ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၇/၁၅ စာ. ၁၀-၁၅
  • သင့်အိမ်ထောင်ရေးကို ထာဝရအနှောင်အဖွဲ့ဖြစ်စေလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်အိမ်ထောင်ရေးကို ထာဝရအနှောင်အဖွဲ့ဖြစ်စေလော့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အိမ်ထောင်ရေးတည်တံ့မှု
  • ဦးစီးမှုနှင့် လက်အောက်ခံခြင်း
  • ဆက်သွယ်ခြင်း—အိမ်ထောင်ရေး၏ အသက်သွေး
  • သဘောကွဲလွဲချက်များကို ကိုင်တွယ်ခြင်း
  • တစ်ဦးအပေါ်တစ်ဦး ဆက်လက်သစ္စာရှိပါ
  • အိမ်ထောင်ရေးကို အောင်မြင်စေခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • ဘုရားသခင်ဖက်စပ်၍ထမ်းပိုးတင်သောအရာကို မခွဲမခွာစေနှင့်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ခိုင်ခံ့ပျော်ရွှင်တဲ့ အိမ်ထောင်ကို တည်ဆောက်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • အိမ်ထောင်ရေးအကြောင်း ကျမ်းစာ ဘာပြောသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၇/၁၅ စာ. ၁၀-၁၅

သင့်အိမ်ထောင်ရေးကို ထာဝရအနှောင်အဖွဲ့ဖြစ်စေလော့

“ဘုရားသခင်ဖက်စပ်၍ ထမ်းပိုးတင်တော်မူသောအရာကို လူမခွဲမခွာစေနှင့်။”—မဿဲ ၁၉:၆။

၁။ ယနေ့ ခရစ်ယာန်စစ်များအလယ်တွင် အိမ်ထောင်ရေး အောင်မြင်ဖို့အတွက် အခြေခံကား အဘယ်နည်း။

ယနေ့ ယေဟောဝါ၏လူမျိုးထဲတွင် ထောင်ပေါင်းများစွာသောသူတို့သည် တည်မြဲ၍ ကျေနပ်မှုပေးသော အိမ်ထောင်ရေးဘဝကို မွေ့လျော်ခံစားနေကြပေသည်။ သို့သော် ယင်းသို့သော အနှံ့အပြားအောင်မြင်မှုသည် ဘယ်နည်းနှင့်မျှ မတော်တဆဖြစ်လာရခြင်း မဟုတ်ပါ။ ခရစ်ယာန်အိမ်ထောင်သည် အိမ်ထောင်ဖက်နှစ်ဦးစလုံးက (၁) ထိမ်းမြားခြင်းအပေါ် ဘုရားသခင်၏ရှုမြင်တော်မူချက်ကို လေးစားကာ (၂) ကိုယ်တော်၏ နှုတ်ကပါဌ်တော်မှ ကျင့်ဝတ်မူများနှင့်အညီ နေထိုင်ရန် ကြိုးစားသောအခါ အောင်မြင်ဖြစ်ထွန်းသည်။ အမှန်ဆိုလျှင် အိမ်ထောင်ရေးအစီအစဉ်ကို ဘုရားသခင်ကိုယ်တော်တိုင် စထွင်တော်မူခဲ့ခြင်းဖြစ်သည်။ ကိုယ်တော်သည် “ကမ္ဘာမြေပေါ်ရှိအိမ်ထောင်စု” တိုင်း မိမိတို့၏ အမည်များကို ရယူရာအရှင်ပင်ဖြစ်သည်။ (ဧဖက် ၃:၁၄၊ ၁၅၊ သတင်းကောင်း) အောင်မြင်သောအိမ်ထောင်ရေးဖြစ်ရန် ဘာလိုအပ်သည်ကို ယေဟောဝါ သိမြင်တော်မူသဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏ လမ်းညွှန်မှုကို လိုက်နာကျင့်သုံးခြင်းအားဖြင့် မိမိကိုယ်ကို အကျိုးကျေးဇူးခံစားရစေသည်။—ဟေရှာယ ၄၈:၁၇။

၂။ အိမ်ထောင်တွင် ကျမ်းစာကျင့်ဝတ်မူများကို မကျင့်သုံးခြင်း၏အကျိုးဆက်များကားအဘယ်နည်း။

၂ ယင်းနှင့်ဆန့်ကျင်၍ ကျမ်းစာကျင့်ဝတ်မူများကို မကျင့်သုံးခြင်းက အိမ်ထောင်ရေးဒုက္ခများ ပေါ်ပေါက်စေနိုင်သည်။ အမေရိကန်နိုင်ငံတွင် ယနေ့ ထိမ်းမြားထားသူ သုံးပုံနှစ်ပုံမျှသည် နောက်ဆုံးတွင် ကွာရှင်းကြလိမ့်မည်ဟု ကျွမ်းကျင်သူအချို့က ယုံကြည်ကြသည်။ ခရစ်ယာန်များပင်လျှင် ဤ “ခဲယဉ်းသောကာလ” ၏အကျပ်အတည်းအခက်အခဲများနှင့် မလွတ်ကင်းကြပါ။ (၂ တိမောသေ ၃:၁) စီးပွားရေးအကျပ်အတည်းများနှင့် အလုပ်ခွင်၏ ဖိစီးမှုများက မည်သည့်အိမ်ထောင်ကိုမဆို ထိခိုက်နိုင်လေသည်။ ခရစ်ယာန်အချို့ဆိုလျှင် ၎င်းတို့၏ အိမ်ထောင်ဖက်များက ကျမ်းစာကျင့်ဝတ်မူများကို မကျင့်သုံးကြသည့်အတွက်လည်း အလွန်စိတ်ဆင်းရဲနေကြသည်။ “ကျွန်မ ယေဟောဝါကို ချစ်ပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့အိမ်ထောင်ရေး မသာယာတာ အနှစ် ၂၀ ရှိနေပြီ။ ကျွန်မခင်ပွန်းဟာ တစ်ကိုယ်ကောင်းဆန်ပြီး ဘာပြုပြင်ပြောင်းလဲမှုမှမလုပ်ချင်ဘူး။ ချောင်ပိတ်မိနေရသလိုပဲ ကျွန်မခံစားနေရတယ်” ဟုခရစ်ယာန်ဇနီးသည်တစ်ဦးက ပြောပါသည်။ မနည်းလှသော ခရစ်ယာန်လင်သား၊ သို့မဟုတ် ဇနီးသည်တို့က အလားတူခံစားကြကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြလေပြီ။ ဘာမှားသွားသနည်း။ အိမ်ထောင်ရေးသည် ဆက်ဆံရေး အေးတိအေးစက်အဖြစ်သို့ သို့မဟုတ် ဗြောင်ရန်လိုခြင်းအဖြစ်မျိုးသို့ တဖြည်းဖြည်းကျရောက်မသွားအောင် ဘာကကြိုတင်တားဆီးပေးနိုင်မည်နည်း။

အိမ်ထောင်ရေးတည်တံ့မှု

၃၊ ၄။ (က) အိမ်ထောင်ရေးအတွက် ဘုရားသခင်၏စံနှုန်းကား အဘယ်နည်း။ (ခ) အိမ်ထောင်ရေး မြဲမြံခြင်းသည် အဘယ်ကြောင့် တရားသဖြင့်ဖြစ်ပြီး အကျိုးရှိသနည်း။

၃ အကောင်းဆုံးသောအခြေအနေမျိုးအောက်တွင်ပင်၊ အိမ်ထောင်ရေးသည် မစုံလင်သူနှစ်ဦး ပေါင်းဖက်ခြင်းဖြစ်သည်။ (တရားဟောရာ ၃၂:၅) ထို့ကြောင့် တမန်တော်ပေါလုက “ထိုသို့ [အိမ်ထောင်] ပြုသောသူတို့သည် လောကညှဉ်းဆဲခြင်းဒုက္ခကို ခံရကြမည်” ဟုဆိုသည်။ (၁ ကောရိန္သု ၇:၂၈) ဆိုးရွားလွန်းသော အခြေအနေအချို့ကြောင့် ခွဲခွာနေခြင်း၊ သို့မဟုတ် ကွာရှင်းခြင်းပင် ဖြစ်ပေါ်နိုင်ပေသည်။ (မဿဲ ၁၉:၉; ၁ ကောရိန္သု ၇:၁၂-၁၅) သို့သော်လည်း များသောအားဖြင့် ခရစ်ယာန်များသည် ပေါလု၏ ဤသြဝါဒကို လိုက်နာကြပါသည်– “မယားသည် မိမိခင်ပွန်းကို မစွန့်ပစ်စေနှင့်။ . . . ယောက်ျားသည်လည်း မိမိမယားနှင့် မကွာစေနှင့်။” (၁ ကောရိန္သု ၇:၁၀၊ ၁၁) စင်စစ် အိမ်ထောင်ရေးကို ထာဝရနှောင်ကြိုးဖြစ်စေရန်ရည်သန်ထားသည်၊ အကြောင်းမှာ ယေရှုခရစ်က “ဘုရားသခင်ဖက်စပ်၍ ထမ်းပိုးတင်တော်မူသောအရာကို လူမခွဲမခွာစေနှင့်” ဟုမိန့်တော်မူခဲ့ခြင်းကြောင့်ဖြစ်သည်။—မဿဲ ၁၉:၆။

၄ ရန်လိုသော သို့မဟုတ် မေတ္တာမရှိသော အိမ်ထောင်ရေးတွင် ချောင်ပိတ်မိနေပြီဟု ခံစားရသူအတွက်မူ ယေဟောဝါ၏စံနှုန်းသည် ခက်ထန်၍ အကျိုးသင့်အကြောင်းသင့်မရှိပုံရပေမည်။ သို့သော် ထိုသို့မဟုတ်ပါ။ အိမ်ထောင်ရေးနှောင်ကြိုး၏ မြဲမြံမှုက ဘုရားတရားကြောက်ရွံ့သောမောင်နှံစုံအား အခက်အခဲ ပေါ်ထွက်လာသည်နှင့် မိမိတို့၏တာဝန်ကို အဆောတလျင်စွန့်ပစ်ခြင်းမပြုဘဲ အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းစေပါသည်။ နှစ်ပေါင်း ၂၀ ကျော်အိမ်ထောင်သက် ရှိပြီးသူတစ်ဦးက ဤသို့ဆိုသည်– “အခက်အခဲများကို မရှောင်နိုင်ပါဘူး။ တစ်ချိန်လုံးလည်း တစ်ယောက်ကိုတစ်ယောက် အားရကျေနပ်နေမှာတော့မဟုတ်ဘူး။ ဒီလိုအခါမျိုးမှာ တာဝန်သိတတ်ခြင်းက တကယ်အရေးကြီးလာတယ်။” ခရစ်ယာန်အိမ်ထောင်ရှင်များသည် အိမ်ထောင်ရေး တီထွင်တော်မူသောအရှင် ယေဟောဝါဘုရားသခင်အပေါ် အဓိကတာဝန်ရှိကြောင်း ကျေပွန်ရမည်ကို အမှန်သိရှိထားကြပါသည်။—ဒေသနာ ၅:၄ နှိုင်းယှဉ်။

ဦးစီးမှုနှင့် လက်အောက်ခံခြင်း

၅။ လင်နှင့်မယားအတွက် ပေါလု၏သြဝါဒအချို့ကား အဘယ်နည်း။

၅ ထို့ကြောင့် ပြဿနာများ ပေါ်ပေါက်လာချိန်တွင် ထွက်ပေါက်ရှာရန်မဟုတ်ဘဲ ဘုရားသခင့်နှုတ်ကပါဌ်တော်မှ ဩဝါဒကို သာ၍ကောင်းစွာ ကျင့်သုံးနိုင်မည့်နည်းလမ်းကို ရှာကြံဖို့ဖြစ်သည်။ ဥပမာ၊ ဧဖက် ၅:၂၂-၂၅၊ ၂၈၊ ၂၉ ပါပေါလု၏ ဤစကားများကို သုံးသပ်ကြည့်ပါ– “အချင်းမိန်းမတို့၊ သခင်ဘုရား၏အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။ အကြောင်းမူကား၊ ခရစ်တော်သည် အသင်းတော်၏အပေါ်မှာ ခေါင်းဖြစ်တော်မူသကဲ့သို့ ယောက်ျားသည် မိမိခင်ပွန်း၏အပေါ်မှာ ခေါင်းဖြစ်၏။ ခရစ်တော်သည်လည်း မိမိကိုယ်ကို ကယ်တင်သောသူဖြစ်တော်မူ၏။ အသင်းတော်သည် ခရစ်တော်၏အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့ မိန်းမတို့လည်း ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို အရာရာ၌ ဝန်ခံရကြမည်။ အချင်းယောက်ျားတို့ ခရစ်တော်သည် အသင်းတော်ကိုချစ်တော်မူ၍ ကိုယ်ကိုစွန့်တော်မူသည်နည်းတူ သင်တို့လည်းကိုယ်ခင်ပွန်းကိုချစ်ကြလော့။ ထိုနည်းတူ ယောက်ျားတို့သည် မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကို ချစ်ရကြမည်။ ခင်ပွန်းကိုချစ်သောသူသည် ကိုယ်ကိုချစ်သောသူဖြစ်၏။ ကိုယ်အသားကို မုန်းသောသူ တစ်ယောက်မျှမရှိ။ ခရစ်တော်သည် အသင်းတော်ကို ကျွေးမွေးပြုစုတော်မူသကဲ့သို့ ခပ်သိမ်းသောသူတို့သည် မိမိတို့အသားကို ကျွေးမွေးပြုစုတတ်ကြ၏။”

၆။ ခရစ်ယာန်လင်သားများသည် လောကီယောက်ျားများနှင့် မည်သို့ကွာခြားရန်ဖြစ်သနည်း။

၆ ယောက်ျားများသည် မိမိတို့၏လင်သားအခွင့်အာဏာကို အလွဲသုံးစားပြုလေ့ရှိပြီး ဇနီးသည်တို့ကို အနိုင်ကျင့်တတ်ကြ၏။ (ကမ္ဘာဦး ၃:၁၆) သို့ရာတွင် ခရစ်ယာန်လင်သားများအား လောကသားများနှင့်မတူဘဲ ခရစ်တော်နှင့်တူကြရန်နှင့် ဇနီးသည်၏အသက်ရှင်နေထိုင်ပုံနှင့်ပတ်သက်၍ အသေးအမွှားမှစ၍ ချုပ်ချယ်သော နိုင်ထက်စီးနင်းပြုသူမဖြစ်ရန် ပေါလုက တိုက်တွန်းပါသည်။ အမှန်စင်စစ် ယေရှုခရစ်တည်းဟူသော လူသားသည် တစ်ခါမျှ ခက်ထန်သော၊ သို့မဟုတ် အထက်စီးဆန်သောသူမဖြစ်ခဲ့ချေ။ ကိုယ်တော်သည် တပည့်နောက်လိုက်များအား လေးစားတန်ဖိုးထားစွာ ဆက်ဆံကာ ဤသို့မိန့်တော်မူခဲ့သည်– “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် လန်းဆန်းစေမည်။ ငါ့ထမ်းပိုးကိုထမ်း၍ ငါ့ထံ၌နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိုးလ်သည် လန်းဆန်းရလိမ့်မည်။”—မဿဲ ၁၁:၂၈၊ ၂၉၊ ကဘ။

၇။ ဇနီးသည် ဝမ်းစာရှာအလုပ် လုပ်ကိုင်ချိန်တွင် လင်သားအနေနှင့် သူမအား မည်သို့ဂုဏ်တင်နိုင်မည်နည်း။

၇ ခရစ်ယာန်လင်သားသည် ကိုယ့်ဇနီးအား အားနွဲ့သူအဖြစ်ဖြင့် သဘောထား ဆက်ဆံကာ ဂုဏ်တင်သည်။ (၁ ပေတရု ၃:၇) ဥပမာ၊ သူမသည် ဝမ်းစာရှာလုပ်ငန်းကို လုပ်ကိုင်ရသည်ဆိုပါစို့။ ယင်းကို သူထည့်တွက်ပြီး အတတ်နိုင်ဆုံး အကူအညီပေး၍ စာနာမှုပြမည်ဖြစ်သည်။ ကွာရှင်းရခြင်းအတွက် အမျိုးသမီးများ တင်ပြကြသည့် အဓိကအကြောင်းတစ်ခုမှာ သားသမီးများနှင့် အိမ်မှုကိစ္စကို လင်သားဖြစ်သူ ဥပေက္ခာပြုခြင်းကြောင့် ဟူ၍ဖြစ်သည်။ ထို့ကြောင့် ခရစ်ယာန်လင်သားသည် မိသားစုတစ်စုလုံးကို အကျိုးပြုမည့် အရာရောက်သောနည်းမျိုးစုံဖြင့် အိမ်တွင် သူမအား ရှာကြံအကူအညီပေးမည်ဖြစ်သည်။

၈။ ခရစ်ယာန်ဇနီးသည်များ လက်အောက်ခံရာတွင် အဘယ်အမှုများ ပြုလုပ်ရန်အကန့်အသတ်ရှိသနည်း။

၈ ဂုဏ်တင် ပြုမူဆက်ဆံခံရခြင်းက ခရစ်ယာန်ဇနီးသည်များအတွက် လင်သားများအား လက်အောက်ခံရန် ပို၍လွယ်ကူစေပါသည်။ သို့သော် ယင်းသည် အောက်တန်းကျကျ အစေခံခြင်းမျိုးကို ဆိုလိုခြင်းကား မဟုတ်ပါ။ ဇနီးသည်သည် အစေခံကျွန်မဟုတ်ဘဲ “အထောက်အမ” (“အဖော်အဖက်၊” အောက်ခြေမှတ်ချက်၊ ကဘ) ဖြစ်ခြင်းဖြင့် ယောက်ျားနှင့်သင့်တော်သူဖြစ်ရမည်ဟု ဘုရားသခင် ပြဋ္ဌာန်းထားတော်မူသည်။ (ကမ္ဘာဦး ၂:၁၈) မာလခိ ၂:၁၄ (သမ) တွင် ဇနီးသည်အား ယောက်ျား၏ “ငယ်ပေါင်းကြီးဖော်” အဖြစ် ဖော်ပြထားသည်။ သို့နှင့်အညီ ကျမ်းစာခေတ်တွင် ဇနီးသည်များသည် လွတ်လပ်မှုနှင့် လုပ်ဆောင်ပိုင်ခွင့် အတော်အသင့်ရှိခဲ့ကြသည်။ “အရည်အချင်းပြည့်ဝသောဇနီး” နှင့်ပတ်သက်၍ “သူ၏ခင်ပွန်းသည် သူ့ကိုယုံသည်” ဟုကျမ်းစာက ဆိုထားသည်။ စင်စစ် သူမသည် အိမ်မှုရေးရာကို စီမံကွပ်ကဲခြင်း၊ အစားအသောက် ဝယ်ခြမ်းခြင်း၊ လယ်ယာမြေကိစ္စများ ဖြစ်မြောက်ရေးကို စေ့စပ်ခြင်းနှင့် လုပ်ငန်းငယ်ကလေးတစ်ခုကို စီမံခြင်း အစရှိသည့်ကိစ္စများကို စိတ်ချစွာ လွှဲအပ်ခံရပေသည်။—သု. ၃၁:၁၀-၃၁။

၉။ (က) ကျမ်းစာခေတ်က ဘုရားကြောက်ရွံ့သောမိန်းမများသည် အမှန်လက်အောက်ခံစိတ်ကို မည်သို့တင်ပြခဲ့သနည်း။ (ခ) ယနေ့ ခရစ်ယာန်မိန်းမတစ်ဦးသည် ဆက်လက်အောက်ခံရန် အဘယ်အရာက ကူညီပေးမည်နည်း။

၉ မည်သို့ဆိုစေ ဘုရားကိုကြောက်ရွံ့သောဇနီးသည် လင်သား၏အခွင့်အာဏာကို အသိအမှတ်ပြုပေသည်။ ဥပမာ၊ စာရာက “အာဗြဟံကို ‘သခင်’ ဟုခေါ်ဝေါ်” ခဲ့ခြင်းသည် ယဉ်ကျေးရိုကျိုးသော ထုံးတမ်းစဉ်လာအရမဟုတ်ဘဲ သူမ၏ လက်အောက်ခံမှုကို စိတ်ရင်းမှန်ဖြင့် ထင်ဟပ်ခြင်းပင် ဖြစ်သည်။ (၁ ပေတရု ၃:၆; ကမ္ဘာဦး ၁၈:၁၂) ခင်ပွန်းဖြစ်သူနှင့်အတူ တဲဖြင့်နေရန် ဥရမြို့ရှိ သက်သောင့်သက်သာရှိသော စံအိမ်ကိုစွန့်လျက် လိုလိုလားလား ထွက်ခွာခဲ့သည်။ (ဟေဗြဲ ၁၁:၈၊ ၉) သို့သော် လက်အောက်ခံခြင်းက ဇနီးသည်တစ်ဦးအား လိုအပ်လျှင် ကြီးလေးသောတာဝန် ဆောင်ရွက်ချက်ကိုမပြုနိုင်ဟု မဆိုလိုပါ။ မောရှေသည် အရေဖျားလှီးခြင်းဆိုင်ရာ ဘုရားသခင့်ပညတ်ကို လိုက်နာရန် ပျက်ကွက်သောအခါ သူ၏ဇနီးဖြစ်သူ ဇိပေါရသည် ပြတ်ပြတ်သားသား ပြုမူဆောင်ရွက်လိုက်ခြင်းအားဖြင့် ကြိုတင်လက်ဦးမှုရယူကာ ဘေးဆိုးကို တားဆီးခဲ့သည်။ (ထွက်မြောက်ရာ ၄:၂၄-၂၆) မစုံလင်သောလူသားတစ်ဦး၏ စိတ်နှင့်တွေ့ဖို့ထက်မက ပါဝင်ပတ်သက်ပါသည်။ ဇနီးသည်များသည် “သခင်ဘုရား၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြ” ရမည်။ (ဧဖက် ၅:၂၂) ခရစ်ယာန်ဇနီးသည်သည် ဘုရားသခင်နှင့် မိမိ၏ဆက်ဆံရေးအခြေအနေကို စဉ်းစားကြည့်သည့်အခါ ဤသည်က ခင်ပွန်းသည်၏ မဆိုစလောက်သော ချွတ်ယွင်းချက်များနှင့် အားနည်းချက်များကို လျစ်လျူရှုနိုင်ရန် အကူအညီရသည်။ လင်သားဖြစ်သူသည် ဇနီးနှင့်ဆက်ဆံရာတွင် ထပ်တူပင် ပြုလုပ်ရန် လိုအပ်သည်။

ဆက်သွယ်ခြင်း—အိမ်ထောင်ရေး၏ အသက်သွေး

၁၀။ အိမ်ထောင်ရေးအတွက် ဆက်သွယ်ခြင်းသည် မည်မျှအရေးကြီးသနည်း။

၁၀ လင်မယားများ ကွာရှင်းကြသည့် တစ်ခုတည်းသောအကြီးမားဆုံးအကြောင်းရင်းသည် အဘယ်နည်းဟု မေးမြန်းခံရသောအခါ လင်ကွာမယားကွာမှု ရှေ့နေတစ်ဦးက ဤသို့ဖြေဆိုသည်– “တစ်ဦးကိုတစ်ဦး ရိုးသားမှန်ကန်စွာ ရင်မဖွင့်နိုင်ခြင်းနှင့် တစ်ဦးကိုတစ်ဦး အကောင်းဆုံးမိတ်ဆွေအဖြစ် သဘောမထားနိုင်ကြခြင်းပင်ဖြစ်သည်။” မှန်ပါသည်၊ ဆက်သွယ်ခြင်းသည် ခိုင်ခံ့သောအိမ်ထောင်ရေး၏ အသက်သွေးဖြစ်သည်။ သမ္မာကျမ်းစာက “နှီးနှောတိုင်ပင်ခြင်းမရှိလျှင် အကြံပျက်တတ်၏” ဟုဆိုသည့်အတိုင်းပင်။ (သု. ၁၅:၂၂၊ သမ) လင်နှင့်မယားတို့သည် တစ်ဦးနှင့်တစ်ဦး လှိုက်လှဲခင်မင်ရင်းနှီးစွာ ပေါင်းသင်းသည့် ‘တိုင်ပင်နှီးနှောခြင်းရှိသော အဆွေခင်ပွန်းများ’ ဖြစ်ဖို့လို၏။ (သု၊ ၂:၁၇) သို့နှင့်ပင် မောင်နှံစုံအများသည် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်မှုပြုလုပ်ရန်အခက်တွေ့ကြကာ နောက်ဆုံးတွင် ဒေါသအိုး ပေါက်ကွဲသည်အထိ မခံမရပ်နိုင်ဖြစ်ကြလေတော့သည်။ သို့မဟုတ် အပေါ်ယံတွင် ယဉ်ကျေးသိမ်မွေ့ဟန်ဆောင်စဉ် စိတ်ပိုင်းအရတစ်ဦးနှင့်တစ်ဦး အလှမ်းဝေးလျက်နေကြပေမည်။

၁၁။ လင်နှင့်မယားစပ်ကြား ဆက်သွယ်ခြင်းကို မည်သို့တိုးတက်စေနိုင်မည်နည်း။

၁၁ ပြဿနာ၏တစ်စိတ်တစ်ပိုင်းမှာ ယောက်ျားများနှင့်မိန်းမများ၏ ဆက်သွယ်နည်း ဆက်သွယ်ဟန် ကွာခြားလေ့ရှိခြင်းဖြစ်ပုံရသည်။ အမျိုးသမီးများသည် ခံစားချက်များကို ဖော်ထုတ်ပြောဆိုခြင်းကိုနှစ်သက်ကြပုံရှိသော်လည်း အမျိုးသားများကမူ ယေဘုယျအားဖြင့်လက်တွေ့ဖြစ်ရပ်များကို ပို၍ပြောဆိုလိုပုံရသည်။ အမျိုးသမီးများသည် စာနာစိတ်ပြ၍ စိတ်ဓာတ်ရေးရာ ထောက်မခြင်းဘက်သို့ ပို၍စိတ်ညွတ်ကြသော်လည်း အမျိုးသားများမှာမူ ဖြေရှင်းနည်းကို အဓိကထားအာရုံစိုက်ကြသည်။ သို့တိုင်အောင် ကြင်ဖော်ဖက်တို့သည် ‘နားကြားခြင်းငှာ လျင်မြန်မည်၊ စကားပြောခြင်းငှာလည်းကောင်း၊ အမျက်ထွက်ခြင်းငှာလည်းကောင်း နှေးကြ’ မည်ဟု စိတ်ကိုပြဋ္ဌာန်းထားလျှင် ဆက်သွယ်ရေးကောင်းနိုင်သည်သာဖြစ်သည်။ (ယာကုပ် ၁:၁၉) မျက်လုံးချင်းဆိုင်၍ ဂရုစိုက်နားထောင်ပါ။ တစ်ဦးနှင့်တစ်ဦးစာနာထောက်ထားသော မေးခွန်းများဖြင့် စကားနှိုက်ယူပါ။ (၁ ဓမ္မရာဇဝင် ၁:၈; သု. ၂၀:၅ နှိုင်းယှဉ်။) သင့်အိမ်ထောင်ဖက်က ပြဿနာတစ်ခုကို တင်ပြသည့်အခါ အလျင်အမြန်ဖြေရှင်းလိုက်ရန် ကြိုးစားမည့်အစား ပြဿနာပြေလည်ဖို့ရန် နည်းလမ်းရှာကြံစဉ် ဂရုတစိုက်နားထောင်ပါ။ နှိမ့်ချစွာ အတူတကွဆုတောင်းကြပြီး ဘုရားသခင့်လမ်းပြမှုကို ရှာကြံယူပါ။—ဆာလံ ၆၅:၂; ရောမ ၁၂:၁၂။

၁၂။ ခရစ်ယာန်အိမ်ထောင်ဖက်များသည် တစ်ဦးအတွက်တစ်ဦး အချိန်ပေးရန် အခွင့်အခါကို မည်သို့ဝယ်ယူနိုင်မည်နည်း။

၁၂ တစ်ခါတစ်ရံ ဘဝ၏ဖိစီးမှုများနှင့်အကျပ်အတည်းများကြောင့် အိမ်ထောင်ဖက်များအနေနှင့် အဓိပ္ပာယ်ရှိသော စကားစမြည်ပြောဆိုမှုပြုရန် အချိန် သို့မဟုတ် ခွန်အားမရှိဖြစ်နေပုံပေါက်သည်။ သို့ရာတွင် ခရစ်ယာန်များသည် မိမိတို့၏အိမ်ထောင်ရေးကို အသရေရှိရှိ မပျက်စီးမယိုယွင်းဘဲ ထားရှိလိုပါက တစ်ဦးနှင့်တစ်ဦး အနီးကပ် ချစ်ခင်ရင်းနှီးမှုရှိရမည်ဖြစ်သည်။ သူတို့၏ ပေါင်းဖော်ခြင်းကို တန်ဖိုးအနဂ္ဃထိုက်သောအရာဟု သဘောထားကာ ယင်းအတွက် အချိန်ကိုဝယ်ယူကာ တစ်ဦးကိုတစ်ဦး အချိန်ပေးရမည်ဖြစ်သည်။ (ကောလောသဲ ၄:၅ နှိုင်းယှဉ်။) တစ်ခါတစ်ရံ ရုပ်မြင်သံကြားကို ပိတ်လိုက်ရုံဖြင့် အကျိုးပြုသော စကားစမြည်ပြောဆိုမှုအတွက် အချိန်ကိုရယူနိုင်ပါသည်။ အတူတူထိုင်၍ လက်ဖက်ရည် သို့မဟုတ် ကော်ဖီသောက်ခြင်းဖြင့် အိမ်ထောင်ဖက်ချင်းသည် စိတ်ချင်းထိတွေ့ ဆက်လက်ဆက်သွယ်ရန်အကူအညီဖြစ်စေနိုင်ပါသည်။ ဤအချိန်အခါမျိုးတွင် မြားမြောင်လှသောအိမ်ထောင်ရေးကိစ္စများကို ‘တိုင်ပင်နှီးနှော’ နိုင်သည်။ (သု. ၁၃:၁၀) စိတ်တိုစရာ၊ အထင်လွဲစရာ အသေးအဖွဲကိစ္စများသည် တင်းမာမှုဖြစ်စေသည့် ကြီးကျယ်သောအကြောင်းတရားများ ဖြစ်မလာမီ သင့်တင့်ရန် နှီးနှောပြောဆိုသည့်အကျင့်ရှိခြင်းကား ပညာရှိရာရောက်ပေသည်!—မဿဲ ၅:၂၃၊ ၂၄; ဧဖက် ၄:၂၆ နှိုင်းယှဉ်။

၁၃။ (က) ရိုးသားပွင့်လင်းမှုနှင့်ပတ်သက်၍ ယေရှုသည် အဘယ်ပုံသက်သေ ချမှတ်တော်မူသနည်း။ (ခ) အိမ်ထောင်ဖက်များသည် အဘယ်နည်းများဖြင့် တစ်ဦးကိုတစ်ဦး အကျွမ်းဝင်ရင်းနှီးလာနိုင်သနည်း။

၁၃ “ကျွန်တော့်အမြင်ကို တကယ်ပဲပြောထုတ်ပြီး [ကျွန်တော့်ဇနီးကို] ကျွန်တော့်ခံစားချက်တွေ အရှိကိုအရှိအတိုင်း တကယ်တမ်း ပြောပြရမှာ ကျွန်တော့်အတွက် ခက်ခဲလေ့ရှိတယ်” ဟု အမျိုးသားတစ်ဦးက ဝန်ခံသည်။ သို့သော် ကိုယ့်အကြောင်းကို ထုတ်ဖော်ပြောပြခြင်းသည် ရင်းနှီးကျွမ်းဝင်မှုကို ဖွံ့ဖြိုးစေရန် အရေးပါသော သော့ချက်တစ်ခုဖြစ်သည်။ ယေရှုသည် မိမိ၏ သတို့သမီးအတန်းစားအဝင် ဖြစ်လာမည့်သူတို့နှင့် ဆက်ဆံရာ၌ မည်မျှရိုးသားပွင့်လင်းခဲ့သည်ကို သတိပြုပါ။ ကိုယ်တော်က ဤသို့ဆိုသည်– “ယခုမှစ၍ ငါသည် သင်တို့ကို ကျွန်ဟူ၍မခေါ်။ ကျွန်မူကား၊ ကိုယ်သခင်ပြုသောအမှုကို မသိ။ သင်တို့ကို အဆွေဟူ၍ ငါခေါ်၏။ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံ၌ ကြားသမျှသောအရာတို့ကို သင်တို့အား ငါပြသ၏။” (ယောဟန် ၁၅:၁၅) ထို့ကြောင့် သင့်ကြင်ဖော်အား မိတ်ဆွေအဖြစ်မှတ်ပါ။ သင့်ခံစားချက်များကို သင့်ကြင်ဖော်အား ဖွင့်ပြရန် မဝံ့မရဲ မရှိပါနှင့်။ ရိုးသားမှန်ကန်စွာ ‘မေတ္တာရှိကြောင်း ပြသ’ ရန်ကြိုးစားပါ။ (ရှောလမုန်သီချင်း ၁:၂) တစ်ခါတစ်ရံ လွတ်လပ်ပွင့်လင်းစွာဆက်သွယ်ရန် စနောင့်စနင်းဖြစ်ပုံရှိကြမည်ဖြစ်သော်လည်း ကြင်ဖော်ဖက် နှစ်ဦးစလုံးသည် အတတ်နိုင်ဆုံးကြိုးစားကြမည်ဆိုလျှင် မိမိတို့၏ အိမ်ထောင်ရေး မြဲမြံစေရန် များစွာတာသွားလိမ့်မည်။

သဘောကွဲလွဲချက်များကို ကိုင်တွယ်ခြင်း

၁၄၊ ၁၅။ ရန်တွေ့ခြင်းကို မည်သို့ရှောင်ကြဉ်နိုင်သနည်း။

၁၄ ရံဖန်ရံခါ ရိုးမှန်သောသဘောကွဲလွဲမှုများ အမှန်ပေါ်ပေါက်လာမည်ဖြစ်သည်။ သို့သော် သင့်နေအိမ်သည် ‘ရန်တွေ့ခြင်းဖြင့် ပြည့်သောအိမ်အဖြစ်သို့’ ကျဆင်းမသွားရန်လိုပါသည်။ (သု. ၁၇:၁) သတိနှင့်ကိုင်တွယ်ရမည့်ကိစ္စများကို သားသမီးများကြားနိုင်သည့်အချိန်တွင် မဆွေးနွေးမိရန်နှင့် သင့်ကြင်ဖော်၏ခံစားချက်များအတွက် စာနာမှုတင်ပြရန်သတိပြုပါ။ ရာခေလသည် မိမိ၏မြုံခြင်းကြောင့် ခံစားရသောဝမ်းနည်းပူဆွေးမှုကို ထုတ်ဖော်ပြောပြကာ သားဖွားခွင့်ပေးရန် ယာကုပ်အား တောင်းပန်သည့်အခါ ယာကုပ်သည် အမျက်ထွက်၍ ဤသို့ပြန်ပြောခဲ့သည်– “ငါသည် သင့်အား သားဖွားသောအခွင့်ကိုပေးတော်မမူသော ဘုရားသခင်ကိုယ်စားတော် ဖြစ်သလော။” (ကမ္ဘာဦး ၃၀:၁၊ ၂) အိမ်တွင်းရေးပြဿနာများ ပေါ်ပေါက်သော် လူကိုမတိုက်ခိုက်ဘဲ ပြဿနာကို တိုက်ခိုက်ရှင်းလင်းပါ။ နှစ်ကိုယ်ကြား ဆွေးနွေးသည့်အခါ “မစဉ်းစားဘဲပြောဆို” ခြင်းကိုလည်းကောင်း၊ မလိုအပ်ဘဲနှင့် ကြားဖြတ်ပြောဆိုခြင်းကိုလည်းကောင်း ရှောင်ကြဉ်ပါ။—သု. ၁၂:၁၈၊ သမ။

၁၅ သင့်အမြင်သည်သာ အမှန်ဟု ခိုင်မာစွာ သင်သဘောပိုက်မည်ဖြစ်သော်လည်း ယင်းတို့ကို “စိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေပျက်အောင် ပြောဆိုခြင်းတို့” မပါဘဲ ထုတ်ဖော်ပြောပြနိုင်သည်။ (ဧဖက် ၄:၃၁) “ပြဿနာကို ပုံမှန်လေသံနဲ့ ဆွေးနွေးပါ။ အသံက ပိုကျယ်လာရင် ရပ်လိုက်ပါ။ ခဏကြာမှ ပြန်လာပြီး ဆက်ဆွေးနွေးကြပါ” ဟုအိမ်ထောင်ရှင်အမျိုးသားတစ်ဦး ဆိုသည်။ သု. ၁၇:၁၄ (သမ) ကဤအကြံဉာဏ်ကောင်းကို ပေးထားပါသည်– “မျက်မာန်မထမီ ခိုက်ရန်မှုကို ရှောင်လော့။” သင်တို့နှစ်ယောက်စလုံး စိတ်အေးလက်အေးရှိသည့်အခါ ပြန်ဆွေးနွေးပါ။

တစ်ဦးအပေါ်တစ်ဦး ဆက်လက်သစ္စာရှိပါ

၁၆။ သူ့မယားကိုပြစ်မှားခြင်းသည် အဘယ်ကြောင့်ကြီးလေးသောအပြစ် ဖြစ်သနည်း။

၁၆ ဟေဗြဲ ၁၃:၄ (ကဘ) ကဤသို့ဆိုသည်– “သင်တို့ရှိသမျှတွင် အိမ်ထောင်ပြုခြင်းအမှုကိုဂုဏ်တင်လျက်၊ ဆက်ဆံခြင်းဝတ်ကိုစင်ကြယ်စေကြလော့။ မတရားသောမေထုန်ကိုပြုသောသူနှင့် သူ့မယားကိုပြစ်မှားသောသူကိုဘုရားသခင်စစ်ကြောစီရင်တော်မူလိမ့်မည်။” သူ့မယားကိုပြစ်မှားခြင်းသည် ဘုရားသခင်ကို ဆန့်ကျင်သောအပြစ် ဖြစ်သည်။ အိမ်ထောင်ရေးကိုလည်း ပျက်ပြားစေသည်။ (ကမ္ဘာဦး ၃၉:၉) “သူ့မယားကိုပြစ်မှားခြင်းအမှု ပေါ်လွင်ထင်ရှားလာသည့်အခါ မုန်တိုင်းကြီးပမာ အိမ်ထောင်ရေးပြိုကွဲစေပြီး ယုံကြည်ကိုးစားမှု ပျက်ပြားစေကာ ဂုဏ်သိက္ခာကျစေရုံမက ကလေးငယ်တို့ကိုပါ ထိခိုက်စေသည်” ဟု အိမ်ထောင်ရေး အကြံပေးတစ်ဦးက ဆိုပါသည်။ ကိုယ်ဝန် သို့မဟုတ် လိင်ဆက်ဆံခြင်းဖြင့် ကူးစက်တတ်သောရောဂါပါ ရရှိလာနိုင်သည်။

၁၇။ သူ့မယားကိုပြစ်မှားခြင်းဘက်သို့ တိမ်းညွတ်သောသဘောများကို မည်သို့ရှောင်ကြဉ် သို့မဟုတ် ငြင်းပယ်နိုင်မည်နည်း။

၁၇ အချို့က စာအုပ်၊ ရုပ်မြင်သံကြား၊ ရုပ်ရှင်တို့တွင် သရုပ်ဖော်ထားသော လိင်နှင့်ပတ်သက်သည့် လောက၏ဖောက်ပြန်သောအမြင်ကို ခံယူခြင်းအားဖြင့် သူ့မယားကိုပြစ်မှားခြင်းဘက်သို့ တိမ်းညွတ်သောသဘောတို့ကို ပျိုးထောင်ကြသည်။ (ဂလာတိ ၆:၈) သို့သော် သူ့မယားကိုပြစ်မှားခြင်းသည် လိင်ဆက်ဆံလိုခြင်းအကြောင်း တစ်ခုတည်းကြောင့်ဖြစ်သည်မဟုတ်ဘဲ မိမိတို့၌ ညှို့ဓာတ်ရှိသေးကြောင်း သက်သေပြလိုသဖြင့် သို့မဟုတ် ချစ်ခင်ယုယမှု ပိုမိုခံစားလိုသဖြင့် ဖြစ်လာတတ်သည်ဟု သုတေသီတို့က ဆိုကြသည်။ (သု. ၇:၁၈ နှိုင်းယှဉ်။) အဘယ်အကြောင်းကြောင့်မဆိုပင်ဖြစ်စေ ခရစ်ယာန်တစ်ဦးသည် စာရိတ္တယိုယွင်းစေသော စိတ်ကူးစိတ်သန်းတို့ကို ရှောင်ကြဉ်ရမည်။ သင့်ခံစားချက်များကို သင့်ကြင်ဖော်နှင့် ရိုးသားစွာ ဆွေးနွေးတိုင်ပင်ပါ။ လိုအပ်ပါက အသင်းတော်အကြီးအကဲများ၏ အကူအညီကို တောင်းဆိုပါ။ ဤသို့ပြုခြင်းဖြင့် အပြစ်တွင်းထဲ ကျရောက်မည့်အန္တရာယ်ကို ကောင်းစွာ ကြိုတင်တားဆီးနိုင်ပေမည်။ ထို့အပြင် ခရစ်ယာန်များသည် လိင်ခြားသူများနှင့် ပြုမူဆက်ဆံရာတွင် သတိရှိဖို့လိုအပ်ပါသည်။ တစ်ဦးတစ်ယောက်နှင့် ထိမ်းမြားထားပြီး အခြားတစ်ဦးကို ကိလေသာစိတ်နှင့် ကြည့်ရှုခြင်းသည် ကျမ်းစာကျင့်ဝတ်မူနှင့် ဆန့်ကျင်ပါသည်။ (ယောဘ ၃၁:၁; မဿဲ ၅:၂၈) လုပ်ဖော်ကိုင်ဖက်တို့အပေါ် စွဲလမ်းမှုသံယောဇဉ် ထားရှိခြင်းကို ခရစ်ယာန်များ အထူးသတိပြုသင့်သည်။ အလုပ်ခွင်တွင် ဖော်ဖော်ရွေရွေ ပေါင်းသင်းဆက်ဆံခြင်းကို အလုပ်သဘောအရသာ ဖြစ်စေပါ။

၁၈။ အိမ်ထောင်ရေးတွင် လိင်ဆိုင်ရာပြဿနာများ၏ အရင်းခံက အများအားဖြင့် အဘယ်အရာဖြစ်သနည်း။ ၎င်းတို့ကို မည်သို့ဖြေရှင်းနိုင်မည်နည်း။

၁၈ ပို၍လုံခြုံစိတ်ချရသော အကာအကွယ်မှာ မိမိ၏ အိမ်ထောင်ဖက်နှင့် ရင်းနှီးပွင့်လင်းသောဆက်ဆံရေး ထားရှိခြင်းပင်ဖြစ်သည်။ အိမ်ထောင်ရေးတွင် လိင်ဆိုင်ရာ ပြဿနာများသည် သဘာဝအားဖြင့် ခန္ဓာပိုင်းဆိုင်ရာကြောင့်မဖြစ်တတ်လှဘဲ အားနည်းသောဆက်သွယ်ရေး၏ မနှစ်မြို့ဖွယ်ရလဒ်ကြောင့် ဖြစ်လေ့ရှိသည်ဟု သုတေသီအများက ဆိုကြသည်။ ဇနီးမောင်နှံစုံသည် ပွင့်လင်းစွာ ဆက်သွယ်ကာ တာဝန်အရမဟုတ်ဘဲ မေတ္တာ၏ဖွင့်ဟချက်အဖြစ် လိင်မှုကိစ္စကို ဆောင်ရွက်ကြပါက ဤသို့သောပြဿနာများ ဖြစ်ပေါ်ခဲ့သည်။aထိုသို့သင့်တော်လျောက်ပတ်သော အခြေအနေအောက်တွင် ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေးက အိမ်ထောင်ရေးနှောင်ကြိုးကို မြဲမြံခိုင်ခံ့စေနိုင်မည်ဖြစ်သည်။—၁ ကောရိန္သု ၇:၂-၅; ၁၀:၂၄။

၁၉။ “စည်းလုံးခြင်း၏ စုံလင်သောနှောင်ကြိုး” ကား အဘယ်နည်း။ ၎င်းသည် အိမ်ထောင်ရေးကို အဘယ်နည်းဖြင့် အကျိုးသက်ရောက်နိုင်သနည်း။

၁၉ ချစ်ခြင်းမေတ္တာသည် ခရစ်ယာန်အသင်းတော်တွင် “စည်းလုံးခြင်း၏ စုံလင်သောနှောင်ကြိုး” ပင်ဖြစ်သည်။ ချစ်ခြင်းမေတ္တာကို ပျိုးထောင်ခြင်းအားဖြင့် ဘုရားတရားကြည်ညိုသော ဇနီးမောင်နှံသည် ‘တစ်ဦးကိုတစ်ဦးသည်းခံ၍ ရက်ရောစွာ အပြစ်လွှတ်’ နိုင်ကြမည်ဖြစ်သည်။ (ကောလောသဲ ၃:၁၃၊ ၁၄၊ ကဘ) ကျင့်ဝတ်မူပေါ် အခြေခံသည့် ချစ်ခြင်းမေတ္တာသည် သူတစ်ပါးအကျိုးကို လိုလားသည်။ (၁ ကောရိန္သု ၁၃:၄-၈) ယင်းကဲ့သို့သော မေတ္တာမျိုးကို ပြုစုပျိုးထောင်ပါလေ။ ယင်းက သင့်အိမ်ထောင်နှောင်ကြိုးကို ခိုင်မြဲစေရန် အထောက်အကူပြုလိမ့်မည်။ ကျမ်းစာကျင့်ဝတ်မူများကို သင့်အိမ်ထောင်ရေးဘဝတွင် ကျင့်သုံးပါ။ ထိုသို့ပြုလျှင် သင့်အိမ်ထောင်သည် ထာဝရအနှောင်အဖွဲ့ဖြစ်ကာ ယေဟောဝါဘုရားသခင်အတွက် ချီးမွမ်းခြင်းနှင့် ဂုဏ်ကျက်သရေကို ဆောင်ကြဉ်းလာမည်တည်း။

[အောက်ခြေမှတ်ချက်များ]

a ဤကဏ္ဍတွင် ပေါ်ပေါက်လာတတ်သော ပြဿနာများကို မောင်နှံစုံများအနေနှင့် မည်သို့ဖြေရှင်းနိုင်ကြောင်း ၁၉၉၃၊ ဩဂုတ် ၁ ရက်ထုတ် ကင်းမျှော်စင်ပါ “ဆက်သွယ်ခြင်း—စကားပြောဆိုခြင်းထက်မကပိုမို” ဟူသောဆောင်းပါးက တင်ပြထားသည်။

သင်မည်သို့ဖြေဆိုမည်နည်း

◻ အိမ်ထောင်ရေးသည် အဘယ်ကြောင့်တည်မြဲသောနှောင်ကြိုး ဖြစ်သင့်သနည်း။

◻ ဦးစီးမှုနှင့် လက်အောက်ခံခြင်းဆိုင်ရာ ကျမ်းစာအမြင်ကား အဘယ်နည်း။

◻ အိမ်ထောင်သည် မောင်နှံစုံများသည် ဆက်သွယ်ခြင်းကို မည်သို့တိုးတက်စေနိုင်မည်နည်း။

◻ သဘောကွဲလွဲမှုများကို ခရစ်ယာန်နည်းလမ်းအတိုင်း မောင်နှံစုံများ မည်သို့ကိုင်တွယ်နိုင်သနည်း။

◻ အိမ်ထောင်ရေးနှောင်ကြိုးကို အဘယ်အရာက ခိုင်ခံ့မြဲမြံစေမည်နည်း။

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

သူ၏ဇနီးသည် ဝမ်းစာအလုပ်လုပ်ရလျှင် ခရစ်ယာန်လင်သားဖြစ်သူသည် သူမအား ဝန်ပိုပိစေမည်မဟုတ်ပါ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ