စာရှုသူများထံမှ မေးခွန်းလွှာ
သမ္မာကျမ်းစာတွင်ဖော်ပြထားသော ဖိလိတ္တိလူမျိုးသည် မည်သူများဖြစ်ကြသနည်း။
ဘုရားသခင်၏ရှေးလူမျိုးတော်သည် ကတိထားရာပြည်ကို ဝင်ရောက်သိမ်းပိုက်ချိန်က ခါနာန်ပြည်တွင်နေကြသော ဖစ်လစ္စတိုင်း (ဖိလိတ္တိ) ဟုသိကြသည့် လူမျိုးတစ်မျိုးကို သမ္မာကျမ်းစာက မကြာခဏဖော်ပြလေ့ရှိသည်။ ဖိလိတ္တိစစ်သူရဲ လူ့ဘီလူးကြီးဂေါလျတ်ကို ဒါဝိဒ်တွေ့ဆုံသည့်မှတ်တမ်းတွင် ပေါ်လွင်ထင်ရှားသည့်အတိုင်း ထိုရှေးဖိလိတ္တိလူမျိုးတို့သည် ဘုရားသခင့်လူများကို အချိန်ကြာမြင့်စွာကပင် ဆန့်ကျင်ဘက်ပြုခဲ့ကြသည်။—၁ ဓမ္မရာဇဝင် ၁၇:၁-၃; ၂၃-၅၃။
ရှေးဖိလိတ္တိလူမျိုးတို့သည် ကတ္တောရပြည်မှ ခါနာန်ပြည်အနောက်တောင်ဘက် ကမ်းရိုးတန်းဒေသသို့ ပြောင်းရွှေ့လာကြကြောင်း သမ္မာကျမ်းစာကဖော်ပြထားသည်။ (ယေရမိ ၄၇:၄) ကတ္တောရပြည်သည် အဘယ်နေရာ၌ရှိသနည်း။ The International Standard Bible Encyclopedia (1979) က ဤသို့မှတ်ချက်ပေးသည်– “တိကျသည့်အဖြေပေးရန် အထောက်အထားမခိုင်လုံသော်လည်း ခေတ်ပညာလေ့လာသိကျွမ်းမှုက ကရစ်တီကျွန်း (သို့မဟုတ် ယဉ်ကျေးမှုတစ်ခုတည်းရှိကြသော ကရစ်တီ [ကရေတေ] နှင့် အေဂျင်ကျွန်းစုပေါင်း) သည် အဖြစ်နိုင်ဆုံးသောနေရာဖြစ်သည်။”—အတွဲ ၁၊ စာမျက်နှာ ၆၁၀။
ယင်းအချက်နှင့်အညီ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ၏ အာမုတ် ၉:၇ တွင် ဤသို့ဖတ်ရသည်– “‘အိုဣသရေလအမျိုး၊ သင်သည် ငါ့အတွက် ကုရှသားကဲ့သို့ဖြစ်သည်မဟုတ်လော’ ဟူ၍ ယေဟောဝါ၏ နှုတ်တော်ထွက်ဖြစ်၏။ ‘ငါသည် ဣသရေလလူမျိုးကို အီဂျစ်ပြည်မှလည်းကောင်း၊ ဖိလိတ္တိလူမျိုးကို ကရေတေမှလည်းကောင်း၊ ရှုရိလူမျိုးကို ကိရပြည်မှလည်းကောင်း ထုတ်ဆောင်ခဲ့ပြီမဟုတ်လော။’”
ပင်လယ်ဒေသတွင်နေထိုင်သော ဤရှေးလူမျိုးသည် ကရေတေကျွန်းမှနေ၍ ခါနာန်ပြည်၏အစိတ်အပိုင်းဖြစ်သော ဖိလိတ္တိပြည်ဟုခေါ်တွင်လာသည့် ယုပ္ပေမြို့နှင့် ဂါဇမြို့အကြားရှိ အနောက်တောင်ပိုင်းပင်လယ်ကမ်းရိုးတန်းဒေသသို့ ပြောင်းရွှေ့နေထိုင်ခြင်းသည် မည်သည့်အချိန်တွင်ဖြစ်သည်ကို မသိရှိရချေ။ သူတို့သည် အာဗြဟံနှင့် ဣဇာက်တို့အချိန်ကတည်းက ဤမြေနိမ့်ပိုင်းကမ်းခြေလွင်ပြင်ဒေသတွင် ရောက်နှင့်နေဟန်ရှိသည်။—ကမ္ဘာဦး ၂၀:၁၊ ၂; ၂၁:၃၂-၃၄; ၂၆:၁-၁၈။
ဣသရေလလူမျိုးသည် ဘုရားသခင်ကတိထားရာပြည်ထဲသို့ ဝင်ရောက်ပြီးနောက်ပိုင်း အတန်ကြာသောအခါ ဖိလိတ္တိလူမျိုးတို့သည် တန်ခိုးသြဇာကြီးမားသူများ ဆက်ဖြစ်လာကြသည်။ (ထွက်မြောက်ရာ ၁၃:၁၇; ယောရှု ၁၃:၂; တရားသူကြီး ၁:၁၈၊ ၁၉; ၃:၃၊ ၄; ၁၅:၉၊ ၁၀; ၁ ဓမ္မရာဇဝင် ၄:၁-၁၁; ၇:၇-၁၄; ၁၃:၁၉-၂၃; ၃ ဓမ္မရာဇဝင် ၁၆:၁၅) ယုဒရှင်ဘုရင် ဩဇိနန်းစံချိန် နောက်ပိုင်းတွင် ဖိလိတ္တိတို့သည် သူတို့၏ ဂါသမြို့၊ ယာဗနေမြို့၊ အာဇုတ်မြို့များတွင် ဆက်၍ရှိနေကြသည်။ (၂ ရာဇဝင်ချုပ် ၂၆:၆) ကျမ်းစာမှတ်တမ်းပါ သူတို့၏ထင်ရှားသော အခြားမြို့များမှာ ဧကြုန်၊ အာရှကေလုန်နှင့် ဂါဇမြို့များဖြစ်ကြသည်။
မဟာအလက်ဇန္ဒားက ဖိလိတ္တိမြို့တစ်မြို့ဖြစ်သည့် ဂါဇကို သိမ်းပိုက်နိုင်ခဲ့သော်လည်း အချိန်အတန်ကြာသောအခါ ဖိလိတ္တိလူမျိုးကို သီးခြားလူမျိုးတစ်မျိုးအဖြစ် တွေ့ရဟန်မတူတော့ချေ။ ပါမောက္ခလောရဲ့န်စ် အီး. စတယ်ဂျာက Biblical Archaeology Review (May/June 1991) တွင် ဤသို့ရေးသားထားသည်– “ဖိလိတ္တိလူမျိုးတို့သည်လည်း ဗာဗုလုန်သို့ ပြည်နှင်ခံခဲ့ရသည်။ . . . မည်သို့ဆိုစေ ပြည်နှင်ခံဖိလိတ္တိလူများ မည်သို့ဆက်လက်ဖြစ်ပျက်ကြောင်း မှတ်တမ်းမရှိပေ။ နေဗုခဒ်နေဇာအောင်နိုင်ပြီးနောက်ပိုင်းတွင် အာရှကေလုန်မြို့၌ကျန်ခဲ့ဖွယ်ရှိသူများသည် လူမျိုးတစ်မျိုးအဖြစ်ထင်ရှားခြင်းမရှိတော့ပေ။ သူတို့သည် သမိုင်းမှ လုံးလုံးပျောက်ကွယ်သွားသည်။”
ပါလက်စတိုင်းဟူသော ခေတ်အမည်နာမသည် လက်တင်နှင့် ဂရိဘာသာစကားတို့မှ ဆင်းသက်လာပြီး ရှည်ရှည်ဝေးဝေးနောက်ကြောင်းပြန်ကောက်လျှင် “ဖစ်လစ္စတီးယား” (ဖိလိတ္တိပြည်) ဟူသော ဟေဗြဲစကားလုံးမှ မြစ်ဖျားခံသည်။ အာရဘစ်ဘာသာစကားဖြင့်ပြန်ဆိုသော အချို့ဘာသာပြန်ကျမ်းတို့တွင် “ဖစ်လစ္စတိုင်း” အတွက်သုံးသောဝေါဟာရသည် လက်ရှိပါလက်စတိုင်းနှင့် အလွယ်တကူလွဲမှားနိုင်သည်။ သို့သော် Today’s Arabic Version က ရှေးဖစ်လစ္စတိုင်းနှင့် ယခုခေတ်ပါလက်စတိုင်းတို့ကို ကွဲပြားစေရန် ခြားနားသောအာရဘစ်စကားလုံးကို အသုံးပြုထားသည်။
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
အာရှကေလုန်မြို့ရှိ အပျက်အယွင်းအချို့
[Credit Line]
Pictorial Archive (Near Eastern History) Est.