မပျောက်ပျက်နိုင်သည့်ရဲစွမ်းသတ္တိ၏ပင်ရင်းအမြစ်
“ရွှီရွှီမြည်သံတစ်ခုက ကျွန်တော်တို့သွားနေရာမှ ရုတ်ခြည်းရပ်သွားစေသည်။ ထို့နောက် ကျွန်တော်တို့ဘယ်ဘက်ရှိခြုံဖုတ်တစ်ခုထဲမှ ငှက်နှစ်ကောင်သည် အတောင်များဖြန့်လျက် ကျွန်တော်တို့ဆီသို့ပြေးလာကြသည်။ ကျွန်တော်တို့ရှေ့ အနည်းငယ်ချိုင့်ဝင်နေသောမြေကျင်းထဲတွင် ငှက်ဥနှစ်လုံးရှိနေသည်။ ငှက်များက သူတို့၏အသိုက်ကို ကျွန်တော်တို့မနင်းမိအောင် ဟန့်တားကြသည်။ အညိုပျောက်များဖြင့်လှပသောငှက်ဥများကို ဓာတ်ပုံရိုက်ရန် ကျွန်တော်တို့အနီးသို့ချဉ်းကပ်တိုင်း ငှက်များက သူတို့၏ခြောက်လှန့်သည့်လုပ်ဆောင်မှုကို ထပ်၍လုပ်ပြနေကြသည်။ ‘သတ္တိရှိလိုက်ကြတာ’ ဟု ကျွန်တော်တို့စိတ်တွင်တွေးထင်ကြသည်။”
ယင်းကား အစက်အပျောက်များပါသည့် ခရုစုပ်ငှက်တစ်ကောင်အနားသို့ ချဉ်းကပ်သွားသည့် အရွယ်ရောက်သူလေးဦး၏ တွေ့ကြုံမှုဖြစ်သည်။ ငယ်သောအကောင်မှာ စစ်တလိုင်းငှက်ဖြစ်သည်။ Everyone’s Guide to South African Birds အမည်ရှိစာအုပ်တွင် ငှက်များအကြောင်းကျွမ်းကျင်သော ပညာရှင်များဖြစ်သည့် စင်ကလဲရ်နှင့် မဲန်ဒလ်စန်တို့က ဤသို့ရှင်းပြသည်– “ဥပေါက်သောငှက်မောင်နှံသည် မိမိတို့၏အသိုက်နှင့် ကလေးငယ်များကို အားသွန်ခွန်စိုက်ကာကွယ်ကြပြီး မိမိတို့အနားသို့လာသည့် မည်သူမဆိုအား အလွန်ရန်ထောင်တတ်ကြသည်။ သူတို့သည် ကျူးကျော်လာသူ၏ အရွယ်အစားကြောင့် တုန်လှုပ်ချောက်ချားခြင်းမရှိဘဲ အထက်သို့ပျံတက်၍ စူးရှကျယ်လောင်စွာအော်ဟစ်ကာ မကြောက်မရွံ့ထိုးဆင်းပြီး လူများကိုပင် ခြောက်လှန့်ထုတ်ပစ်ရန် ကြိုးစားကြသည်။”
ဆင်ကြီးများသည် မရည်ရွယ်ဘဲ စစ်တလိုင်းငှက်၏အသိုက်ဆီသို့ တည့်တည့်လျှောက်သွားသောအခါ ငှက်များ၏လုပ်ဆောင်မှုစတင်ကြောင်းကို အချို့လူများတွေ့ကြရသည်။ ထိုအခါ ဆင်ကြီးများက ရှောင်သွားခြင်းအားဖြင့် အကျိုးဆောင်ပေးလေ့ရှိသည်။
ငှက်များသည် ထိုမျှပေါ်လွင်ထင်ရှားသည့်သတ္တိကို မည်သည့်နေရာမှရရှိသနည်း။ ယင်းတို့ကိုဖန်ဆင်းတော်မူသောသူမှ မြစ်ဖျားခံသည်။ မိမိတို့၏အသိုက် သို့မဟုတ် ကလေးငယ်များကို အန္တရာယ်ပြုလာမည့် ကြီးမားသောတိရစ္ဆာန်များကို တားဆီးနိုင်ရန် ယေဟောဝါဘုရားသခင်သည် ဤသတ္တဝါငယ်ကလေးများအား ဗီဇအသိဉာဏ်ဆိုင်ရာ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ပုံစံပြုထည့်သွင်းပေးထားသည်။
ခရစ်ယာန်များအတွက်သင်ခန်းစာ
ခရစ်ယာန်များသည် ဗီဇအသိဉာဏ်နှင့်ဆိုင်သော သတ္တိသက်သက်ထက် သာလိုကြသော်လည်း ယင်းမှသင်ခန်းစာတစ်ခုရယူနိုင်ကြသည်။ ဘုရားသခင့်အမိန့်တော်များကို ကြောက်ရွံ့ခြင်းကင်းမဲ့စွာ နာခံခဲ့သည့် မိမိတို့၏အရှင်သခင်ယေရှုခရစ်ကို သူတို့တုပကြရန် တောင်းဆိုခံရကြသည်။ (ဟေဗြဲ ၁၂:၁-၃) ဘုရားသခင်ကိုဝတ်ပြုရန် တွန့်ဆုတ်သောသတ္တိမရှိသူများကို သမ္မာကျမ်းစာက ပြစ်တင်ရှုတ်ချထားသည်။ (ဟေဗြဲ ၁၀:၃၉; ဗျာဒိတ် ၂၁:၈) တစ်ချိန်တည်းတွင်၊ ကျွန်ုပ်တို့၏ မစုံလင်သည့်တည်ဆောက်ပုံကို ယေဟောဝါနားလည်ပြီး တစ်ခါတစ်ရံ အပြစ်ပြုနိုင်ကြောင်း သို့မဟုတ် ကိုယ်တော့်အလိုတော်ကို အပြည့်အဝထမ်းဆောင်ရန် လိုအပ်သည့်ရဲစွမ်းသတ္တိကင်းမဲ့ကြောင်းတို့ကို ကိုယ်တော်သိတော်မူသည်။ (ဆာလံ ၁၀၃:၁၂-၁၄) မှန်ရာကိုလုပ်ရန် ကြောက်ရွံ့ခြင်းကဟန့်တားထားလျှင် လူတစ်ဦးဘာပြုလုပ်နိုင်သနည်း။
ခရစ်ယာန်တစ်ဦးသည် စမ်းသပ်မှုများကို ရင်ဆိုင်နိုင်ရန်နှင့် မြင့်မြတ်သောအလိုတော်ကို ဆက်၍လုပ်ဆောင်နိုင်ရန် ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံမှ ခွန်အားတောင်းခံရမည်။ သမ္မာကျမ်းစာတွင် ယေဟောဝါ၏အကူအညီဆိုင်ရာ ယုံကြည်စိတ်ချနိုင်သည့် ဤကတိတော်ပါဝင်သည်– “ထိုဘုရားသည် မောသောသူတို့အား ခွန်အားကိုပေးတော်မူ၏။ နွမ်းနယ်သောသူတို့အား အစွမ်းသတ္တိနှင့်ပြည့်စုံသောအခွင့်ကို ပေးတော်မူ၏။ လူပျိုတို့သည် မော၍ ပင်ပန်းခြင်းသို့ရောက်ကြလိမ့်မည်။ လုလင်တို့သည်လည်း ထိမိ၍လဲကြလိမ့်မည်။ ထာဝရဘုရားကို မျှော်လင့်သောသူတို့မူကား အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့အတောင်ကိုအသစ် ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ။” (ဟေရှာယ ၄၀:၂၉-၃၁) မစုံလင်သောလူသားမြောက်မြားစွာတို့သည် ဤနှုတ်ကပါဌ်တော်၏မှန်ကန်မှုကို တွေ့ကြုံခံစားကြရပြီး ‘ခွန်အားနည်းသည့်အဖြစ်မှ ခွန်အားကြီးအောင်ပြုခြင်းခံရကြသည်။’ (ဟေဗြဲ ၁၁:၃၄၊ သမ္မာ) ပုံသက်သေကောင်းသူတစ်ဦးမှာ ဤသို့ရေးသားခဲ့သော ခရစ်ယာန်တမန်တော်ပေါလုဖြစ်သည်– “ဒေသနာတော်ကို အကုန်အစင်ဟောပြော၍ ခပ်သိမ်းသောလူမျိုးတို့သည် ကြားသိစေခြင်းငှာ သခင်ဘုရားသည် ငါ့ဘက်၌နေ၍ ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသောကြောင့် ခြင်္သေ့ခံတွင်းမှ ကယ်နုတ်ခြင်းချမ်းသာကို ငါရ၏။”—၂ တိမောသေ ၄:၁၇။
ခရစ်တော်ယေရှု၏ နောက်တော်လိုက်ဖြစ်လိုသော စိတ်ဝင်စားသူလူသစ်များပင်လျှင် ထိုအားရှိစေသည့်အကူအညီကို ရယူခံစားနိုင်ကြသည်။ မိမိ၏ချာ့ချ်တွင် ဘဏ္ဍာထိန်းဖြစ်ပြီး သင်းအုပ်ဆရာ၏အိမ်နားတွင်နေသော ဟယ်န်ရီအမည်ရှိ တောင်အာဖရိကနိုင်ငံသားတစ်ဦးအကြောင်း သုံးသပ်ကြည့်ပါ။ ဟယ်န်ရီသည် သမ္မာတရားကို ရှာဖွေနေသည်။ ချာ့ချ်နှင့်ပူးပေါင်းနေလျက်နှင့်ပင် တစ်နေ့သောအခါ ယေဟောဝါသက်သေများက ပြုလုပ်ပေးသော အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုတစ်ခုကို လက်ခံလိုက်သည်။ အချိန်တန်သော် သူသည် ယေဟောဝါသက်သေတစ်ဦးဖြစ်လိုကြောင်း ထုတ်ပြောပြီး ယင်းပန်းတိုင်ကိုမီရန် မည်သည့်ခြေလှမ်းများလှမ်းရမည့်အကြောင်း မေးသည်။ ပထမဆုံး သူ၏ချာ့ချ်မှ နုတ်ထွက်ရန်လိုကြောင်း ရှင်းပြခံရသည်။ (ဗျာဒိတ် ၁၈:၄) သင်းအုပ်ဆရာသည် သူ့အိမ်နီးချင်းနှင့် မိတ်ဆွေဖြစ်နေရာ နုတ်ထွက်စာရေးရုံနှင့်မပြီးဘဲ သူ့ကို နဖူးတွေ့ဒူးတွေ့တွေ့ဆုံရှင်းပြရန် လိုသည်ဟု သူယူဆခဲ့သည်။ ယင်းသို့ သတ္တိရှိရှိသူလုပ်ခဲ့သည်။
သင်းအုပ်ဆရာသည် ထိတ်လန့်သွားပြီး နောက်ပိုင်းတွင် အသင်းတော်အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်နှင့် အခြားချာ့ချ်အသင်းသားများကို ဟယ်န်ရီ၏အိမ်သို့ သွားလည်ပတ်စေသည်။ သူသည် မိမိ၏ချာ့ချ်ကိုစွန့်ခွာပြီး ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်မရှိဟု သူတို့သိထားကြသော ဘာသာရေးအသင်းတစ်ခု၏ အသင်းသားအဘယ်ကြောင့်ဖြစ်လိုကြောင်း သူတို့သိလိုကြသည်။ “အစကတော့ သူတို့ကိုအဖြေပေးဖို့ ကျွန်တော်ကြောက်တယ်။ ဘာကြောင့်လည်းဆိုရင် သူတို့ဟာ အမြဲပဲ ကျွန်တော့်အပေါ်မှာ အကြီးအကျယ်သြဇာညောင်းခဲ့တာကိုး။ ဒါပေမဲ့ ကျွန်တော်ယေဟောဝါဆီမှာ အကူအညီအတွက်ဆုတောင်းတော့ ကျွန်တော့်ကို ဒီလိုခုခံကာကွယ်နိုင်စေခဲ့တယ်– ‘ကမ္ဘာချီဘာသာတရားတွေထဲမှာ ဘယ်ဘာသာတစ်ခုတည်းကပဲ ယေဟောဝါတည်းဟူသော ဘုရားသခင့်နာမတော်ကို အသုံးပြုသလဲ။ ယေဟောဝါသက်သေတွေပဲမဟုတ်လား။ ဘုရားသခင်ဟာ သူတို့ကို မိမိရဲ့နာမတော်အမည်ခံခွင့်ပေးတယ်ဆိုရင် ကိုယ်တော့်သန့်ရှင်းသောဝိညာဉ်တော်ကိုလည်း မပေးဘဲနေပါ့မလား။’” ထိုအကြောင်းပြချက်မှားသည်ဟု ချာ့ချ်အကြီးအကဲများက မချေပနိုင်ကြချေ။ ဘုရားသခင်ပေးသည့် အသိပညာနှင့်ခွန်အားတို့အတွက် ကျေးဇူးတင်လျက် ဟယ်န်ရီသည် ယခု ယေဟောဝါသက်သေများနှင့်အတူ တစ်အိမ်မှတစ်အိမ်ဓမ္မအမှုဆောင်ခြင်းတွင် ရဲရင့်စွာပါဝင်လျက်ရှိသည်။
မှန်ပါသည်၊ ခရစ်ယာန်စစ်တစ်ဦးဖြစ်ရန် ရဲစွမ်းသတ္တိလိုအပ်သည်။ ဤကမ္ဘာ့နိဂုံးနီးလာသည်နှင့်အမျှ ယုံကြည်ခြင်းစမ်းသပ်မှုများလည်း ပို၍တိုးပွားလာမည်။ စာတန်သည် ထာဝရအသက်မျှော်လင့်ချက်ရှိ ဘုရားသခင်၏ကျေးကျွန်များ ယေဟောဝါအပေါ်စောင့်သိသောသမာဓိ ချိုးဖျက်ရန်ကြိုးစားခြင်းအားဖြင့် သူတို့ကိုလုယူလိုသည်။ (ဗျာဒိတ် ၂:၁၀ နှိုင်းယှဉ်။) သို့သော် ကျွန်ုပ်တို့ဘယ်တော့မျှအရှုံးမပေးရပါ။ ကျွန်ုပ်တို့သည် ကြောက်ရွံ့ခြင်းကြောင့် ခေတ္တရှုံးနိမ့်ခြင်းကိုခံစားရသော်လည်း ပြန်လည်ကောင်းမွန်လာရန် ယေဟောဝါကူညီနိုင်သည်။ ကိုယ်တော့်အလိုတော်ကို လုပ်ဆောင်နိုင်ရန်ခွန်အားအတွက် ကိုယ်တော်ကိုဆက်၍အားထားပါ။ အကြောက်အရွံ့မရှိသောငှက်များကို ဖန်ဆင်းတော်မူသောအရှင်သည် မပျောက်ပျက်နိုင်သည့်ရဲစွမ်းသတ္တိ၏ ပင်ရင်းအမြစ်ပင်ဖြစ်ကြောင်း သတိရပါ။ အမှန်အားဖြင့် စစ်မှန်သောခရစ်ယာန်များသည် “ရဲစွမ်းသတ္တိရှိလျက် ‘ယေဟောဝါသည် ငါ့ကိုကူညီသူဖြစ်၏; ငါသည် မကြောက်မရွံ့။ လူသည် ငါ့ကိုအဘယ်သို့ပြုနိုင်သနည်း’ ဟုပြောလော့။”—ဟေဗြဲ ၁၃:၆၊ ကဘ။