ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၆/၁၅ စာ. ၂၃-၂၇
  • ဖီဂျီရေပြင်တွင် “ငါးမျှားခြင်း”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဖီဂျီရေပြင်တွင် “ငါးမျှားခြင်း”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဖီဂျီရွာတစ်ရွာတွင် “ငါးမျှားခြင်း”
  • ပေါ်လနီးရှန်းနည်းအတိုင်း “ငါးမျှားခြင်း”
  • အိန္ဒိယရပ်ကွက်နှင့်အညီ ပြုပြင်ပြောင်းလဲခြင်း
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၆/၁၅ စာ. ၂၃-၂၇

ဖီဂျီရေပြင်တွင် “ငါးမျှားခြင်း”

ဖီဂျီ—ဤအမည်သည် တောင်ပိုင်းသမုဒ္ဒရာရှိ ပရဒိသုရုပ်ပုံလွှာများကို စိတ်ကူးဖြင့် တွေးမြင်စေမည်။ စိမ်းပြာရောင်ရေပြင်၊ သန္တာကျောက်တန်းများ၊ ယိမ်းထိုးလှုပ်ရှားနေသော အုန်းပင်များ၊ စိမ်းလန်းဝေဆာသောတောင်တန်းများ၊ အပူပိုင်းဒေသ ငါးမျိုးစုံ၊ ထူးခြားသော သစ်သီးဝလံနှင့် ပန်းမာလ်များကို တွေးမြင်မည်ဖြစ်သည်။ တောင်ပစိဖိတ်၊ နယူးဇီလန်နိုင်ငံ၏ မြောက်ဘက် မိုင်ပေါင်း ၁,၁၀၀ ခန့်ရှိ ကျွန်းပေါင်း ၃၀၀ ပါဝင်သော ဤကျွန်းစုပေါ်တွင် အဆိုပါအခြေအနေကို များပြားစွာ သင်တွေ့ရှိနိုင်သည်။ ယင်းကြောင့် ဖီဂျီကျွန်းသည် လူတိုင်းစိတ်ကူးယဉ်တတ်ကြသော အပူပိုင်းဒေသ ပရဒိသုဖြစ်မည်ဟု အသင်သဘောတူပေမည်။

သို့ရာတွင် ဖီဂျီကျွန်း၏ သဘာဝအလှကျက်သရေထက် စိတ်ဝင်စားစရာတစ်ခုရှိပါသေးသည်။ မှန်ပေသည်၊ သန္တာကျောက်တန်းတွင် ငါးမျိုးစုံရှိသည့်နည်းတူ ကုန်းမြေပေါ်တွင်လည်း အမျိုးပေါင်းများစွာ ရှိပါသည်။ ဖီဂျီကျွန်း၏ လူမျိုးစုရောနှောမှုသည် တောင်ပစိဖိတ်ရှိ အခြားနေရာများနှင့်မတူ ကွဲပြားခြားနားပါသည်။ ပြည်သူပြည်သား ၇၅၀,၀၀၀ နီးပါးတွင် အများဆုံးအုပ်စုနှစ်စုမှာ မီလန်နီးရှန်ဇာစ်မြစ်ရှိ ဖီဂျီတိုင်းရင်းသားများနှင့် ဗြိတိသျှကိုလိုနီခေတ်အတွင်း အိန္ဒိယနိုင်ငံမှ ခေါ်ဆောင်လာသော အလုပ်သမားများ၏ မျိုးစဉ်မျိုးဆက်ဖြစ်သူ ဖီဂျီကျွန်းပေါ် ဖွားမြင်သောအိန္ဒိယလူမျိုးများဖြစ်သည်။ ထို့ပြင် ဗနာဗန်းများ၊ တရုတ်များ၊ ဥရောပသားများ၊ ဂေါလ်ဘတ်ကျွန်းသားများ၊ ရိုတူမန်ကျွန်းသားများ၊ တူဗာလူကျွန်းသားများနှင့် အခြားသူများ ပါဝင်သည်။

ဤယဉ်ကျေးမှုပေါင်းစုံရှိအဖွဲ့တွင် ယေဟောဝါသက်သေများသည် “ငါးမျှားခြင်း” လုပ်ငန်းတွင် အားကြိုးမာန်တက် ပါဝင်နေကြပါသည်။ (မာကု ၁:၁၇) ဤမျှကွဲပြားခြားနားသော အရပ်ဒေသတွင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောရန် စိန်ခေါ်ချက်တစ်ရပ်ဖြစ်သည်။ ဦးဆုံး၊ ဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာ အတားအဆီးများကို ကျော်လွှားကြရသည်။ အင်္ဂလိပ်စကားသည် အများသုံးဘာသာစကားဖြစ်သော်လည်း ဖီဂျီစကား၊ ဟိန္ဒီစကား၊ ရိုတူမန် သို့မဟုတ် အခြားအခြားသောဘာသာစကားများကိုလည်း အသုံးပြုကြရသည်။

ထို့ပြင် ဘာသာရေးနောက်ခံ အမျိုးမျိုးရှိသူများထံ စကားစမြည်ပြောဆိုရန် ချဉ်းကပ်နည်းအမျိုးမျိုးကိုလည်း အသုံးပြုကြရသည်။ ဖီဂျီတိုင်းရင်းသားနှင့် အခြားကျွန်းသူကျွန်းသားအများစုသည် ခရစ်ယာန်ဂိုဏ်းဂဏအသီးသီးဝင်များဖြစ်ကြသည်။ အိန္ဒိယလူမျိုးစုဆိုလျှင် ဟိန္ဒူ၊ မွတ်စလင်နှင့် ဆစ်ခ်ဘာသာဝင်များဖြစ်၍ အများစုသည် ဟိန္ဒူဘာသာဝင်များဖြစ်ကြသည်။ မြို့ရွာဇနပုဒ်များတွင် ချာ့ချ်အများအပြားရှိသည်။ သို့သော် ဖီဂျီကျွန်းစု၏ အကြီးဆုံးကျွန်းနှစ်ခုပေါ်တွင် ဟိန္ဒူဘုရားကျောင်းများနှင့် မွတ်စလင်ဗလီများရှိခြင်းကား ခြားနားမှုကိုတင်ပြနေသည်။

ဒေသခံသက်သေခံများစွာတို့သည် အဓိကဘာသာစကားသုံးမျိုး—အင်္ဂလိပ်၊ ဖီဂျီယန်နှင့် ဟိန္ဒီ—တတ်မြောက်သူများဖြစ်ကြသည်။ ဤသို့တတ်မြောက်ထားခြင်းသည် “ငါးမျှားခြင်း” လုပ်ငန်းအတွက် တစ်ပန်းသာသွားပါသည်။ ဖီဂျီကျွန်းသားတစ်ဦးသည် ဟိန္ဒီစကား၊ ဟိန္ဒူတစ်ဦးသည် ဖီဂျီယန်စကား သွက်သွက်လက်လက်ပြောနေသည်ကို တစ်ခါတစ်ရံ တွေ့ရှိရ၍ အံ့အားသင့်ကြသည်။ ယဉ်ကျေးမှု၊ ဘာသာရေးနှင့် ဘာသာစကားဆိုင်ရာ ကွဲပြားခြားနားမှုများရှိနေသဖြင့် ယင်းကို ပိုင်နိုင်စွာရင်ဆိုင်ပြီး “ဧဝံဂေလိတရား [သတင်းကောင်း] ကိုဆက်ဆံခြင်း” ငှာစွယ်စုံရသော ချဉ်းကပ်နည်းလိုအပ်သည်။—၁ ကောရိန္သု ၉:၂၃။

ဖီဂျီရွာတစ်ရွာတွင် “ငါးမျှားခြင်း”

ဖီဂျီတိုင်းရင်းသားများသည် ဖော်ရွေပျူငှာ၊ ဧည့်ဝတ်ကျေပွန်သူများဖြစ်သည်။ လွန်ခဲ့သော အနှစ်တစ်ရာကျော်အချိန်က လူမျိုးစုတိုက်ပွဲများ အနှံ့အပြားဖြစ်ခဲ့ခြင်းကို စဉ်းစားရခက်သည်။ အမှန်မှာ၊ ဥရောပတိုက်နှင့် ဦးဆုံးအဆက်အသွယ်ရချိန်တွင် ဖီဂျီကျွန်းကို လူသားစားကျွန်းစုဟုခေါ်ဆိုခဲ့ကြသည်။ တန်ခိုးအာဏာထူးကဲသော အကြီးအမှူးတစ်ဦးပေါ်လာ၍ ခရစ်ယာန်ဘာသာဝင်ဖြစ်လာသောအခါ တိုက်ခိုက်သတ်ဖြတ်မှုနှင့် လူသားစားသည့်အကျင့်သည် တဖြည်းဖြည်းပျောက်ကွယ်သွားသည်။ ပြည်နယ်အသီးသီးတွင် မြင်တွေ့ရသော ဘာသာစကားအမျိုးမျိုး၌သာ လူမျိုးအုပ်စုလိုက် ကွဲပြားခြားနားမှုများ ကျန်ရှိလေသည်။ သို့တိုင် ဘော်အန်ဘာသာစကားကို အနှံ့အပြားသိနားလည်ကြပါသည်။

စူဗာမြို့တော်အပြင် ဖီဂျီကျွန်းတစ်လျှောက် အခြားမြို့ပေါင်းများစွာရှိသည်။ ဖီဂျီယန်အများစုသည် တူရာနျာကိုရို ခေါ် သူကြီးတစ်ဦးလက်အောက်ရှိ ရပ်ရွာများတွင် အတူနေထိုင်ကြပါသည်။ “ငါးမျှားခြင်း” ငှာ ရွာတစ်ရွာသို့ဝင်သည့်အခါ ဤသူကြီးထံသွား၍ ဘျူရေများ သို့မဟုတ် ဒေသခံအိမ်များသို့ လည်ပတ်ခွင့်တောင်းရသည့် အလေ့အထရှိသည်။ ယေဟောဝါသက်သေများကို အတိုက်အခံပြုသော ရပ်ရွာဓမ္မဆရာ တချို့ကြောင့် တစ်ခါတစ်ရံသာ ခွင့်ပြုချက်မရပါ။ ဖီဂျီယန်အိမ်တစ်အိမ်ထံ လည်ပတ်သွားရောက်ရခြင်းသည် မည်ကဲ့သို့တူသနည်း။

ဘျူရေထဲဝင်ပြီးနောက် ကြမ်းပြင်ပေါ် ကျွန်ုပ်တို့တင်ပျဉ်ခွေထိုင်ပါသည်။ အနောက်နိုင်ငံများတွင် စိတ်ဝင်စားမှုကို နှိုးဆော်ပေးရန် အသေအချာစဉ်းစားထားပြီး ပြောဆိုရသည့် စကားချီးမျိုးကို ဤအရပ်ဒေသတွင် မလိုပါ။ ဘုရားတရားစကားပြောဆိုသူ မည်သူမဆိုကို ဧည့်ခံကြိုဆိုကြသည်။ ပြောလိုက်ရုံဖြင့် အိမ်ရှင်သည် “တူလို” (ခွင့်ပြုပါ) ဟုဆိုကာ စင်ပေါ်မှ ဖီဂျီယန်ကျမ်းစာကို ထယူပြီး အလည်အပတ်ရောက်လာသော ဓမ္မအမှုဆောင်ကိုးကားသည့် ကျမ်းချက်အသီးသီးကို တလိုတလား ဖတ်ရှုလေသည်။ သို့ရာတွင် ဧည့်ဝတ်ပျူငှာ၍ ရိုသေလေးစားတတ်သော ဖီဂျီယန်တစ်ဦး၏ စိတ်ထားသည် တစ်နည်းအားဖြင့် စိန်ခေါ်ချက်ဖြစ်သည်။ အိမ်ရှင်အား အပြန်အလှန်စကားပြောဆိုစေ၍ နှီးနှောဆင်ခြင်ချက်နှင့်အညီ လိုက်လျှောက်ရန် အားပေးဖို့အတွက်၊ သူတို့၏ ကိုယ်ပိုင်အယူအဆများသည် ကျမ်းစာသွန်သင်ချက်နှင့် ကိုက်ညီမညီ နှိုင်းယှဉ်ကြည့်ဖို့အတွက် အကူအညီပေးရန် ထိုးထွင်းဉာဏ်နှင့် လိမ္မာပါးနပ်မှု အတော်အသင့်ရှိဖို့လိုပါသည်။

ဖီဂျီယန်အိမ်ရှင်များသည် လူမှုရေးကိစ္စများ သို့မဟုတ် အရေးအခင်းများကို ဆွေးနွေးပြောဆိုလိုသည်ထက် အယူဝါဒဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးနှီးနှောရန် အများအားဖြင့် ပိုစိတ်ဝင်စားကြသည်။ အမှန်မှာ၊ ဖီဂျီကျွန်းရှိ လှုပ်လှုပ်ရှားရှားရှိယေဟောဝါသက်သေ ၁,၄၀၀ ကျော်မှ အများသောသူတို့သည်၊ ငရဲသည် မည်သို့သောအရပ်မျိုး ဖြစ်သနည်း၊ မည်သူများ ကောင်းကင်သို့သွားမည်နည်း၊ မြေကြီးကို ဖျက်ဆီးပစ်မည်လော အစရှိသည့်မေးခွန်းများကို ဆွေးနွေးခဲ့ကြခြင်းကြောင့် ကျမ်းစာသမ္မာတရားကို စိတ်ဝင်စားလာကြခြင်းဖြစ်သည်။ သို့ရာတွင် စိတ်ဝင်စားသူများထံ ပြန်လည်ပတ်သွားခြင်းငှာ ပြုပြင်ပြောင်းလဲနိုင်စွမ်းနှင့် ဇွဲလုံ့လပါ လိုအပ်ပါသည်။ ချိန်းချက်ထားချိန်တွင် ပြန်သွားသည့်အခါ အိမ်ရှင်သည် တေတေ (လယ်ကွင်း) သို့မဟုတ် အခြားတစ်နေရာရာသို့ သွားနေမည်ဖြစ်၍ မရှိသည်ကား များပါသည်။ ကျွန်ုပ်တို့ အလည်အပတ်ရောက်လာခြင်းကို သူတို့တန်ဖိုးမထားသည့်အတွက်မဟုတ်ဘဲ သူတို့၏အချိန်တွက်ချက်ပုံခြားနား၍သာဖြစ်သည်။ သို့သော် ဒေသခံသက်သေခံများအတွက် ယင်းကိစ္စသည် မဆန်းပါ။ အခြားအချိန်တစ်ချိန်တွင် တစ်ခါပြန်သွားခြင်းဖြင့် ဇွဲရှိကြောင်း တင်ပြကြရသည်။ ရေးမှတ်ယူထားရန် လမ်းနာမည်များ သို့မဟုတ် အိမ်နံပါတ်များ မရှိသည့်အတွက် ပြန်လည်ပတ်သွားခြင်းငှာ မှတ်ဉာဏ်ကောင်းဖို့လည်း လိုပါသည်။

ပေါ်လနီးရှန်းနည်းအတိုင်း “ငါးမျှားခြင်း”

ယခု နယ်လှည့်ဓမ္မအမှုဆောင် သို့မဟုတ် တိုက်နယ်ကြီးကြပ်မှူးသည် ရိုတူမာကျွန်းပေါ်ရှိ အသင်းတော်ငယ်တစ်ခုထံ လည်ပတ်သွားစဉ် သူနှင့်အတူ “ငါးမျှား” ကြစို့။ ဤမီးတောင်ကျွန်းစုသည် ဖီဂျီကျွန်း၏ မြောက်ဘက် မိုင် ၃၀၀ အကွာတွင်ရှိသည်။ ထိုသို့ရောက်ရှိရန် ထိုင်ခုံ ၁၉ ခုံပါရှိသည်လေယာဉ်ကို ကျွန်ုပ်တို့စီးသွားကြသည်။ ကျွန်းမကြီးသည် ဧရိယာ ၁၉ စတုရန်းမိုင်သာရှိ၍ ထိုတွင် စုစုပေါင်းလူဦးရေ ၃,၀၀၀ ရှိသည်။ ကမ်းခြေတစ်လျှောက်ရှိ သဲမြေလမ်းသည် ရွာကလေး ၂၀ ခန့်ကို ဆက်သွယ်ပေးပါသည်။ ရိုတူမာကျွန်းကို ဖီဂျီကျွန်းမှ အုပ်ချုပ်စီမံသော်လည်း ယင်း၏ယဉ်ကျေးမှုနှင့် ဘာသာစကားသည် ဖီဂျီစကားနှင့် မတူပါ။ ယင်း၏ မူလအစသည် ပေါ်လနီးရှန်းဖြစ်သည့်အတွက် မီလန်နီးရှန်ဖီဂျီယန်များနှင့် ရုပ်ရေကွာခြားကြသည်။ ဘာသာရေးအရဆိုလျှင် အများအားဖြင့် ရိုမင်ကက်သလစ် သို့မဟုတ် မက်သဒစ် ဘာသာဝင်များ ဖြစ်ကြပါသည်။

လေယာဉ်ပျံထိုးဆင်းနေစဉ် စိမ်းလန်းစိုပြေသောကျွန်းကို ကျွန်ုပ်တို့တွေ့ရှိရပါသည်။ ငှက်မွေးတောင်ကဲ့သို့သော အုန်းလက်များကို နေရာအနှံ့ တွေ့ရှိရသည်။ တစ်ပတ်လျှင်တစ်ကြိမ် လေယာဉ်ခရီးကို ကြိုဆိုရန် လူအုပ်ကြီးရောက်ရှိနေသည်။ ထိုတွင် သက်သေခံတစ်ဖွဲ့လည်း ပါဝင်သည်။ လှိုက်လှဲစွာကြိုဆိုခံရပြီးနောက် ရေငတ်ပြေရန်အတွက် ထိပ်ဖွင့်ထားသည့် အစိမ်းရောင်အုန်းသီးကြီးများကို ကျွန်ုပ်တို့အား ပေးသောက်ခဲ့ကြသည်။

တစ်ခဏမျှ ဆက်သွားပြီးနောက် တည်းခိုမည့်နေရာသို့ ကျွန်ုပ်တို့ရောက်ရှိကြသည်။ မြေကျင်းမီးဖိုပေါ် ချက်ပြုတ်ထားသည့်အစာကို ကျွန်ုပ်တို့အတွက် ညီအစ်ကိုများ အသင့်ပြင်ဆင်ထားပါသည်။ ကျွန်ုပ်တို့ရှေ့တွင် ဝက်သားကင်၊ ကြက်သား၊ ငါးကျော်၊ ကျောက်ပုစွန်၊ တာရိုခေါ် ဒေသခံဥစားအပင်ကို ချက်ပြုတ်ခင်းကျင်းထားသည်။ အုန်းပင်ငယ်များအောက်၊ ပရဒိသုအခြေအနေမျိုးတွင် စားသုံးရသော ပွဲကြီးပွဲကောင်းပါတကား!

နောက်နေ့တွင် ရိုတူမန်ဘာသာစကားအရ ဟူအာနျာခေါ် ရွာများတွင်နေထိုင်သူတို့ထံ ကျွန်ုပ်တို့လည်ပတ်သွားကြပါသည်။ ပထမအိမ်သို့ ရောက်ခါနီးတွင် ဝက်ကလေးတစ်ကောင်သည် ဝက်ခြံမှလွတ်ထွက်လာပြီး ဆူညံစွာအော်မြည်ပြေးသွားပါသည်။ ကျွန်ုပ်တို့ရောက်လာသည်ကို အိမ်ရှင်တွေ့လိုက်၍ အပြုံးကလေးဖြင့် တံခါးကိုဖွင့်ပေးပြီး “နိုအီယာ!” ဟုရိုတူမန်စကားဖြင့် နှုတ်ဆက်ကာ ထိုင်ခိုင်းပါသည်။ ငှက်ပျောသီးမှည့် တစ်ပန်းကန်ကို ချကျွေးပြီး ကျွန်ုပ်တို့ကိုအုန်းရည်တိုက်သည်။ ရိုတူမာကျွန်းတွင် အရင်ဆုံးဧည့်ဝတ်ပြုလေ့ရှိသည်။

ဤနေရာတွင် မသိဝါဒီများ သို့မဟုတ် ဆင့်ကဲဝါဒီများ မရှိပါ။ သမ္မာကျမ်းစာကို လူတိုင်းယုံကြည်ကြသည်။ ကမ္ဘာမြေကြီးနှင့်ပတ်သက်သည့် ဘုရားသခင့်ရည်ရွယ်ချက်ကဲ့သို့သော အကြောင်းများက သူတို့၏အာရုံကိုအလွယ်တကူဖမ်းစားလိုက်သည်။ ကမ္ဘာမြေကြီးသည် မပျက်စီးဘဲ ဤတွင်ဖြောင့်မတ်သူများ ထာဝစဉ်အသက်ရှင်နေထိုင်ကြမည့်အကြောင်းကို အိမ်ရှင်သည် အလွန်အံ့အားသင့်ခဲ့သည်။ (ဆာလံ ၃၇:၂၉) ဤအချက်ကိုထောက်ခံသည့် ကျမ်းချက်များကို ဖွင့်ဖတ်ပြရာတွင် သူသည် ဂရုတစိုက်နားထောင်ပြီး ကျွန်ုပ်တို့ကမ်းလှမ်းသော ကျမ်းစာစာပေများကို ခုံမင်စွာဖြင့် လက်ခံလေသည်။ ကျွန်ုပ်တို့ထွက်ခွာရန် ပြင်ဆင်နေစဉ် အိမ်ရှင်သည် ကျွန်ုပ်တို့အား ကျေးဇူးတင်စကားများဖြင့် နှုတ်ဆက်ပြီး လမ်းတွင်စားဖို့အတွက် ပလတ်စတစ်အိတ်အပြည့် ငှက်ပျောသီးမှည့်များ ပေးလိုက်သေးသည်။ ဤနေရာတွင် ဟောပြောခြင်းလုပ်ငန်းကို အခက်အခဲမရှိ ဖိဖိစီးစီးလုပ်ဆောင်နိုင်ပါသည်!

အိန္ဒိယရပ်ကွက်နှင့်အညီ ပြုပြင်ပြောင်းလဲခြင်း

တောင်ပစိဖိတ်ရှိ အခြားကျွန်းစုများတွင် လူမျိုးပေါင်းစုံနေထိုင်သည်မှန်သော်လည်း ဖီဂျီကျွန်းသည် ထူးခြားသည်။ မီလန်နီးရှန်၊ မိုက်ခရိုနီးရှန်နှင့် ပေါ်လနီးရှန် ယဉ်ကျေးမှုများနှင့်ယှဉ်တွဲ၍ အာရှမှ ရွှေ့ပြောင်းအခြေစိုက်သည့် ယဉ်ကျေးမှုလည်းရှိသည်။ ၁၈၇၉ နှင့် ၁၉၁၆ ခုနှစ်များအတွင်း စာချုပ်ဖြင့် ကြံခင်းများတွင် အလုပ်ဝင်လုပ်သူများကို အိန္ဒိယနိုင်ငံမှ ခေါ်ဆောင်လာပါသည်။ ဂမစ်တ်ခေါ် ဤ (သဘောတူညီချက်) အစီအစဉ်ကြောင့် ဖီဂျီကျွန်းသို့ အိန္ဒိယနိုင်ငံသား ထောင်ပေါင်းများစွာ ရောက်လာပါသည်။ ဤအလုပ်သမားများမှ ဆင်းသက်လာသူတို့သည် နိုင်ငံ့လူဦးရေ၏ ကြီးမားသည့်တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်သည်။ ဤသူတို့သည် မိမိတို့၏ယဉ်ကျေးမှု၊ ဘာသာစကားနှင့် ဘာသာတရားကို ဆက်လက်ထိန်းသိမ်းထားကြသည်။

ဖီဂျီကျွန်းမကြီး၏ လေကွယ်ဘက်တွင် လော်တိုကာမြို့ရှိသည်။ ယင်းကား ဖီဂျီကျွန်း၏ ကြံစိုက်ခင်းလုပ်ငန်းအတွက် ဗဟိုဖြစ်၍ နိုင်ငံတော်၏ အိန္ဒိယလူဦးရေ အများဆုံးနေထိုင်ရာနေရာဖြစ်သည်။ ဤတွင်ရှိ ယေဟောဝါသက်သေများ၏ အသင်းတော်သုံးခုမှ အသင်းသားများသည် သူတို့၏ “ငါးမျှားခြင်း” တွင် အလွန်ပြုပြင်ပြောင်းလဲတတ်ရန်လိုအပ်သည်။ တစ်အိမ်မှတစ်အိမ် လည်ပတ်ကြသည့်အခါ အိမ်ရှင်၏လူမျိုးနှင့် ဘာသာတရားအပေါ်မူတည်ပြီး အကြောင်းအရာပြောင်းလဲ၍ ဟောပြောရန် အသင့်ရှိကြရသည်။ လော်တိုကာမြို့ပြင်နားရှိ ကြံခင်းများကြား ဆောက်ထားသောအိမ်များသို့ ဒေသခံသက်သေခံအုပ်စုတစ်စုနှင့်အတူ လည်ပတ်သွားကြည့်ကြစို့။

ပထမအိမ်သို့ရောက်ခါနီးတွင် ခြံရှေ့ ထောင့်တစ်ထောင့်၌ ထိပ်တွင် ပိတ်စအနီများချည်ထားသည့် ဝါးလုံးအချို့ကို တွေ့လိုက်ရသည်။ ယင်းက ဟိန္ဒူမိသားစုဖြစ်သည့်လက္ခဏာကို တင်ပြသည်။ ဟိန္ဒူအိမ်အများတွင် သူတို့၏ဘုရားပုံများကို တွေ့ရှိရသည်။ ခရစ်ရှ်နားအစရှိသည့် မိမိကြိုက်နှစ်သက်ရာဘုရားတစ်ဆူရှိကြပြီး နတ်စင်ကလေးများကို တွေ့မြင်လေ့ရှိသည်။a

ဘာသာတရားအားလုံး ကောင်းမြတ်ပြီး ယင်းတို့သည် ဝတ်ပြုရန် နည်းမျိုးစုံသာဖြစ်သည်ဟု ဟိန္ဒူအများက ယုံကြည်ကြပါသည်။ ထိုကြောင့် အိမ်ရှင်သည် ပြောဆိုသမျှကို ရည်မွန်စွာနားထောင်ပြီး စာပေအချို့ကို လက်ခံယူကြပေမည်၊ ဧည့်ခံတည်ခင်း တိုက်ကျွေးပြီးနောက် တာဝန်ကျေပြီဟု သူတို့ယူမှတ်ကြပေမည်။ အိမ်ရှင်နှင့် ပိုမိုအကျိုးရှိရှိ ဆွေးနွေးနိုင်ရန် သင့်တော်သောမေးခွန်းများကို မေးမြန်းဖို့အတွက် သူတို့၏ဘာသာတရားမှ ပုံပြင်အချို့ကို သိရှိထားခြင်းသည် အထောက်အကူဖြစ်လေ့ရှိပါသည်။ ဥပမာ၊ သူတို့၏ဘုရားများသည် လူအများမေးခွန်းထုတ်စရာအပြုအမူများနှင့်စပ်လျဉ်း၍ လိုက်စားခွင့်ပြုကြောင်းဖော်ပြသည့် ပုံပြင်အချို့ကိုသိထား၍ ဤသို့ မေးမြန်းနိုင်သည်– “ဤသို့ သင့်ဇနီး (လင်ယောက်ျား) ပြုမူခြင်းကို သင်နှစ်သက်လက်ခံမည်လော။” အများအားဖြင့် ဤအဖြေကို ရရှိသည်– “လုံးဝနှစ်သက်လက်ခံမည်မဟုတ်ပါ။” ထို့နောက် သူ့အား ဤသို့မေးမြန်းနိုင်သည်– “သို့ဆိုလျှင် ဘုရားတစ်ပါးသည် ဤသို့ပြုမူသင့်သလော။” ဤသို့သောဆွေးနွေးခန်းများသည် သမ္မာကျမ်းစာ၏တန်ဖိုးကို ဖော်ပြပေးရန် အခွင့်ကောင်းများ ပေါ်ပေါက်စေလေ့ရှိပါသည်။

ဟိန္ဒူဘာသာတရား၏ ဝင်စားခြင်းအယူအဆသည် ဆွေးနွေးခန်းဖွင့်ရန်ကောင်းသောအခြားအကြောင်းတစ်ခုဖြစ်သည်။ မကြာမီက ဖခင်သေဆုံးခဲ့သော ပညာတတ် ဟိန္ဒူအမျိုးသမီးတစ်ဦးအား ဤသို့မေးမြန်းခဲ့သည်– “ယခင်ကအတိုင်း ခင်ဗျားအဖေကို ပြန်တွေ့လိုသလော။” သူမ ဤသို့ဖြေပါသည်– “ကျွန်မ အတိုင်းထက်အလွန်တွေ့ချင်သည်။” သူမ၏ဖခင်သည် အခြားပုံစံတစ်ခုဖြင့် ယခုအသက်ရှင်နေကာ ဖခင်အား သူမပြန်သိရှိနိုင်စရာအကြောင်း လုံးဝမရှိနိုင်တော့အယူအဆကို သူမ မကျေမနပ်ဖြစ်နေကြောင်း သူမ၏တုံ့ပြန်ပုံနှင့် ဆက်လက်ဆွေးနွေးခန်းက ထင်ရှားစေသည်။ သမ္မာကျမ်းစာ၏ အားရှိစရာ ရှင်ပြန်ထမြောက်ခြင်း သွန်သင်ချက်မူကား သူမ၏နှလုံးကို ထိမိခဲ့သည်။

ဟိန္ဒူအချို့သည် မေးမြန်းချက်များရှိ၍ ကျေနပ်ဖွယ်အဖြေများကို ရရှိလိုကြသည်။ သက်သေခံတစ်ဦးသည် ဟိန္ဒူအိမ်တစ်အိမ်သို့ ရောက်ရှိခဲ့စဉ်က အိမ်ရှင် ဤသို့မေးပါသည်– “သင့်ဘုရား၏အမည်ကား အဘယ်နည်း။” သက်သေခံသည် သူ့အား ဆာလံ ၈၃:၁၈ ကိုဖတ်ပြပြီး ဘုရားသခင်၏နာမတော်သည် ယေဟောဝါဖြစ်ကြောင်း၊ ကယ်တင်ခြင်းရရှိရန် ထိုအမည်နာမကို ခေါ်ဆိုရမည်ဟု ရောမ ၁၀:၁၃ ကဖော်ပြကြောင်း ရှင်းပြလေသည်။ ယင်းသည် ထိုအမျိုးသားအတွက် စိတ်စွဲမှတ်စရာဖြစ်၍ ထပ်မံသိရှိလိုခဲ့သည်။ အမှန်ဆိုလျှင် သူသည် အလွန့်အလွန်သိချင်နေသည်။ မိသားစုရုပ်ပုံကို အလွန်ကြည်ညိုသော မိမိ၏ဖခင်သည် ယင်းရှေ့တွင် ဦးချဝတ်ပြုပြီး ဖျားနာသွားကာ များမကြာမီအချိန်တွင် သေဆုံးခဲ့ကြောင်း သူရှင်းပြပါသည်။ မိမိ၏အစ်ကိုကြီးလည်း ထပ်တူပင်ဖြစ်ခဲ့သည်။ ထိုနောက် ဆက်လက်၍ သူ ဤသို့ဆိုသည်– “ဤရုပ်ပုံသည် ကျွန်ုပ်တို့အား အသက်မပေးဘဲ သေခြင်းသာရစေနေသည်။ ထို့ကြောင့် ယင်းကိုကိုးကွယ်ခြင်းသည် မှားယွင်းနေမည်။ ဤယေဟောဝါဘုရားသခင်မူကား အသက်လမ်းကို တွေ့ရှိရန် ကျွန်ုပ်တို့အား ကူညီပေးနိုင်ပေမည်။” သို့ဖြစ်၍ ကလေးနှစ်ယောက်အပါအဝင် သူတို့လင်မယားနှင့် ကျမ်းစာသင်အံမှုစတင်လိုက်သည်။ သူတို့သည် အလျင်အမြန်တိုးတက်လာပြီး မကြာမီပင် နှစ်ခြင်းယူခဲ့ကြသည်။ သူတို့ရုပ်ပုံများကို စွန့်ပယ်ပြီးနောက် အသက်၏ဘုရား၊ ယေဟောဝါ၏လမ်းစဉ်တွင် ယခုလျှောက်လှမ်းနေကြပါသည်။

ဆက်လက်၍ မွတ်စလင်အိမ်ထောင်တစ်ခုသို့ ကျွန်ုပ်တို့ရောက်သွားသည်။ ထပ်တူပင် ဧည့်ဝတ်ပျူငှာမှုပြကြ၍ မကြာမီတွင် အေးမြသောဖျော်ရည်ခွက်များကို ကျွန်ုပ်တို့ထိုင်သောက်လျက်နေကြသည်။ အာရဘီစာဖြင့်ရေးသားထားသော ကျမ်းပိုဒ်ကို မှန်ဘောင်သွင်းထားခြင်းမှတစ်ပါး နံရံပေါ်တွင် ဘာသာရေးရုပ်ပုံတစ်ခုကိုမျှ မတွေ့ရှိကြရပါ။ သမ္မာကျမ်းစာနှင့် ကူရ်အာန်တူညီသည့်အချက်ဖြစ်သည့် ဘိုးဘေးကြီး အာဗြဟံအကြောင်း၊ သူ၏မျိုးနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းချီးခံစားရလိမ့်မည်ဟု ဘုရားသခင်ကတိထားတော်မူကြောင်း သူတို့အား ကျွန်ုပ်တို့ပြောပြပါသည်။ ယင်းကတိတော်သည် ကိုယ်တော့်သားတော် ယေရှုခရစ်၌ ပြည့်စုံမည်ဖြစ်သည်။ ဘုရားသခင်၌ သားတော်ရှိကြောင်းကို မွတ်စလင်အချို့ လက်မခံနိုင်ကြပါ။ ထို့ကြောင့် ပထမလူအာဒံကို ဘုရားသခင်ဖန်ဆင်းသောကြောင့် သူ့အား ဘုရားသခင့်သားတော်ဟု ခေါ်ဆိုခဲ့သည့်နည်းတူ ယေရှုလည်း ဘုရားသခင်၏သားဖြစ်ကြောင်း ဆက်လက်ရှင်းပြပါသည်။ ဤကဲ့သို့သောသားများရှိဖို့ ဘုရားသခင်၌ ပကတိသဘောအတိုင်း မိန်းမရှိစရာမလိုပါ။ မွတ်စလင်များသည် သုံးပါးတစ်ဆူအယူကို မယုံသည့်အတွက် ယေဟောဝါဘုရားသခင်သည် အထွတ်အထိပ်ဖြစ်ကြောင်း ဖော်ပြရန် နှစ်ဦးနှစ်ဘက်သဘောတူနိုင်သော ဤအချက်ကို ကျွန်ုပ်တို့အသုံးပြုကြသည်။

ဤတွင် နေ့လည်စာစားချိန်တိုင်ပြီဖြစ်၍ ကျွန်ုပ်တို့အုပ်စုအဝင်ရှိသူများသည် ကြံခင်းများမှ လမ်းပေါ်ထွက်လာပြီး မြို့ထဲသို့ပြန်သွားရန် ဘတ်စကားစောင့်နေကြသည်။ အနည်းအကျဉ်းမောပန်းနေကြသော်လည်း နံနက်ပိုင်း “ငါးမျှားခြင်း” ကြောင့် အားလုံး အားတက်သရောဖြစ်နေကြသည်။ အခြေအနေနှင့် ယုံကြည်ချက်အမျိုးမျိုးတွင် ပြုပြင်ပြောင်းလဲကြရန် ကြိုးစားခဲ့၍ အကျိုးနပ်ကြပါသည်။

ဖီဂျီကျွန်းရေပြင်နှင့် ကျောက်တန်းများတွင် ငါးမျိုးစုံရှိသည်။ အောင်မြင်မှုရရှိရန် ဖီဂျီယန်ငိုနန်ဒို (တံငါသည်) သည်မိမိလုပ်ငန်းတွင် ကျွမ်းကျင်မှုရှိရန် လိုပါသည်။ တပည့်တော်များအား ယေရှုခရစ်တာဝန်အပ်နှင်းခဲ့သော “ငါးမျှားခြင်း” နှင့်ပတ်သက်၍လည်း ထပ်တူပင်ဖြစ်သည်။ “လူကိုမျှားသောတံငါ” ခရစ်ယာန်များသည် ကျွမ်းကျင်လိမ္မာရမည်။ မိမိတို့၏တင်ဆက်ပုံနှင့် ဆွေးနွေးနှီးနှောချက်များကို လူထု၏ ကွဲပြားခြားနားသော အယူအဆများနှင့် လျော်ကန်လိုက်ဖက်စေရမည်။ (မဿဲ ၄:၁၉) ဖီဂျီကျွန်းတွင် ဤအရည်အချင်း အမှန်တကယ်လိုအပ်နေပါသည်။ ဖီဂျီယန်၊ အိန္ဒိယ၊ ရိုတူမန်နှင့် ရောနှောသော လူမျိုးစုနောက်ခံရှိသူများသည် ယေဟောဝါဘုရားသခင်ကို စည်းလုံးစွာဝတ်ပြုနေကြကြောင်း ယေဟောဝါသက်သေများ၏ နှစ်ပတ်လည်စည်းဝေးပွဲကြီးများတွင် အကျိုးရလဒ်များထင်ရှားသည်။ မှန်ပေသည်။ ဖီဂျီကျွန်းရေပြင်တွင် “ငါးမျှားခြင်း” ကို ကိုယ်တော်ကောင်းချီးပေးတော်မူသည်။

[အောက်ခြေမှတ်ချက်များ]

a နယူးယောက်ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းထုတ်ဝေသည့် ဘုရားသခင်ကိုလူသားများရှာပုံတော်စာအုပ် စာမျက်နှာ ၁၁၅-၁၇ ကိုရှု။

[စာမျက်နှာ ၂၃ ပါ မြေပုံ]

ဗီတီလီဗူ

ဗာနူအာ လီဗူ

စူဗာ

လော်တိုကာ

နန်ဒီ

0 100 km

0 100 mi

18°

180°

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ဘျူရေ သို့မဟုတ် ဒေသခံနေအိမ်

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ဖီဂျီကျွန်းရှိ ဟိန္ဒူဘုရားကျောင်း

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ဖီဂျီကျွန်းရှိသူများ အောင်မြင်စွာ “ငါးမျှားခြင်း”

[Picture Credit Line on page 24]

Fiji Visitors Bureau

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ