ဖန်တီးနိုင်စွမ်း—ဘုရားသခင်ထံမှ ရက်ရောသည့်လက်ဆောင်တစ်ခု
ယေဟောဝါသည် မိမိ၏ဖန်ဆင်းခြင်းလုပ်ငန်းများတွင် ဝမ်းမြောက်တော်မူသည်။ (ဆာလံ ၁၀၄:၃၁) ဖန်ဆင်းခြင်းလုပ်ရပ်မှ ကိုယ်တော်ရရှိသည့် အလွန့်အလွန်ကျေနပ်မှုကို ကမ္ဘာဦး ၁:၃၁ တွင် ဖော်ပြထားသည်– ‘ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသောအရာတို့ကို ကြည့်ရှုလျှင် အလွန်ကောင်းသည်ကိုမြင်တော်မူ၏။’
ယေဟောဝါသည် ထိုရွှင်လန်းမှုကို မိမိတစ်ပါးတည်းမခံစားပါ။ ကိုယ်တော်သည် ယေရှုအား ကိုယ်စားလှယ် သို့မဟုတ် အကူအညီအဖြစ် အခြားအရာများကိုဖန်ဆင်းရန် အခွင့်ထူးကို ပေးသည်။ (ယောဟန် ၁:၃; ကောလောသဲ ၁:၁၆၊ ၁၇) “လုပ်သားချုပ်တစ်ဦး” အဖြစ် ယေရှုသည် “[ယေဟောဝါ] ရှေ့တော်၌ အစဉ်မပြတ်ဝမ်းမြောက်လျက်နေ၏။”—သု. ၈:၃၀၊ ၃၁၊ ကဘ။
သို့သော် ဖန်တီးနိုင်စွမ်းသည် ကောင်းကင်တွင်သာရှိသည်မဟုတ်။ “ယင်းကို လူသားမျိုးနွယ်ထဲတွင် ထည့်သွင်းထားခြင်းခံရသည်” ဟု ယူဂျင်းရောက်စက်ပ်က How Creative Are You? အမည်ရှိသော မိမိ၏စာအုပ်တွင် ရေးသားထားသည်။ ယင်းသည် တိုက်ဆိုင်မှုမဟုတ်ပါ၊ အကြောင်းမှာ လူသည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ပြုလုပ်ထားခြင်းခံရသောကြောင့်ဖြစ်သည်။ (ကမ္ဘာဦး ၁:၂၆) သို့အားဖြင့် ယေဟောဝါသည် လူသားများအား ကျေနပ်ရောင့်ရဲစေနိုင်သည့် ဖန်တီးနိုင်စွမ်းကို ပေးထားတော်မူသည်။—ယာကုပ် ၁:၁၇။
ထို့ကြောင့် သမ္မာကျမ်းစာက သီချင်းဆိုခြင်း၊ ကခုန်ခြင်း၊ အထည်ရက်ခြင်း၊ ချက်ပြုတ်ခြင်း၊ လက်မှုပညာနှင့် အခြားသောကြိုးစားအားထုတ်ဖန်တီးရသည့်လုပ်ရပ်များကို အလွန်အရေးပေးဖော်ပြထားသည်မှာ အံ့ဩစရာမဟုတ်ပါ။ (ထွက်မြောက်ရာ ၃၅:၂၅၊ ၂၆; ၁ ဓမ္မရာဇဝင် ၈:၁၃; ၁၈:၆၊ ၇; ၂ ရာဇဝင်ချုပ် ၂:၁၃၊ ၁၄) လက်မှုပညာရှင်ဗေဇလေလသည် တဲတော်ဆောက်လုပ်ခြင်းကိုထောက်ကူရန် “ပစ္စည်းကိရိယာများကိုပုံစံပြုခြင်း” တွင် မိမိ၏အစွမ်းအစကို အသုံးပြုခဲ့သည်။ (ထွက်မြောက်ရာ ၃၁:၃၊ ၄၊ ကဘ) သိုးထိန်းယာဗလသည် ရေကြည်ရာမြက်နုရာ လှည့်လည်သွားလာနေထိုင်သည့်ဘဝအတွက် အဆင်ပြေအောင်ဖန်တီးထားသည့်တဲကို တီထွင်ဆောက်လုပ်သူ ဖြစ်ခဲ့ပေမည်။ (ကမ္ဘာဦး ၄:၂၀) ဒါဝိဒ်သည် ဂီတပညာရှင်နှင့် သီချင်းသီကုံးရေးစပ်သူဖြစ်ရုံသာမက တူရိယာအသစ်များ တီထွင်ထုတ်လုပ်သူလည်း ဖြစ်ခဲ့သည်။ (၂ ရာဇဝင်ချုပ် ၇:၆; ဆာလံ ၇:၁၇; အာမုတ် ၆:၅) ဣသရေလလူမျိုးသည် ပင်လယ်နီမှ အံ့ဖွယ်နည်းဖြင့်ကယ်တင်ခံရခြင်းကို ပွဲတော်ကျင်းပရာတွင်ရွှင်လန်းဝမ်းမြောက်သည့် ကကွက်များကို မိရိအံက တီထွင်ပေးခဲ့ခြင်းဖြစ်နိုင်သည်။—ထွက်မြောက်ရာ ၁၅:၂၀။
တီထွင်ဖန်တီးနိုင်စွမ်းသည် စစ်မှန်သောဝတ်ပြုရေးကို တိုးမြှင့်ရာတွင် အကျိုးပြုသည့်အရာတစ်ခုဖြစ်လေ့ရှိသည်။ ယေရှုသည် မိမိ၏သတင်းစကားများကို ဟောပြောပို့ချရာတွင် ပုံဥပမာများနှင့် ပစ္စည်းပြသင်ခန်းစာများကို ဖန်တီးအသုံးချသည်။ ကိုယ်တော့်နောက်တော်လိုက်များလည်း ထိုနည်းထပ်တူ “စကားပြောဆိုခြင်းနှင့် သွန်သင်ခြင်းတွင် ကြိုးစားအားထုတ်ရန်” တိုက်တွန်းခံရကြသည်။ (၁ တိမောသေ ၅:၁၇) မှန်ပါသည်၊ သူတို့၏ဟောပြောခြင်းလုပ်ငန်းသည် လုပ်ရိုးလုပ်စဉ်သက်သက်မျှမဟုတ်ပါ။ ယင်းသည် တီထွင်ဖန်တီးတတ်သော သွန်သင်မှုနည်းစနစ်များလိုအပ်သည့် ပညာတစ်ရပ်ဖြစ်သည်။ (ကောလောသဲ ၄:၆) ကလေးငယ်တစ်ဦးကို သွန်သင်ရာတွင် အထူးသဖြင့်ယင်းလိုအပ်သည်။—တရားဟောရာ ၆:၆၊ ၇; ဧဖက် ၆:၄။
ထို့ကြောင့် ယေဟောဝါသည် မိမိအားဖန်တီးမှုက ဖြစ်စေသည့်ရွှင်လန်းခြင်းကို အခြားသူများအား ဝေမျှပေးသည်။ မည်မျှရက်ရောသည့်လက်ဆောင်ပါတကား!