ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၈/၁၅ စာ. ၅-၇
  • သတင်းကောင်း အတွက် မျက်စိ ပွင့်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သတင်းကောင်း အတွက် မျက်စိ ပွင့်ခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဝိညာဏမျက်စိကွယ်ခြင်းကိုအောင်နိုင်ခြင်း
  • တစ်ခုတည်းသော တည်မြဲသည့်ကုသပျောက်ကင်းမှု —ဘုရားသခင့်နိုင်ငံတော်
  • ဘုရားသခင့်ကမ္ဘာသစ်တွင်ပျော်ရွှင်မှု
  • ယေဟောဝါဘုရားအကြောင်း မျက်မမြင်တွေ သိလာအောင် ကူညီပေးပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၅
  • မျက်မမြင်အတွက် အဘယ်မျှော်လင့်ချက်ရှိသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • မျက်မမြင်ဘဝဖြင့် အသက်ရှင်
    နိုးလော့!—၂၀၁၅
  • မျက်မမြင်ဖြစ်ခဲ့ဖူးသူကို ဖာရိရှဲတွေ ခေါ်တွေ့
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၈/၁၅ စာ. ၅-၇

သတင်းကောင်း အတွက် မျက်စိ ပွင့်ခြင်း

“မျက်မမြင်က မိုးကောင်းကင်ကို မမြင်နိုင်သောကြောင့် ယင်း၏အပြာရောင်လျော့မသွားပါ” ဟု ဒိန်းမတ်စကားပုံတစ်ခုက ဆိုသည်။ သို့သော် အလုပ်များနေသော နေ့စဉ်အသက်တာတွင် ကျွန်ုပ်တို့ကော မိုးကောင်းကင်ပြာသည်ကို အရှိအတိုင်းမြင်ပါသလော။ အနာဂတ်ကို ယုံကြည်စိတ်ချမှုဖြင့် ကျွန်ုပ်တို့ရှုမြင်ပါသလော။ ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာကျမ်းစာက ဖော်ပြထားသောသတင်းကောင်းကို ကျွန်ုပ်တို့အမှန်ယုံကြည်ပါသလော။

ရှေ့ဆောင်းပါးတွင် ပကတိမျက်စိကွယ်ခြင်း၏ အခြေအနေကို ကျွန်ုပ်တို့သုံးသပ်ခဲ့ကြသည်။ ယခု သာ၍အရေးကြီးသော အမြင်အာရုံတစ်မျိုးအကြောင်းကို ကျွန်ုပ်တို့စစ်ဆေးကြည့်ကြစို့။ ယင်းတွင် ကျွန်ုပ်တို့အတွက် တည်တံ့သည့်ပျော်ရွှင်မှုအပြင် ကျွန်ုပ်တို့ချစ်မြတ်နိုးရသူများ၏ အနာဂတ်လည်း ပါဝင်သည်။

ကျွန်ုပ်တို့သည် “ခဲယဉ်းသောကာလ” ကို ရင်ဆိုင်နေရသည်မှာ သေချာသည်။ (၂ တိမောသေ ၃:၁) လူတို့သည် အသက်ရှင်နေထိုင်ရေးအတွက် ရုန်းကန်လျက်၊ ကျန်းမာရေးအခက်အခဲနှင့် မိသားစုပြဿနာများကို ခံရပ်လျက်၊ တရားမျှတမှုမရှိခြင်းနှင့် မေတ္တာခေါင်းပါးခြင်းတို့ ရင်ဆိုင်ဖြေရှင်းလျက်နေကြစဉ် မည်သည့်အရာဖြစ်ပျက်သနည်း။ ဝမ်းနည်းစရာကား လူများစွာတို့သည် လူလူချင်း၊ ဘာသာတရားနှင့် အာဏာပိုင်များအပေါ် ယုံကြည်အားထားမှုလျော့နည်းလာကြခြင်းဖြစ်သည်။ အချို့တို့က ထွက်ပေါက်မမြင်တော့ဘဲ မိမိတို့ပြဿနာများသည် သာမန်နည်းဖြင့် ဘယ်သောအခါမျှ ဖြေရှင်း၍မရနိုင်ဟု ကောက်ချက်ချကြသည်။ ဇော်ရ်နလ်ဒါတာဒလ် အမည်ရှိ ဘရာဇီးသတင်းစာတစ်စောင်တွင် ဇားကော့ဘ်ပင်ယေးရူးဂိုးလ်ဘဂ်က မိမိ၏ထင်မြင်ချက်ကို ဤသို့ဖော်ပြသည်– “ကြမ်းတမ်းခက်ခဲမှုများကို ရင်ဆိုင်နေရသော လူများသည် ကျိုးကြောင်းညီညွတ်စွာ စဉ်းစားဆင်ခြင်မှုမရှိသော မိမိတို့၏အမှားများကြောင့် အလွန်စိတ်အနှောင့်အယှက်ဖြစ်ကြပြီး အချည်းနှီးဖြစ်သော လျှို့ဝှက်နက်နဲသည့်အယူဝါဒကို ယုံကြည်အားထားကြသည်။” သို့ရာတွင် အခြေအနေလွဲမှားချွတ်ချော်နေပါစေ ကျွန်ုပ်တို့သည် အမှားအမှန်ပိုင်းခြားဝေဖန်နိုင်စွမ်းကို အသုံးပြုလိုကြပေမည်မဟုတ်လော။

သင့်မိသားစုအတွက် အိမ်တစ်လုံးလိုအပ်ပြီး ငွေကြေးသည် အကြောင်းမဟုတ်ဟုဆိုကြပါစို့။ သင်လှည့်လည်ကြည့်ရှုပြီး အနီးအနားရှိအိမ်များထံ လည်ပတ်ရောက်ရှိပေမည်။ အိမ်ရောင်းလိုသူက အတတ်နိုင်ဆုံး သင့်အကြိုက်ကိုလိုက်လျောသော်လည်း သင့်စိတ်တိုင်းကျအိမ်မတွေ့သေးဘဲဖြစ်နေမည်။ သို့သော် သင့်မိသားစုကျေနပ်ရောင့်ရဲဖို့နှင့် ကောင်းကောင်းမွန်မွန်နေထိုင်ရဖို့အရေးကလည်း ရှိနေသေးရာ သင်လက်လျှော့လိုက်မည်မဟုတ်။ နောက်ဆုံး သင့်ဆန္ဒနှင့် အကိုက်ညီဆုံးသောအိမ်ကို သင်တွေ့ရှိသောအခါ မည်မျှပျော်ရွှင်လိုက်မည်ကို သင်မြင်ယောင်ကြည့်နိုင်သည်။

သင်သည် အိမ်သစ်တစ်လုံးရှာဖွေရန် အချိန်ယူမည်ဖြစ်သကဲ့သို့ သင့်ပြဿနာများ၏အဖြေကို တွေ့ရှိရန် သမ္မာကျမ်းစာကို စစ်ဆေးကြည့်ပါလေ။ အိမ်တစ်လုံးနှင့်ပတ်သက်၍ ကျွန်ုပ်တို့ဆုံးဖြတ်ချက်ချနိုင်ရန် အကြောင်းအချက်များကို အကဲဖြတ်ရသကဲ့သို့ ဘုရားသခင့်နှုတ်ကပါဌ်တော်မှ ကျွန်ုပ်တို့ဖတ်ရှုရသည့်အရာများကို တော်လျော်စွာဆင်ခြင်သုံးသပ်ရန် လိုအပ်သည်။ အိမ်တစ်လုံးရှာဖွေခြင်းထက် သာ၍အကျိုးဖြစ်ထွန်းစေသည့်အရာကား ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်တို့နှင့်ပတ်သက်သည့် အမှန်တရားကို သိမြင်၍လက်ခံခြင်းဖြစ်သည်။ ယေရှုဤသို့ပြောခဲ့သည်– “ထာဝရအသက်ဟူမူကား မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။”—ယောဟန် ၁၇:၃။

သို့သော် သမ္မာကျမ်းစာ၏သတင်းစကားသည် ထိုမျှအဖိုးထိုက်လှပါမူ ယင်း၏သတင်းကောင်းနှင့်ပတ်သက်လျှင် လူများစွာတို့သည် အဘယ်ကြောင့်မျက်စိကွယ်နေကြရသနည်း။ လူများကိုအံ့အားသင့်စေနိုင်သည့် အကြောင်းတစ်ခုမှာ “လောကတစ်ခုလုံးသည် ဆိုးညစ်သူ၏တန်ခိုးဩဇာအောက်တွင် ရောက်နေ” ခြင်းဖြစ်သည်။ (၁ ယောဟန် ၅:၁၉၊ ကဘ) အကျိုးဆက်အနေနှင့် စာတန်မာရ်နတ်သည် ‘ဘုရားသခင်၏ ပုံသဏ္ဌာန်တော်တည်းဟူသော ခရစ်တော်၏ဘုန်းအသရေနှင့်ပြည့်စုံသော ဧဝံဂေလိတရား၏အရောင်သည် အလင်းကိုမပေးစေခြင်းငှာ မယုံကြည်သောသူတို့၏ဉာဏ်မျက်စိကို ကွယ်စေ၏။’ (၂ ကောရိန္သု ၄:၄) ကျွန်ုပ်တို့သည် မျက်စိအားဖြင့်မြင်ခြင်းဖြစ်သော်လည်း မျက်စိထဲသို့ဝင်လာသည့်အလင်းကို ရုပ်လုံးဖော်ပေးသည်မှာ ဦးနှောက်ဖြစ်သည်။ ထို့ကြောင့် မျက်စိကွယ်ခြင်းသည် “ပိုင်းခြားဝေဖန်ခြင်း သို့မဟုတ် အကဲဖြတ်ခြင်းတို့ကို လုပ်ဆောင်နိုင်စွမ်း သို့မဟုတ် လုပ်ရန်ဆန္ဒမရှိ” ခြင်းဟုလည်း အဓိပ္ပာယ်သက်ရောက်သည်။ ယင်းက ကျွန်ုပ်တို့အား ခေတ်ဆိုရိုးစကားတစ်ခုကို သတိရစေသည်– “မမြင်ချင်ယောင်ဆောင်သူလောက် မည်သူမျှမကန်းပါ။”

မျက်မမြင်တစ်ဦးသည် မိမိရှေ့တွင်ရှိသည့်အရာကို မမြင်နိုင်သဖြင့် ထိခိုက်ဒဏ်ရာရနိုင်သည့် အန္တရာယ်ရှိနိုင်ပေသည်။ ပကတိမျက်စိကွယ်သူများသည် ယခုအခါ မျက်စိပြန်မမြင်နိုင်သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ဝိညာဏမျက်စိကွယ်သည့်အဖြစ်တွင် ဆက်နေရန် ဖိအားပေးမခံရပါ။

ဝိညာဏမျက်စိကွယ်ခြင်းကိုအောင်နိုင်ခြင်း

ကျန်းမာသန့်ရှင်းမှုညံ့ဖျင်းသည့်အခြေအနေက အမြင်အာရုံကို အားနည်းစေသကဲ့သို့ စာရိတ္တယိုယွင်းသည့်ဝန်းကျင်ကလည်း စာရိတ္တဆိုင်ရာမျက်စိကွယ်ခြင်းကို ဖြစ်စေနိုင်သည်။ ထို့အပြင် လူကထုတ်သည့် ဥပဒေသများနှင့် ထုံးတမ်းစဉ်လာများကို ယေရှုသတိပေးခဲ့သည်။ ထိုအချိန်က ဘာသာရေးခေါင်းဆောင်များသည် မိမိတို့၏လက်အောက်ခံလူစုကို လမ်းလွဲစေကြကြောင်း ကိုယ်တော်ဖော်ထုတ်ခဲ့သည်– “သူတို့သည် လူကန်းတို့အားလမ်းပြသော လူကန်းဖြစ်ကြ၏။ လူကန်းချင်းတစ်ဦးကိုတစ်ဦးလမ်းပြလျှင် နှစ်ဦးတို့သည် တွင်းထဲသို့ကျကြလိမ့်မည်။”—မဿဲ ၁၅:၁၄။

မျက်ကန်းလမ်းပြခေါင်းဆောင်များ၏ လှည့်ဖြားခြင်းခံမည့်အစား ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းနှင့် ပတ်သက်၍ မျက်စိဖွင့်သောသူများကား မည်မျှပျော်ရွှင်လိုက်မည်ဖြစ်ခြင်း! ယေရှုဤသို့ကြေညာခဲ့သည်– ‘မျက်စိမမြင်သောသူသည် မြင်စေခြင်းငှာလည်းကောင်း ငါသည် တရားစီရင်၍ ဤလောကသို့ရောက်လာပြီ။’ (ယောဟန် ၉:၃၉) ဝိညာဏမျက်စိကွယ်သူများသည် မည်သို့ပြန်မြင်လာနိုင်မည်နည်း။ ပကတိမျက်စိကွယ်ခြင်းကို ဆက်လက်သုံးသပ်ကြည့်ကြစို့။

ယခုအခါ အမြင်အာရုံချို့တဲ့သူများအတွက် အမျိုးမျိုးသောအထောက်အကူရရှိနိုင်ပေသည်။ သို့သော် ယခင်ကထိုသို့မဟုတ်ပါ။ ဗလန်းတန်းအာဝယီးက မျက်မမြင်များအတွက်အထူးကျောင်းကို တည်ထောင်သော ၁၇၈၄ ခုနှစ်မတိုင်မီက မျက်မမြင်များကိုအကူအညီပေးရန် မည်သည့်အတည်တကျလုပ်ဆောင်မှုမျှ မရှိခဲ့ပါ။ ယင်းနောက်ပိုင်းတွင် လူဝီဘရေးလ်က သူ့အမည်ကိုအစွဲပြုသော နည်းစနစ်တစ်ခုကို တီထွင်ခဲ့သည်; အမြင်အာရုံချို့ယွင်းသူများ စာဖတ်နိုင်ရန်အတွက် ယင်းကိုသူတီထွင်ခဲ့ခြင်းဖြစ်သည်။

ဝိညာဏမျက်စိကွယ်ခြင်းကော မည်သို့နည်း။ မကြာမီနှစ်များအတွင်းက ကမ္ဘာပေါ်ရှိအဝေးလံဆုံးဒေသများအထိ သတင်းကောင်းကြေညာခြင်းကို အကြီးအကျယ်အားထုတ်လုပ်ဆောင်ခဲ့ကြသည်။ (မဿဲ ၂၄:၁၄) ယေဟောဝါသက်သေများသည် ပုံဆောင်သဘောအရသော်လည်းကောင်း၊ ပကတိအရသော်လည်းကောင်း မျက်စိကွယ်နေသူများထံ မျှော်လင့်ချက်ယူဆောင်ပေးခြင်းကို နှစ်သက်ကြသည်။

ဘရာဇီးအမျိုးသမီးတစ်ဦး ဤသို့စာရေးသည်– “ကျွန်မပြောချင်တာက ကျွန်မကိုယ်ကာယချို့ယွင်းတဲ့ကြားက ဝိညာဉ်ရေးအရ ကျွန်မမြင်နိုင်တယ်။ ဘယ်လောက်တောင်ကောင်းမြတ်တဲ့ဘုရားသခင်လဲ! ‘ယေဟောဝါဟာ လက်တော်ကိုဖွင့်ပြီး အသက်ရှင်တဲ့သတ္တဝါအပေါင်းကို ရောင့်ရဲစေမယ်’ ဆိုတာသိရလို့ ကျွန်မတို့သိပ်ပျော်တယ်။” (ဆာလံ ၁၄၅:၁၆) ပကတိမျက်စိမမြင်သူ ဇော်ရ်ဇယ်က ဤသို့ပြန်ပြောပြသည်– “ကျွန်တော့်ဘဝကို နှစ်ပိုင်းအတိအကျပိုင်းခြားနိုင်တယ်– သက်သေခံမဖြစ်ခင်တစ်ပိုင်း၊ ဖြစ်ပြီးတော့တစ်ပိုင်း . . . သူတို့ကြောင့် ကျွန်တော် လောကကြီးကို ရှင်းရှင်းလင်းလင်းမြင်လာနိုင်တယ်။ အသင်းတော်မှာရှိတဲ့သူအားလုံးနဲ့ အကျွမ်းတဝင်ရင်းနှီးရတာကို ကျွန်တော်သိပ်ပျော်မွေ့တယ်။” ထိုကဲ့သို့ပျော်မွေ့နိုင်ရခြင်းမှာ မကြာမီ ကမ္ဘာပေါ်တွင် ပကတိသော်လည်းကောင်း၊ ဝိညာဏအရသော်လည်းကောင်း မျက်စိကွယ်သူ မည်သူတစ်ဦးတစ်ယောက်မျှ ရှိတော့မည်မဟုတ်ဟူသည့် အာမခံချက်ကို သမ္မာကျမ်းစာကပေးထားသောကြောင့်ဖြစ်သည်။ ယင်းသည်မည်သို့ဖြစ်နိုင်မည်နည်း။ ကမ္ဘာတစ်ခွင်လုံးတွင် “ထာဝရဘုရားသည် မျက်စိကန်းသောသူတို့ကို မြင်စေတော်မူ” ခြင်းသည် မည်သို့ပြည့်စုံလာမည်နည်း။—ဆာလံ ၁၄၆:၈

တစ်ခုတည်းသော တည်မြဲသည့်ကုသပျောက်ကင်းမှု —ဘုရားသခင့်နိုင်ငံတော်

ဆေးပညာများ တိုးတက်ပေါ်ပေါက်နေသည့်ကြားမှပင် မြောက်မြားစွာသောရောဂါများက မျက်စိကွယ်ခြင်း၊ နာကျင်ခြင်းနှင့် သေခြင်းတို့ကို ဖြစ်မြဲဖြစ်စေလျက်ရှိသည်။ သို့ဆိုလျှင် အမြင်အာရုံနှင့် ဘဝ၏ရွှင်လန်းမှုနှစ်မျိုးလုံးတို့ကို ပပျောက်စေသော အာဟာရချို့တဲ့ခြင်း၊ ကျန်းမာသန့်ရှင်းမှုညံ့ဖျင်းသည့်အခြေအနေများ၊ ဆင်းရဲဒုက္ခများ ပပျောက်ရန် မည်သည့်အရာလိုအပ်သနည်း။ မျက်မမြင်များနှင့် အခြားသူများအား ယေရှုကုသပေးခဲ့ခြင်းသည် အနာဂတ်တွင်ဖြစ်မည့် အသေးစားပုံစံတစ်ရပ်ဖြစ်သည်။ ဝမ်းသာစရာကား ကိုယ်တော့်သွန်သင်ခြင်းနှင့် ကုသမှုများသည် ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်တွင် ကမ္ဘာတစ်ခွင်ပျံ့နှံ့လာမည့်ကောင်းချီးများ၏ ရှေ့ပြေးနမူနာဖြစ်သည်။

ကမ္ဘာချီအတိုင်းအတာဖြင့် ကုသပျောက်ကင်းခြင်းသည် နီးနေပြီ။a ဤဘုရားသခင်၏ ကုသပျောက်ကင်းပေးမည့်အစီအစဉ်ကို တမန်တော်ယောဟန်က ဤသို့လှပစွာဖွဲ့နွဲ့ဖော်ကျူးထားသည်– “ကျောက်သလင်းကဲ့သို့ကြည်လင်၍ ဘုရားသခင်နှင့်သိုးသငယ်၏ ပလ္လင်တော်ထဲကထွက်သော အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ မြို့လမ်းမအလယ်၌လည်းကောင်း၊ ထိုမြစ်နှစ်ဖက်၌လည်းကောင်း အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတစ်ဆယ့်နှစ်မျိုးကို သီးတတ်၏။ မိမိအသီးကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါငြိမ်းစရာအဖို့ဖြစ်၏။”—ဗျာဒိတ် ၂၂:၁၊ ၂။

“အသက်ရေ”၊ “အသက်ပင်” စသည့်အသုံးအနှုန်းများက ယနေ့ဆိုးညစ်သည့် အစီအစဉ်စနစ်ကုန်ဆုံးပြီးနောက်ပိုင်းတွင် ဘုရားသခင့်နိုင်ငံတော်၏ ကုသပျောက်ကင်းမှုအစီအစဉ်များက လူသားများအား စုံလင်သည့်အဖြစ်သို့ တဖြည်းဖြည်းမြှင့်တင်ပေးမည့်အဖြစ်ကို ပုံဖော်သည်။ အမှန်အားဖြင့် ယေရှု၏ရွေးဖိုးပူဇော်သက္ကာ၏ အကျိုးကျေးဇူးများ (အပြစ်မှလုံးလုံးလျားလျားခွင့်လွှတ်ခြင်းပါဝင်) နှင့်အတူ ယေရှုခရစ်နှင့် ကိုယ်တော့်ခမည်းတော်တို့ဆိုင်ရာ အသိပညာတို့က စုံလင်သည့်ကျန်းမာမှုနှင့် ထာဝရအသက်ကို ရရှိစေမည်ဖြစ်သည်။—ယောဟန် ၃:၁၆။

ဘုရားသခင့်ကမ္ဘာသစ်တွင်ပျော်ရွှင်မှု

ရာဇဝတ်မှု၊ ညစ်ညမ်းမှု၊ သို့မဟုတ် ဆင်းရဲခြင်းကင်းမဲ့သည့်ကမ္ဘာကို မြင်ယောင်ကြည့်လိုက်ပါလေ။ ပြန်လည်ထူထောင်ထားသည့် ပရဒိသုတွင် သင့်မိသားစု ငြိမ်းချမ်းစွာအသက်ရှင်နေကြသည်ကို ခံစားကြည့်ပါ။ (ဟေရှာယ ၃၂:၁၇၊ ၁၈) စုံလင်သောစိတ်နှင့် အာရုံများအားဖြင့် အမျိုးမျိုးသောအရောင်အဆင်းတို့ကို ရှုမြင်ရခြင်းကား မည်မျှအားရနှစ်သက်ဖွယ်ပါတကား!

“လူသားအတွက် သဘာဝအခြေအနေမှာ အလင်း၊ အရောင်နှင့် ပုံပန်းသဏ္ဌာန်တို့ အစဉ်ပြောင်းလဲနေသော ပတ်ဝန်းကျင်တွင် နေထိုင်ရန်ဖြစ်သည်။ သဘာဝတရားတွင် အပြောင်းအလဲမရှိသည့် ဝန်းကျင်အခြေအနေဟူ၍ မရှိပါ။ အရောင်အဆင်းသည် ဤလောကရှိ သဘာဝကြည်နူးဖွယ်ရာတစ်ခုဖြစ်သည်။ ယင်းသည် ထူးခြားကွဲလွဲသည့်အရာမဟုတ်ဘဲ သဘာဝနိယာမတရားတစ်ခုဖြစ်ပြီး ရွှင်လန်းသည့်အသက်တာ၏ အပိုင်းကဏ္ဍများစွာသည် ယင်းကိုအမှီသဟဲပြုရသည်” ဟု ဖေဘရ်ဘေရန်က ဆိုသည်။

အမြင်အာရုံရရှိခြင်းသည် မည်မျှတန်ဖိုးရှိပါသည်တကား! တစ်ချိန်က—ပကတိဖြစ်စေ၊ ဝိညာဉ်ရေးအရဖြစ်စေ—မျက်စိကွယ်ခဲ့သူများ မျက်စိပြန်မြင်လာကြသောအခါ ရွှင်လန်းကြလိုက်မည်ဖြစ်ခြင်း!

မှန်ပါသည်၊ လာမည့်ပြန်လည်ထူထောင်ထားသည့်ပရဒိသုတွင် မျက်စိကွယ်ခြင်းနှင့် အခြားသောကိုယ်အင်္ဂါချို့ယွင်းမှုများသည် ပျော်ရွှင်မှုကို ထိပါးမည်မဟုတ်တော့ပါ! မည်သူမျှ လှည့်ဖြားခံရမည်မဟုတ်တော့ပါ။ မေတ္တာစစ်လွှမ်းမိုးမည်ဖြစ်ရာ လူအားလုံးတို့သည် ဝိညာဉ်ရေးအရ ထွန်းလင်းနေကြမည်။ ယင်းသည် မဝေးတော့သည့်အနာဂတ်တွင် ဖြစ်လာမည်။ သို့သော် “ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်းကြလိမ့်မည်” ဟူသော မိမိ၏ပရောဖက်ပြုကတိတော်ကို ပြည့်စုံစေမည့်အရှင်၏ မျက်နှာသာတော်ခံစားရရန်အချိန်သည် ယခုအချိန်ပင်ဖြစ်တော့သည်။—ဟေရှာယ ၃၅:၅။

[အောက်ခြေမှတ်ချက်များ]

a ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေသည့် သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် စာအုပ်၊ အခန်း ၁၈ တွင် တင်ပြထားသည့်အထောက်အထားကို စစ်ဆေးကြည့်ပါ။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ထိုအခါ မျက်စိကန်းသောသူတို့ မျက်စိပွင့်လင်းကြလိမ့်မည်!

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ