ဒုက္ခသည်များဖြစ်ရသော်လည်း ဘုရားသခင်ကိုဝတ်ပြုနိုင်ကြ၍ ဝမ်းမြောက်ကြ
စစ်မှုများ၊ ငတ်မွတ်ခြင်းဘေးများ၊ ဘေးဒဏ်များနှင့် ဆူပူထကြွမှုများ။ ယင်းတို့သည် အချို့သူများအတွက် သတင်းခေါင်းစဉ်မျှသာ ဖြစ်ကြပေမည်။ အခြားသူ မြောက်မြားစွာတို့အတွက်မူကား ယင်းသည် နေ့စဉ်ဘဝအသက်တာ၏ တစ်စိတ်တစ်ဒေသဖြစ်သည်။ ကမ္ဘာချီ ခရစ်ယာန်အဖွဲ့အစည်းဖြစ်သည့်အတွက် ယေဟောဝါသက်သေများ ကောင်းစွာသိထားကြသည်ကား စစ်ဖြစ်တိုင်း၊ သို့မဟုတ် ဘေးဒဏ်တစ်မျိုးမျိုးဖြစ်ပျက်တိုင်း မိမိတို့၏ အပြည်ပြည်ဆိုင်ရာ ညီအစ်ကိုများအသင်းအပင်းဝင်ဖြစ်သူအချို့သည် ဒုက္ခရောက်နေပြီဖြစ်ကြောင်းတည်း။ လူအများ ထွက်ပြေးတိမ်းရှောင်ကြရလျှင် ကျွန်ုပ်တို့၏ညီအစ်ကိုများလည်း ထပ်တူထပ်မျှပြုနေကြရမည်ဖြစ်သည်။
အာဖရိကတိုက်ရှိ နိုင်ငံအသီးသီးမှ သက်သေခံများသည် ဤသို့သောအတွေ့အကြုံများကို နှစ်ချီ၍ ကြုံတွေ့နေကြရသည်။ သူတို့အနက် မြောက်မြားစွာသောသူတို့သည် မိမိသယ်ဆောင်နိုင်သမျှလောက်ကိုသာ ထုပ်ပိုးပြီး အခြားတစ်နေရာတွင် ခိုလှုံမှု ရှာယူခဲ့ကြရပြီ။ အချို့သူများမှာ စက်ဘီးအစရှိသော သယ်ယူပို့ဆောင်နည်း တစ်နည်းတစ်ဖုံရှိခဲ့မည်ဖြစ်သော်လည်း အများစုသည် ရက်ချီ၍ ရက်သတ္တပတ်ပေါင်းများစွာအထိပင် ဦးတည်ရာခရီးဆုံးတိုင်အောင် ခြေလျင်လျှောက်ခဲ့ကြရသည်။
ခရီးလမ်းဆုံးများအနက် တစ်ခုသည် ဗဟိုအာဖရိကသမ္မတနိုင်ငံရှိ မဘိုးကီးမြို့ငယ်ကလေးတစ်ခုဖြစ်သည်။ နှစ်များလွန်လာသော် အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ် ထောင်ပေါင်းများစွာ ရောက်ရှိလာကြသည်။ ဤသူတို့တွင် ကျွန်ုပ်တို့၏ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မအချို့နှင့် စိတ်ဝင်စားသူများပါ လိုက်ပါလာကြသည်။ ဗဟိုအာဖရိကသမ္မတနိုင်ငံ၏ မြို့တော်ဗန်ကွီးရှိ ကင်းမျှော်စင်အသင်း၏ ဌာနခွဲရုံးမှ ခရစ်ယာန်ချင်းတို့သည် ဤဒုက္ခသည်များကို ကူညီပေးခြင်းငှာ သူတို့နှင့်တွေ့ဆုံဖို့ရန် အလွန်စိတ်ဝင်စားခဲ့ကြသည်။ မိုင် ၇၀၀ ခန့်ဝေးသော ဗန်ကွီးမြို့မှ သက်သေခံများသည် စေတနာစိတ်ဖြင့် ရက်ရက်ရောရောပေးကမ်းခဲ့ကြရာ ငွေ၊ စားစရာ၊ အဝတ်အစားနှင့် ဆေးဝါးတို့ကို ကိုယ်စားလှယ်တစ်ဦးမှတစ်ဆင့် ငါးကြိမ်တိုင် ပို့ပေးခဲ့သည်။ ဤသို့ ရက်ရက်ရောရော ပေးကမ်းသူတို့ကိုယ်တိုင်ပင်လျှင် ငွေအင်အားများများမရှိကြသော်လည်း အတတ်နိုင်ဆုံး ကူညီပေးနိုင်သည့်အတွက် ဝမ်းမြောက်ရွှင်လန်းကြသည်။
မဘိုးကီးသို့ သွားခြင်း
ဌာနခွဲမှ ညီအစ်ကိုများက အခြားအဘယ်နည်းဖြင့် ကူညီပေးနိုင်ကြောင်း၊ ဒုက္ခသည်များကို ဝိညာဉ်ရေးအရ မည်သို့ကူညီပေးနိုင်ကြောင်း သိလိုကြသည်။ သို့ဖြစ်၍ ကျွန်တော်နှင့် ကျွန်တော့်ဇနီးအပြင် အထူးရှေ့ဆောင်တစ်ဦးဖြစ်သူ စန်ဖောရမ်းနှင့် သူ၏ဇနီးတို့သည် လေးဘီးယက် လန်းခရူစာကားတစ်စီးဖြင့် ခရီးနှင်ကြသည်။ စန်ဖောရမ်းက လမ်းခရီးစဉ်ကို ကောင်းစွာသိသည့်အပြင် မဘိုးကီးမြို့ငယ်ရှိ ဒုက္ခသည်များ၏ ဇန်ဒီဘာသာစကားကိုလည်း ပြောတတ်သူတစ်ဦးဖြစ်သည်။ ထိုသို့ရောက်ရန် လေးရက် ကြာခဲ့သည်။
နောက်ဆုံး မိုင် ၂၅၀ သည် အလွန်လှပသော ပြန့်ပြူးသည့်တောပိုင်းဒေသအရပ်ဖြစ်၍ အလွန်ကြီးမားသော ဗာအိုဗသစ်ပင်ကြီးများကြား ခရီးနှင်ခဲ့ရသည်။ ရံဖန်ရံခါ ရွာငယ်ကလေးများကို ဖြတ်သန်းသွားပါသည်။ ဤလမ်းခရီးတစ်လျှောက် ကျွန်တော့်ဇနီး ရေတွက်ခဲ့ရာ တံတား ၅၀ ခုတိတိရှိကာ ယင်းတို့အနက် များသောအားဖြင့် အခြေအနေဆိုးပြီး အချို့ကိုဆိုလျှင် အသုံးမပြုနိုင်ပါ။ တံတားအချို့ကို သစ်ချောင်းများ၊ ဆွေးနေသည့်ယက်မများနှင့် ကျွန်တော်တို့ပြုပြင်ပြီး လေးဘီးယက်ကားကို လမ်းကြောင်းပေါ်တည့်တည့်ထား၍ ဆုတောင်းကြပြီးနောက် တဖြည်းဖြည်းမောင်းခဲ့ကြရသည်။ ထိုအနီးတစ်ဝိုက်တွင် ရွာကလေးတစ်ခုရှိခဲ့ပါမူ အခအနည်းအကျဉ်းဖြင့် လူငယ်များ ပြေးလာကူညီပေးတတ်ကြသည်။ တံတားမှ သစ်သားတုံး၊ ပျဉ်ချပ်များကို အနီးအနားရှိ မြက်တောထဲ၊ ခြုံတောထဲတွင် သူတို့အမြဲရှာတွေ့လေ့ရှိသည်ကို ကျွန်တော်တို့အံ့အားသင့်မိသည်။ လိုအပ်သော ခရီးသည်များအတွက် ယင်းတို့ကို တံတားပေါ်မှ ခွာ၍ထိုနေရာ၌ထားခြင်းလောဟု ကျွန်တော်တို့ ထင်လိုက်ရသည်။
တံတားသုံးခုမူကား ကူးဖြတ်ရန် အန္တရာယ်ရှိလွန်းသည့်ပုံစံရှိသောကြောင့် ထိုလူငယ်များအကူအညီကိုမယူဘဲ လမ်းပေါ်မှ ချောင်းထဲဆင်း၍ ကျောက်များပေါ် ဖြတ်မောင်းပြီး လမ်းပေါ်သို့ ပြန်တက်ခဲ့ကြရသည်။ ထိုအချိန်ကား ခြောက်သွေ့သောအချိန်ပိုင်း ဖြစ်ခဲ့သည့်အတွက် တော်ပါသေးသည်၊ သို့မဟုတ်လျှင် ရဟပ်ယာဉ်မှတစ်ပါး အခြားနည်းဖြင့် ထိုခရီးစဉ်ကို နှင်နိုင်မည်မဟုတ်ပါ!
မဘိုးကီးမြို့ငယ်သည် ဘာနှင့်တူမည်နည်း။ မဆုံးနိုင်သော ဤ “ပီးစ္စ” ပေါ်မောင်းနှင်စဉ် ယင်းသို့ မကြာခဏ တွေးတောမိကြသည်။ “ပီးစ္စ” မည်သည် သဲ၊ ကျောက်၊ အုတ်အကျိုးအပဲ့နှင့် ချိုင့်အလွန်များသည့်လမ်းမျိုးကို ဗဟိုအာဖရိကသမ္မတနိုင်ငံတွင် ခေါ်သည့် ပြင်သစ်စကားလုံးဖြစ်သည်။
စတုတ္ထနေ့ မွန်းလွဲချိန်လောက်တွင် စန်ဖောရမ်းသည် ပီလောပီနံခြံများနှင့် သင်္ဘောပင်များဝန်းရံနေသော မြက်တဲအိမ်အချို့ကို ထိုးပြသည်။ “ဗွားလား! ဒီနေရာကနေ မဘိုးကီးမြို့ငယ် စတယ်” ဟုသူအော်ပြောလိုက်သည်။ တွေ့လိုက်ရသောမြင်ကွင်းကို ကျွန်တော်တို့ အံ့သြသွားပါသည်။ “ဒါလား မဘိုးကီး။ စခန်းကော” ဟုကျွန်တော်တို့ မေးမြန်းလိုက်သည်။ အကြောင်းမှာ ကျွန်တော်တို့သည် စခန်းကိုမတွေ့ဘဲ ပြန့်ကျဲနေသော အိမ်ကလေးများကိုသာ တွေ့ရသည်။ မြက်မိုးထားသည့် တဲအိမ်ငယ်များဖြစ်သော်လည်း သန့်ရှင်းသပ်ရပ်မှုရှိသည်။ နေရာအနှံ့အပြားတွင် သစ်ပင်များနှင့် ခြုံပုတ်များကိုလည်း တွေ့ရှိရ၏။ အိမ်အနီးအနားတွင် ကောက်ပဲသီးနှံများကို စိုက်လေ့ရှိကြသည်။ မဘိုးကီးမြို့ငယ်လေးသည် ကျွန်တော်တွေ့ရန်မှန်းထားသော စခန်းမျိုးမဟုတ်ဘဲ ၂၂ မိုင်ခန့်ရှည်လျားသော ရွာကြီးတစ်ရွာဖြစ်သည်။
ညီအစ်ကိုများနှင့် တွေ့ဆုံခြင်း
မဘိုးကီးမြို့ငယ်မှ ညီအစ်ကိုများသည် ကျွန်တော်တို့လာနေကြောင်းသိရှိခဲ့ကြကာ ကျွန်တော်တို့ခရီးစဉ်သည် ငါးရက်ကြာလိမ့်မည်ဟု သူတို့အထင်ရှိခဲ့ကြသည်။ ကားသံကြားသည်နှင့် သူတို့ပြေးလာကြသည်။ တဲကလေးများထဲမှ၊ ခြံဝင်းထဲမှ၊ လယ်ခင်းတို့မှ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးများ ထွက်လာ၍ကြိုဆိုကြသည်။ အားလုံး ပြုံးရွှင်ရယ်မောလျက် အကြိမ်ကြိမ်ပင် လက်ဆွဲနှုတ်ဆက်လျက်နေကြသည်။ သူတို့၏ ကလေးငယ်များကို လက်လှမ်းလျက်နှုတ်ဆက်ကြသည်။ ကျွန်ုပ်တို့ကို အားလုံး ဝမ်းသာအားရစွာ ကြိုဆိုခဲ့ကြသည်။
ဘာသာစကားအတားအဆီးကြောင့် ထိုအချိန်အခါတွင် ကျွန်တော်နှင့်ကျွန်တော့်ဇနီး လုပ်ကိုင်နိုင်စရာ မရှိသလောက်ဖြစ်သည်။ ပြင်သစ်စကား၊ စန်ဂိုစကား၊ အင်္ဂလိပ်နှင့် အရဘီစကား အနည်းအကျဉ်းစီပြောကြည့်သည်။ ကျွန်တော်တို့ညီအစ်ကိုအများသည် ဇန်ဒီစကားကို ပြောဆိုရေးဖတ်တတ်ကြသည်။ စန်ဖောရမ်းက ဘာသာပြန်ပြီး ကျွန်တော်တို့လည်ပတ်မှု၏အစီအစဉ်ကို ရှင်းပြပါသည်။
မိုင်အနည်းငယ်ဆက်မောင်းသွားပြီးနောက် နိုင်ငံတော်ခန်းမသို့ ရောက်ရှိသည်။ ယင်းသည် ဒုက္ခသည်များမှ အဘယ်ဘာသာဝင်မဆိုထက်အရင် မဘိုးကီးမြို့ငယ်တွင်ဆောက်သော ပထမဦးဆုံး “ဘုရားရှိခိုးကျောင်း” ဖြစ်သည်။ ညီအစ်ကိုများ၊ သူတို့၏သားသမီးများနှင့် စိတ်ဝင်စားသူများ နောက်ထပ်ရောက်လာကြ၍ ကျွန်တော်တို့ကို လက်ဆွဲနှုတ်ဆက်ကြပါသည်။ အနီးအနားရှိကလေးများပင် ညီအစ်ကိုများနောက် လိုက်လာကြပြီး ကျွန်တော်တို့ကို လက်ဆွဲနှုတ်ဆက်ကြသည်။
သူတို့၏ဧည့်သည်များဖြစ်သော ကျွန်တော်တို့အတွက် ညီအစ်ကိုများသည် အိမ်ငယ်ကလေးနှစ်လုံးကို အသင့်ပြင်ဆင်ထားကြသည်။ ယင်းတို့သည် အလွန်သန့်ရှင်းသန့်ပြန့်ပါသည်။ ရေဆွဲပုံးများတွင် သန့်ရှင်းကြည်လင်သောရေ အသင့်ရှိနေသည်။ ညီအစ်ကိုများ၏ အခက်အခဲကို ကြိုတင်သိထားသဖြင့် သူတို့အား ဒုက္ခမပေးလို၍ စားသောက်စရာများကို ကျွန်တော်တို့ယူဆောင်လာကြပါသည်။ ကားပေါ်မှ ပစ္စည်းများကို ချနေကြစဉ် မိန်းကလေးတစ်ဦးက ညစာအတွက် ကြက်သားကို ကင်ပေးရမည်လော၊ သို့မဟုတ် အချဉ်ရည်နှင့်ချက်ပေးရမည်လောဟု လာမေးသည်။ ကျွန်တော်တို့ မမျှော်လင့်သောမေးခွန်းပင်ဖြစ်သည်။ နောက်မှ ကြက်ကို ဘာနှင့်စားဖို့ စီစဉ်ထားသနည်းဟု ပြန်မေးလိုက်သည်။ ပီလောပီနံနှင့် ဟုဖြေသည်။ ထို့ကြောင့် အချဉ်ရည်နှင့်ချက်သော ကြက်သားဟင်းကို ကျွန်တော်တို့ရွေးလိုက်ပါသည်။ ထိုညတွင် ဆာဆာနှင့် ဗိုက်အပြည့်စားခဲ့ကြသည်။ သို့သော် နေ့တိုင်းပင် သူတို့သည် နေ့လည်စာ၊ ညစာ ချက်ကျွေးကြပါသည်။ ကျွန်တော်တို့ မယုံနိုင်လောက်အောင် ဖြစ်ခဲ့၏။ ဒုက္ခသည်များအနေနှင့် စားစရာအလွန်နည်းနေကြငြား ကျွန်တော်တို့ကို ကျွေးမွေးပြုစုနေကြပါသည်။
ပျော်ရွှင်စရာကောင်းသည့် အသင်းတော်ကလေး
ဤမျှဝေးလံသောနေရာတွင် ယခု ကျွန်တော်တို့ ရောက်ရှိနေကြသော်လည်း ညီအစ်ကို ၂၁ ယောက်ရှိပါသည်။ သူတို့ထဲမှ နှစ်ဦးသာလျှင် နှစ်ခြင်းခံပြီးသားအဖြစ် ဤနေရာသို့ရောက်ခဲ့သည်။ အခြားသူတို့သည် ဤသို့လာစဉ်အခါက စိတ်ဝင်စားသူများသာဖြစ်ကြသည်။ လွန်ခဲ့သော နှစ်နှစ်အတွင်း ဤသူတို့သည် ဆက်လက်လေ့လာကြပြီး နှစ်ခြင်းယူခဲ့ကြသည်။ ကျွန်တော်တို့အလည်အပတ်ရောက်ချိန်တွင် အနီးအနားရှိ မြစ်တစ်ခု၌ နောက်ထပ်လေးဦး နှစ်ခြင်းယူခဲ့ပါသည်။
ထူးခြားသော ဥပမာတစ်ခုမှာ ဖော့စတီနိုးဖြစ်သည်။ မဘိုးကီးမြို့ငယ်သို့မရောက်မီက ကျမ်းစာမှအခြေခံသမ္မာတရားကို သူ၏မိတ်ဆွေတစ်ဦးထံမှ ကြားသိခဲ့ရသည်။ ဖော့စတီနိုးသည် သိရှိသမျှကို တန်ဖိုးထားလေးမြတ်ခဲ့သည်။ မကြာမီပင် သူနှင့် သူ၏မိတ်ဆွေသည် အခြားသူများကို စတင်ဟောပြောခဲ့ကြ၍ အတိုက်အခံတွေ့ကြုံရပြီး သူတို့၏ဘာသာတရားဖြင့် “လူတို့ကို စိတ်တက်ကြွစေခြင်း” အတွက် ထောင်ချခံခဲ့ရသည်။ ထောင်တွင် ဖော့စတီနိုး၏မိတ်ဆွေသည် ကြောက်ပြီး နောက်ဆုတ်ခဲ့ရာ ထောင်မှ လွတ်မြောက်သွားသည်။ နောက်နှစ်လအကြာတွင် ဖော့စတီနိုး၏အမှုကို ရုံးတင်စစ်ဆေးခဲ့သည်။ သို့ရာတွင် သူ့အားစွပ်စွဲထားချက်များသည် မခိုင်လုံသဖြင့် လွှတ်လိုက်ပါသည်။ သူ၏အရပ်ဒေသတွင် စစ်ဖြစ်လာသည့်အခါ ဗဟိုအာဖရိကသမ္မတနိုင်ငံသို့ သူထွက်ပြေးခဲ့ပြီး ညီအစ်ကိုများနှင့် တွေ့ဆုံသည့်နောက် ကျမ်းစာဆက်လေ့လာပါသည်။ ၁၉၉၁ ဇူလိုင်တွင် သူနှစ်ခြင်းခံပြီးနောက် ၁၉၉၂ ခုနှစ်တွင် မှန်မှန်ရှေ့ဆောင်အဖြစ် အချိန်ပြည့်ဓမ္မအမှုကို သူဆောင်ရွက်ပါသည်။
မဘိုးကီးမြို့ငယ်ရှိ ပျော်ရွှင်အားရစရာ အသင်းတော်ကလေးတွင် ယခု အထူးရှေ့ဆောင် တစ်ယောက်နှင့် ကြေညာသူ ၂၁ ယောက်ရှိပါသည်။ အင်္ဂလိပ်စကားတတ်သော ညီအစ်ကိုနှစ်ဦးက အကြီးအကဲများအဖြစ် အမှုထမ်းနေကြပြီး ဗန်ကွီးမြို့ရှိ ဌာနခွဲနှင့် အဆက်အသွယ်ကောင်းစွာပြုလုပ်နိုင်ကြသည်။ ကျွန်ုပ်တို့၏ဒုက္ခသည် ညီအစ်ကိုများသည် အလွန်ဆင်းရဲနွမ်းလျသောအခြေအနေတွင် ရှိလိမ့်မည်ဟု ယူမှတ်ခဲ့သော်လည်း ထိုသို့မဟုတ်ပါ။ ရုပ်ပစ္စည်းအရ ဆင်းရဲနေကြသည် မှန်သော်လည်း မည်သူမျှ ညည်းညူခြင်း၊ စိုးရိမ်ခြင်း သို့မဟုတ် မြည်တမ်းနေခြင်းမရှိ။ သူတို့ရောက်လာကတည်းက ညီအစ်ကိုများသည် မိမိတို့၏ တဲကလေးများ၊ အိမ်များကို ဆောက်လုပ်ကြ၍ စားစရာများ စိုက်ပျိုးပြီး ကြက်များ မွေးမြူထားကြပါသည်။ ယခင်ကလောက် သူတို့မှာ ပစ္စည်းဥစ္စာမရှိကြသော်လည်း သူတို့အသက်ရှင်နေကြပြီး ခရစ်ယာန်ညီအစ်ကိုချင်းများနှင့်အတူ ပေါင်းသင်းနေကြရသည်။
မဘိုးကီးမြို့ငယ်တွင် ဒုက္ခသည် ၁၇,၀၀၀ မှ ၂၀,၀၀၀ အထိရှိနေပြီး လစဉ် ပို၍တိုးလာနေသည့်အတွက် ကျွန်တော်တို့ ညီအစ်ကိုများ၏ ဓမ္မအမှုဆောင်ရာလယ်ကွင်းသည် ကျယ်ဝန်းလှပါသည်။ သူတို့နှင့်အတူ ကျွန်တော်တို့ ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်ခဲ့သေးသည်။ တကယ်စိတ်ဝင်စားစရာပင်ဖြစ်သည်။ ဇန်ဒီဘာသာဖြင့် သမ္မာကျမ်းစာကို သူတို့အများအားဖြင့် အသုံးပြုလေ့ရှိသည်။ ဤဘာသာပြန်တွင် ဟေဗြဲကျမ်းများနှင့် ခရစ်ယာန်ဂရိကျမ်းစာစောင်များရှိ နေရာအချို့တွင် ဘုရားသခင်၏နာမတော် ပါရှိသည်။ ဤသူတို့အတွက် ဘုရားသခင်သည် “မဘိုးလီး” (“ဘုရားသခင်” ကို ဇန်ဒီဖြင့်) မျှသာမဟုတ်ဘဲ ဘုရားသခင်၏ကိုယ်ပိုင်နာမတော်ကို သူတို့အသံထွက်သည့် “ယီကိုဗား” ဖြစ်ပါသည်။ “မဘိုးလီးယီကိုဗား” ဟူသည် သုံးနေကြ အသုံးအနှုန်းဖြစ်သည်။ အခြားအာဖရိကဘာသာစကား မြောက်မြားစွာသို့ ပြန်ဆိုထားသည့် ပရိုတက်စတင့်ဘာသာပြန်ကျမ်းများက မှန်ကန်စွာ ဤသို့ပြန်ဆိုမထားပါ; ယင်းအစား “ယေဟောဝါ” နေရာတွင် “နဇာပါ၊” “နဇမ်ဘီ” သို့မဟုတ် ဘုရားသခင်ကိုရည်ညွှန်းသည့် အခြားအာဖရိကစကားလုံးများကို အသုံးပြုထားသည်။
ယေရှု၏ ပရောဖက်ပြုချက်အတိုင်းပင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းသည် မဘိုးကီးမြို့ငယ်အပါအဝင် ကမ္ဘာတစ်ဝန်းဟောပြောလျက်ရှိနေပါသည်။ (မဿဲ ၂၄:၁၄) ထိုအသင်းတော် လိုအပ်သည့် ဘာသာစကားအားလုံးတို့ဖြင့် ထုတ်ဝေထားသော ကျမ်းစာများ၊ စာအုပ်ကြီးများ၊ မဂ္ဂဇင်းများ၊ စာအုပ်ငယ်များ နှင့် ဝေစာများ ယခုရရှိနေပြီ။ နောင်တွင် ဇန်ဒီဘာသာစကားဖြင့် စာအုပ်စာတမ်းတိုး၍ရဦးမည်ဖြစ်သည်။
အမြဲနေထိုင်မည့်အိမ်ကို စောင့်မျှော်နေခြင်း
ပထမညတွင် အသင်းမ၏ စလိုက်ရှိုး ရုပ်သေအစီအစဉ်တည်းဟူသော “အရှေ့ဥရောပရှိ စည်းဝေးပွဲလာရွှင်လန်းသူများ ယေဟောဝါကို ချီးမွမ်းကြ” ကိုပြသခဲ့သည်။ နောက်နေ့ညအစီအစဉ်က “နောက်ဆုံးသောကာလတွင် လူအများတို့ကို ဖြောင့်မတ်ခြင်းတရားလမ်းသို့သွင်းခြင်း” ဖြစ်သည်။ စလိုက်ရှိုးကို နိုင်ငံတော်ခန်းမဘေး၊ အပြင်ဘက်တွင် ကြည်လင်သောမိုးကောင်းကင်အောက် လသာချိန်တွင် ပြခဲ့သည်။ တကယ်ကြည်နူးစရာပါတကား! ဤစလိုက်ရှိုးပြပွဲများကို ရာနှင့်ချီ၍ လာကြည့်ရှုကြသည်။ ကျွန်တော်တို့၏ ညီအစ်ကိုများလည်း အလွန်ဝမ်းသာအားရစွာဖြင့် ဤသို့ထူးခြားသောပြပွဲမျိုးကို လူတို့အား ပြသနိုင်၍ ဂုဏ်ယူကြပါသည်။
တနင်္လာနေ့ရောက်လာသောအခါ အပြန်ခရီးအတွက် ကျွန်တော်တို့ပြင်ဆင်ကြသည်။ ဖြတ်သန်းလာခဲ့သော လမ်းများ၊ ကူးဖြတ်လာခဲ့သော တံတား ၅၀ ပေါ် လေးရက်ကြာ ခရီးကို ပြန်သွားကြရတော့မည်။ ညီအစ်ကိုတစ်ယောက်က လမ်းခရီးတွင်စားဖို့အတွက်အစာ—ကြက်သွန်ဖြူနဲ့ရောစပ် ကင်ထားပြီးသား နောက်ထပ် ကြက်နှစ်ကောင်—ကိုချက်၍ အတင်းပေးလိုက်သည်။ နံနက်ပိုင်း လန်းခရူစာကားထဲတွင် ကြက်သားကင်အနံ့သည် အလွန်မွှေးနေပါသည်။ မွန်းတည့်ချိန်တွင် ရပ်နားကြပြီး မဘိုးကီးမြို့မှ ကျွန်တော်တို့၏ညီအစ်ကိုများကို သတိရစွာဖြင့် ကြက်သားကင်ကို စားလိုက်ကြသည်။ ဒုက္ခသည်များဘဝ ရောက်နေကြရသော်လည်း သူတို့သည် ဘုရားသခင် ကတိထားတော်မူသော မြေကြီးသစ်တွင် အစဉ်အမြဲနေထိုင်ကြရမည့် စံရိပ်ငြိမ်ကို စောင့်မျှော်ကာ ယေဟောဝါအား သစ္စာရှိစွာ ဆက်လက်ဝတ်ပြုကိုးကွယ်နေကြပါသည်။ (၂ ပေတရု ၃:၁၃)—ရေးသားပေးပို့သည်။