မိုင်မိုနိုင်ဒက်စ်—ဂျူးဘာသာရေးကို တစ်ဖန်ပြဋ္ဌာန်းဖော်ပြသူ
“မိုးဇက်မှမိုးဇက်အထိ မိုးဇက်နှင့်တူသူ တစ်ယောက်မျှမရှိ။” ဤပဟေဠိဆန်သောစကားသည် ၁၂ ရာစုဂျူးအတွေးအခေါ်ပညာရှင်၊ ဥပဒေကျမ်းရေးဆွဲသူ၊ တာလ်မွဒ်ကျမ်းနှင့် ကျမ်းစာစောင်များကို ဋီကာဖွင့်သူ မိုးဇက်ဘင်မိုင်မို—မိုင်မိုနိုင်ဒက်စ်ဟူ၍လည်းကောင်း၊ ရမ်ဘမ်ဟူ၍လည်းကောင်း—အမည်တွင်သူကို ချီးမြှင့်ထားခြင်းဖြစ်ကြောင်း ဂျူးများစွာသိမှတ်ကြမည်။aယနေ့မိုင်မိုနိုင်ဒက်စ်ကို သိသူရှားသော်လည်း ထိုသူ၏ခေတ်တွင် ဂျူး၊ မွတ်စလင်နှင့် ချာ့ချ်အတွေးအခေါ်တို့အပေါ် သူ၏စာပေများက အလွန်သြဇာလွှမ်းမိုးခဲ့သည်။ သူသည် ဂျူးဘာသာရေးကို အခြေအမြစ်ကျကျ တစ်ဖန်ပြဋ္ဌာန်းဖော်ပြခဲ့သည်။ မိုင်မိုနိုင်ဒက်စ်က မည်သူနည်း။ သူ့အား “ဒုတိယမောရှေ” အဖြစ်ဂျူးများစွာတို့က အဘယ်ကြောင့်ယူမှတ်ကြသနည်း။
မိုင်မိုနိုင်ဒက်စ်သည် မည်သူနည်း
မိုင်မိုနိုင်ဒက်စ်သည် ၁၁၃၅ ခုနှစ်တွင် စပိန်နိုင်ငံ၊ ကော်ဒိုဘာမြို့တွင် မွေးဖွားခဲ့သည်။ သူ၏အစောပိုင်းဘာသာရေးသွန်သင်လေ့ကျင့်မှုကို ဖခင်ဖြစ်သူ မိုင်မိုက ပေးခဲ့သည်။ ဖခင်သည်လည်း ထင်ရှားသော ရဗ္ဗိမျိုးရိုးမှ နာမည်ကျော်ပညာရှင်တစ်ဦးဖြစ်သည်။ ၁၁၄၈ ခုနှစ်တွင် ကော်ဒိုဘာမြို့ကို အဲလ်မိုဟဒ်တို့ သိမ်းပိုက်ခဲ့စဉ် ဂျူးတို့သည် အစ္စလာမ်ဘာသာသို့ဝင်လျှင်ဝင်၊ မဝင်လျှင် အလွတ်ရုန်းထွက်ပြေးရသည့်အရေးနှင့် ကြုံခဲ့ကြရသည်။ ယင်းကြောင့် မိုင်မိုနိုင်ဒက်စ်၏မိသားစုသည် ကြာမြင့်စွာလှည့်လည်ရွှေ့ပြောင်းနေခဲ့ကြရသည်။ ၁၁၆၀ ပြည့်နှစ်တွင် မိုရော်ကိုနိုင်ငံ၊ ဖက်ဇ်မြို့၌ အခြေချကြသည်။ ထိုတွင် သမားတော်သင်တန်းတက်ခဲ့သည်။ ၁၁၆၅ ခုနှစ်တွင် သူ၏မိသားစုသည် ပါလက်စတိုင်းနိုင်ငံသို့ ထွက်ပြေးကြရသည်။
သို့သော် အစ္စရေးနိုင်ငံတွင် အခြေအနေမတည်ငြိမ်ပါ။ ဂျူးလူနည်းစုသည် ခရစ်ယာန်ဘောင်၏ ခရူးဆိတ်တပ်သားနှင့် မွတ်စလင်တပ်သားများ၏ရန်ကိုပါ ကြောက်နေကြရသည်။ “သန့်ရှင်းရာပြည်တော်” ၌ ခြောက်လပင်မရှိသေးချိန်တွင် မိုင်မိုနိုင်ဒက်စ်နှင့်သူ၏မိသားစုသည် အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့ဟောင်းဖြစ်သည် ဖုစတာ့မြို့၌ ခိုလှုံနေကြရသည်။ ဤနေရာတွင် မိုင်မိုနိုင်ဒက်စ်၏ပင်ကိုစွမ်းရည်သည် အပြည့်အဝအသိအမှတ်ပြုခံရသည်။ ၁၁၇၇ ခုနှစ်တွင် ဂျူးအုပ်စု၏ခေါင်းဆောင်ဖြစ်လာလေသည်။ ၁၁၈၅ ခုနှစ်တွင် နာမည်ကျော်ကြားသော မွတ်စလင်ခေါင်းဆောင် ဆာလက်ဒင်၏သမားတော်အဖြစ် သူခန့်အပ်ခံရသည်။ မိုင်မိုနိုင်ဒက်စ်ကွယ်လွန်သည့် ၁၂၀၄ ခုနှစ်တိုင်အောင် ဤရာထူးနှစ်ခုစလုံးကို သူထမ်းဆောင်သွားပါသည်။ ဆေးဘက်ဆိုင်ရာ သူ၏အကဲဖြတ်သုံးသပ်ချက်သည် ကျော်ကြားလွန်းလှသဖြင့် ဝေးလံသော အင်္ဂလန်နိုင်ငံမှ ခြင်္သေ့စိတ်ထားရှိ ရစ်ချဒ်ဘုရင်ကပင် မိမိ၏ကိုယ်ရေးသမားတော်အဖြစ် သူ့အားကြိုးစားသွေးဆောင်ခဲ့သည်ဟူ၏။
သူအဘယ်အရာကို ပြုစုရေးသားခဲ့သနည်း
မိုင်မိုနိုင်ဒက်စ်သည် စာပေများစွာ ပြုစုရေးသားနိုင်သူတစ်ဦးဖြစ်သည်။ မွတ်စလင်များ၏ရန်ကိုရှောင်နေစဉ် ပုန်းအောင်းနေသည့်အခါနှင့် ထွက်ပြေးတိမ်းရှောင်ချိန်တွင်ပင် သူ၏ဦးဆုံးအဓိကအရေးအသား Commentary on the Mishnahbကိုပြုစုရေးသားခဲ့သည်။ အာရပ်ဘာသာစကားဖြင့်ရေးသားထားသည့် ယင်းစာစောင်သည် မစ်ရှ်နာပါ အယူအဆများနှင့်ဝေါဟာရများစွာကို ရှင်းလင်းဖော်ပြရာမှ တစ်ခါတစ်ရံဂျူးဘာသာရေးနှင့်ပတ်သက်၍ မိုင်မိုနိုင်ဒက်စ်၏အတွေးအခေါ်ကို ရှင်းပြခြင်းဖြင့် ဘေးသို့ချော်ထွက်သွားပါသည်။ Sanhedrin ဋီကာကိုရှင်းပြသည့်အပိုင်းတွင် မိုင်မိုနိုင်ဒက်စ်သည် ဂျူးယုံကြည်ချက်၏ အခြေခံမူ ၁၃ ခုကိုပုံသေချမှတ်ပါသည်။ ဂျူးဘာသာရေးသည် ထုံးစံနည်းလမ်းအတိုင်း လိုက်ရမည့်အယူဝါဒ သို့မဟုတ် ယုံကြည်ခြင်းထုတ်ဖော်ပြောဆိုချက်များကို တစ်ခါမျှချမှတ်မထားပါ။ ယခုမူကား မိုင်မိုနိုင်ဒက်စ်၏ ယုံကြည်ချက် အခြေခံမူ ၁၃ ခုတို့သည် ဂျူးအယူဝါဒဆိုင်ရာ အစဉ်အဆက် ပုံသေနည်းများ၏ မူရင်းစံနမူနာဖြစ်လာလေသည်။—စာမျက်နှာ ၂၃ အကွက်ရှု။
မိုင်မိုနိုင်ဒက်စ်သည် ရူပဖြစ်စေ ဝိညာဏဖြစ်စေ အရာခပ်သိမ်းတို့၏ ကျိုးကြောင်းညီပုံကို ရှင်းပြရန် ကြိုးစားခဲ့သည်။ ယုံလွယ်ခြင်းကို သူငြင်းပယ်ပြီး ကျိုးကြောင်းညီညွတ်သောသက်သေများနှင့် ဆင်ခြင်တုံတရားအဖြစ် သူယူမှတ်ထားသည့်အရာအပေါ်အခြေခံ၍ အရာခပ်သိမ်းအတွက် အဖြေရှာယူတတ်သည်။ ဤပင်ကိုသဘောကြောင့် သူ၏လက်ရာပြောင်မြောက်သောစာပေ—Mishneh Torah—ကိုပြုစုရေးသားဖြစ်လေသည်။c
မိုင်မိုနိုင်ဒက်စ်လက်ထက်တွင် ဂျူးတို့က “တိုရာ” သို့မဟုတ် “ပညတ်တရား” သည် မောရှေမှတ်တမ်းတင်ရေးသားခဲ့သော စကားများသာမက ရာစုနှစ်များတစ်လျှောက် ဤပညတ်တရားကို ရဗ္ဗိဆရာများ၏ ရှင်းပြထားချက်များပါ ပါဝင်သည်ဟု ယူမှတ်ကြသည်။ ဤအယူအဆများကို တာလ်မွဒ်ကျမ်းအပြင် တာလ်မွဒ်ကျမ်းနှင့်ပတ်သက်၍ ရဗ္ဗိဆရာများ၏ဆုံးဖြတ်ချက်များနှင့် အရေးသားများတွင် မှတ်တမ်းတင်ထားသည်။ ဤအကြောင်းအရာအားလုံးတို့၏ အရေအတွက်များလွန်းခြင်းနှင့် စည်းစနစ်ကျနမှုမရှိခြင်းတို့က သာမန်ဂျူးတစ်ဦးအား မိမိ၏နေ့စဉ်ဘဝအသက်တာတွင် ဆုံးဖြတ်ချက်များမချနိုင်သည်တိုင်ဖြစ်စေကြောင်း မိုင်မိုနိုင်ဒက်စ် အသိအမှတ်ပြုပါသည်။ လူအများစုသည် မိမိတို့၏အသက်တာတွင် ရဗ္ဗိစာပေအားလုံးကို လေ့လာနိုင်ခြင်းမရှိချေ။ စာပေအများတို့သည် ခဲယဉ်းသောအာရမိတ်စကားဖြင့် ရေးသားထား၍ဖြစ်သည်။ ယင်းအခက်အခဲကိုပြေလည်စေရန် ထိုအချက်အလက်များကို မိုင်မိုနိုင်ဒက်စ်က တည်းဖြတ်ပေးပြီး လက်တွေ့ကျဆုံးဖြတ်ချက်တို့ကို ပေါ်လွင်စေကာ စာအုပ်ပေါင်း ၁၄ အုပ်ဖြင့် စည်းစနစ်ကျနစွာ သက်ဆိုင်သည့်အကြောင်းအရာများအလိုက် ခွဲခြားသတ်မှတ် စီစဉ်ရေးသားပေးပါသည်။ သူသည် အလွန်ပြောင်မြောက်၊ ရှင်းလင်းပြေပြစ်သော ဟေဗြဲဘာသာစကားဖြင့် ယင်းတို့ကိုရေးသားထားသည်။
Mishneh Torahသည် အလွန်လက်တွေ့ကျသောလမ်းညွှန်ဖြစ်သောကြောင့် တာလ်မွဒ်ကျမ်းနေရာတွင် ယင်းအားအစားထိုး အသုံးပြုသွားမည်ကို ဂျူးခေါင်းဆောင်အချို့က စိုးရိမ်ကြသည်။ သို့ဖြစ်လင့်ကစား ကန့်ကွက်သူများပင် ထိုအရေးအသား၏ ထူးခြားပြောင်မြောက်မှုကိုမူ အသိအမှတ်ပြုကြသည်။ ဤအဆင့်မြင့်မြင့် ဖွဲ့စည်းစီစဉ်ထားသောကိုဓဥပဒေသည် အမြစ်လှန်ပစ်သော အောင်မြင်မှုတစ်ခုဖြစ်သည်။ ယင်းကြောင့် သာမန်လူသားတစ်ဦး မပတ်သက်နိုင်၊ မခံယူနိုင်သော ဂျူးဘာသာရေးစနစ်ကို ပြန်အသက်ဝင်စေသည်။
ထို့နောက် အခြားပြောင်မြောက်သောပြုစုရေးသားချက်—The Guide for the Perplexed—ကိုရေးသားရန် စီစဉ်လေသည်။ ဂန္ထဝင်မြောက် ဂရိစာပေများကို အာရပ်ဘာသာစကားသို့ပြန်ဆိုနေကြရာ ဂျူးများစွာတို့သည် အရစ္စတော်တယ်လ်နှင့် အခြားအတွေးအခေါ်ပညာရှင်များကို ပိုမိုအကျွမ်းတဝင်ရှိလာသည်။ အချို့က အတွေးအခေါ်ပညာရပ်နှင့် ကျမ်းစကား၏တိုက်ရိုက်အနက်ကို မဆက်စပ်နိုင်ကြရာ စိတ်ရှုပ်နေကြသည်။ The Guide for the Perplexed စာအုပ်တွင် အရစ္စတော်တယ်လ်ကိုအလွန်အားကျသည့် မိုင်မိုနိုင်ဒက်စ်သည် အတွေးအခေါ်ပညာဘက်မှ ဆင်ခြင်သုံးသပ်ကာ ကျမ်းစာနှင့်ဂျူးဘာသာရေး၏အနှစ်သာရကို ကြိုးစားရှင်းပြသည်။—၁ ကောရိန္သု ၂:၁-၅၊ ၁၁-၁၆ နှိုင်းယှဉ်။
ဤအဓိကကျသောပြုစုရေးသားချက်များနှင့် ဘာသာရေးဆိုင်ရာ အခြားအရေးအသားများအပြင် မိုင်မိုနိုင်ဒက်စ်သည် ဆေးနှင့်နက္ခတ္တဗေဒ ပညာရပ်များနှင့်ပတ်သက်၍လည်း ပိုင်နိုင်စွာရေးသားသေးသည်။ သူ၏များပြားသောအရေးအသားများနှင့်စပ်လျဉ်း၍ ဥပေက္ခာမပြုနိုင်သည့် အခြားရှုထောင့်တစ်ခုရှိသေးသည်။ ဂျူဒေးယကားစွယ်စုံကျမ်းကဤသို့ကောက်ချက်ချသည်– “မိုင်မိုနိုင်ဒက်စ်၏စာများသည် စာအရေးအသားကို တစ်ခေတ်ဆန်းစေသည်။ စာအမြောက်အမြားသိမ်းထားခံရသည့် အဦးဆုံးဂျူးစာရေးဆရာ ဖြစ်သည်။ . . . သူ၏စာများကို လက်ခံရရှိသူတို့က သဘောကျကြပြီး သူတို့နှင့်လိုက်ဖက်အောင်လည်း သူ၏ရေးဟန်ကို ပြောင်းလဲပေးလေ့ရှိသည်။”
ဘာကိုသူသွန်သင်သနည်း
ယုံကြည်ချက်၏ အခြေခံမူ ၁၃ ခုတွင် မိုင်မိုနိုင်ဒက်စ်သည် ယုံကြည်ခြင်းကို ရှင်းလင်းစွာ အကြမ်းဖျင်းဖော်ပြသည်။ ယင်းတို့မှအချို့သည် ကျမ်းစာကိုအခြေခံသည်။ သို့ရာတွင် ယေရှုသည်မေရှိယဖြစ်သည်ဟူသော ကျမ်းစာပေါ်အခြေခံသည့်အနှစ်သာရကိုကား မူဝါဒခုနစ်နှင့်ကိုးက ဆန့်ကျင်ပါသည်။dခရစ်ယာန်ဘောင်၏ ယုံကြည်ခြင်းဖောက်ပြန်သော သုံးပါးတစ်ဆူအယူနှင့် ခရူးဆိတ်စစ်ပွဲများ၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းကပေါ်လွင်စေသည့် ဗြောင်ကျကျဟန်ဆောင်မှုကို ထောက်ရှုသော် ယေရှုသည် မေရှိယဖြစ်ကြောင်းကို မိုင်မိုနိုင်ဒက်စ်သံသယဝင်၍ ထိုထက်မကနှိုက်နှိုက်ချွတ်ချွတ် မဆည်းပူးခဲ့ခြင်းသည် အံ့ဩစရာမဟုတ်ပါ။—မဿဲ ၇:၂၁-၂၃; ၂ ပေတရု ၂:၁၊ ၂။
မိုင်မိုနိုင်ဒက်စ်က ဤသို့ရေးသားသည်– “[ခရစ်ယာန်ဘာသာ] ထက်ကြီးမားသည့် ထိမိလဲစရာ ရှိနိုင်ဦးမည်လော။ ပရောဖက်များအားလုံးက မေရှိယသည် ဣသရေလလူမျိုးကို ရွေးနုတ်သော ကယ်တင်ရှင်ဖြစ်သည်ဟု ဆိုသည်။[ခရစ်ယာန်ဘာသာမူကား] ဂျူးများကို ဓားဘေးဖြင့် သတ်ဖြတ်ပြီး ကျန်ကြွင်းသူများအား ကွဲလွင့်မွဲတေပြာကျစေသည်၊ တိုရာကို ပြောင်းလဲပစ်ပြီး သခင်ဘုရားအစား အခြားဘုရားတစ်ပါးကိုဝတ်ပြုရန် လူသားအများစုကို အမှားမှားအယွင်းယွင်းဖြစ်စေသည်။”—Mishneh Torah, “ရှင်ဘုရင်များ၏ပညတ်ဥပဒေများနှင့်စစ်မှုများ၊” အခန်း ၁၁။
သို့တိုင် မိုင်မိုနိုင်ဒက်စ်ကိုခန့်ညားလေးစားကြသည်မှန်သော်လည်း သူတဲ့တိုးပြောဆိုခဲ့သော အကြောင်းအချို့နှင့်ပတ်သက်၍ ဂျူးများစွာတို့သည် သူ့အား ဥပေက္ခာပြုလိုကြသည်။ လျှို့ဝှက်နှိုက်နှဲသောဂျူးဘာသာရေး (ကာဘာလာ)၊ ၏သြဇာလွှမ်းမိုးမှု တိုးပွားလာရာ နက္ခတ်ဗေဒင်အတတ်ကို ဂျူးများစွာ စိတ်ဝင်စားလာကြသည်။ မိုင်မိုနိုင်ဒက်စ်က ဤသို့ရေးသားသည်– “နက္ခတ်ဗေဒင်အတတ်တွင်ဝင်စွက်ကာ နက္ခတ်ဆရာများသတ်မှတ်သည့်အချိန်ကိုမှီငြမ်းပြီး မိမိအလုပ်၊ မိမိခရီးစဉ်ကို စီစဉ်မည်ဆိုလျှင် ရိုက်နှက်ခြင်းခံထိုက်သည်။ . . . ယင်းတို့သည် လှည့်စားတတ်သော မုသားဖြစ်သည်။ . . . ယင်းတို့ကို ယုံကြည်သူ မည်သူမဆို . . . လူမိုက်မျှဖြစ်၍ ဉာဏ်တိမ်သူဖြစ်သည်။”—Mishneh Torah, “ရုပ်ပုံကိုးကွယ်ခြင်းပညတ်များ၊” အခန်း ၁၁; ဝတ်ပြုရာ ၁၉:၂၆; တရားဟောရာ ၁၈:၉-၁၃ နှိုင်းယှဉ်။
မိုင်မိုနိုင်ဒက်စ်သည် အခြားအလေ့အထတစ်ခုကိုလည်း ပြင်းထန်စွာပြစ်တင်ဝေဖန်သည်– “[ရဗ္ဗိဆရာများ] သည်တစ်ဦးစီထံမှလည်းကောင်း၊ လူများထံမှလည်းကောင်း လှူဒါန်းငွေကို သတ်မှတ်ကြပြီး ထိုသို့ပေးကမ်းခြင်းသည် တာဝန်အရဖြစ်၍ သင့်လျော်သည်ဟု လူတို့အား မိုက်မဲစွာယူမှတ်စေသည်။ . . . ယင်းတို့ကား အလွန်မှားပါသည်။ တိုရာတွင်လည်းကောင်း၊ [တာလ်မွဒ်ကျမ်း] ပညာရှိများ၏အဆိုတွင်လည်းကောင်း ယင်းကိုအားပေးသည့်စကား တစ်ခွန်းမျှမပါချေ။” (Commentary on the Mishnah, Avot 4:5) ဤရဗ္ဗိဆရာများနှင့်လုံးလုံးလျားလျားမတူဘဲ မိုင်မိုနိုင်ဒက်စ်သည် သမားတော်တစ်ဦးအဖြစ် မိမိဝမ်းစာကို အားတက်သရောရှာပြီး ဝတ်ပြုရေးဆိုင်ရာအမှုများအတွက် တစ်ခါမျှအခကြေးငွေလက်မခံခဲ့ပါ။—၂ ကောရိန္သု ၂:၁၇; ၁ သက်သာလောနိတ် ၂:၉ နှိုင်းယှဉ်။
ဂျူးဘာသာရေးနှင့်အခြားသောယုံကြည်ချက်များကို မည်သို့အကျိုးသက်ရောက်စေသနည်း
ဂျေရုဆလင်မြို့၏ ဟီဗျူးတက္ကသိုလ်မှ ပါမောက္ခရက်ရှီအဟူး လိုက်ဘိုဗစ္စက ဤသို့ဆိုသည်– “ဘိုးဘေးများနှင့်ပရောဖက်များလက်ထက်မှစတင်၍ မျက်မှောက်ခေတ်အထိ ဂျူးဘာသာရေးသမိုင်းတွင် မိုင်မိုနိုင်ဒက်စ်သည် ဩဇာတိက္ကမအကြီးမားဆုံးပုဂ္ဂိုလ်ဖြစ်သည်။” ဂျူဒေးယကားစွယ်စုံကျမ်း ကဤသို့မှတ်ချက်ချသည်– “ဂျူးဘာသာရေး၏ တိုးတက်ဖွံ့ဖြိုးရေးအပေါ် မိုင်မိုနိုင်ဒက်စ်၏သြဇာတိက္ကမသည် မတိုင်းတာနိုင်လောက်အောင် ကြီးမားသည်။ . . . စီ. ချဲနောဗစ္စက . . . မိုင်မိုနိုင်ဒက်စ်ကြောင့်သာမဟုတ်လျှင် ဂျူးဘာသာရေးသည် ယုံကြည်ချက်မတူသော ဂိုဏ်းဂဏအသီးသီးအဖြစ်သို့ အစိတ်စိတ်အမြွှာမြွှာကွဲသွားမည်ဟုဆိုသည်။ . . . ခေတ်ရေစီးကြောင်းအသီးသီးကို တစ်စုတစ်စည်းတည်းရှိစေရန်ပြုလုပ်ပေးခြင်းသည် သူ၏အောင်မြင်မှုတစ်ခုဖြစ်သည်။”
အကျိုးအကြောင်းဆီလျော်ပြီး အစီအစဉ်တကျရှိသည်ဟု ကိုယ်တိုင်လက်ခံထားသည့်အတွေးအခေါ်နှင့် ဂျူးအတွေးအခေါ်ကို ကိုက်ညီစေခြင်းအားဖြင့် မိုင်မိုနိုင်ဒက်စ်သည် ဂျူးဘာသာရေးကို တစ်ဖန်ပြဋ္ဌာန်းဖော်ပြသည်။ ဤဖွင့်ဆိုချက်အသစ်သည် လက်တွေ့ကျသည်ဟု ပညာရှင်များနှင့် လူထုပါအပါအဝင် သဘောတူကြသည်။ မိုင်မိုနိုင်ဒက်စ်ကို အတိုက်အခံပြုသူများပင်လျှင် နောက်ဆုံးတွင် သူ၏ရှင်းပြနည်းအများစုကို လက်ခံလိုက်ကြသည်။ ဂျူးများသည် မဆုံးနိုင်သောကောက်ချက်များကို မှီငြမ်းခြင်းမှ လွတ်ကင်းရန် ရည်ရွယ်ချက်ဖြင့် စာစောင်များကို သူရေးသားပြုစုခဲ့သော်လည်း မကြာမီအချိန်တွင် သူ၏စာပေလက်ရာနှင့်ပတ်သက်၍ ရှည်လျားထွေပြားသောဋီကာများကို ဖွင့်ကြပြန်သည်။
ဂျူဒေးယကားစွယ်စုံကျမ်း ကဤသို့ကောက်ချက်ချသည်– “မိုင်မိုနိုင်ဒက်စ်သည် . . . အလယ်ပိုင်းခေတ်၏ အထင်ပေါ်အကျော်ကြားဆုံး ဂျူးအတွေးအခေါ်ပညာရှင်ဖြစ်သည်။ သူ၏ Guide of the Perplexed စာအုပ်သည်လည်း ဂျူးတစ်ဦးပြုစုသည့် အရေးအကြီးဆုံး အတွေးအခေါ်ဆိုင်ရာ ရေးသားချက်ဖြစ်သည်။” အာရပ်ဘာသာစကားနှင့်ရေးသားသည်မှန်သော်လည်း The Guide for the Perplexed စာအုပ်ကို မိုင်မိုနိုင်ဒက်စ်လက်ထက်တွင်ပင် ဟေဗြဲဘာသာစကားသို့ ပြန်ဆိုပြီးနောက် မကြာမီအချိန်တွင် လက်တင်ဘာသာစကားသို့ ပြန်ဆိုသည့်အခါ ဥရောပတစ်ခွင် ယင်းကိုလေ့လာနိုင်ကြလေသည်။ ယင်းကြောင့် အရစ္စတော်တယ်လ်၏အတွေးအခေါ်ပညာကို ဂျူးဘာသာရေးအယူအဆနှင့် မိုင်မိုနိုင်ဒက်စ်က ထူးခြားစွာပေါင်းစပ်ထားချက်များသည် ခရစ်ယာန်ဘောင်၏ ပင်မအတွေးအခေါ်ရေစီးကြောင်းသို့ အလျင်အမြန် ကူးစက်ရောက်ရှိသွားလေသည်။ ထိုခေတ်က ခရစ်ယာန်ဘောင်ပညာရှင်များဖြစ်သူ အဲလ်ဘတဲစ် မဲဂ်နပ်စ်နှင့် သောမာ့စ်အကွီနပ်စ်ကဲ့သို့သောသူများသည် မိုင်မိုနိုင်ဒက်စ်၏ရှုမြင်ချက်များကို မကြာခဏကိုးကားကြသည်။ အစ္စလာမ်ပညာရှင်များလည်း ဩဇာညောင်းခံရသည်။ မိုင်မိုနိုင်ဒက်စ်၏ အတွေးအခေါ်ဆန်သောရှင်းပြနည်းသည် နောက်ပိုင်းကာလ ဂျူးအတွေးအခေါ်ပညာရှင်များဖြစ်သည့် ဗာရွတ်ခ်စပီနိုဇာကဲ့သို့သောသူများအား ဩသဒေါက်စ်ဂျူးဘာသားရေးနှင့် လုံးလုံးအဆက်ဖြတ်ရန် ဩဇာလွှမ်းမိုးခဲ့သည်။
စာပေအနုပညာ ပြန်လည်ထွန်းကားလာသည့်ခေတ်မတိုင်မီ အသက်ရှင်ခဲ့သော မိုင်မိုနိုင်ဒက်စ်အား စာပေပညာရှင်တစ်ဦးဟု ယူမှတ်နိုင်သည်။ ယုံကြည်ခြင်းသည် အကြောင်းပြချက်နှင့်ကိုက်ညီရမည်ဟု သူအခိုင်အမာ အမြဲပြောဆိုခြင်းသည် ခိုင်လုံသောအခြေခံသဘောတရားဖြစ်ဆဲပင်။ ဤအခြေခံသဘောတရားကြောင့် ဘာသာရေးအယူသီးမှုကို သူအပြင်းအထန် ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ခဲ့ခြင်းဖြစ်သည်။ သို့တိုင် ခရစ်ယာန်ဘောင်၏မကောင်းသောပုံသက်သေနှင့် သူ့အားသြဇာလွှမ်းမိုးထားသည့် အရစ္စတော်တယ်လ်၏ အတွေးအခေါ်ပညာတို့က ကျမ်းစာသမ္မာတရားနှင့်အညီ အပြည့်အဝကောက်ချက်ချရန် သူ့အတွက်အဟန့်အတားဖြစ်လေ့ရှိသည်။ မိုင်မိုနိုင်ဒက်စ်၏သင်္ချိုင်းဂူပေါ် ရေးထိုးထားသောကမ္ဗည်း—“မိုးဇက်မှမိုးဇက်အထိ မိုးဇက်နှင့်တူသူ တစ်ယောက်မျှမရှိ”—ကိုလူတိုင်းသဘောတူကြမည်မဟုတ်သော်လည်း ဂျူးဘာသာ၏လမ်းစဉ်နှင့် ပါဝင်ရာကို သူတစ်ဖန်ပြဋ္ဌာန်းဖော်ပြခဲ့သည်ဟု ဝန်ခံကြရမည်သာဖြစ်သည်။
[အောက်ခြေမှတ်ချက်များ]
a “ရမ်ဘမ်” သည် ဟေဗြဲအစအက္ခရာစုဖြစ်၍ “ရဗ္ဗိမိုးဇက်ဘင်မိုင်မို” ဟူသည့်စကားလုံးများ၏ ဦးဆုံးအက္ခရာများကို စုစည်းရာမှ ဖြစ်ပေါ်လာသော နာမည်ဖြစ်သည်။
b မစ်ရှ်နာသည် ဂျူးဘုန်းကြီးများနှင့်ဆိုင်သော ကောက်ချက်များဖြစ်၍ နှုတ်တိုက်ရွတ်သောပညတ်ဟု ဂျူးများသတ်မှတ်ထားရာများပေါ် အခြေခံသည်။ စီ.အီး. ဒုတိယရာစုအကုန်ပိုင်းနှင့် တတိယရာစုအစောပိုင်းတို့တွင် ယင်းတို့ကိုရေးမှတ်ခဲ့ရာ တာလ်မွဒ်ကျမ်း စဖြစ်ပေါ်လာလေသည်။ ထပ်ဆင့်သိလိုလျှင် နယူးယောက်မြို့၊ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း ထုတ်ဝေသည့် စစ်မဲ့ကမ္ဘာ တစ်နေ့နေ့ရှိနိုင်မည်လော [လိပ်] ဘရိုရှာ၊ စာမျက်နှာ ၁၀ ကိုရှု။
c Mishneh Torah အမည်သည် တရားဟောရာ ၁၇:၁၈ ပါဟေဗြဲစကားလုံးမှဆင်းသက်လာ၍ ပညတ်တရား၏ မိတ္တူ သို့မဟုတ် ထပ်ကျော့ရေးသားချက်ဖြစ်သည်။
d ယေရှုသည် ကတိထားတော်မူသော မေရှိယဖြစ်ကြောင်းနှင့်ပတ်သက်သည့် သက်သေသာဓကများကို ထပ်ဆင့်သိလိုလျှင် နယူးယောက်မြို့၊ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း ထုတ်ဝေသည့် စစ်မဲ့ကမ္ဘာ တစ်နေ့နေ့ရှိနိုင်မည်လော [လိပ်] ဘရိုရှာ၊ စာမျက်နှာ ၂၄-၃၀ ကိုရှု။
[စာမျက်နှာ ၂၃ ပါ လေးထောင့်ကွက်]
မိုင်မိုနိုင်ဒက်စ်၏ ယုံကြည်ချက် အခြေခံမူ ၁၃ ခုe
၁။ ဘုရားသခင်သည် အရာခပ်သိမ်းကိုဖန်ဆင်း၍ အုပ်စိုးတော်မူရှင်ဖြစ်သည်။ ကိုယ်တော်တစ်ပါးတည်းသာလျှင် အရာခပ်သိမ်းကို ပြုလုပ်တော်မူခဲ့ပြီ၊ ပြုလုပ်ဆဲရှိသည်၊ ပြုလုပ်တော်မူလိမ့်မည်။
၂။ ဘုရားသခင်သည် တစ်ပါးတည်းဖြစ်တော်မူ၏။ ကိုယ်တော်၏စည်းလုံးညီညွတ်မှုမျိုး အဘယ်နည်းနှင့်မျှမရှိ။
၃။ ဘုရားသခင်၌ အထည်ကိုယ်မရှိ။ ကိုယ်ကာယသဘောတရားများသည် ကိုယ်တော်နှင့်မသက်ဆိုင်။
၄။ ဘုရားသခင်သည် အစအဦးနှင့်အဆုံးဖြစ်တော်မူ၏။
၅။ ဘုရားသခင်ကိုသာ ဆုတောင်းဖို့သင့်သည်။ အခြားမည်သူကိုမျှ၊ မည်သည့်အရာကိုမျှ ဆုမတောင်းရ။
၆။ ပရောဖက်များ၏ စကားအားလုံးသည် မှန်ကန်သည်။
၇။ မောရှေ၏ပရောဖက်ပြုချက်သည် လုံးဝမှန်ကန်သည်။ သူသည် သူ၏ရှေ့နှင့်နောက်ပိုင်း ပရောဖက်အားလုံးတို့၏ အချုပ်ဖြစ်သည်။
၈။ ယခုကျွန်ုပ်တို့ရရှိထားသော တိုရာအပြည့်အစုံသည် မောရှေကို ပေးအပ်ထားခြင်းဖြစ်သည်။
၉။ တိုရာသည် ပြောင်းလဲခြင်းမရှိ။ ဘုရားပေးသည့် အခြားတစ်ခုလည်း မည်သည့်အခါမျှရှိလိမ့်မည်မဟုတ်။
၁၀။ လူ့အပြုအမူအတွေးအခေါ်အားလုံးကို ဘုရားသခင် သိတော်မူသည်။
၁၁။ ဘုရားသခင်၏အမိန့်တော်ကို လိုက်လျှောက်သူများအား ကိုယ်တော်ဆုပေးတော်မူ၍ ကိုယ်တော်အားပြစ်မှားသူများကို အပြစ်ပေးတော်မူသည်။
၁၂။ မေရှိယ ကြွလာလိမ့်မည်။
၁၃။ လူသေများ အသက်ပြန်ရှင်လာမည်။
[အောက်ခြေမှတ်ချက်များ]
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
e မိုင်မိုနိုင်ဒက်စ်သည် သူ၏ Commentary on the Mishnah, (Sanhedrin ၁၀:၁) တွင် ဤအခြေခံမူများကို ရှင်းလင်းဖော်ပြထားသည်။ ဂျူးဘာသာရေးက ယင်းတို့ကို နောက်ပိုင်းတွင် တရားဝင်ယုံကြည်ချက်အဖြစ် လက်ခံယူလိုက်လေသည်။ အထက်ပါစာပိုဒ်သည် ဂျူးဆုတောင်းစာအုပ်တွင်ပါသည့်အတိုင်းမဟုတ်ဘဲ အတိုချုပ်တင်ပြချက်ဖြစ်သည်။
[Picture Credit Line on page 21]
Jewish Division / The New York Public Library / Astor, Lenox, and Tilden Foundations