ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၁၂/၁၅ စာ. ၁၉-၂၁
  • သင့်အတွက် ကျန်းမာရေးစမ်းသပ်နည်းလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်အတွက် ကျန်းမာရေးစမ်းသပ်နည်းလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျန်းမာရေး—ဘာပဲဖြစ်ဖြစ်လော
  • အဘယ်စွမ်းအားများ ပါဝင်ပတ်သက်သနည်း
  • သတိပြုလေ!
  • ကျန်းမာရေးကို ဂရုစိုက်ရာတွင် ကျမ်းစာအမြင်ကို ထိန်းသိမ်းပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ခရစ်ယာန်တွေ ဆေးကုသမှု ခံယူလို့ရသလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ‘ကိုယ်ကိုကိုယ် စစ်ကြောနေကြလော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • နတ်ဝိဇ္ဇာ
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၁၂/၁၅ စာ. ၁၉-၂၁

သင့်အတွက် ကျန်းမာရေးစမ်းသပ်နည်းလော

ကင်းမျှော်စင်အသင်းသည် လူတစ်ဦးတစ်ယောက်အား ဆေးဘက်ဆိုင်ရာနှင့် ရောဂါလက္ခဏာစမ်းသပ်နည်းများကို ထောက်ခံပေးခြင်း၊ သူ့အတွက် ဆုံးဖြတ်ပေးခြင်း မပြုပါ။ ကျမ်းစာမူများကို သိရှိနားလည်ထားသည့်အလျောက် အချို့သော စမ်းသပ်နည်းများသည် သင်္ကာမကင်းဖွယ် ပုံစံဖြစ်နေမည်ဆိုလျှင် ယင်းတို့ကို သတိပြုစေနိုင်သည်။ ထိုအခါ တစ်ဦးစီအနေနှင့် ယင်းတို့ကို ချင့်ချိန်ပြီးနောက် ဆုံးဖြတ်ချက်ချနိုင်ပါသည်။

ချစ်လှစွာသော ညီအစ်ကိုများ– သင်တို့၏ ထင်မြင်ချက်ကို ကျွန်တော်ရလိုပါသည်။ [ကျန်းမာရေးပညာရှင်တစ်ဦး] ကောင်းကောင်း အောင်မြင်နေပုံရှိ၏။ သို့သော် သူမအသုံးပြုသည့်နည်းကို ကျွန်တော်သံသယဖြစ်မိသည်။ . . . စစ်ဆေးစမ်းသပ်ကြည့်ခြင်းအားဖြင့် အဘယ်ချို့ယွင်းချက်ရှိကြောင်းကို သူမဆုံးဖြတ်သည်။ ထို့နောက် ဆေးအမျိုးအစားနှင့် ယင်းဆေး မည်မျှအသုံးပြုရမည်ကို သိရှိရန် ဆေးပုလင်းကို ဂလင်း သို့မဟုတ် အင်္ဂါတစ်ခုအနီး အရေပြားပေါ် ကပ်ထားသည်။ သူမက လူနာ၏မြှောက်ထားသောလက်ကို ကြိုးစားဆွဲချသည်။ ဆေးအမျိုးအစားနှင့် အတိုင်းအတာကိုသိရှိရန် လက်ကိုဆွဲချရာတွင် သူမစိုက်ထုတ်ရသည့်အားပေါ်မူတည်၍ ဆုံးဖြတ်သည်။ ဤသီအိုရီအရ လျှပ်စစ်စီးဆင်းသကဲ့သို့ ဆေးမှ အီလက်ထရွန်တို့သည် ပုလင်းအဖုံးမှတစ်ဆင့် ခန္ဓာကိုယ်သို့ စီးသွားပြီး ယင်းက စွမ်းအားရှိလာစေသည် ဟုဆိုသည်။ ယင်းသည် တွင်းရေဝင်စမ်းကိရိယာသုံးခြင်းကဲ့သို့ ဖြစ်သလော။

အမေရိကန်နိုင်ငံ အော်ရီဂင်ပြည်နယ်မှလာသော ဤစာသည် အာဟာရလိုအပ်ချက်များကို ဆုံးဖြတ်သတ်မှတ်ရန်၊ စိတ်လှုပ်ရှားမှုပြဿနာများကို ချင့်ချိန်ရန်၊ မှတ်ဉာဏ်ကို အကဲဖြတ်ရန်နှင့် နေ့စဉ်အသက်တာနှင့်ပတ်သက်သော မေးခွန်းများကို ဖြေရှင်းရန် လူအချို့အသုံးပြုသည့် လုပ်ထုံးနှင့် သက်ဆိုင်သည်။ ဤလုပ်ထုံးသည် မည်မျှပင် အများသုံးဖြစ်စေဦးတော့ စာရေးသူသည် ယင်းကို သံသယဝင်ရန် ခိုင်လုံသောအကြောင်း ရှိပါသလော။

ကျန်းမာရေး—ဘာပဲဖြစ်ဖြစ်လော

ရှေးအချိန်ကတည်းက လူများသည် အဘယ့်ကြောင့်ဖျားနာရပြီး မည်သို့ပြန်ကောင်းနိုင်မည်ကို နားလည်ရန် ကြိုးစားခဲ့ကြပြီ။ ဣသရေလလူမျိုးတို့သည် မိမိတို့အပြစ်သားများဖြစ်ကြောင်း သိထားကြသောကြောင့်လည်းကောင်း၊ ရောဂါပိုးများ ကူးစက်ခြင်း သို့မဟုတ် ပျံ့နှံ့ခြင်းကို ရှောင်ဖို့ သူတို့အားထောက်ကူသည့် ဘုရားသခင်ထံတော်မှ ပညတ်ချက်များ ရရှိထားသောကြောင့်လည်းကောင်း အခွင့်အရေးသာခဲ့ကြသည်။ (ဝတ်ပြုရာ ၅:၂; ၁၁:၃၉၊ ၄၀; ၁၃:၁-၄; ၁၅:၄-၁၂; တရားဟောရာ ၂၃:၁၂-၁၄) သို့တစေ ဘုရားသခင့် လူမျိုးတော်သည်လည်း သူတို့ခေတ်တွင်ရှိ တတ်စွမ်းသော ဆေးပညာရှင်များထံမှ အကူအညီကိုရှာယူခဲ့ရသည်။—ဟေရှာယ ၁:၆; ၃၈:၂၁; မာကု ၂:၁၇; ၅:၂၅၊ ၂၆; လုကာ ၁၀:၃၄; ကောလောသဲ ၄:၁၄။

ရှေးဗာဗုလုန်နှင့် အီဂျစ်တွင်ရှိလူများနှင့် အခြားကြီးခြားလိုက်လေခြင်း! သူတို့၏ “ဆေးဆရာ” များတွင် သဘာဝပစ္စည်းများနှင့် ဖော်စပ်ထားသည့် ဆေးဝါးများကို အသုံးပြုသည့် ကုထုံးကုနည်းအချို့ ရှိခဲ့သော်လည်း သူတို့၏ “ကုထုံးများ” သည် ယခုအချိန်တွင် တတ်ယောင်ကားများဟု ဖော်ပြခံရလိမ့်မည်။ အီဂျစ်လူမျိုးများ၏ အရုပ်စာ စာသားတစ်ခုက ဝက်မျက်လုံး၊ ခနောက်စိမ်း၊ မြေနီမှုန့်နှင့် ပျားရည်တို့ဖြင့် ဖော်စပ်ထားသော အနံ့ဆိုးသည့်ဆေးရည်နှင့် မျက်စိကွယ်ခြင်းကို ကုသပေးသော ဆေးပညာရှင်တစ်ဦးအကြောင်း ပြောပြထားသည်။ ဖော်စပ်ထားသော ဤဆေးရည်ကို လူနာ၏နားတွင်းသို့ လောင်းထည့်သည်! ဤကုထုံးသည် “အလွန်ပင် ကောင်းမွန်” ကြောင်း ရှေးသက်သေခံချက်တစ်ခုက ဆိုထားသည်။ ယင်း၏ဆန်းပြားခြင်း သို့မဟုတ် လျှို့ဝှက်နက်နဲခြင်းက ယင်းကို အားကိုးအားထားရန် ပို၍ပင် တိုက်တွန်းခဲ့ပေမည်။ဗာဗုလုန်နှင့် အီဂျစ်လူမျိုးများသည် လျှို့ဝှက်ဆန်းကြယ်သောစွမ်းအင်ကို ကူညီမစရန်အတွက် တိုင်တည်လေ့ရှိသည်။a တချို့သော စွမ်းအား သို့မဟုတ် စွမ်းအင်သည် လူနာမှတစ်ဆင့် အခြားသတ္တဝါဆီသို့ စီးဆင်းပြီး အကျိုးသက်ရောက်စေနိုင်ကြောင်း ယုံကြည်ကာ ပုရောဟိတ်လည်းဖြစ်၊ ဆေးပညာရှင်လည်းဖြစ်သူတစ်ဦးက လူနာအား သိုးတစ်ကောင်၏ နှာခေါင်းထဲသို့ အသက်ရှူထည့်စေမည်။ ထို့နောက် သိုးကိုသတ်ပြီး ၎င်း၏အသည်းက လူနာ၏ဝေဒနာ သို့မဟုတ် သူ၏အနာဂတ်ကို ဖွင့်ပြလိမ့်မည်ဟု မှန်းဆကြသည်။—ဟေရှာယ ၄၇:၁၊ ၉-၁၃; ယေဇကျေလ ၂၁:၂၁။

ရှေးဣသရေလနိုင်ငံတွင်ရှိ ဘုရားသခင်ကိုကြောက်ရွံ့သော ဆေးပညာရှင်တစ်ဦးသည် နတ်ဝိဇ္ဇာအတတ်ပညာများကို အမှန်ပင် အသုံးချလိမ့်မည်မဟုတ်။ ဘုရားသခင်က ဉာဏ်ပညာရှိရှိ ဤသို့ပညတ်ထားသည်– “သင်တို့တွင် . . . ဖြစ်လတ္တံ့သောအမှုကို ကိုယ်ဉာဏ်နှင့် ဟောပြောသောသူ၊ ကာလဗေဒင်ကို ကြည့်သောသူ၊ မကောင်းသောအတတ်ကို ပြုစုသောသူ . . . တစ်စုံတစ်ယောက်မျှ မရှိရ။ ထိုသို့ပြုတတ်သောသူအပေါင်းတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။” (တရားဟောရာ ၁၈:၁၀-၁၂; ဝတ်ပြုရာ ၁၉:၂၆; ၂၀:၂၇) ယနေ့ ဘုရားသခင့် ခရစ်ယာန်ကျေးကျွန်များအတွက်လည်းအလားတူပင်ဖြစ်သည်။ သတိချပ်ခြင်းသည် သင့်လျော်ပေသည်။

မကြာမီနှစ်များအတွင်း လူများစွာသည် ရောဂါရှာဖွေသည့်နည်းများနှင့် “အခြား” ကုထုံးများကို စိတ်ဝင်စားနေကြပါသည်။ အမှန်မှာ ယင်းကိစ္စသည် ကိုယ်တိုင်ဆုံးဖြတ်ရမည့် ကိစ္စတစ်ရပ်ဖြစ်သည်။ (မဿဲ ၇:၁; ရောမ ၁၄:၃၊ ၄ နှိုင်းယှဉ်။) မည်သည့်ခရစ်ယာန်မဆို အသက်ကယ်တင်ရန် တစ်ခုတည်းသေချာသောနည်းလမ်းဖြစ်သည့် ဓမ္မအမှုကို သေးသိမ်သွားစေသည်အထိ အချေအတင်ဖြစ်ဖွယ် ကျန်းမာရေးပြဿနာများကို အာရုံစူးစိုက်လွန်းသူတစ်ဦးဖြစ်လာပါက ဝမ်းနည်းဖွယ်ဖြစ်မည်အမှန်။ (၁ တိမောသေ ၄:၁၆) ကျမ်းစာက ကမ္ဘာသစ်တွင် ပျောက်ကင်းသွားမည့် ရောဂါဝေဒနာများနှင့် စုံလင်သောကျန်းမာရေးကို ဆေးဝါးဆိုင်ရာဆောင်ရွက်ချက်များ၊ ဆေးပင်များ၊ ဓာတ်စာများ သို့မဟုတ် ဟိုလစ်စတစ်ကုထုံးများအားဖြင့် ရရှိမည်ဟုမပြောထားပါ။ အမှန်မှာ ရောဂါ လုံးဝပျောက်ကင်းခြင်းသည် ယေရှု၏ရွေးနုတ်ဖိုး ပူဇော်သက္ကာအပေါ်အခြေခံသည့် အပြစ်လွှတ်ခြင်းအားဖြင့်သာလျှင် ရရှိမည်ဖြစ်သည်။—ဟေရှာယ ၃၃:၂၄; ဗျာဒိတ် ၂၂:၁၊ ၂။

အဘယ်စွမ်းအားများ ပါဝင်ပတ်သက်သနည်း

ခရစ်ယာန်တစ်ဦးသည် အစပိုင်းပါ စာတွင် ဖော်ပြထားသော ကြွက်သားစမ်းသပ်ခြင်း လုပ်ထုံးနှင့်ပတ်သက်၍ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချရန် အဘယ်အချက်များကို သုံးသပ်လိုမည်နည်း။

ကြွက်သား၏စွမ်းအား သို့မဟုတ် တုံ့ပြန်မှုကိုစမ်းသပ်သည့် အချို့သောနည်းများသည် သမားရိုးကျ ဆေးပညာအဝင်ဖြစ်ပြီး ယင်းတို့၏ခိုင်လုံမှုကို မေးမြန်းမည့်သူ နည်းလိမ့်မည်။ ဥပမာ၊ ပိုလီယိုရောဂါသည် ကြွက်သားများကို အားနည်းစေနိုင်ပြီး ယင်းအတွက်ကုထုံးတွင် ကိုင်နီစီအော်လော်ဂျီခေါ် “ကြွက်သားများနှင့် ကြွက်သားများ၏ လှုပ်ရှားမှုကို လေ့လာသည့်ပညာရပ်” ပါဝင်ပေမည်။ လေသင်တုန်း ဝေဒနာသည်များအတွက် ပြန်လည်အားဖြည့်ပေးခြင်းကုထုံးတွင်လည်း ကိုင်နီစီအော်လော်ဂျီကို အသုံးပြုသည်။ အများစုမှာ ဤကဲ့သို့သော ကုသမှုကို နားလည်လိမ့်မည်။

သို့သော် ဤဆောင်းပါး၏ အစပိုင်းစာတွင် ဖော်ပြထားသည့် ကြွက်သားစမ်းသပ်ခြင်းနှင့်ပတ်သက်၍ကော အသို့နည်း။ ဤ “ကိုင်နီစီအော်လော်ဂျီ” နည်းကို အချို့သောအစားအသောက်များ၊ ဆေးပင်များ သို့မဟုတ် ဗီတာမင်များက လူတစ်ဦးကို အကူအညီဖြစ်ကောင်းဖြစ်စေမည် သို့မဟုတ် ထိခိုက်ကောင်းထိခိုက်စေမည်ကို သိရှိရန် စမ်းသပ်ခဲ့ဖူးပြီ။ ပြုလေ့ရှိသည့်အတိုင်း လူတစ်ဦးက မိမိလက်ကို ဆန့်တန်းထားရာ ကြွက်သား၏ စွမ်းအားကို စမ်းသပ်ရန် ပညာရှင်တစ်ဦးက ဖိချလိုက်သည်။ ထို့နောက် ရောဂါသည်က အာဟာရဓာတ် သို့မဟုတ် အခြားပစ္စည်းတစ်ခုခုကို မိမိ၏ပါးစပ်၊ မိမိ၏ဝမ်းဗိုက် သို့မဟုတ် မိမိ၏လက်တွင် ထည့်ပါမည်။ ယင်းနောက်တွင် လက်ကြွက်သားများကို ပြန်စမ်းသပ်ကြည့်၏။ သူသည် ဤအာဟာရဓာတ် လိုအပ်နေပါက သူ၏လက်သည် သာ၍သန်မာလာကြောင်းပြသမည်ဖြစ်သည်; ယင်းသည် သူ့အတွက်ဘေးဖြစ်ပါက ကြွက်သားများသည် အားနည်းလာကြောင်း ဖော်ပြမည်ဖြစ်သည်။b

ယင်းကို စမ်းသပ်ဖူးသူအချို့က အကျိုးပြုသည်၊ အကျိုးသက်ရောက်မှုသည်လည်း ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များကြောင့်ဖြစ်သည်ဟု ယူဆကြသည်။ ခေတ်သိပ္ပံပညာရပ်က မဖြေရှင်းပေးနိုင်သော်လည်း ဖြစ်ပျက်နေသည့်၊ တွေ့ရှိနိုင်သည့် အရာမြောက်မြားစွာရှိကြောင်း သူတို့အကြောင်းပြသည်။ သို့ဖြစ်၍ ဆရာဝန်များက ရှာဖွေမတွေ့ထားသေးသည့်၊ သို့မဟုတ် လက်မခံသေးသည့်တိုင် စွမ်းအင်များနှင့် အရာဝတ္တုများစပ်ကြား စွမ်းအင်လမ်းကြောင်းများ၊ သို့မဟုတ် အပြန်အလှန်အကျိုးသက်ရောက်မှုရှိသည်ဟု သူတို့အဆိုပြုသည်။

တစ်ဖက်မှကြည့်ပြန်လျှင် Applied Kinesiology စာအုပ်က ဤသို့ဆိုသည်– “အာဟာရဓာတ် အစရှိသည့် ဓာတုပစ္စည်းတစ်ခုကို လက်ထဲကိုင်ထား၍ ကြွက်သားကို စမ်းသပ်ခြင်းအားဖြင့် ယင်းကို အကဲဖြတ်နိုင်သည်ဟု [စာအုပ်များ] ကတစ်ခါတစ်ရံ သွန်သင်ပေးသည်။ ဤသို့သောစမ်းသပ်နည်းကို စိတ်ချနိုင်ရန် သက်သေသာဓက တစ်ခုမျှမတွေ့ရှိရသေးပါ။ . . . ဤနည်းမှန်ကန်သည်ဟု ပညာရှင်၏ တထစ်ချလက်ခံထားသည့်စိတ်ထားက ယင်းစမ်းသပ်ချက်မျိုးကိုပြုရာတွင် တိကျမှန်ကန်သောအဖြေရဖို့ရန် အနှောင့်အယှက်ဖြစ်စေနိုင်သည်။” “လက်ဖြင့် ကြွက်သားစမ်းသပ်နည်းကို ကျွမ်းကျင်စွာ စမ်းသပ်တတ်သူသည် သူ၏သဘောအတိုင်း စမ်းသပ်ချက်ကို . . . အနည်းအကျဉ်း ပြောင်းလဲပေးရုံဖြင့် စမ်းသပ်ခံသူ၏ ကြွက်သားကို အားနည်းသည့်၊ သို့မဟုတ် သန်မာသည့် ပုံစံရှိစေနိုင်သည်။”

သတိပြုလေ!

သို့ရာတွင် ကြွက်သားစမ်းသပ်ခြင်းတွင် ယင်းထက်မကပါဝင်သည်။ “အစားထိုး စမ်းသပ်ခြင်း” ဟုခေါ်ဝေါ်သည့်နည်းကို သုံးသပ်ကြည့်ပါ။ ဤနည်းကို စမ်းသပ်မခံနိုင်လောက်အောင် အားနည်းသော သက်ကြီးရွယ်အိုတစ်ဦး၊ သို့မဟုတ် ကလေးတစ်ဦးနှင့်ပတ်သက်၍ အသုံးပြုကောင်းပြုမည်။ အစားထိုး စမ်းသပ်ခံသူသည် ကလေးကို ကိုင်ထားစဉ် ဆေးပညာရှင်သည် အစားထိုးသူ၏ လက်မောင်းကို စမ်းသပ်လိမ့်မည်။ အိမ်မွေးတိရစ္ဆာန်များနှင့် ပတ်သက်၍ပင် ဤနည်းကို အသုံးပြုခဲ့ပြီ; အစားထိုးသူသည် စကော့တလန်သိုးထိန်းခွေး၊ ဂျာမန်သိုးထိန်းခွေး၊ သို့မဟုတ် ဖျားနေသော အခြားအိမ်မွေးတိရစ္ဆာန်အပေါ် လက်တင်ထားစဉ် သူ၏လက်မောင်းကို စမ်းသပ်လေ့ရှိသည်။

ဤသို့ပြုမူခြင်းတို့ကို ကျွန်ုပ်တို့ စီရင်ချက်ချရန် မဟုတ်သော်လည်း ‘ဤအကျိုးသက်ရောက်မှု နောက်ဝယ်တွင် ကိုယ်ထည်အင်အားများ ပါရှိသလော’ ဟု သင်မေးကောင်းမေးမည်။ သိပ္ပံပညာရှင်များက အာကာသရောင်ခြည်များ၊ မိုက်ခရိုလှိုင်းနှင့် လျှပ်စစ်သံလိုက် ဖြာထွက်ခြင်းအမျိုးအစား အသီးသီးရှိကြောင်း တွေ့ရှိခဲ့ပြီ။ သို့တစေ နို့စို့သူငယ်နှင့် အိမ်မွေးတိရစ္ဆာန်များပင် အပါအဝင် သတ္တဝါအပေါင်းတို့ထံမှ စီးထွက်နိုင်သည့် အင်အားများရှိရာ ထိုဒုတိယမြောက်သူတစ်ဦးကို စမ်းသပ်နိုင်သည့်အထိ ဖြစ်နိုင်ပါမည်လော။ ဗာဗုလုန်လူများက သိုးတစ်ကောင်ထံသို့ အင်အားစီးထွက်၍ ထိုတိရစ္ဆာန်ကိုထိခိုက်နိုင်သည်ဟု ထင်မှတ်သည်။ ‘ယနေ့ လူ သို့မဟုတ် တိရစ္ဆာန်တို့အား ထပ်တူအဖြစ်မျိုး ဖြစ်နိုင်သည်ဟု အကျွန်ုပ်ယုံသလော။ သို့မဟုတ် ယင်းအဖြစ်အပျက်နှင့်စပ်လျဉ်း၍ အခြားရှင်းလင်းချက် ရှိနိုင်ပါသလော’ ဟု ကိုယ့်ကိုယ်ကို မေးလိုပေမည်။

ဆေးဆရာအချို့က လူတစ်ဦး၏ “အင်အား” ကို သတ္တုခရုပတ်၊ သို့မဟုတ် ချိန်သီးပုံစံရှိ ကိရိယာများနှင့် ချင့်ချိန်စမ်းသပ်ကြည့်နိုင်သည်ဟု ဆိုသည်။ ဆေးဆရာနှင့် လူနာ၏ “စွမ်းအင်စက်ကွင်း” တို့သည် အပြန်အလှန် အကျိုးသက်ရောက်သည့်အခါ ယင်းကိရိယာများသည် လှုပ်ရှားလာသည်ဟု ဆိုသည်။ တစ်ချိန်က သိပ္ပံပညာရပ် သုတေသီတစ်ဦး ဖြစ်ခဲ့ဖူးသော ဤပညာရပ်နယ်ပယ်မှ ဆေးပညာရှင်နှင့် စာရေးဆရာဖြစ်သူသည် တစ်ခါတစ်ရံ ချိန်သီးကို အသုံးပြုကာ ရောဂါရှာဖွေလေ့ရှိသည်။ သူမက “လူ့စွမ်းအင်စက်ကွင်း” သို့မဟုတ် လူတို့ကိုဝန်းရံထားသည်ဟု ဆိုသော သွင်ပြင်အရောင်အဝါကို သူမ တွေ့မြင်နိုင်သည်ဟူ၍လည်း အခိုင်အမာဆိုသည်။ “အတွင်းကြည့်အာရုံ” ကို သူမအသုံးပြုကာ ကိုယ်ခန္ဓာတွင်းရှိ အကျိတ်အခဲများ၊ သွေးဆဲလ်များ၊ သို့မဟုတ် ပိုးမွှားများနှင့် အတိတ်ကိုပါ တွေ့မြင်နိုင်သည် ဟုဆိုသည်။c

ရှေ့တွင် သတိပြုစေသည့်အတိုင်း လက်မောင်းခွန်အားဖြင့် စွမ်းအင်အပေါ် အကဲဖြတ်နည်းကိုအသုံးပြုကာ စိတ်လှုပ်ရှားမှုတို့ကို စမ်းသပ်ခဲ့ကြပြီ။ ကြီးကျယ်စွာ ဖြန့်ဝေရသော စာအုပ်တစ်အုပ်က ဤသို့ဆိုသည်– “တစ်ကြိမ်တည်းတွင် စိတ်လှုပ်ရှားမှုဖြစ်ခြင်းကို အနည်းငယ်စမ်းသပ်ကြည့်လိုလျှင် ‘ပြဿနာတစ်ခု ရှိလား’ ဟုကြားနိုင်လောက်အောင် မေးမြန်းပြီး ပြန်စမ်းသပ်ပါ။ အာဟာရဓာတ် မကောင်းပါက လက်မောင်းအားပျော့သွားတတ်သည်။” ဤသို့သောစမ်းသပ်ချက်ကို အချို့အသုံးပြုပြီး “ကာယ၊ စိတ်ဓာတ်၊ သို့မဟုတ် ဝိညာဏ ဒဏ်ရာတစ်ခုခု၏ သက်တမ်းကို မှတ်သား” ကြသည်။ နေ့စဉ်ဝေယျာဝစ္စတို့ကို ‘လုပ်ရ သို့မဟုတ် မလုပ်ရ’ ဆုံးဖြတ်ရာတွင်လည်း ယင်းကိုအသုံးပြုတတ်ကြသည်။

ဤသို့သော ကြွက်သားစမ်းသပ်ခြင်း (ကိုင်နီစီအော်လော်ဂျီ) နည်းကို အသုံးပြုသူများက သူတို့၏ စမ်းသပ်နည်းသည် ဖော်ပြပါနည်းလမ်းနှင့်မတူ၊ နတ်ဝိဇ္ဇာအတတ်ပညာ လုံးဝမပါ၊ သို့မဟုတ် စိတ်လှုပ်ရှားမှုဆိုင်ရာ စမ်းသပ်မှုကို လုံးဝမပြုလုပ်ပါဟု ဆိုကောင်းဆိုမည်။ မည်သို့ဆိုစေကာမူ သူတို့၏လုပ်ရပ်သည် လူတစ်ဦးစီတွင် စမ်းသပ်နိုင်သည့်၊ သို့မဟုတ် အမြင်ပေါက်သူအချို့သာ မြင်နိုင်သည့် စွမ်းအင်ရှိသည်ဟု ယုံကြည်ခြင်းအပေါ် အခြေခံနေပါသလော။

ခရစ်ယာန်များသည် ဤကဲ့သို့သောကိစ္စရပ်များကို ပေါ့ပေါ့ဆဆ သဘောမထားပါ။ ဣသရေလလူမျိုးအား ဘုရားသခင် ပေးခဲ့သောသြဝါဒက ဤသို့– “လဆန်းနေ့၊ ဥပုသ်နေ့၊ အစုအရုံးမျှ စုရုံးခြင်း—ဆန်းကြယ်သောအတတ်ပညာကိုအသုံးပြုသည့် အစည်းအဝေးများကို ငါသည်းညည်းမခံနိုင်။” (ဟေရှာယ ၁:၁၃၊ ကဘ) ထိုလူမျိုးသည် ယုံကြည်ခြင်းဖောက်ပြန်သွားသောအခါ သူတို့သည် ‘ဖြစ်လတ္တံ့သောအမှုကို ကိုယ်ဉာဏ်နှင့်ဟောခြင်း၊ နိမိတ်ဖတ်ခြင်း’ တို့ကိုပြုကြသည်။ (၄ ရာ. ၁၇:၁၇၊ ကဘ; ၆ ရာ. ၃၃:၁-၆) အထူးအခမ်းအနားများပြုကာ သူတို့မေးမြန်းစုံစမ်းကြပြီး “ဆန်းကြယ်ရာ” များကိုပြောဆိုကြ၏။—ဇာခရိ ၁၀:၂၊ ကဘ။

ကြွက်သားစမ်းသပ်ခြင်းပုံစံအချို့သည် ဘေးကင်း၍ လူနာအားလည်းကောင်း၊ ဆေးဆရာအားလည်းကောင်း အဘယ်အန္တရာယ်မျှ မရှိစေဘဲ ဖြစ်ကောင်းဖြစ်မည်။ သို့သော် အချို့နည်းများတွင် ဆန်းကြယ်သည့်၊ ထူးခြားစွာ ဆန်းပြားသည့် အမြင်ပေါက်ခြင်း၊ ထူးဆန်းသော သွင်ပြင်အရောင်အဝါများပေါ်ခြင်းနှင့် ချိန်သီးအသုံးပြုခြင်း အစရှိသည်တို့ ပါဝင်ပေမည်။ ခရစ်ယာန်များသည် ဆန်းကြယ်သောအတတ်ပညာများကို အသုံးမပြုရကြချေ။ သူတို့သည် စာတန်၏ နက်နဲသောအရာများကို စပ်စုလိုစိတ် မရှိကြသောကြောင့် ယင်းတို့ကို စမ်းသပ်ရန်ပင်မသင့်ပါ။ (ဗျာဒိတ် ၂:၂၄) ယင်းသို့ပြုမည့်အစား ဘုရားသခင့်နှုတ်ကပါဌ်တော်က ရှုတ်ချပြစ်တင်ထားသည့် နတ်ဝိဇ္ဇာအတတ်ပညာနှင့် ဆက်စပ်ပုံရှိသော မည်သည့်အရာကိုမဆို သတိပြုသင့်ပေသည်။—ဂလာတိ ၅:၁၉-၂၁။

ဆေးဆရာတစ်ဦးအနေနှင့် သူအသုံးပြုသောနည်းသည် သူ၏တာဝန်ဖြစ်သည်။ တစ်ဦးတစ်ယောက်၏အဆို သို့မဟုတ် ထိုသူ၏နည်းလမ်းများကို ကျွန်ုပ်တို့သုံးသပ်ဆင်ခြင်၍ စီရင်ချက်မချလိုကြပေ။ ယင်းနည်းလမ်းအချို့တွင် ဆန်းကြယ်သောအတတ်ပညာ ပါဝင်သည်ဟု အသင်ယူဆဦးတော့ ၎င်းကိုစမ်းကြည့်ခဲ့ဖူးသူတို့သည် သဘောရိုးနှင့်၊ နတ်ဝိဇ္ဇာအတတ်၌ ပါဝင်ရန် လုံးဝမစဉ်းစားဘဲနှင့် ပြုမူခဲ့ကြပေမည်။ ကျန်းမာရေးညီညွတ်လိုစိတ် ပြင်းပြ၍သာ သူတို့စမ်းသပ်ခံခဲ့ခြင်း ဖြစ်ပေမည်။ သို့တစေ ထိုသို့သောစမ်းသပ်မှုများကို ခံယူခဲ့သူအချို့က နောက်ပိုင်းတွင် ကာယအကျိုးမည်မျှရှိရှိ ဝိညာဉ်ရေးကို အရှုံးမခံနိုင်တော့ဟု သူတို့ဆုံးဖြတ်ခဲ့ကြပြီ။

ဤတွင်တစ်ဖန် ယင်းသို့သော ကိုယ်ရေးကိုယ်တာကိစ္စမျိုးတွင် တစ်ဦးချင်းစီအနေနှင့် ကိုယ်တိုင်ဆုံးဖြတ်ချက်ချကြရမည်။ မည်သို့ပင်ဆိုစေကာမူ ခရစ်ယာန်များသည် ဘုရားသခင်၏ ဤသြဝါဒကို မှတ်ထားသင့်သည်– “ဉာဏ်တိမ်သောသူသည် သူတစ်ပါးပြောသမျှကို ယုံတတ်၏။ ပညာသတိရှိသောသူမူကား မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှုတတ်၏။” (သု. ၁၄:၁၅) ယင်းသည် ကျန်းမာရေးကောင်းလာလိမ့်မည်ဟူသော အဆိုများနှင့်လည်း သက်ဆိုင်ပါသည်။

စာတန်သည် ဘုရားသခင်၏ကျေးကျွန်များအား စစ်မှန်သောဝတ်ပြုရေးမှ သွေဖည်သွားစေလိုသည်။ ထိုသို့ဖြစ်စေရန် ခရစ်ယာန်များအား အခြားစိတ်ဝင်စားစရာများကို စွဲလမ်းသွားအောင်ပြုနိုင်လျှင် မာရ်နတ်သည် အမှန်ဝမ်းမြောက်ပေမည်။ နတ်ဝိဇ္ဇာအတတ်ပညာသို့ သွေးဆောင်နိုင်သည့် ဆန်းကြယ်သော၊ သို့မဟုတ် ဆန်းကြယ်ဟန်ရှိသော အပြုအမူများကို သူတို့စိတ်စွဲလမ်းပါက မာရ်နတ်သည် သာ၍ပင်ပီတိဖြစ်လိမ့်မည်။—၁ ပေတရု ၅:၈။

ခရစ်ယာန်များသည် မောရှေ၏ ပညတ်တရားအောက်၌ မရှိကြသော်လည်း နတ်ဝိဇ္ဇာအတတ်ပညာနှင့်ပတ်သက်၍ ယေဟောဝါဘုရားသခင်၏ စိတ်သဘောတော်သည် ပြောင်းလဲခြင်း မရှိပါ။ အထက်တွင် သတိပြုစေသည့်အတိုင်း ဣသရေလလူတို့တွင် “ဖြစ်လတ္တံ့သောအမှုကို ကိုယ်ဉာဏ်နှင့် ဟောပြောသောသူ၊ ကာလဗေဒင်ကို ကြည့်သောသူ၊ မကောင်းသောအတတ်ကို ပြုစုသောသူ၊ ပြုစားတတ်သောသူ” မရှိရဟု ဘုရားသခင် မိန့်မှာထားတော်မူသည်။ “ထိုသို့ပြုတတ်သောသူအပေါင်းတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ . . . သင်သည် သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ စုံလင်ခြင်းရှိရမည်။”—တရားဟောရာ ၁၈:၁၀-၁၃။

ထို့ကြောင့် ယနေ့ ခရစ်ယာန်များသည် ‘မိုးကောင်းကင်၌ နေသော နတ်ဆိုးတို့နှင့် ဆိုင်ပြိုင်တိုက်လှန်ရကြ’ သောကြောင့် “ဘုရားသခင်ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆောင်” ထားကြခြင်းသည် အလွန်ပညာရှိလှပါသည်တကား!—ဧဖက် ၆:၁၁၊ ၁၂။

[အောက်ခြေမှတ်ချက်များ]

a များစွာသောသူတို့သည် ရှားမန်းများ၊ ပယောဂဆရာများ သို့မဟုတ် အလားတူ ကုသပေးသူများနှင့် တွေ့ဆုံဆွေးနွေးမေးမြန်းနေကြတုန်းပင်ဖြစ်သည်။ ရှားမန်းဆိုသည်မှာ “ဖျားနာသူတစ်ဦးကို ရောဂါကုသပေးရန် မှော်အတတ်၊ လျှို့ဝှက်ထားရာကို ဟောခြင်းနှင့် အဖြစ်အပျက်များကို ထိန်းချုပ်ခြင်းတို့ကို အသုံးပြုသည့် ပုရောဟိတ်တစ်ဦးဖြစ်သည်။” ပယောဂဆရာ သို့မဟုတ် ရှားမန်းသည် (လျှို့ဝှက်နက်နဲသော စွမ်းအားများကို ကူညီရန်တိုင်တည်သည့်) နတ်ဝိဇ္ဇာ အတတ်များနှင့်ပတ်သက်သော ဆေးပင်များနှင့် ဆေးဖော်စပ်ထားပေမည်။ သစ္စာရှိ ခရစ်ယာန်တစ်ဦးသည် ကုပေးနိုင်သည်ဟု ထင်မြင်လျှင်ပင် နတ်ဝိဇ္ဇာအတတ်တွင် ပါဝင်ပတ်သက်ခြင်းကို ဂရုတစိုက်ရှောင်ကြဉ်မည်ဖြစ်သည်။—၂ ကောရိန္သု ၂:၁၁; ဗျာဒိတ် ၂:၂၄; ၂၁:၈; ၂၂:၁၅။

b ယင်းသည် သာမန်ဖော်ပြချက်ဖြစ်သည်။ သို့သော် စမ်းသပ်နည်း အမျိုးမျိုးရှိပေမည်။ ဥပမာ၊ ရောဂါသည်တစ်ဦးအား သူ၏လက်မနှင့် လက်ညှိုးကို တစ်ပြိုင်တည်းဖိထားရန် တောင်းဆိုကောင်းတောင်းဆိုမည်ဖြစ်ပြီး ပညာရှင်က ယင်းတို့ ကွာသွားအောင် ကြိုးစားဆွဲမည်ဖြစ်သည်။

c သူမ ဤသို့ရေးသားထားသည်– “ဤအံ့သြဖွယ်ကောင်းပုံရှိသော အဖြစ်အပျက်များသည် မည်သို့ဖြစ်ပေါ်လာသနည်း။ . . . ကျွန်မအသုံးပြုသောနည်းကို လက်တင်ခြင်း၊ ယုံကြည်ခြင်းကုထုံး သို့မဟုတ် ဝိညာဏကုထုံး ဟူ၍ခေါ်ဝေါ်သည်။ ယင်းသည် အံ့သြဖွယ်နည်း လုံးဝမဟုတ်ဘဲ တကယ်ရိုးရိုးရှင်းရှင်း လုပ်ကိုင်နည်းသာ ဖြစ်သည်။ . . . လူတိုင်းတွင် လူ့စွမ်းအင်စက်ကွင်း၊ သို့မဟုတ် ကိုယ်ခန္ဓာကို ဝန်းရံ၍ အတွင်းသို့ ကူးလူးထိုးဖောက်ဝင်သည့် သွင်ပြင်အရောင်အဝါ ရှိသည်။ ဤစွမ်းအင်စက်ကွင်းသည် ကျန်းမာရေးနှင့် ဆက်စပ်နေသည်။ . . . နှုန်းမြင့်အာရုံသိမှုသည် သာမန်ကြည့်မြင်နည်းကို အသုံးမပြုဘဲနှင့် စိတ်ထဲတွင် မြင်ကွင်းတစ်ခုကို ‘တွေ့မြင်ခြင်း’ ဖြစ်သည်။ ယင်းကား စိတ်ကူးပေါ်ခြင်းမဟုတ်ပါ။ ယင်းကို အကြားအမြင်ရခြင်းဟုလည်း တစ်ခါတစ်ရံ ခေါ်ဆိုကြသည်။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ