စာတန်နှင့် သူ၏အလုပ်များအပေါ် အောင်ပွဲခံခြင်း
“ဘုရားသခင်၏အလိုတော်သို့လိုက်ကြလော့။ မာရ်နတ်ကိုဆီးတားကြလော့။ သို့ပြုလျှင် သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်။”—ယာကုပ် ၄:၇။
၁ “မြေကြီးကိုယ်နှိုက်သည် ဆိုးညစ်သူ၏လက်သို့ပေးအပ်ခံရ” ခြင်းက လူသားများအား မည်သို့ထိခိုက်လာခဲ့သနည်း။
ယောဘက “မြေကြီးကိုယ်နှိုက်သည် ဆိုးညစ်သူ၏လက်သို့ပေးအပ်ခံရ” သည်ဟု မှန်ကန်စွာပြောခဲ့သည်။ (ယောဘ ၉:၂၄၊ ကဘ) ယခု ကျွန်ုပ်တို့သည် လူ့သမိုင်းတစ်လျှောက်တွင် အကျပ်တည်းဆုံးသောအချိန်ကို ရင်ဆိုင်နေကြရသည်။ အဘယ်ကြောင့်နည်း။ မြေကြီးအပေါ် စာတန့်ဆိုးသွမ်းယုတ်မာသည့်အုပ်စိုးချိန်၏ “နောက်ဆုံးသောနေ့ရက်” [သမာ] ဖြစ်သောကြောင့်ဖြစ်သည်။ စာတန်၏သွေးထိုးမြှောက်ပင့်မှုအောက်တွင် ‘ဆိုးညစ်သောသူ၊ လှည့်ဖြားသောသူတို့သည် သူတစ်ပါးကိုလည်းကောင်း၊ ကိုယ်ကိုလည်းကောင်း လှည့်ဖြား၍ ဆိုးညစ်ခြင်း၌ တရွေ့ရွေ့တိုးပွားနေကြ’ သည်မှာ အဆန်းမဟုတ်ပါ။ (၂ တိမောသေ ၃:၁၊ ၁၃) နှိပ်စက်ညှဉ်းပန်းမှုများ၊ တရားမျှတမှုမရှိခြင်းများ၊ ရက်စက်ကြမ်းကြုတ်မှုများ၊ ရာဇဝတ်မှုများ၊ စီးပွားရေးအကျပ်အတည်းများ၊ နာတာရှည်ရောဂါများ၊ အိုမင်းခြင်း၏ဒုက္ခများ၊ စိတ်ဖိစီးမှုများ—ယင်းတို့အပြင် အခြားအရာများသည် ကျွန်ုပ်တို့အပေါ် လေးလံစွာဝန်ပိနေပေမည်။
၂။ ယနေ့ စာတန်၏တိုက်ခိုက်မှုကို ကျွန်ုပ်တို့မည်သို့ရင်ဆိုင်နိုင်မည်နည်း။
၂ မဟာရန်သူကြီးစာတန်မာရ်နတ်သည် လူသားများအား၊ အထူးသဖြင့် ဘုရားသခင်၏ စစ်မှန်သောဝတ်ပြုသူများအား မဲ၍တိုက်ခိုက်သည်။ သူ၏ပန်းတိုင်မှာ သမာဓိစောင့်သိလာမည့်သူအားလုံးကို ဘုရားသခင်ထံမှသွေဖည်စေပြီး သူနှင့်သူ၏နတ်ဆိုးများနှင့်အတူ ဖျက်ဆီးခြင်းတွင်ပါဝင်စေရန်ဖြစ်သည်။ ကျွန်ုပ်တို့သည် သမာဓိဆက်လက်တည်ကြည်ပါက မာရ်နတ်သည် ကျွန်ုပ်တို့ထံမှထွက်ပြေးသွားမည်ဖြစ်ကြောင်း အာမခံချက်ရရှိထားကြသည်။ ယေရှုနည်းတူ ကျွန်ုပ်တို့သည် ဒုက္ခခံရသည့်အရာများအားဖြင့် ဘုရားသခင်အား ‘နားထောင်ခြင်းကိုသင်ယူ’ နိုင်ပြီး ကိုယ်တော့်မခံစားထိုက်သောကရုဏာတော်အားဖြင့် ထာဝရအသက်ကို ရယူနိုင်ကြသည်။—ဟေဗြဲ ၅:၇၊ ၈; ယာကုပ် ၄:၇; ၁ ပေတရု ၅:၈-၁၀။
၃၊ ၄။ (က) မည်သည့်ပြင်ပစုံစမ်းခြင်းများနှင့် ပေါလုတိုက်လှန်ခဲ့ရသနည်း။ (ခ) ခရစ်ယာန်အကြီးအကဲတစ်ဦးအနေနှင့် ပေါလုဘာကိုစိုးရိမ်ကြောင့်ကြသနည်း။
၃ တမန်တော်ပေါလုသည်လည်း နည်းမျိုးစုံဖြင့် စမ်းသပ်ခံခဲ့ရသည်။ ခရစ်တော်၏အမှုတော်ဆောင်အဖြစ် မိမိ၏ရာထူးကိုဖော်ပြပြီး ဤသို့ရေးသားခဲ့သည်– “ပင်ပန်းစွာအမှုကို အထူးသဖြင့်ဆောင်ရွက်သောသူ၊ ရိုက်ပုတ်ခြင်း၊ ထောင်ထဲ၌လှောင်ထားခြင်းကို အထူးသဖြင့်ခံရသောသူ၊ သေဘေးနှင့်အကြိမ်ကြိမ်တွေ့ကြုံသောသူဖြစ်၏။ ငါးကြိမ်မြောက်အောင် ယုဒလူတို့လက်တွင် ဒဏ်ချက်လေးဆယ်တစ်ခုယုတ် ငါခံခဲ့ရပြီ။ သုံးကြိမ်မြောက်အောင် ကြိမ်လုံးနှင့်ရိုက်ခြင်းကိုလည်းကောင်း၊ တစ်ကြိမ်ခဲနှင့်ပစ်ခြင်းကိုလည်းကောင်း ငါခံရပြီ။ သုံးကြိမ်မြောက်အောင် သင်္ဘောပျက်ခြင်းကိုခံရပြီ။ တစ်နေ့နှင့်တစ်ညပတ်လုံး ပင်လယ်ထဲမှာနေရပြီ။ အကြိမ်ကြိမ်ဒေသစာရီလှည့်လည်ပြီ။ မြစ်ကိုကူးသောဘေး၊ ဓားပြတိုက်သောဘေး၊ အမျိုးသားချင်းပြုသောဘေး၊ တစ်ပါးအမျိုးသားပြုသောဘေး၊ မြို့ရွာ၌ရောက်သောဘေး၊ တော၌ရောက်သောဘေး၊ ပင်လယ်ဘေး၊ ညီအစ်ကိုဖြစ်ယောင်ဆောင်သောသူတို့ပြုသောဘေး၊ ဤဘေးများကို ငါတွေ့ခဲ့ပြီ။ ပင်ပန်းစွာအမှုဆောင်ရွက်ခြင်း၊ အကြိမ်များစွာ မအိပ်ဘဲစောင့်နေခြင်း၊ မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အကြိမ်ကြိမ်အစာရှောင်ခြင်း၊ အချမ်းအအေးခံရခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဤဆင်းရဲခြင်းများကို ငါခံခဲ့ပြီ။
၄ “ထိုအပမှုမှတစ်ပါး အသင်းတော်အပေါင်းတို့ကို စိုးရိမ်သောစိတ်နှင့် ကြည့်ရှုပြုစု၍ နေ့တိုင်းအစဉ် နှောင့်ယှက်ခြင်းကို ငါခံရ၏။ ငါမနွမ်းရိဘဲ အဘယ်သူနွမ်းရိသနည်း။ ငါသည် စိတ်မပူဘဲ အဘယ်သူဖောက်ပြန်သနည်း။” (၂ ကောရိန္သု ၁၁:၂၃-၂၉) သို့ဖြင့် ပေါလုသည် ပြင်ပမှ စုံစမ်းခြင်းနှင့်စမ်းသပ်ခြင်းတို့ကို ရင်ဆိုင်ရစဉ် သမာဓိစောင့်သိခဲ့သည့်အပြင် ခရစ်ယာန်အကြီးအကဲတစ်ဦးအနေနှင့်လည်း အသင်းတော်တွင်းရှိ အားနည်းသောညီအစ်ကိုညီအစ်မများကို အားပေးခြင်းနှင့် သူတို့သမာဓိစောင့်သိနိုင်ရန် အကူအညီပေးခြင်းတွင် အလွန်အလုပ်များခဲ့သည်။ ယနေ့ခရစ်ယာန်အကြီးအကဲများအတွက် မည်မျှကောင်းသည့်ပုံသက်သေပါတကား!
ညှဉ်းပန်းနှိပ်စက်မှုအောက်သမာဓိ
၅။ တိုက်ရိုက်ညှဉ်းဆဲခံရခြင်းကို ကျော်နင်းနိုင်သည့်နည်းလမ်းကား အဘယ်နည်း။
၅ သမာဓိပျက်ပြားစေရန် စာတန်အသုံးပြုသောနည်းစနစ်များကား အဘယ်နည်း။ အထက်တွင်ဖော်ပြသကဲ့သို့ စာတန်၏ အစဉ်းလဲဆုံးသော နည်းပရိယာယ်တစ်ခုမှာ တိုက်ရိုက်နှိပ်စက်ညှဉ်းဆဲခြင်းဖြစ်သည်။ သို့သော်လည်း ကျော်နင်းနိုင်သည့်နည်းလမ်းရှိသည်။ ဧဖက် ၆:၁၀၊ ၁၁ က ကျွန်ုပ်တို့အား ဤသို့သြဝါဒပေးထားသည်– “သခင်ဘုရားအားဖြင့်လည်းကောင်း၊ တန်ခိုးတော်အရှိန်အားဖြင့်လည်းကောင်း ခိုင်ခံ့ခြင်းရှိကြလော့။ မာရ်နတ်၏ပရိယာယ်တို့ကို ဆီးတားနိုင်မည်အကြောင်း ဘုရားသခင်ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့။”
၆။ ယေဟောဝါသက်သေများသည် “အထူးသဖြင့်အောင်မြင်” ကြောင်း မည်သို့တင်ပြနိုင်သနည်း။
၆ ဤဆုံးခန်းကာလအတွင်း ယေဟောဝါသက်သေများသည် စုံစမ်းမှုများနှင့် မကြာခဏတိုက်လှန်ရလေ့ရှိသည်။ ထို့ကြောင့် ပေါလုကဲ့သို့ ကျွန်ုပ်တို့လိုက်ပြောနိုင်သည်– “ငါတို့ကိုချစ်တော်မူသောသူ၏ ကျေးဇူးတော်ကြောင့် ငါတို့သည် ထိုအမှုခပ်သိမ်းတို့ကိုခံစဉ်တွင်ပင် အထူးသဖြင့်အောင်မြင်ကြ၏။” (ရောမ ၈:၃၇) ၁၉၃၃ ခုမှ ၁၉၄၅ ခုနှစ် နာဇီခေတ်အတွင်း ဂျာမနီ၊ ဩစတြီးယား၊ ပိုလန်နှင့် ယူဂိုဆလားဗီးယားနိုင်ငံများရှိ ချွေးတပ်စခန်းများတွင်လည်းကောင်း၊ ၁၉၄၅ ခုမှ ၁၉၈၉ ခုနှစ်အတွင်း အရှေ့ဥရောပတွင် ကွန်မြူနစ်စနစ်၏ ဖိနှိပ်မှုအောက်တွင်လည်းကောင်း၊ မကြာသေးမီကမှဖြစ်သော အာဖရိကနှင့် လက်တင်အမေရိကအချို့ဒေသများတွင် ကျရောက်ခဲ့သော နှိပ်စက်ညှဉ်းပန်းခြင်းများအောက်သို့လည်းကောင်း ရောက်ရှိခဲ့ရသော ယေဟောဝါသက်သေများ၏ သမာဓိဆိုင်ရာမှတ်တမ်းများက ထိုအချက်ကိုသက်သေထူသည်။
၇။ အီသီယိုးပီးယားနိုင်ငံမှ သမာဓိဆိုင်ရာ မည်သည့်ဘဝင်ခိုက်စရာပုံသက်သေများကို မှတ်တမ်းပေးသနည်း။
၇ ၁၉၇၄ မှ ၁၉၉၁ ခုနှစ်အတွင်းက အီသီယိုးပီးယားနိုင်ငံရှိ ယေဟောဝါသက်သေများသည် သမာဓိဆိုင်ရာ ဘဝင်ခိုက်စေသည့်ပုံသက်သေကို ထားခဲ့ကြသည်။ နိုင်ငံရေးစိတ်ဓာတ်ရှိသည့် ဖမ်းဆီးချုပ်နှောင်သူတစ်ဦးက ထောင်ကျနေသောညီအစ်ကိုတစ်ဦးအား “မင်းတို့ကို နောက်တစ်ခါပြန်လွှတ်ပေးတာထက် တိရစ္ဆာန်ရုံက ခြင်္သေ့တွေကို လွှတ်ပေးတာကမှ တော်ဦးမယ်!” ဟုပြောခဲ့သည်။ ဤရက်စက်သောညှဉ်းဆဲသူများသည် ယေဟောဝါ၏ကျေးကျွန်များကို နှိပ်စက်ကလူပြုကြပြီး နောက်နှစ်အတန်ကြာသောအခါ အယူခံမှုတစ်ခုကို သေဒဏ်စီရင်ခဲ့ကြသည်။ သတိပေးသောနမူနာအနေနှင့် ညီအစ်ကိုတစ်ဦး၏အလောင်းကို လူအများရှေ့ထုတ်ပြကြသည်။ သေဒဏ်ကိုအယူခံဝင်သော အခြားညီအစ်ကိုများမူ သာ၍အမြင်ကျယ်သောတရားရုံးတစ်ခုမှ လွှတ်ပေးခြင်းခံရပြီး ထိုသစ္စာရှိ ‘အောင်နိုင်သူ’ အချို့တို့သည် ၁၉၉၄ ခုနှစ်ဦးပိုင်းက အဒစ်ဘာဘာမြို့တွင် ကျင်းပသည့် “မြင့်မြတ်သောသွန်သင်ခြင်း” ခရိုင်စည်းဝေးပွဲကြီး၏ အစီအစဉ်တွင် ပါဝင်ခွင့်ရခဲ့ကြသည်။a—ယောဟန် ၁၆:၃၃; ၁ ကောရိန္သု ၄:၉ နှိုင်းယှဉ်။
၈။ စာတန်သည် “လူမျိုးသန့်စင်ရေး” မှ မည်သို့အခွင့်အရေးကြိုးစားရယူသနည်း။
၈ စာတန်သည် မျက်နှာချင်းဆိုင်တိုက်ရိုက်ထိုးစစ်ဆင်ခြင်းအားဖြင့် ထိုညီအစ်ကိုညီအစ်မများ၏သမာဓိကို မချိုးဖျက်နိုင်ခဲ့ချေ။ သို့နှင့် အခြားမည်သည့်ဉာဏ်နီဉာဏ်နက်များကို သူအသုံးပြုသနည်း။ ဗျာဒိတ် ၁၂:၁၂ က ဤနောက်ဆုံးကာလနှင့်ပတ်သက်၍ ဤသို့ပြောသည်– “မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား မာရ်နတ်သည် မိမိကာလတစ်ခဏသာရှိသည်ကိုသိ၍ ပြင်းစွာသောဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ဆင်းလေပြီ။” ဘုရားသခင်၏သစ္စာရှိသူများကို နှိပ်စက်ညှဉ်းပန်းခြင်းများအားဖြင့် အပြတ် မသုတ်သင်နိုင်သောကြောင့် ယေဟောဝါ၏လူများသည် အခြားသူများနှင့်အတူ သေကျေပျက်စီးစေရေးအတွက် လူသားတစ်ရပ်လုံးကို သုတ်သင်ပယ်ရှင်းရန် ဒေါသတကြီးကြိုးစားတော့သည်။ လူမျိုးသန့်စင်ရေးဟုခေါ်သောအရာသည် ယခင်ယူဂိုဆလားဗီးယား၏ ဒေသအချို့တို့တွင် ဖြစ်ခဲ့ပြီး လိုင်ဘေးရီးယား၊ ဘာရွန်ဒီနှင့် ရဝမ်ဒါနိုင်ငံတို့တွင်လည်း မျိုးဖြုတ်သတ်ဖြတ်မှုများဖြစ်ပွားခဲ့သည်။
၉။ စာတန်၏နည်းပရိယာယ်များသည် အဘယ်ကြောင့် မကြာခဏအထမမြောက်ဖြစ်ရသနည်း။ ဥပမာများပေးပါ။
၉ စာတန်၏နည်းဗျူဟာများသည် ကိုယ့်ရှူးကိုယ်ပတ်ဖြစ်တတ်လေ့ရှိသည်။ အကြောင်းမှာ စာတန်၏တိုက်ခိုက်မှုများသည် ရိုးဖြောင့်မှန်ကန်သည့်စိတ်ထားရှိသူများအား မိမိတို့၏တစ်ခုတည်းသောမျှော်လင့်ချက်သည် ယေဟောဝါသက်သေများ ဇွဲရှိရှိကြွေးကြော်နေကြသည့် ဘုရားသခင့်နိုင်ငံတော်အပေါ်၌သာ အခြေပြုကြောင်း သိနားလည်လာစေသောကြောင့်ဖြစ်သည်။ (မဿဲ ၁၂:၂၁) မှန်ပါသည်၊ စိတ်ဝင်စားသူတို့သည် ဘုရားသခင့်နိုင်ငံတော်သို့ စုသိမ်းခံနေကြရပါသည်တကား! ဥပမာ၊ ပဋိပက္ခဖြစ်နေသော ဘော့စနီးယားနှင့်ဟာဇီဂိုဗီးနား၌ ၁၉၉၄ ခု မတ်လ ၂၆ ရက်နေ့တွင်ကျင်းပသော ယေရှုသေခြင်းကိုသတိရအောက်မေ့ပွဲတွင် ၁,၃၀၇ ယောက်တက်ရောက်ကြပြီး ယခင်နှစ်တက်ရောက်သူထက် ၂၉၁ ယောက်ပိုများသည်။ ဆာရာယေဗို (၄၁၄)၊ ဇယ်နတ်စာ (၂၂၃)၊ တူဇလာ (၃၃၉)၊ ဘန္နယာလုကာ (၂၅၅) နှင့် အခြားမြို့များတွင် အများဆုံးတက်ရောက်သူမှတ်တမ်းများ ရရှိသည်။ အနီးအနားရှိ ခရိုအေးရှားတွင် အများဆုံးတက်ရောက်သူ ၈,၃၂၆ ယောက်ရှိခဲ့သည်။ အကြမ်းဖက်မှုများဝန်းရံနေခြင်းက ထိုဒေသရှိယေဟောဝါသက်သေများအား “သခင်ဘုရားအသေခံတော်မူခြင်းကို ကြွလာတော်မမူမီတိုင်အောင်ပြ” ရန်ဟူသောအမိန့်တော်ကို နာခံရန် အတားအဆီးမဖြစ်စေခဲ့ပါ။—၁ ကောရိန္သု ၁၁:၂၆။
ပဋိပက္ခဖြစ်နေသောရဝမ်ဒါတွင်
၁၀၊ ၁၁။ (က) ရဝမ်ဒါတွင် ခရစ်ယာန်အမည်ခံသူများ၌ မည်သို့ဖြစ်ပျက်သနည်း။ (ခ) သစ္စာရှိသာသနာပြုများသည် မိမိတို့အကြောင်းကိုမည်သို့ရေးသားဖော်ပြကြသနည်း။
၁၀ ၁၉၉၃ ခုနှစ်က ဘုရားသခင့်နိုင်ငံတော်ကြေညာသူ ၂,၀၈၀ အပါအဝင် လူပေါင်း ၄,၀၇၅ တို့သည် “မြင့်မြတ်သောသွန်သင်ခြင်း” ခရိုင်စည်းဝေးပွဲကြီးသို့ တက်ရောက်ခဲ့ကြပြီး ၂၃၀ ယောက် နှစ်ခြင်းခံခဲ့ကြသည်။ သူတို့အထဲတွင် ၁၄၂ ယောက်တို့က အရန်ရှေ့ဆောင်ရန် ချက်ချင်းလျှောက်လွှာတင်သွင်းကြသည်။ အိမ်တွင်းကျမ်းစာသင်အံမှုသည် ၁၉၉၄ ခုနှစ်တွင် ၇,၆၅၅ အထိမြင့်တက်သွားခဲ့သည်—စာတန်အတွက် အလွန်မနှစ်သက်ဖွယ်ပါတကား! လူအများစုက မိမိတို့ကိုယ်ကို ခရစ်ယာန်ဟုဆိုကြသော်လည်း လူမျိုးစုအချင်းချင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ စတင်ဖြစ်ပွားလျက်ရှိသည်။ ဗက်တီကင်၏ L’Osservatore Romano သတင်းစာက ဤသို့ဝန်ခံထားသည်– “အကြောင်းမလှစွာ ကက်သလစ်များပင် တာဝန်မကင်းသော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြီး လုံးလုံးဖြစ်နေသည်။” ခန့်မှန်းခြေအားဖြင့် ယောက်ျား၊ မိန်းမနှင့် ကလေးပေါင်းငါးသိန်းခန့် သေဆုံးပြီး ၂ သန်းခန့်တို့သည် အိုးမဲ့အိမ်မဲ့ဖြစ် သို့မဟုတ် ထွက်ပြေးရန် အတင်းအကျပ်ပြုခံကြရသည်။ အကြမ်းမဖက်သည့် ခရစ်ယာန်ကြားနေဝါဒကို ထိန်းသိမ်းသောအားဖြင့် ယေဟောဝါသက်သေများသည် အတူတကွနေထိုင်ရန် ကြိုးစားခဲ့ကြသည်။ ကျွန်ုပ်တို့၏ ညီအစ်ကို၊ ညီအစ်မများ ရာနှင့်ချီ၍အသတ်ခံရကြသည်။ သို့သော် ၁၃ ယောက် အသတ်ခံရသော ဘုရားသခင့်နိုင်ငံတော်ကြေညာသူ ၆၅ ယောက်ရှိ အသင်းတော်တစ်ခု၌ ၁၉၉၄ ခု၊ ဩဂုတ်လတွင် စည်းဝေးတက်ရောက်သူ ၁၇၀ အထိ တိုးတက်သွားသည်။ အခြားနိုင်ငံရှိသက်သေခံများထံမှ ရောက်လာသော ကယ်ဆယ်ရေးပစ္စည်းများသည် ဦးဆုံးရောက်လာသော ကယ်ဆယ်ရေးပစ္စည်းများဖြစ်သည်။ အသက်ရှင်ကျန်ရစ်သူများအတွက် ကျွန်ုပ်တို့ဆုတောင်းပေးနေပါသည်။—ရောမ ၁၂:၁၂; ၂ သက်သာလောနိတ် ၃:၁၊ ၂; ဟေဗြဲ ၁၀:၂၃-၂၅။
၁၁ ဆိုးဝါးလှသောအခြေအနေကြား၌ပင် ရဝမ်ဒါရှိသာသနာပြုသုံးဦး လွတ်မြောက်လာကြသည်။ သူတို့ဤသို့စာရေးသည်– “ကမ္ဘာတစ်ဝန်းလုံးရှိ ကျွန်ုပ်တို့၏ညီအစ်ကိုများသည် အလားတူအခြေအနေ သို့မဟုတ် ထိုထက်ဆိုးဝါးသောအခြေအနေတို့ကို ရင်ဆိုင်ကြရကြောင်း ကျွန်ုပ်တို့သဘောပေါက်ပါသည်။ ယင်းသည် ဆိုးသွမ်းသောဤအစီအစဉ်စနစ်၏ နောက်ဆုံးနေ့ရက်များဆိုင်ရာ နိမိတ်အပြည့်အစုံဖြစ်ကြောင်း ကျွန်ုပ်တို့သိသည်။ သို့တိုင် တစ်ဦးချင်း ကိုယ်တိုင်ကြုံတွေ့ရသောအခါ အကြောင်းခြင်းရာအဖြစ်မှန်ကို သိနားလည်စေပြီး အသက်မည်မျှတန်ဖိုးရှိသည်ကို ကောင်းစွာသဘောပေါက်စေသည်။ ကျမ်းချက်အချို့တို့သည် ကျွန်ုပ်တို့အတွက် အဓိပ္ပာယ်သစ်ပွင့်လာပြီး ဖြစ်ဖူးသောအရာများကို ဘယ်တော့မျှပြန်မအောက်မေ့ရသော အချိန်ကို ကျွန်ုပ်တို့အားတက်သရော မျှော်လင့်နေကြသည်။ တစ်ချိန်တည်းတွင် ယေဟောဝါ၏လုပ်ငန်းတော်၌ ကျွန်ုပ်တို့အလုပ်များနေလိုကြသည်။”
ငယ်ရွယ်သောသမာဓိစောင့်သိသူများ
၁၂၊ ၁၃။ (က) လူငယ်တစ်ဦးသည် မည်သည့်သမာဓိစောင့်သိသောလမ်းစဉ်ကို လျှောက်လှမ်းခဲ့သနည်း။ (ခ) ယနေ့ ကျွန်ုပ်တို့၏လူငယ်များသည် မည်သည့်နေရာတွင် တိုက်တွန်းအားပေးမှုကို ရနိုင်မည်နည်း။
၁၂ သမ္မာတရားကြောင့် မိသားစုက ဆွေဖြတ်မျိုးဖြတ်ပြုခြင်းကိုခံရသောသူတို့သည် “အဆတစ်ရာ” သောအကျိုးကို ရမည်အကြောင်း ယေရှုဖော်ပြတော်မူခဲ့သည်။ (မာကု ၁၀:၂၉၊ ၃၀) ဘုရားသခင့်နာမတော်—ယေဟောဝါ—ကို ကြားကြားချင်း ချစ်မြတ်နိုးသော အာဖရိကမြောက်ပိုင်းမှ အသက်ဆယ်နှစ်အရွယ်ရှိ အယ်န်တီလီယာအတွက် ယင်းအချက်မှန်ကန်သည်။ သူမသည် သက်သေခံများနှင့် ကျမ်းစာလေ့လာပြီး ဆန့်ကျင်သည့်မိသားစုက သူမအိမ်ပြန်သောအခါ အိမ်တံခါးပိတ်ထားလေ့ရှိသော်လည်း အသွားအပြန် မိနစ် ၉၀ ကြာလမ်းလျှောက်၍ အစည်းအဝေးတက်သည်။ သူမအသက် ၁၃ နှစ်ရောက်သော် တစ်အိမ်တက်ဆင်းဟောပြောခြင်းကို စတင်လုပ်ဆောင်ကာ မိသားစုဆန့်ကျင်မှုလည်း ပို၍ပြင်းထန်လာသည်။ တစ်နေ့သောအခါ သူမ၏လက်ခြေများကိုချုပ်နှောင်ပြီး ကျဲကျဲတောက်ပူသည့်နေရောင်အောက်တွင် သူမအား ခုနစ်နာရီကြာ လှဲထားသည်။ တစ်ခါတစ်ရံ သူမအပေါ် မသန့်ရှင်းသောရေများကိုပင် ပက်ကြသေးသည်။ သူမအား ပြင်းထန်စွာရိုက်နှက်ကြပြီး သူမ၏မျက်လုံးတစ်ဖက်ကို ဖျက်ဆီးပစ်ကြသည်။ နောက်ဆုံးတွင် သူမအား အိမ်မှ အတင်းအဓမ္မမောင်းထုတ်လိုက်ကြသည်။ သို့သော် ဆေးရုံတစ်ခုတွင် သူမအလုပ်ရပြီး နောက်ဆုံး သူနာပြုအဖြစ် သူမအရည်အချင်းပြည့်မီလာသည်။ သူမအသက် ၂၀ ရှိသောအခါ နှစ်ခြင်းခံပြီး ချက်ချင်းပင် အရန်ရှေ့ဆောင်လုပ်ငန်းသို့ ဝင်ရောက်ခဲ့သည်။ သူမ၏သမာဓိကြောင့် သူမ၏မိသားစုစိတ်တွင် အရာထင်သွားပြီး သူမအားအိမ်သို့ပြန်ခေါ်ကာ သူတို့ထဲမှ ကိုးယောက်တို့သည် အိမ်တွင်းကျမ်းစာသင်အံမှုကို လက်ခံသင်ကြားနေကြသည်။
၁၃ အယ်န်တီလီယာသည် သူမထပ်ခါတလဲလဲဖတ်ခဲ့သော ဆာလံ ၁၁၆ မှ၊ အထူးသဖြင့် အခန်းငယ် ၁-၄ မှ ခွန်အားများစွာရရှိခဲ့သည်– “ထာဝရဘုရားသည် ငါတောင်းပန်ခြင်းအသံကိုကြား၍ ငါ့ဘက်သို့ နားတော်ကိုလှည့်တော်မူသောကြောင့် ငါနှစ်သက်၏။ ငါအသက်ရှည်သမျှကာလပတ်လုံး ထာဝရဘုရားကို ပတ္ထနာပြုမည်။ သေခြင်းကြိုးတို့သည် ငါ့ကိုဝိုင်း၍ မရဏာနိုင်ငံဘေးတို့သည် ငါ့ကိုဖမ်းမိသဖြင့် ဆင်းရဲဒုက္ခဝေဒနာနှင့် ငါတွေ့ကြုံရ၏။ ထိုအခါ အိုထာဝရဘုရား အကျွန်ုပ်အသက်ကို ကယ်နုတ်တော်မူပါမည်အကြောင်း တောင်းပန်ပါ၏ဟု ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြု၏။” ထိုဆုတောင်းချက်မျိုးကို ယေဟောဝါနားညောင်းပါသည်တကား!
၁၄။ ပိုလန်သက်သေခံများသည် ထူးခြားထင်ရှားသည့်သမာဓိကို မည်သို့တင်ပြခဲ့ကြသနည်း။
၁၄ ယေရှုအချိန်ကကဲ့သို့ မာရ်နတ်သည် ဘာသာရေးတစ်ယူသန်မှုကို အသုံးပြုပြီး နှိပ်စက်ညှဉ်းပန်းခြင်းမီးတောက်ကို မီးထိုးယပ်ခပ်လုပ်ပေးသည်—သို့သော် အောင်မြင်မှုမရချေ။ ထင်ရှားသည့်ဥပမာကား ၁၉၉၄ ခု ယေဟောဝါသက်သေများ၏ နှစ်ချုပ်စာအုပ် တွင်ဖော်ပြထားသော ပိုလန်နိုင်ငံရှိ ကျွန်ုပ်တို့၏ညီအစ်ကိုများအကြောင်းဖြစ်သည်။ လူငယ်လူရွယ်များပင်လျှင် သမာဓိစောင့်သိသူများဖြစ်ကြောင်း သက်သေထူရန် အခြေအနေကတောင်းဆိုသည်။ ၁၉၄၆ ခုနှစ်က ထိုသို့သောသူများထဲတွင် ပါဝင်သည့် ၁၅ နှစ်အရွယ်မိန်းကလေးတစ်ဦး ဤသို့ပြောခဲ့သည်– “အမှတ်အသားဖြစ်တဲ့ လက်ဝါးကပ်တိုင် လုပ်ပြရင်လုပ်ပြ၊ မလုပ်ပြလို့ကတော့ ကျည်ဆံကစောင့်နေလေရဲ့!” သမာဓိစောင့်သိသောကြောင့် သူမသည် တောထဲသို့ တရွတ်တိုက်ဆွဲသွားခြင်းခံရပြီး ထိတ်လန့်ဖွယ်ကောင်းလောက်အောင် နှိပ်စက်ခံရကာ နောက်ဆုံးသေနတ်ဖြင့်ပစ်သတ်ခံရသည်။—မဿဲ ၄:၉၊ ၁၀ နှိုင်းယှဉ်။
စာတန်၏ အခြားဉာဏ်နီဉာဏ်နက်များ
၁၅၊ ၁၆။ (က) စာတန်၏ ပက်စက်ယုတ်မာသည့် မူဝါဒကား အဘယ်နည်း။ သူ့ကို ကျွန်ုပ်တို့မည်သို့ တွန်းလှန်နိုင်မည်နည်း။ (ခ) ကျွန်ုပ်တို့၏ငယ်ရွယ်သူများ အဘယ်ကြောင့် ထိမိလဲစရာမလိုသနည်း။
၁၅ စာတန်၏ ပက်စက်ယုတ်မာသည့် မူဝါဒမှာ “မအုပ်စိုးရလျှင် ဖျက်ဆီးမည်” ဟူ၍တည်း! သူ၏လက်နက်တိုက်ထဲတွင် ရက်စက်သည့်လက်နက်များစွာရှိသည်။ ထို့ကြောင့် တမန်တော်ပေါလုက ဤသို့သတိပေးခြင်းမှာ အဆန်းမဟုတ်ပါ– “အကြောင်းမူကား ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန်ရကြသည်မဟုတ်။ အထွတ်အမြတ်တို့နှင့်လည်းကောင်း၊ အာဏာစက်တို့နှင့်လည်းကောင်း လောကီမှောင်မိုက်၌ အစိုးတရပြုသော မင်းတို့နှင့်လည်းကောင်း၊ မိုးကောင်းကင်၌နေသော နတ်ဆိုးတို့နှင့်လည်းကောင်း ဆိုင်ပြိုင်တိုက်လှန်ရကြ၏။ ထို့ကြောင့် ခဲယဉ်းဆိုးယုတ်သောကာလ၌ ဆီးတားနိုင်သဖြင့် ကိစ္စအလုံးစုံတို့ကိုပြီးစီး၍ ခံရပ်နိုင်မည်အကြောင်း ဘုရားသခင်ပြင်ဆင်သောလက်နက်စုံကို ယူဆောင်ကြလော့။” (ဧဖက် ၆:၁၂၊ ၁၃) ရုပ်ပစ္စည်းတပ်မက်မှုများ၊ ယုတ်ညံ့စေသည့် ဖျော်ဖြေမှုများနှင့် ဝါဒဖြန့်မှု၊ စာတန့်တေးသီချင်း၊ ကျောင်းတွင် သက်တူရွယ်တူချင်းတို့၏ဖိစီးမှု၊ မူးယစ်ဆေးဝါးအလွဲသုံးခြင်းနှင့် အလွန်အကျွံသောက်စားခြင်း—ယင်းတို့ထဲမှ မည်သည့်အရာမဆို ကျွန်ုပ်တို့၏အသက်ကို ပျက်စီးစေနိုင်သည်။ ထို့ကြောင့် တမန်တော်က ဤသို့ဆက်၍သြဝါဒပေးသည်– “မာရ်နတ်ပစ်ခတ်သော မီးစက်လက်နက်ကို ကာသတ်နိုင်သော ယုံကြည်ခြင်းတည်းဟူသော လွှားကိုလည်း ခပ်သိမ်းသောလက်နက်တို့အပေါ်မှာ ထပ်ဆင့်၍ယူဆောင်ကြလော့။”—ဧဖက် ၆:၁၆။
၁၆ ယင်းသည် ယခုအခါ အထူးလိုအပ်ရခြင်းမှာ ဤလောကကို အပြည့်အဝလွှမ်းမိုးရန် စာတန်ပြုနေသည့် ဆန်းပြားသောတေးဂီတကြောင့်ဖြစ်သည်။ အချို့တေးဂီတများသည် စာတန့်အယူဝါဒများနှင့် တိုက်ရိုက်ပတ်သက်နေသည်။ စယ်န်တီယေးဂိုးခရိုင် (အမေရိကား) ရဲအရာရှိရုံးမှ မှတ်တမ်းတစ်ခုက ဤသို့ဖော်ပြသည်– “ဤနယ်တွင် စာတန်ကို စာလုံးပေါင်းပြောင်းပြန်လှန်ထားသော ‘နာတတ်စ်’ (Natas) ဟူသည့်စကားလုံးကို ထပ်ခါတလဲသံပြိုင်သီဆိုနေကြသော ကလေး ၁၅,၀၀၀ ပါဝင်သည့် တေးသံစုံဖျော်ဖြေရေးအဖွဲ့တစ်ဖွဲ့ရှိသည်။” စာတန့်အယူဝါဒသည် “မျှော်လင့်ချက်ကင်းမဲ့ခြင်း၊ ဒေါသထွက်ခြင်းနှင့် အထီးကျန်ခြင်းတို့ဖြင့် လေလွင့်နေသော” မီးကောင်ပေါက်တို့၏ ခြေကျွံလဲသည့်တွင်းပေါက်အဖြစ် သရုပ်ဖော်ခံရသည်။ ခရစ်ယာန်အသင်းတော်အတွင်းရှိ အသင်ငယ်ရွယ်သူများ၊ သင်တို့လဲစရာအကြောင်းမရှိပါလေ! စာတန့် မီးစက်လက်နက်က သင့်ကိုဘယ်တော့မျှမခွင်းမိရန် ဝိညာဏလက်နက်စုံကို ယေဟောဝါစီမံပေးထားသည်။—ဆာလံ ၁၆:၈၊ ၉။
၁၇။ စိတ်ပိုင်းဆိုင်ရာဖိစီးမှုကို မည်သို့အောင်မြင်နိုင်မည်နည်း။
၁၇ စာတန့်မီးစက်လက်နက်များသည် စိတ်လှုပ်ရှားမှုများကို ကြိုးကိုင်ရန်အတွက် စီမံထားသည်။ ကျွန်ုပ်တို့၏ရန်သူက အချို့တို့အား ကာယရေးနာမကျန်းမှု သို့မဟုတ် အလွန်အမင်းစိတ်ဓာတ်ကျဆင်းမှုတို့ကဲ့သို့သော ဘဝဖိစီးမှုများအားဖြင့် မိမိတန်ဖိုးမရှိဟူသောခံစားချက်ပေါ်ပေါက်လာစေပေမည်။ တစ်ဦးတစ်ယောက်သည် ဘုရားသခင့်လုပ်ငန်းတော်တွင် နာရီများစွာမပါဝင်နိုင်သောကြောင့် သို့မဟုတ် အသင်းတော်အစည်းအဝေးအချို့ကို ပျက်ကွက်သောကြောင့် စိတ်ဓာတ်ကျဆင်းပေမည်။ အကြီးအကဲများနှင့် ကြင်နာတတ်သည့်အခြားညီအစ်ကိုညီအစ်မများ၏ မေတ္တာပါစောင့်ရှောက်မှုအားဖြင့် ခက်ခဲသောပူဆွေးသောကများကို အောင်မြင်ကျော်လွှားစေနိုင်သည်။ ယေဟောဝါသည် မိမိ၏သစ္စာရှိကျေးကျွန်များအား ချစ်တော်မူကြောင်း အစဉ်သတိရပါ။ (၁ ယောဟန် ၄:၁၆၊ ၁၉) ဆာလံ ၅၅:၂၂ က ဤသို့ဖော်ပြထားသည်– “ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား၌ ချထားလော့။ သင့်ကိုမစတော်မူမည်။ ဖြောင့်မတ်သောသူကို အစဉ်အမြဲလှုပ်ရှားစေတော်မမူရာ။”
၁၈။ အချို့တို့သည် စာတန်၏ မည်သည့်အကြံအစည်များကို တွန်းလှန်ကြရသနည်း။
၁၈ စာတန်၏ ကောက်ကျစ်သည့် “အကြံအစည်များ” သည် မကြာသေးမီက အခြားပုံစံတစ်မျိုးဖြင့် ထင်ရှားလာသည်။ အချို့နိုင်ငံများတွင် အရွယ်ရောက်သူများစွာတို့သည် သူတို့ကလေးအရွယ်က စာတန့်အဖွဲ့သားများ၏ မတော်မတရားနှိပ်စက်မှုကို ခံခဲ့ရသည်ဟူသော စိတ်စွဲလမ်းဖိစီးမှုကိုဖော်ဆောင်သည့် အတွေးများဝင်လာတတ်သည်။ ယင်းအတွေးများ မည်သည့်နေရာမှလာသနည်း။ ကျယ်ကျယ်ပြန့်ပြန့်စူးစမ်းလေ့လာမှုများပြုသော်လည်း လောကီဆိုင်ရာတွေးထင်ယူဆမှု အမြောက်အမြားရှိသည်။ အချို့တို့က ထိုအတွေးများကို သတိတရားတွင်ပေါ်လာသော အဖြစ်မှန်အဖြစ် ရှုမြင်ကြပြီး အချို့က သံသယဖြစ်ဖွယ်သောကုထုံးက လှုံ့ဆော်ခြင်းဖြစ်နိုင်သည့်—စိတ်ကူးယဉ်ခြင်းဟု ယူမှတ်ကြကာ အချို့တို့ကလည်း ကလေးဘဝကရခဲ့သည့် စိတ်ဒဏ်ရာတစ်ခုခုကြောင့် ကယောင်ကတမ်းဖြစ်ခြင်းဟု ယူမှတ်ကြသည်။
၁၉။ (က) ယောဘသည် မည်သည့်အတွေးအခေါ်များနှင့် တိုက်လှန်ခဲ့ရသနည်း။ (ခ) အကြီးအကဲများသည် ဧလိဟု၏ပုံသက်သေကို မည်သို့လိုက်လျှောက်နိုင်သနည်း။
၁၉ ဘုရားသခင့်ကျေးကျွန်ယောဘသည် ဧလိဖတ်နှင့်ဇောဖာတို့မှတစ်ဆင့် စာတန်ဖြစ်ပေါ်စေသော “ငြိမ်သက်မှုမရှိသည့်အတွေးများ” နှင့် တိုက်လှန်ခဲ့ရခြင်းမှာ စိတ်ဝင်စားစရာဖြစ်သည်။ (ယောဘ ၄:၁၃-၁၈; ၂၀:၂၊ ၃၊ ကဘ) သို့နှင့် ယောဘသည် “စိတ်အနှောင့်အယှက်ဖြစ်စရာများ” ကို ခံစားရပြီး သူ့အားစိတ်ဝေဒနာဖြစ်စေသည့် “ကြောက်မက်ဖွယ်ရာများ” နှင့်ပတ်သက်၍ “အရမ်းကာရောပြောဆိုခြင်း” ကို ပြုမိသည်အထိဖြစ်သွားသည်။ (ယောဘ ၆:၂-၄; ၃၀:၁၅၊ ၁၆၊ ကဘ) ဧလိဟုက ယောဘပြောသမျှကို ငြိမ်သက်စွာနားထောင်ပြီးနောက် ယေဟောဝါ၏ ပညာအရှိဆုံးသောရှုမြင်ချက်ကို သိမြင်လာစေရန် သူ့အား စိတ်ရင်းမှန်ဖြင့် ကူညီပေးခဲ့သည်။ အလားတူယနေ့လည်း နားလည်မှုရှိသောအကြီးအကဲများသည် ဒုက္ခရောက်သူများအပေါ် ထပ်ဆင့် “ဖိစီးမှု” မတင်ခြင်းအားဖြင့် ထိုသို့သောသူတို့အား ဂရုစိုက်ကြောင်းတင်ပြကြသည်။ ယင်းအစား၊ ဧလိဟုနည်းတူ သူတို့ပြောသည့်စကားကို စိတ်ရှည်စွာနားထောင်ပြီး ဘုရားသခင့်နှုတ်ကပါဌ်တော်ဆိုင်ရာ အနာငြိမ်းစေသောဆီကို လူးပေးကြသည်။ (ယောဘ ၃၃:၁-၃၊ ၇၊ ကဘ; ယာကုပ် ၅:၁၃-၁၅) သို့နှင့် အဖြစ်မှန်ကဖြစ်စေ၊ စိတ်ကူးစိတ်သန်းကဖြစ်စေ ဖြစ်ပေါ်စေသော စိတ်ဒဏ်ရာများဖြင့် စိတ်ပိုင်းဆိုင်ရာအနှောင့်အယှက်ဖြစ်သူ သို့မဟုတ် ယောဘကဲ့သို့ ‘ကြောက်မက်ဖွယ်သောအိပ်မက်နှင့် ရူပါရုံအားဖြင့် . . . ထိတ်လန့်စေ’ ခြင်းခံရသောသူတို့သည် အသင်းတော်တွင် အနာငြိမ်းစေသည့် ကျမ်းဆိုင်ရာနှစ်သိမ့်မှုကို ရှာဖွေနိုင်သည်။—ယောဘ ၇:၁၄; ယာကုပ် ၄:၇။
၂၀။ စိတ်သောကဖြစ်နေသောခရစ်ယာန်များသည် သူတို့၏ဝိညာဏဟန်ချက်ကိုထိန်းသိမ်းနိုင်ရန် မည်သို့ကူညီခံရနိုင်သနည်း။
၂၀ လောလောဆယ် ထိုကြောက်မက်ဖွယ်အတွေးများနောက်ကွယ်တွင် စာတန်သည် တစ်နည်းနည်းဖြင့်ရှိနေကြောင်း ခရစ်ယာန်တစ်ဦးသေချာနိုင်သည်။ အသင်းတော်ရှိသူတစ်ဦးတစ်ယောက်သည် ထိုအတိုင်းခံစားရပါက ယင်းသို့ကြောက်မက်ဖွယ်စိတ်တွင်ထင်ဟပ်မှုများသည် မိမိတို့၏ဝိညာဏဟန်ချက်ကို ကမောက်ကမဖြစ်စေရန်ရည်ရွယ်သည့် စာတန်၏တိုက်ရိုက်တိုက်ခိုက်မှုပင်ဖြစ်ကြောင်း ရှုမြင်သင့်သည်။ ထိုသူတို့သည် စိတ်ရှည်မှု၊ နားလည်မှုနှင့် ကျမ်းစာဆိုင်ရာကူညီထောက်မမှုလိုအပ်ကြသည်။ ယေဟောဝါထံ စိတ်အားထက်သန်စွာချဉ်းကပ်ခြင်းနှင့် ဝိညာဏသိုးထိန်းခြင်းတို့ထံမှ အကူအညီရယူခြင်းအားဖြင့် ဝေဒနာခံစားရသူသည် သာမန်ထက်လွန်ကဲသောတန်ခိုးတော်မှ အကျိုးကျေးဇူးခံစားရနိုင်သည်။ (ဟေရှာယ ၃၂:၂; ၂ ကောရိန္သု ၄:၇၊ ၈) သို့အားဖြင့် သူတို့သည် သစ္စာရှိစွာခံရပ်နိုင်ပြီး အသင်းတော်ငြိမ်သက်ခြင်းကို ထိခိုက်စေနိုင်သော ချဉ်းနင်းဝင်ရောက်လာနိုင်သည့် ဆိုးဝါးသောအတွေးအမြင်များကို ငြင်းပယ်နိုင်သည်။ (ယာကုပ် ၃:၁၇၊ ၁၈) မှန်ပါသည်၊ “အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့!” ဟုယေရှုပြောဆိုခဲ့စဉ်က သဘောထားမျိုးဖြင့် သူတို့သည် မာရ်နတ်ကိုဆီးတားနိုင်ကြပေမည်။—မဿဲ ၄:၁၀; ယာကုပ် ၄:၇။
၂၁။ စာတန်၏ ကောက်ကျစ်စဉ်းလဲသည့်နည်းများကို ကျမ်းစာက မည်သို့သတိပေးထားသနည်း။
၂၁ စာတန်၏ဦးတည်ချက်မှာ ကျွန်ုပ်တို့၏စိတ်ကို တစ်နည်းနည်းဖြင့် ပျက်ပြားယိုယွင်းစေရန်ဖြစ်ကြောင်း ကျွန်ုပ်တို့သိကြသည်။ ၂ ကောရိန္သု ၁၁:၃ တွင် တမန်တော်ပေါလုသတိပေးထားသကဲ့သို့ဖြစ်သည်– “မြွေသည် မိမိပရိယာယ်အားဖြင့် ဧဝကိုလှည့်စားသကဲ့သို့ သင်တို့သည် စိတ်ဆွေးမြေ့ယိုယွင်း၍ ခရစ်တော်ကိုအကြွင်းမဲ့ချစ်သောစိတ်ပျောက်မည်ဟု စိုးရိမ်ခြင်းရှိ၏။” မျက်မှောက်ခေတ်သတ္တဝါအားလုံး သို့မဟုတ် ဘုရားသခင်နှင့်ကင်းကွာနေသောလူ့အဖွဲ့အစည်း၏ ပျက်စီးယိုယွင်းခြင်းသည် နောဧအချိန်က ဖောက်ပြန်ယိုယွင်းပြီး အကြမ်းဖက်သည့် နှစ်မျိုးစပ်ကပြား “လှဲချသူများ” က ဖြစ်စေခဲ့သည့်သိမ်ဖျင်းမှုကို ကျွန်ုပ်တို့အားသတိရစေသည်။ (ကမ္ဘာဦး ၆:၄၊ ၁၂၊ ၁၃၊ ကဘ၊ အောက်ချေမှတ်ချက်; လုကာ ၁၇:၂၆) ထို့ကြောင့် စာတန်မာရ်နတ်သည် အထူးသဖြင့် ဘုရားသခင်၏လူများအပေါ် မိမိ၏အမျက်ဒေါသကို သွန်ထုတ်ရန် လိမ္မာပါးနပ်သည့်လုပ်ရပ်များနှင့် ကောက်ကျစ်စဉ်းလဲသည့်နည်းများကို အားထားခြင်းသည် အဆန်းမဟုတ်ပါ။—၁ ပေတရု ၅:၈; ဗျာဒိတ် ၁၂:၁၇။
၂၂။ စာတန်၏အနှောင့်အယှက်မရှိတော့သောအခါ မည်သည့်ကောင်းချီးများကို မျှော်လင့်နိုင်သနည်း။
၂၂ ယောဘကျမ်းစာစောင်၏ နောက်ဆုံးအခန်းကြီးများတွင် စာတန်၏အမည်ကို ဖော်ပြထားခြင်းပင်မရှိပါ။ လူသည် ဘုရားသခင်အပေါ် သမာဓိမစောင့်သိနိုင်ဟူသော သူ၏ဆိုးညစ်သည့်စိန်ခေါ်ချက်သည် မဟုတ်မမှန်ကြောင်း ယောဘ၏သမာဓိက သက်သေထူလိုက်သည်။ အလားတူ မဝေးတော့သည့်အနာဂတ်တွင် သမာဓိစောင့်သိသော “လူအုပ်ကြီး” သည် “ကြီးစွာသောဒုက္ခအထဲကထွက်မြောက်” လာကြသောအခါ စာတန်သည် တွင်းနက်ကြီးထဲချပစ်ခြင်းခံရမည်။ သစ္စာရှိယောဘအပါအဝင် ယုံကြည်သူယောက်ျားမိန်းမများသည် ထိုလူအုပ်ကြီးနှင့်ပေါင်းပြီး ယောဘခံစားခဲ့ရသည့်ဆုလာဘ်ထက် သာ၍ကြီးကျယ်ခမ်းနားသည့် ပရဒိသုကောင်းချီးများကို စံစားကြရမည်တည်း!—ဗျာဒိတ် ၇:၉-၁၇; ၂၀:၁-၃၊ ၁၁-၁၃; ယောဘ ၁၄:၁၃။
[အောက်ခြေမှတ်ချက်များ]
a ၁၉၉၂ ယေဟောဝါသက်သေများ၏ နှစ်ချုပ်စာအုပ် စာမျက်နှာ ၁၇၇ ကိုရှု။
ပြန်လည်စစ်ဆေးရန်မေးခွန်းများ
◻ ယောဘ၊ ယေရှုနှင့်ပေါလုတို့သည် သမာဓိဆိုင်ရာပုံသက်သေကောင်းများကို မည်သို့ချမှတ်ခဲ့သနည်း။
◻ သမာဓိစောင့်သိသူများသည် စာတန်ကို မည်သို့ရင်ဆိုင်ခဲ့ကြသနည်း။
◻ လူငယ်များသည် စာတန်၏ဉာဏ်နီဉာဏ်နက်များကို မည်သို့တွန်းလှန်နိုင်မည်နည်း။
◻ စာတန်၏နည်းပရိယာယ်များကို ကျော်နင်းနိုင်ရန် မည်သို့ပြုလုပ်နိုင်သနည်း။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
အီသီယိုးပီးယားတွင် အသတ်ခံရသော မိမိတို့ဖခင်၏ ပုံသက်သေကိုလိုက်လျက် ယခု ယေဟောဝါအား အချိန်ပြည့်အမှုဆောင်နေကြသည့် မက်စ်ဝဒ်နှင့်ယိုလဲန်
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
အာဖရိကမြောက်ပိုင်းမှ သမာဓိစောင့်သိသည့်လူငယ် အယ်န်တီလီယာ