ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၁/၁၅ စာ. ၂၁-၂၃
  • မကြာသေးမီက တစ်ဦးဦးကို သင်အားပေးခဲ့သလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မကြာသေးမီက တစ်ဦးဦးကို သင်အားပေးခဲ့သလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အားပေးမှုတွင် အဘယ်အရာပါဝင်သနည်း
  • သူတို့ အားပေးခဲ့ကြ
  • အခွင့်အရေးယူ အားပေးပါ
  • မည်သူ အားပေးမှုလိုသနည်း
  • အားပေးတတ်ပါ
  • “တစ်ဦးကိုတစ်ဦး နေ့စဉ် တိုက်တွန်းနှိုးဆော်လျက်နေကြ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • အားပေးတတ်တဲ့ဘုရား ယေဟောဝါကို အတုယူပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • အချင်းချင်း အားပေးဖို့ “ပိုကြိုးစားအားထုတ်ကြပါ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • နှစ်သိမ့်မှုနှင့် အားပေးမှု—မှန်ကူကွက်များစွာပါသည့် ကျောက်မျက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၁/၁၅ စာ. ၂၁-၂၃

မကြာသေးမီက တစ်ဦးဦးကို သင်အားပေးခဲ့သလော

အဲလနာသည် ဥအိမ်ကင်ဆာရောဂါဖြစ်နေကြောင်း ဆရာဝန်များ သိရှိချိန်တွင် အသက် ၁၇ နှစ်မျှသာရှိသေးသည်။ အဲလနာ၏မိခင်မာရီသည် သမီးလေး၏အလွန်ပြင်းထန်သောနာကျင်မှုကို တွေ့မြင်ရသည့်ဝေဒနာကိုခံရပ်နိုင်ရန်ကြိုးစားခဲ့ရသည်။

နောက်ဆုံး အဲလနာကို သူနေသော ကနေရီကျွန်းစုမှ မိုင် ၁,၂၀၀ ဝေးသည့် စပိန်နိုင်ငံ၊ မဒရစ်ဆေးရုံတင်လိုက်ကြသည်။ မဒရစ်မြို့တွင် သွေးမသွင်းဘဲ ခွဲစိတ်ပေးမည့် ဆရာဝန်အဖွဲ့တစ်ဖွဲ့ရှိသည်။ (တမန်တော် ၁၅:၂၈၊ ၂၉) သို့သော် ခွဲစိတ်လိုက်သည့်အခါ အဆုံးသတ်အခြေအနေသို့ အဲလနာရောက်နေကြောင်း သိကြရသည်။ ကင်ဆာရောဂါသည် သူမ၏ကိုယ်ထဲပြန့်နေပြီဖြစ်၍ ခွဲစိတ်ကုဆရာဝန်များ ဘာမျှမတတ်နိုင်ကြပါ။ သို့နှင့် မဒရစ်မြို့သို့ရောက်ပြီး ရှစ်ရက်အကြာတွင် အဲလနာ သေလွန်လေသည်။

ဤစိတ်ထိခိုက်စရာအဖြစ်မျိုးကို မာရီသည် တစ်ဦးတည်းမရင်ဆိုင်ခဲ့ရပါ။ ခရစ်ယာန်အကြီးအကဲနှစ်ဦးသည် မိမိစရိတ်နှင့်မိမိ သူမနှင့် သူမ၏သားကြီးနောက်လိုက်သွားပြီး အဲလနာကွယ်လွန်သည်အထိ အနားတွင်နေကြသည်။ “ကျွန်မရင်တွင်းမှာ ဟာကျန်ရစ်နေတာကိုဖြေနိုင်အောင် သူတို့ကူညီပေးတယ်။ သူတို့ရဲ့အားပေးမှုကို ကျွန်မဘယ်တော့မှ မမေ့နိုင်ဘူး။ သူတို့ရဲ့ဝိညာဏအထောက်အပံ့နဲ့ လက်တွေ့ကျအကူအညီကို တန်ဖိုးဖြတ်လို့မရပါဘူး။ တကယ့်ကို ‘လေလုံမိုးလုံ’ တဲ့ညီအစ်ကိုတွေပဲ”။—ဟေရှာယ ၃၂:၁၊ ၂။

ဤကဲ့သို့သောချစ်ခြင်းမေတ္တာရှိသိုးထိန်းများသည် သိုးတော်စုကို ထိုသို့ကြင်နာမှုပြခြင်းကို ယေဟောဝါ နှစ်သက်တော်မူသည်။ (သု. ၁၉:၁၇; ၁ ပေတရု ၅:၂-၄) သို့ရာတွင် အကြီးအကဲများသာ အားပေးခွင့်ရှိသည်မဟုတ်။ ဝိညာဏသွန်သင်မှုနှင့် ‘အချင်းချင်းတိုက်တွန်းနှိုးဆော်မှု’ ရရန် ခရစ်ယာန်အပေါင်း စည်းဝေးကြသည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) အားပေးခြင်းသည် ခရစ်ယာန်ပေါင်းသင်းမှုအဝင် ဖြစ်သည်။

အားပေးမှုတွင် အဘယ်အရာပါဝင်သနည်း

အလွန်လှသောပန်းတစ်ပွင့်သည် ရေမရသောအခါ နွမ်းသွားတတ်သည့်နည်းတူ မိသားစုအတွင်းနှင့် အသင်းတော်အတွင်းရှိသူများသည် အားပေးမှုမရလျှင် စိတ်ညှိုးငယ်နိုင်သည်။ တစ်ဖက်မှကြည့်ပြန်လျှင် အခန့်သင့်သောအားပေးမှုသည် စုံစမ်းခံရသူကို ခွန်အားရှိစေသည်၊ စိတ်အားငယ်သူကို စိတ်ဓာတ်တက်စေသည်၊ သစ္စာရှိရှိအမှုတော်ထမ်းဆောင်သူတို့ကို အားတက်စေသည်။

“အားပေးမှု” ဟုဘာသာပြန်ဆိုသည့် ဂရိစကားလုံးတွင် နှစ်သိမ့်ခြင်း၊ တိုက်တွန်းခြင်း၊ စိတ်သက်သာစေခြင်းသဘောများ ပါဝင်သည်။ ထို့ကြောင့် အားပေးမှုဟုဆိုရာတွင် ချီးကျူးခြင်းထက်မက ပါဝင်သည်။ ကိုယ်ထိလက်ရောက်ကူညီခြင်းနှင့် ဝိညာဉ်ရေးအရကူညီခြင်းတို့လည်း ပါဝင်ပေမည်။

အမှန်မှာ “အားပေးမှု” ဟုဘာသာပြန်ထားသည့် ဂရိစကားလုံး၏ တိုက်ရိုက်အဓိပ္ပာယ်မှာ “မိမိနံဘေးသို့ ခေါ်ခြင်း” ဖြစ်သည်။ ဝိညာဏညီအစ်ကိုညီအစ်မများနှင့် ယှဉ်တွဲသွားခြင်းအားဖြင့် တစ်ဦးဦး လက်ပန်းကျမည်၊ သို့မဟုတ် ထိမိလဲမည်ဆိုလျှင် ချက်ချင်းကူညီပေးနိုင်မည်။ (ဒေသနာ ၄:၉၊ ၁၀) စိတ်ဝင်စားဖွယ်ရာမှာ ယေဟောဝါ၏လူမျိုးသည် ကိုယ်တော်၏ “အမှုတော်ကိုပခုံးချင်းယှဉ်၍ ထမ်းဆောင်” ကြသည်။ (ဇေဖနိ ၃:၉၊ ကဘ) ခရစ်ယာန်တစ်ဦးအား တမန်တော်ပေါလုက ‘အချင်းလုပ်ဖော်ဆောင်ဖက်စစ်’ ဟုခေါ်သည်။ (ဖိလိပ္ပိ ၄:၃) ထမ်းပိုးတစ်ခုတည်းကို ပခုံးချင်းယှဉ် ထမ်းကြခြင်းအားဖြင့် အထူးသဖြင့် ဝိညာဉ်ရေးတွင်အားနည်းသူအတွက် ဝန်ကိုပေါ့ပါးစေသည်။—မဿဲ ၁၁:၂၉ နှိုင်းယှဉ်။

သူတို့ အားပေးခဲ့ကြ

အားပေးမှုသည် အလွန်အရေးကြီးသောကြောင့် ကျမ်းစာမှ ပုံဥပမာအချို့ကို ကြည့်ကြစို့။ ဘုရားသခင်၏ပရောဖက်မောရှေသည် ကွယ်လွန်ခါနီးချိန်တွင် ယောရှုအား ဣသရေလလူမျိုးခေါင်းဆောင်အဖြစ် ယေဟောဝါခန့်အပ်တော်မူသည်။ ယင်းတာဝန်သည် မလွယ်ကူလှကြောင်း မောရှေကိုယ်တိုင်ကောင်းစွာသိသည်။ (တောလည်ရာ ၁၁:၁၄၊ ၁၅) ထို့ကြောင့် “ယောရှုကို မှာခဲ့၍အားပေးလော့။ မစထောက်ပင့်လော့” ဟုမောရှေအား ယေဟောဝါမိန့်တော်မူသည်။—တရားဟောရာ ၃:၂၈။

ဣသရေလတရားသူကြီးများခေတ်တွင် ယေဖသ၏သမီးသည် ဖခင်ကတိမပျက်စေရန် အိမ်ထောင်ပြုခွင့်ကို စွန့်လွှတ်ကာ ယေဟောဝါ၏ သန့်ရှင်းရာဌာနတွင် အမှုတော်ထမ်းခဲ့သည်။ သူမ၏ ကိုယ်ကျိုးစွန့်လုပ်ရပ်ကို ဥပေက္ခာပြုထားကြသလော။ မပြုပါ။ အကြောင်းမှာ “ဣသရေလအမျိုးသမီးတို့သည် ဂိလဒ်အမျိုးသားယေဖသ၏သမီးကို တစ်နှစ်လျှင်လေးရက်ပတ်လုံးချီးကျူးရန် သွားကြသည်” ဟုတရားသူကြီး ၁၁:၄၀ (ကဘ) ကဆိုသည်။ ဤလည်ပတ်မှုများသည် ကိုယ်ကျိုးစွန့်လွှတ်သောယေဖသသမီးအတွက် အမှန်တကယ်အားပေးမှုဖြစ်ခဲ့ပေမည်။

တစ်ခါတစ်ရံ သတ္တိရှိရှိနှင့် အားပေးဖို့လိုပါသည်။ တမန်တော်ပေါလု၏ ပထမသာသနာပြုခရီးစဉ်တွင် အာရှမိုင်းနားအရပ်ရှိ မြို့အချို့၌အကြီးအကျယ်အတိုက်အခံတွေ့ခဲ့သည်။ အန္တိအုတ်မြို့မှ သူနှင်ထုတ်ခံရ၏၊ ဣကောနိမြို့တွင် အသတ်ခံရခြင်းမှလက်တစ်လုံးခြားလွတ်ခဲ့၏၊ လုတ္တရမြို့တွင် ကျောက်ခဲနှင့်ပစ်ခံရပြီး သေပြီဟုစိတ်ထင်နှင့်ပစ်ထားခံရ၏။ ထို့နောက်မကြာမီ ပေါလုနှင့်သူ၏အဖော်အဖက်တို့သည် ထိုမြို့များသို့ပြန်သွားကြပြီး “တပည့်တော်များ၏စိတ်နှလုံးကို မြဲမြံခိုင်ခံ့စေသဖြင့် ယုံကြည်ခြင်း၌ တည်ကြည်မည်အကြောင်း နှိုးဆော်ချီပင့်၍ ‘ငါတို့သည် များပြားသောဆင်းရဲဒုက္ခကိုခံ၍ ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရကြမည်’ ဟုဟောပြောပြညွှန်ကြ၏။” (တမန်တော် ၁၄:၂၁၊ ၂၂) ဤတပည့်အသစ်များအတွက် အသက်စွန့်အားပေးရန် ပေါလုအသင့်ရှိခဲ့သည်။

သို့သော် ခရစ်ယာန်တပည့်အသစ်များသာ အားပေးမှုလိုအပ်သည်မဟုတ်ပါ။ နောင်နှစ်အနည်းငယ်အကြာတွင် ပေါလုသည် အမှုစစ်ဆေးခံရခြင်းငှာ ရောမမြို့သို့ ခက်ခက်ခဲခဲခရီးနှင်ခဲ့သည်။ ခရီးဆုံးခါနီးတွင် သူသည် အတော်အတန်စိတ်ဓာတ်ကျနေမည်။ သို့သော် ရောမမြို့၏ အရှေ့တောင်ဘက် ၄၆ မိုင်အကွာသို့ရောက်သောအခါ စိတ်အားတက်ကြွလာသည်။ အဘယ်ကြောင့်နည်း။ ရောမမြို့မှ ညီအစ်ကိုများသည် အပ္ပိဈေးနှင့်သုံးဇရပ်တွင် လာ၍ခရီးဦးကြိုဆိုကြသောကြောင့်ဖြစ်သည်။ ပေါလုသည် “သူတို့ကိုမြင်လျှင် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း၍ စိတ်သက်သာခြင်းသို့ရောက်လေ၏။” (တမန်တော် ၂၈:၁၅) ထပ်တူအချိန်အခါမျိုးတွင် ကျွန်ုပ်တို့ရှိနေခြင်းကိုယ်နှိုက်က ယုံကြည်သူချင်းများအတွက် အလွန်အားပေးမှုဖြစ်ပေမည်။

အခွင့်အရေးယူ အားပေးပါ

အားပေးရန် အခွင့်ကောင်းများစွာရှိသည်။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် ညီအစ်ကို၊ ညီအစ်မတစ်ဦး၏ဟောပြောချက်ကို သင်အားရသလော။ အသင်းတော်ရှိ ဝိညာဉ်ရေးကောင်းသောဆယ်ကျော်သက်များကြောင့် ဝမ်းသာသလော။ သက်ကြီးရွယ်အိုများ၏ခံနိုင်ရည်ကို သင်အားကျသလော။ တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတွင် ရှေ့ဆောင်တစ်ဦး ကျမ်းစာအသုံးပြုပုံကို သင်အားရသလော။ ထိုသို့ဆိုလျှင် ချီးကျူးအားပေးပါ။

မိသားစုနှင့်အသင်းတော်တွင် အားပေးမှုက အလွန်အရေးကြီးသည်။ မိဘများသည် သားသမီးကို “ယေဟောဝါ၏ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်သဘောတော်ဆိုင်ရာစည်းမျဉ်းဥပဒေအရ” မွေးမြူကြည့်ရှုပေးဖို့အတွက် အကူအညီဖြစ်ပါသည်။ (ဧဖက် ၆:၄၊ ကဘ) ကလေးကို တော်သည်ဟုပြောကာ အဘယ်ကြောင့်တော်ကြောင်းရှင်းပြခြင်းက အမှန်အားပေးမှုဖြစ်သည်။ စုံစမ်းခြင်းနှင့်ဖိစီးမှုအမျိုးမျိုးကြုံတွေ့ရသော ဆယ်ကျော်သက်အရွယ်တွင် အမြဲအားပေးဖို့အလွန်အရေးကြီးသည်။

ကလေးဘဝတွင် အားပေးမှုမရခြင်းသည် အကျိုးယုတ်လျော့စေသည်။ ယနေ့ ခရစ်ယာန်အကြီးအကဲတစ်ဦးဖြစ်နေသူ မိုက်ကယ်သည် ပွင့်လင်းဖော်ရွေသူဖြစ်သည်။ သို့သော်သူက ဤသို့ဆိုသည်– “ကျွန်တော့်ကို အဖေတစ်ခါမှမချီးကျူးဖူးဘူး။ ဒါနဲ့ ကိုယ့်ကိုယ်ကိုတန်ဖိုးထားစိတ် မရှိခဲ့ဘူး။ . . . အခု ကျွန်တော် အသက် ၅၀ ရှိနေပေမဲ့ အကြီးအကဲတစ်ယောက်ရဲ့တာဝန်ကို ကျေပွန်တယ်လို့ သူငယ်ချင်းတွေရဲ့အားပေးစကားကို တန်ဖိုးထားတုန်းပဲ။ . . . သူများကို အားပေးတာဟာ ဘယ်လောက်အရေးကြီးမှန်းကို ကိုယ့်အတွေ့အကြုံကနေကိုယ် သဘောပေါက်တယ်။ ဒါကြောင့် သူများကို ကျွန်တော်တကူးတကအားပေးတယ်။”

မည်သူ အားပေးမှုလိုသနည်း

တပင်တပန်းကြိုးစားသော ခရစ်ယာန်အကြီးအကဲများကို အားပေးထိုက်သည်။ ပေါလုက ဤသို့ရေးသားခဲ့သည်– “ညီအစ်ကိုတို့ သင်တို့တွင်အမှုတော်ကိုဆောင်ရွက်ခြင်း၊ သခင်ဘုရားအခွင့်နှင့်အုပ်စိုးခြင်း၊ သတိပေးခြင်းအမှုကိုပြုသောသူတို့ကိုသိမှတ်၍ သူတို့ပြုသောအမှုကြောင့် မေတ္တာစိတ်နှင့်အလွန်ချစ်ခင်လေးမြတ်မည်အကြောင်း ငါတို့သည်တောင်းပန်ကြ၏။” (၁ သက်သာလောနိတ် ၅:၁၂၊ ၁၃) အကြီးအကဲများ ပင်ပန်းစွာလုပ်ကိုင်သောအလုပ်ကို အရေးမထားဖို့လွယ်ကူသည်။ သို့သော် သူတို့ကိုကျေးဇူးတင်ကြောင်းပြောဆိုသည့် အားပေးစကားများက သူတို့၏ဝန်ကိုပေါ့ပါးစေသည်။

ခက်ခဲမှုများခံနေရသူတို့ကိုလည်း အားပေးဖို့လိုသည်။ “စိတ်ငယ်သောသူတို့ကို အားပေးကြလော့။ အားနည်းသောသူတို့ကို ထောက်မကြလော့” ဟုကျမ်းစာကမှာကြားသည်။ (၁ သက်သာလောနိတ် ၅:၁၄) ရံဖန်ရံခါ စိတ်ဓာတ်ကျခြင်း၊ ဝိညာဉ်ခွန်အားနည်းခြင်းအဖြစ်ကို ကြင်ဖော်မဲ့မိဘများ၊ မုဆိုးမများ၊ ဆယ်ကျော်သက်များ၊ သက်ကြီးရွယ်အိုနှင့် မမာမကျန်းသူများတို့သည် ကြုံကြိုက်တတ်ကြသည်။

မာရီးယား၏လင်သားသည် သူမကိုရုတ်တရက်ပစ်သွားပါသည်။ သူမက– “ယောဘလိုပဲ တစ်ခါတလေ ကျွန်မသေချင်တယ်။ ဒါပေမဲ့ အားပေးမှုကြောင့် ကျွန်မခံနိုင်တာ။ ကျွန်မနဲ့ရင်းနှီးတဲ့ အကြီးအကဲနှစ်ဦးက အချိန်ပြည့်လုပ်ငန်းတော်ကမထွက်ဘဲ ဆက်လုပ်သွားတာ တန်ဖိုးရှိတယ်ဆိုတာကို သဘောပေါက်အောင် အချိန်ကုန်ခံပြီး အားပေးတယ်။ ကျွန်မရင်ဖွင့်တာတွေကို စိတ်ရှည်ရှည်နဲ့နားထောင်တဲ့ ကိုယ်ချင်းစာနာတတ်တဲ့ညီအစ်မနှစ်ယောက်ကလည်း နှစ်သိမ့်ပေးတယ်။ ကျမ်းစာကိုအသုံးပြုပြီး ယေဟောဝါရဲ့ရှုထောင့်ကနေ ကြည့်မြင်တတ်ဖို့ သူတို့ကူညီပေးတယ်။ ဆာလံ ၅၅:၂၂ ကိုမရေမတွက်နိုင်အောင်ဖတ်ခဲ့လို့ အဲ့ဒီကျမ်းချက်ကြောင့် တဖြည်းဖြည်းနဲ့ ကျွန်မရဲ့ဝိညာဉ်ရေးနဲ့ စိတ္တရေးပြန်ကောင်းလာတယ်။ ဒါတွေဟာ လွန်ခဲ့တဲ့ ၁၂ နှစ်ကအဖြစ်အပျက်တွေပါ။ အခုထိပဲအချိန်ပြည့်လုပ်ငန်းမှာ ဆက်ပါဝင်နေလို့ ကျွန်မဝမ်းသာတယ်။ စိတ်နာရတဲ့အခါရှိပေမဲ့ ကျွန်မဘဝဟာအဓိပ္ပာယ်ရှိပြီး ပျော်စရာကောင်းတယ်။ အဲ့ဒီလိုအချိန်မျိုးမှာ အားပေးမှုဟာ တကယ်တာသွားတယ်ဆိုတာကို ကျွန်မထောက်ခံနိုင်တယ်။”

အချို့ကြပြန်လျှင်မှားယွင်းမိပြီးနောက် ယခုပြန်ကြိုးစားနေမည်ဖြစ်ရာ ဤအချိန်တွင်အားပေးမှုလိုပေမည်။ မေတ္တာဖြင့်ဆုံးမခြင်းကို ခံခဲ့ရပြီးဖြစ်မည်။ (သု. ၂၇:၆) ဆုံးမပေးသောအကြီးအကဲများကလည်း ကျမ်းစာသြဝါဒနှင့်အညီ ကြိုးစားနေသည်ကိုတွေ့ရှိသောအခါ ချက်ချင်းချီးမွမ်းနိုင်သည်။ သူတို့၏အားပေးစကားသည် နည်းနှစ်နည်းဖြင့်အကျိုးပြုသည်။ တစ်နည်းက မှားယွင်းမိသူကိုမေတ္တာမပျက်ကြောင်း သိနားလည်စေသည့်အတွက် သူ့အား “ဝမ်းနည်းခြင်းအားကြီး” စေမည်မဟုတ်။ နောက်တစ်နည်းမှာ ဆုံးမခြင်းကိုခံယူခြင်းသည် အကျိုးကြီးကြောင်း သူ့အားသိနားလည်စေသည်။—၂ ကောရိန္သု ၂:၇၊ ၈။

အကြီးအကဲတစ်ဦးသည် ကြီးလေးသောအပြစ်တစ်ခုပြုမိသဖြင့် အသင်းတော်ကိုကြီးကြပ်ခွင့် ဆုံးရှုံးခဲ့ရသည်။ “အကြီးအကဲအဖြစ်ကနေ ကျွန်တော့်ကိုပယ်ရှားကြောင်း ကြေညာပြီးတဲ့နောက် ကျွန်တော်နဲ့ညီအစ်ကိုများပေါင်းသင်းရတာ ကသိကအောက်ဖြစ်ကြမှာပဲလို့ထင်မိတယ်။ ဒါပေမဲ့ အကြီးအကဲများက အကြောင်းရင်းကိုမပေါက်ကြားစေဘဲ ကျွန်တော့်ကိုတကူးတကအားပေးကြတယ်။ အသင်းတော်သားများကလည်း အဲ့ဒီလိုပဲ မေတ္တာနဲ့ဆက်ပေါင်းသင်းတဲ့အတွက် ကျွန်တော်ဝိညာဉ်ရေးပြန်ကောင်းလာတာ” ဟုသူပြောပြသည်။

အားပေးတတ်ပါ

ကျွန်ုပ်တို့သည်အလုပ်များသည့်အတွက် အားပေးခြင်းကိုဥပေက္ခာပြုလွယ်သည်။ သို့သော် အားပေးမှုသည် များစွာတာသွားနိုင်သည်! ထိရောက်စွာအားပေးနိုင်ရန် မှတ်ထားရမည့်အကြောင်းနှစ်ခုရှိသည်။ ဦးဆုံး၊ တိတိကျကျအားပေးဖို့ ပြောဆိုရမည့်စကားကို စဉ်းစားပါ။ ထို့နောက် အခွင့်အရေးကောင်းရှာပြီး ချီးကျူးခံထိုက်သူ၊ သို့မဟုတ် တည်ဆောက်မှုလိုသူထံသွား၍အားပေးပါ။

ဤကဲ့သို့သင်အားပေးလေ ပျော်ရွှင်မှုရလေဖြစ်မည်။ “ခံယူခြင်းထက်ပေးကမ်းခြင်း၌ ပျော်ရွှင်မှုသာ၍ရှိ၏” ဟုယေရှုမိန့်တော်မူခဲ့ကြောင်းကို သတိရပါ။ (တမန်တော် ၂၀:၃၅၊ ကဘ) သူတစ်ပါးကိုအားပေးခြင်းအားဖြင့် မိမိကိုယ်ကိုအားပေးရာရောက်သည်။ နေ့စဉ်နေ့တိုင်း တစ်ဦးဦးကို အားပေးဖို့ရန် ပန်းတိုင်ထားပါလေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ