကောရိန္သု ၇:၃၅) သူတို့ထဲမှတစ်ဦးဖြစ်သော ဂလက်ဒက်စ် ဂရီဂိုရီသည် သာသနာပြုအဖြစ် ၄၃ နှစ်ကြာ အမှုတော်ထမ်းခဲ့သည်။ သူမဤသို့ဆိုသည်– “ယေဟောဝါရဲ့လုပ်ငန်းတော်အတွက် ပိုပြီးလွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်ဖို့၊ ရှေ့ဆောင်လုပ်ငန်း၊ နောက်ပိုင်းမှာ ဂိလဒ် [ဂိလဒ် ကင်းမျှော်စင် ကျမ်းစာကျောင်း] နဲ့ အဲဒီနောက်မှာ သာသနာပြုလုပ်ငန်းကို ဝင်ရောက်ခဲ့ပါတယ်။ အပျိုကြီးလုပ်မယ်လို့ ကတိဝန်ခံချက်မပေးခဲ့ဘဲ တစ်ကိုယ်တည်းနေခဲ့တယ်။ မိတ်ဆွေတော်တော်များများလို ကျွန်မဟာ တစ်ကိုယ်ရေဖြစ်နေတာကို တစ်ခါမှ ဝမ်းမနည်းမိခဲ့ဘူး။”
အလိုက်သင့်ပြုပြင်ရန် တလိုတလားရှိ
အချို့သူများသည် အသက်အရွယ်ထောက်လာသည်နှင့်အမျှ ဇွတ်တရွတ်နိုင်လာသော်လည်း ဤသာသနာပြုများမူ အလိုက်သင့်ပြုပြင်ရန် တလိုတလားရှိခဲ့ကြသည်။ လိုးဝစ္စ ဒိုင်ရာ၊ မယ်လီ ဟဲရမ်၊ လာနာနှင့် မာဂရစ်တ် ဗင်တီလားတို့သည် တိုကျိုမြို့ လူနေရပ်ကွက်တွင်ရှိ အတန်ငယ်သေးသော သာသနာပြုအိမ်တွင် နေကြသည်။ သူတို့သည် အနှစ် ၂၀ ထက်မနည်း ဤတွင်နေထိုင်ခဲ့ကြရာ ဤဒေသရှိသူများကို သံယောဇဉ်တွယ်ခဲ့ကြသည်။ သူတို့၏ရပ်ကွက်တွင် ဗင်တီလားညီအစ်မတို့၌ မဂ္ဂဇင်းလမ်းကြောင်း ၄၀ ရှိပြီး မယ်လီနှင့် လိုးဝစ္စတို့တွင် ၇၄ ခုရှိသည်။ ထို့နောက်အဖွဲ့အစည်းက တိုကျိုမြို့လယ်ရှိ ခြောက်ထပ်သာသနာပြုအိမ်သို့ ပြောင်းရွှေ့ခိုင်းသည်။ “ပထမတော့ စိတ်မကောင်းဖြစ်မိပြီး မပျော်ဘူး” ဟု လာနာက ဝန်ခံသည်။ သို့သော် သူတို့သည် အမြဲလိုလိုပင် တာဝန်အသစ်၌ အလိုက်သင့်ပြောင်းလဲခဲ့ကြသည်။ ယခု သူတို့မည်သို့ခံစားကြရသနည်း။ “သိပ်ပျော်တယ်” ဟု လာနာက ဖြေသည်။ “အခု ညီအစ်ကိုနှစ်ယောက်က ကျွန်မတို့အတွက် ချက်ပြုတ်ပေး၊ အိမ်ကို သန့်ရှင်းပေးတယ်။ ကျွန်မတို့ကို ကောင်းကောင်းဂရုစိုက်တယ်။” သူတို့အားလုံးသည် လိုးဝစ္စဤသို့ပြောခဲ့သည့် စကားကို သဘောတူသည်– “ယေဟောဝါအဖွဲ့အစည်းရဲ့ မေတ္တာပါစောင့်ရှောက်မှုက ကျွန်မတို့ကို ဆက်လက်မြဲမြံစေဖို့ ထောက်ကူပေးပါတယ်။”
နိုရင်းသော်မစင်သည်လည်း အခြေအနေသစ်၌ အလိုက်သင့်ပြုပြင်ခဲ့သည်။ “ဂျပန်နိုင်ငံတစ်ခုလုံးမှာမှ ခရိုင်တစ်ခုတည်းသာရှိတုန်းက လင်သား [နယူးဇီလန် ဇာတိ] နဲ့အတူ ၁၅ နှစ်ကြာ ခရိုင်လုပ်ငန်းမှာ လုပ်ဆောင်ခွင့်ရခဲ့ပါတယ်” ဟုသူမကဆိုသည်။ သို့သော် သူမ၏လင်သားကျန်းမာရေး အခြေအနေဆိုးရွားလာရာ အသက်တာတွင် အကြီးမားဆုံးစုံစမ်းခြင်းကို ကျော်လွှားခဲ့ရသည်—လွန်ခဲ့သည် ၁၈ နှစ်က သူသေဆုံးခဲ့သည်။ သူမက “အဲဒီအချိန် သာသနာပြုလုပ်ငန်းမှာ ဆက်လက်ရပ်တည်နိုင်စေတာကတော့ ဂျပန်နိုင်ငံတစ်ဝန်းမှာရှိတဲ့ ညီအစ်ကိုများပြတဲ့မေတ္တာနဲ့ ဆုတောင်းခြင်းအပါအဝင် လုပ်ငန်းတော်မှာ ဆက်ပြီးအလုပ်များနေခြင်းတို့ပါပဲ” ဟုဆိုသည်။
ကျန်းမာရေးအခက်အခဲများအောက် ခံရပ်ခြင်း
“အများစုမှာ ကျန်းမာရေးအခက်အခဲတစ်ခုခုတော့ ရှိကြတာပါပဲ။ ဒါပေမဲ့ သူတို့ဟာ ကြည်လင်ရွှင်ပျနေပြီး အမှုဆောင်လိုတဲ့ သူတို့ရဲ့ဆန္ဒဟာ ထင်ရှားပေါ်လွင်တဲ့ အရည်အသွေးပါပဲ” ဟု သာသနာပြုအိမ်၏ ကြီးကြပ်မှူးဖြစ်သူ အဲလ်ဘတ်ပါစတာက ဆိုသည်။ သာသနာပြုများကို စောင့်ရှောက်ဖို့ရန် ဆရာဝန်တစ်ဦးနှင့် သူနာပြုဖြစ်သော သူ၏ဇနီးသည်တို့ကို ဤအိမ်တွင် တာဝန်ပေးထားသည်။
လွန်ခဲ့သော သုံးနှစ်ခန့်က နေ့တစ်နေ့တွင် ဂိလဒ်ကျောင်း၏ ၁၁ ကြိမ်မြောက် ကျောင်းဆင်းတစ်ယောက်ဖြစ်သူ အယ်လ်စီ တာနီဂါးဝါသည် သူမ၏ဝဲဘက်မျက်စိ ရုတ်တရက်အလင်းကွယ်သွားသည်။ လေးလကြာပြီးနောက် သူမ၏ယာဘက် မျက်စိလည်း အလားတူကွယ်သွားသည်။ “တစ်ခါတလေ တစ်ချိန်က ကျွန်မထမ်းဆောင်နိုင်ခဲ့သလို မထမ်းဆောင်နိုင်တော့ပါလားဆိုပြီး နည်းနည်းတော့စိတ်ပျက်အားလျော့မိတယ်။ ဒါပေမဲ့လည်း အဖွဲ့အစည်းရဲ့ ပြင်ဆင်ပေးမှုမှန်သမျှနဲ့ ကျွန်မရဲ့လုပ်ဖော်ဆောင်ဖက်နဲ့ အခြားသူတွေရဲ့ မေတ္တာပါကူညီထောက်ပံ့မှုက ယေဟောဝါရဲ့လုပ်ငန်းတော်မှာ ဆက်ပြီးပျော်ရွှင်မှု ရရှိစေပါတယ်” ဟု အယ်လ်စီက ဆိုသည်။
အယ်လ်စီ၏ဂိလဒ်ကျောင်းနေဖက်များဖြစ်ကြသော ရှီနီချီ တိုဟာရာနှင့် သူ၏ဇနီး မာစာကိုတို့သည် လွန်ခဲ့သောနှစ်အနည်းငယ်က သူတို့၏ကျန်းမာရေးနှင့်ပတ်သက်၍ စုံစမ်းမှုများစွာ ရင်ဆိုင်ခဲ့ရသည်။ အဟောအပြောကျွမ်းကျင်သူ ရှီနီချီအတွက် သူ၏မျက်စိချို့ယွင်းမှုကြောင့် မှတ်စုကို မမြင်နိုင်ဘဲဖြစ်နေခြင်းသည် ကြီးမားသောစိန်ခေါ်မှုဖြစ်သည်။ မကြာမီနှစ်များတွင် ခွဲစိတ်မှုအကြီးစားနှင့်အသေးစားပြုထားသော်လည်း ယခုသူကူညီပေးနေသည့် အသက် ၉၀ ရှိကျမ်းစာသင်သားအကြောင်း ပြောသောအခါတွင် သူ၏မျက်လုံးများသည် ရွှန်းလက်တောက်ပနေသည်။
“ကိုယ်ခန္ဓာ၌လျှိုသောတံကျင်” ရှိနေရလင့်ကစား ဤသာသနာပြုများသည် မိမိတို့၏အားနည်းမှုများကို တမန်တော်ပေါလု ပြောခဲ့သကဲ့သို့ မှတ်ယူသည်– “ငါသည် အားနည်းသည့်အခါ ခွန်အားနှင့်ပြည့်၏။” (၂ ကောရိန္သု ၁၂:၇-၁၀၊ သမ) သူတို့သည် အမှန်ပင် ခွန်အားနှင့်ပြည့်နေကြသည်တကား! သူတို့သည် နံနက်တိုင်း ခုနစ်နာရီတွင် နံနက်ဝတ်ပြုမှုအတွက် ထကြရသည်။ နံနက်စာစားပြီးနောက် ကာယရေးတတ်နိုင်သူများသည် နံနက်စောစော လယ်ကွင်းဓမ္မအမှုတွင် ပါဝင်ကြသည်။
ရစ်ချဒ်နှင့် မာတဲလ် ရှီးရိုးမားတို့သည် မှန်မှန်အမှုဆောင်ထွက်သူများထဲတွင် ပါဝင်သည်။ မာတဲလ်ခမျာ ၁၉၇၈ ခုနှစ်တွင် ဦးနှောက်သွေးလွှတ်ကြောငယ်မာကျစ်ရောဂါကြောင့် လေဖြတ်သွားသော်လည်း ၁၉၈၇ ခုနှစ် နိုဝင်ဘာလအထိ လင်သားနှင့်အတူ နယ်လှည့်လုပ်ငန်းတွင် အတူတကွလုပ်ဆောင်ခဲ့သည်။ ယခု အသက် ၇၀ ရှိပြီဖြစ်သော ရစ်ချဒ်သည် မာတဲလ်ကို အစစအရာရာကူညီပေးသည်။ သူသည် နံနက် ၅:၀၀ အိပ်ရာထ၊ သူမ၏အိပ်ရာကိုသိမ်းပေး၊ ရေချိုးပေး၊ အဝတ်အစားလဲပေး၊ ဖြီးလိမ်းပေးပြီး သူမကို ဇွန်းနှင့်ခွံ့ကျွေးသည်။ ထို့နောက် နံနက်တိုင်းလယ်ကွင်းလုပ်ငန်းအတွက် ဘီးတပ်ကုလားထိုင်ပေါ်သူမကိုတင်ကာ တစ်နာရီခန့် တစ်အိမ်မှတစ်အိမ်သွားပြီးနောက် ဘတ်စကားမှတ်တိုင်များတွင် လူများကို သက်သေခံသည်။ မာတဲလ်သည် စကားမပြောနိုင်တော့သော်လည်း သူမပြောသည့် နောက်ဆုံးစကားလုံးများမှာ “ကြေညာခြင်း၊ ကြေညာခြင်း” အတွက် ဂျပန်စကားဖြစ်သော ဒန်ဒို၊ ဒန်ဒို ဖြစ်သည်။
သူတို့၏သမီး စန္ဒြာ စူမီဒါသည် သူတို့ကို အကူအညီပေးရန် သာသနာပြုအိမ်သို့ပြောင်းလာသည်။ စန္ဒြာသည် များမကြာခင်က သူမ၏ချစ်မြတ်နိုးရသော ခင်ပွန်း နှလုံးရောဂါနှင့် ဆုံးပါးသွားခဲ့သည်။ သူမသည် မိမိခင်ပွန်းနှင့်အတူ သာသနာပြုအဖြစ် အမှုထမ်းခဲ့သည့် ဂူအန်မှ ဂျပန်သို့ပြန်ရန် စီစဉ်ပေးသည့် ကင်းမျှော်စင်အသင်း၏ ကြင်နာမှုရှိသော အစီအစဉ်ကို အထူးကျေးဇူးတင်လေးမြတ်သည်။ “ကျွန်မဟာ ဂူအန်မှာရှိတဲ့အတွက်ကြောင့် မိဘတွေကို များများစားစားမကူညီခဲ့ရပါလားဆိုပြီး အမြဲတမ်းခံစားရတယ်။ ညီမလေးဂျိုအဲန်းက ဒီအိမ်မှာ သူတို့ကို ပြုစုစောင့်ရှောက်ခဲ့ပါတယ်။ ဒါကြောင့် အခွင့်အရေးပွင့်လာတော့ ကျွန်မ အရမ်းကိုကျေနပ်သွားတာပါပဲရှင်။ ကျွန်မရဲ့ခင်ပွန်း ရုတ်တရက်သေဆုံးသွားကတည်းက ဒီမှာလိုအပ်နေတယ်ဆိုတဲ့ ခံစားမှုဟာ ကျွန်မရဲ့ ကုထုံးဖြစ်ခဲ့တယ်။”
စိုးရိမ်မကင်းဖြစ်နေရတုန်းပင်
သာသနာပြုများသည် ဇရာထောင်းနေလျက်ပင် သူတို့၏သာသနာပြုစိတ်ဓာတ်ကို စွန့်လွှတ်ရန် ငြင်းဆန်ကြသည်။ (ဆာလံ ၉၀:၁၀; ရောမ ၅:၁၂) ဂျယ်ရီနှင့် ယိုရှီတိုမာတို့သည် ဂျပန်သို့ ဦးဦးဆုံးလာသော ဂိလဒ်ကျောင်းဆင်းများထဲတွင် ပါဝင်ပြီး ရှီဘူရာမြို့ထဲတွင်ရှိ စီးပွားရေးရပ်ကွက်တွင် အမှုဆောင်ထွက်နေကြတုန်းပင်ဖြစ်သည်။ “၁၉၄၉ ခုနှစ်မှာ ဒီမှာတည်ဆောက်ထားတဲ့ နှစ်ထပ်အဆောက်အအုံကို ကျွန်မတို့ရောက်ခဲ့စဉ်က ဗုံးကျင်းတစ်ခုကနေ တစ်ခုကိုသွားခဲ့ကြတယ်။ အခုတော့တိုကျိုဟာ မြို့တော်ကြီးအဖြစ်ကို ပြောင်းလဲသွားပြီ။ ကျွန်မတို့အသက်အရွယ်က အိုမင်းပြီဆိုတော့ နဂိုကလုပ်သလောက် မလုပ်နိုင်ကြတော့ဘူးပေါ့။ ဒါပေမဲ့ ဟောပြောပြီးလို့ပြန်လာတဲ့အခါမှာ တကယ့်ကို လန်းဆန်းသွားတာပဲ” ဟု ယိုရှီက ဆိုသည်။
လေးလီယန် စမ်မ်စင်သည် ဂျပန်နိုင်ငံတွင် အနှစ် ၄၀ ကြာသည့် သာသနာပြုတစ်ယောက်ဖြစ်ပြီး သူ၏ဓမ္မအမှုတွင် အလွန်ပျော်ပိုက်လေသည်။ “ကျွန်မရဲ့အဖော်ဖြစ်တဲ့ အက်ဒ်လင် နာကိုက နာမကျန်းဖြစ်တဲ့ သူမရဲ့အမေကို ပြုစုစောင့်ရှောက်ဖို့ ဟာဝိုင်ယီကို ပြန်သွားတဲ့အတွက်ကြောင့် အသက် ၈၀ အရွယ်ရှိ သူမရဲ့သင်အံမှုကို အခုကျွန်မက ကူညီပေးနေပါတယ်။ အဲ့ဒီအမျိုးသမီးဟာ ဘိုးဘေးကိုးကွယ်မှုအခက်အခဲကို ကျော်လွှားခဲ့ပြီးနောက် မကြာခင် ဘုရားသခင့် နိုင်ငံတော်ကြေညာသူတစ်ယောက် ဖြစ်လာပါတယ်။ သူမဟာ ဝတ်ကျောင်းကိုသွားပြီး ‘ကျွန်မတော့ ခရစ်ယာန်ဘာသာဘက်ကို ပြောင်းဝင်တော့မယ်’ ဆိုပြီး ပုရောဟိတ်ရဲ့ ဇနီးကို ပြောခဲ့တယ်လေ!” သူမ၏ဘဝတွင် ဤကဲ့သို့သော ပျော်ရွှင်မှုများနှင့်အတူ လေးလီယန်သည် ၁၉ နှစ်အရွယ်တွင်လောကအလုပ်မှထွက်ပြီး ရှေ့ဆောင်စလုပ်ခဲ့သည့် နေ့ကို ဘယ်တော့မျှဝမ်းမနည်းခဲ့ပါ။
ရုသ် အဲရစ်ခ်နှင့် မာသ ဟက်စ်တို့သည် ၄၅ နှစ်ကျော်သည့် သာသနာပြုတွဲဖက်များဖြစ်ပြီး ဤသာသနာပြုအိမ်မှနေ၍ ၃၅ နှစ်ကြာအမှုဆောင်ခဲ့ကြသည်။ သူတို့သည် ရပ်ကွက်ထဲတွင် ကောင်းကောင်းအခြေချခဲ့ကြသည်။ တစ်ကြိမ်တွင် တိုက်နယ်ကြီးကြပ်မှူးက မာသအား ဤသို့မေးခဲ့သည်– “တံခါးတစ်ခုကနေ တစ်ခုကို သွားတဲ့အခါ ညီအစ်မရဲ့ မျက်နှာကို ငှားပေးနိုင်မလား။” တိုက်နယ်ကြီးကြပ်မှူးက စကားစပြောဖို့အခက်တွေ့နေချိန်မှာ လူများသည် မာသ၏မျက်နှာသိများဖြစ်ကြရာ မဂ္ဂဇင်းများကို ယူခဲ့ကြသည်။
ရုသ်တွင် ကျန်းမာရေးအခက်အခဲများကြောင့် စာမဖတ်နိုင်သည့် အမျိုးသမီးတစ်ဦး သူမ၏မဂ္ဂဇင်းလမ်းကြောင်းတွင်ရှိသည်။ အမျိုးသမီးသည် မဂ္ဂဇင်းများကို လက်ခံတုန်းဖြစ်ပြီး ဘုရားသခင်ကိုလူသားများရှာပုံတော် [လိပ်] လက်စွဲစာအုပ်ကိုပင် လက်ခံယူခဲ့သည်။ စာပေများကို မည်သူမျှ ဖတ်ဟန်မတူသောကြောင့် မဂ္ဂဇင်းများကို ဆက်လက်ဝေငှသင့်မသင့်ကို ရုသ်တွေးတောခဲ့သည်။ ထို့နောက် တစ်နေ့တွင် ထိုအမျိုးသမီး၏ လင်ယောက်ျားက ရှာပုံတော်စာအုပ်နှင့် ရုသ်ထံသို့ ချဉ်းကပ်လာပြီး ဤသို့ပြောသည်– “ဒီစာအုပ်ဟာ အံ့မခန်းဖွယ်စာအုပ်ပါပဲ! ကျွန်တော် နှစ်ခေါက်တောင်ဖတ်ပြီးပြီ။” ရုသ်သည် သူတို့လင်မယားနှင့် ကျမ်းစာစသင်ခဲ့သည်။
ဤသာသနာပြုအိမ်ကိုယ်နှိုက်သည်ပင် စိတ်ဝင်စားသူများကို ဆွဲဆောင်နေသည်။ တစ်ညနေတွင် လူငယ်တစ်ဦး ဤအိမ်သို့လာပြီး ဤသို့ပြောသည်– “ကျွန်တော်ဒီကိုလာမယ်ဆိုရင် ကျမ်းစာလေ့လာဖို့ အကူအညီရနိုင်တယ်ဆိုတာ သိထားတယ်လေ။” သူနှင့်ကျမ်းစာသင်အံမှုစခဲ့သည်။ သူသည် တရုတ်စားသောက်ဆိုင်တစ်ခုတွင် ထမင်းချက်တစ်ယောက်အဖြစ် နှစ်အတော်ကြာက နှင်ထုတ်ခံခဲ့ရသော အမျိုးသမီးတစ်ဦးနှင့်အတူ အလုပ်လုပ်ခဲ့သည်။ စားသောက်ဆိုင်တွင် ကြေညာသူတစ်ဦး ဝေငှသွားသော မဂ္ဂဇင်းသည် မီးဖိုချောင်ထဲရောက်နေသည်။ ထမင်းချက်လူငယ်က ယင်းတို့ကိုကြိုက်သွားပြီး ယခင်သက်သေခံဖြစ်ခဲ့ဖူးသူကို မေးခွန်းများ စပြီးမေးတော့သည်။ ယင်းတို့ကို မဖြေနိုင်ရာ သူမက သာသနာပြုအိမ်သို့ သွားလည်ပတ်ရန် ပြောသည်။ ယခုသူသည် ဓမ္မအမှုထမ်းရှေ့ဆောင်တစ်ယောက်အဖြစ် အမှုဆောင်နေသည်။ အချိန်တန်သော် နှင်ထုတ်ခံအမျိုးသမီးကို ပြန်လက်ခံပြီး နောက်ဆုံးတွင် သူမလည်း မှန်မှန်ရှေ့ဆောင်ဖြစ်လာသည်။
ဤတွင်ရှိသာသနာပြုအားလုံးတို့သည် ယေဟောဝါသူတို့အတွက် ပြုလုပ်ပေးရာများကို ကျေးဇူးတင်လေးမြတ်ကြသည်။ သူတို့သည် ဩစတြေးလျ၊ ကနေဒါ၊ ဟာဝိုင်ယီ၊ ဆွစ်ဇာလန်နှင့် အမေရိကန်နိုင်ငံတို့မှဖြစ်ကြပြီး ၁၁ ဦးမှာ ၁၁ ကြိမ်မြောက်နှင့် ယင်းထက်စောသော ဂိလဒ်သာသနာပြုသင်တန်းကျောင်းမှ ဖြစ်ကြသည်။ သူတို့သည် ဂျပန်နိုင်ငံတွင် ဘုရားသခင့်နိုင်ငံတော်လုပ်ငန်း၏တိုးတက်မှုကို တွေ့မြင်ခဲ့ကြပြီး ဤသို့ပြောခဲ့သည့် ဘုရင်ဒါဝိဒ်၏စိတ်ထားနှင့် တူညီသည်– “ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းကို ခံရသည်အကြောင်း သူ၏သားမြေးတို့သည် တောင်း၍စားရသည်အကြောင်းကို ငါသည်အသက်ပျိုသည်ကာလမှစ၍ အိုသည်တိုင်အောင်မမြင်စဖူး။” (ဆာလံ ၃၇:၂၅) ဘုရားသခင့်မေတ္တာပါ စောင့်ရှောက်မှုကို ကျေးဇူးတင်လေးမြတ်ခြင်းဖြင့် ဤသာသနာပြုများသည် အငြိမ်းစားယူရန်မဟုတ်ဘဲ ယေဟောဝါထံအမှုတော် ဆက်လက်ထမ်းဆောင်ရန် စိတ်ဆုံးဖြတ်ထားကြသည်။