ကျွန်တော်တို့အတွက် ပုံသက်သေ တစ်ခု သူတို့ထားခဲ့
ခရိတ်ဂ်ဇန်ကာ ပြောပြသည်
ကျွန်တော်နှင့်ကျွန်တော့်ဇနီးဂေးလ်တို့သည် ယေဟောဝါသက်သေများ၏ အချိန်ပြည့်ဓမ္မအမှုဆောင်ဖြစ်သော ရှေ့ဆောင်များဖြစ်လာကြသည်မှာ ရှစ်နှစ်ကြာခဲ့ပြီးဖြစ်သည်။ နောက်ပိုင်းခြောက်နှစ်တွင် ကျွန်တော်တို့သည် ဩစတြေးလျနိုင်ငံအစွန်အဖျားပိုင်း မူလတိုင်းရင်းသားများနေထိုင်ရာဒေသတွင် အမှုဆောင်ရကြသည်။ ကျွန်တော်တို့သည် ကျွန်တော့်မိဘများနှင့် အဖိုးအဘွားများချမှတ်ခဲ့သည့် ပုံသက်သေကောင်းအတိုင်း လိုက်လျှောက်ခဲ့ကြသည်။
အထူးသဖြင့် ကျွန်တော့်အဖိုးအဘွားများအကြောင်း ပြောပြလိုပါသည်။ ဒတ်ချ်ဘာသာစကားတွင် ဖိုးဖိုးနှင့်ဘွားဘွားဟူသောအခေါ်နှင့်တူသည့် “အိုပါး” နှင့် “အိုမား” ဟု ချစ်ခင်မြတ်နိုးစွာ ကျွန်တော်တို့ခေါ်ကြသည်။ ကျွန်တော့်ဖိုးဖိုးချားလ်စ်ဟားရစ်စ်သည် အနှစ် ၅၀ နီးပါးကြာ သူနေလာခဲ့သည့် မဲလ်ဘုန်းမြို့တွင် ဇွဲရှိရှိအမှုဆောင်နေဆဲဖြစ်သည်။
သမ္မာကျမ်းစာအမှန်တရားကို လေ့လာခြင်း
အိုပါးသည် ဩစတြေးလျနိုင်ငံ၏ တပ်စ်မေးနီးယားပြည်နယ်ကျွန်းရှိ မြို့ငယ်ကလေးတစ်မြို့တွင် မွေးဖွားခဲ့သည်။ ၁၉၂၄ ခု၊ သူ့အသက် ၁၄ နှစ်အရွယ်တွင် သူ့ဖခင်က သင်္ဘောသားပစ္စည်းထည့်သည့်ဘီရိုတစ်ခုကို လေလံဆွဲဝယ်ယူခဲ့သည်။ ယင်းသည် ဝိညာဏသဘောအရ ရတနာသေတ္တာတစ်ခုအမှန်ဖြစ်ခဲ့သည်။ အကြောင်းမှာ ယင်းတွင် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၏ ပထမဆုံးဥက္ကဋ္ဌဖြစ်သူ ချားလ်စ်တေဇ်ရပ်စယ်လ် ရေးသားသည့် စာအုပ်အတွဲတစ်တွဲ ပါဝင်သောကြောင့်ဖြစ်သည်။
အိုပါး၏ဖခင်သည် ထိုစာအုပ်များကို အထူးစိတ်ဝင်စားဟန်မရှိချေ။ သို့သော် အိုပါးက ထိုစာအုပ်များကိုဖတ်ပြီး ယင်းတို့တွင် သမ္မာကျမ်းစာ၏ အရေးကြီးသည့်အမှန်တရားများပါဝင်ကြောင်း သူချက်ချင်းသိလိုက်သည်။ သို့နှင့် ယခု ယေဟောဝါသက်သေများဟုသိကြသော စာအုပ်ထုတ်ဝေသူများကို ကိုယ်စားပြုသည့် အပြည်ပြည်ဆိုင်ရာကျမ်းစာကျောင်းသားများကို သူစတင်ရှာဖွေလေတော့သည်။ သူလေ့လာနေသည့် သမ္မာကျမ်းစာအမှန်တရားများနှင့်ပတ်သက်၍ ထပ်ဆင့်ရှင်းလင်းချက်များကိုရရန် သူတို့နှင့် သူစကားပြောလိုခဲ့သည်။
နေရာအနှံ့စုံစမ်းပြီးနောက် အခြားသူများကိုသွန်သင်ပေးရာတွင် ထက်သန်သည့် အသက်ကြီးသူအမျိုးသမီးသုံးဦးကို သူတွေ့ခဲ့သည်။ သူတို့သည် လူငယ်ချားလ်စ်အပေါ် ကြီးမားသောသြဇာသက်ရောက်ခဲ့သည်။ နောက်ဆုံး ၁၉၃၀ ပြည့်နှစ်တွင် သူသည် ယေဟောဝါဘုရားသခင်ထံ မိမိကိုယ်ကိုဆက်ကပ်အပ်နှံပြီး ရေတွင်နှစ်ခြင်းခံခဲ့သည်။ သူ၏သားသတ်သမားအလုပ်မှ ထွက်လိုက်ပြီး အချိန်ပြည့်ဧဝံဂေလိဟောပြောသူအဖြစ် သူတာဝန်ကျသည့် ဆစ်ဒနီမြို့ရှိရာ မြောက်ဘက်သို့ခရီးထွက်ခဲ့သည်။
ဩစတြေးလျတွင် ရှေ့ဆောင်ခြင်း
နောက်နှစ်အနည်းငယ်ကြာသောအခါ ချားလ်စ်၏ဟောပြောသည့်နယ်မြေများတွင် ဆစ်ဒနီမြို့၏မြို့စွန်ပိုင်း ပင်လယ်ကမ်းခြေဒေသဖြစ်သည့် ဘန်ဒီနှင့် နယူးဆောက်သ်ဝေးလ်ပြည်နယ်၏ အစွန်အဖျားပိုင်းများလည်း ပါဝင်လာသည်။ ထို့နောက် တိုက်၏အခြားတစ်ဖက်ဖြစ်သည့် မိုင်ပေါင်းထောင်ချီဝေးသော ဩစတြေးလျအနောက်ဘက်ရှိ ပါ့သ်မြို့သို့ ခန့်အပ်ခံရသည်။ ခြောက်လခန့် ပါ့သ်မြို့၏စီးပွားရေးရပ်ကွက်တွင် သူသက်သေခံပြီးနောက် အခြားရှေ့ဆောင်နှစ်ဦးနှင့်အတူ ဩစတြေးလျအနောက်မြောက်ပိုင်းရှိ လူနေကျဲသည့်ဒေသတွင် တာဝန်ခန့်အပ်ခံခဲ့ရသည်။
ဟောပြောခြင်းတာဝန်ခန့်အပ်ခံရသော ဤသုံးဦး—အာသာဝေးလစ်စ်၊ ဂျော့ဂျ်ရိုလ်စတန်နှင့် ချားလ်စ်—တို့၏ရပ်ကွက်သည် အီတလီနိုင်ငံ၏လေးဆမျှကျယ်ဝန်းပါသည်တကား! လူဦးရေကျဲပြီး တောခေါင်ခေါင်ဖြစ်ကာ အပူပြင်းထန်သည်။ တစ်ခါတစ်ရံ ကျွဲနွားစခန်းခေါ် စိုက်ပျိုးမွေးမြူရေးခြံကြီးများကိုဖြတ်၍ မိုင် ၃၀၀ ကျော်ခရီးသွားကြရသည်။ သူတို့အသုံးပြုသည့်ကားသည် ၁၉၃၀ ပြည့်နှစ်ကယာဉ်များနှင့်ယှဉ်လိုက်လျှင်ပင် အလွန်စုတ်ချာသော်လည်း သူတို့တွင် ခိုင်မြဲသည့်ယုံကြည်ခြင်းနှင့် စိတ်ဓာတ်ခိုင်မာမှုများစွာရှိခဲ့ကြသည်။
ချိုင့်ခွက်များထူပြောသည့်လမ်းကျဉ်းကလေးတွင် ကုလားအုတ်သွားလမ်းများ ဖြတ်လျက်ရှိပြီး နေရာတိုင်းတွင် ဖုန်မှုန့်နုများ (ရွှံ့ညွန်မှုန့်ဟုခေါ်) ဖုံးအုပ်နေသည့် အန္တရာယ်ဖြစ်စေနိုင်သော သစ်ငုတ်တိုများရှိနေသည်။ မကြာခဏ ကားလေးကျိုးသည်မှာ အဆန်းမဟုတ်ပေ။ နောက်ဘက်ဝင်ရိုးနှစ်ကြိမ်ကျိုးပဲ့သွားပြီး တာယာလည်း မကြာခဏကွဲအက်စုတ်ပြတ်ရသည်။ ရှေ့ဆောင်များသည် တာယာဟောင်းများကို အစွပ်သဖွယ်ပြုလုပ်ပြီး လက်ရှိတာယာများပေါ်တွင် ဝက်အူစုပ်ခြင်းအားဖြင့် ခရီးဆက်နိုင်ရန် ပြုလုပ်လေ့ရှိကြသည်။
ကျွန်တော်ငယ်သေးသည့်အရွယ်လောက်တွင် ထိုခက်ခဲသည့်အခြေအနေများကြားမှ သူတို့ခရီးဆက်နိုင်အောင် မည်သည့်အရာက သူတို့ကိုအားပေးကြောင်း အိုပါးအား ကျွန်တော်မေးခဲ့သည်။ သူတို့အတွက် လူသူမနီးသည့်အခြေအနေသည် ယေဟောဝါနှင့်နီးကပ်သည့်အခြေအနေဖြစ်သည်ဟု သူရှင်းပြသည်။ တစ်ခါတစ်ရံ ကာယရေးအခက်အခဲများသည် ဝိညာဏကောင်းချီးများဖြစ်လာသည်ဟု သူပြောသည်။
လူများစွာတို့သည် ရုပ်ပစ္စည်းဥစ္စာစုဆောင်းခြင်းကို အလွန်အမင်းအာရုံစိုက်နေကြသည်ကို မိမိအံ့သြကြောင်း ကိုယ့်ကိုယ်ကို သာသည် သို့မဟုတ် တော်တည့်ဖြောင့်မတ်သည် ဟူ၍ယူမှတ်သည့် အရိပ်အရောင်လုံးဝမပါဘဲ အိုပါးကထုတ်ဖော်ပြောခဲ့သည်။ “ဘဝခရီးကိုဖြတ်သန်းသွားတဲ့အခါ ဝန်ထုပ်ဝန်ပိုး နည်းနိုင်သရွေ့နည်းနည်းနဲ့သွားတာ အများကြီးပိုကောင်းတယ်။ ယေရှုဟာ လိုအပ်တဲ့အခါမျိုးမှာ ကွင်းပြင်ထဲမှာအိပ်ချင်စိတ်ရှိမယ်ဆိုရင် ဒို့လည်း တာဝန်ကတောင်းဆိုလာတဲ့အခါ ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ အဲဒီလိုလုပ်နိုင်ရမယ်” ဟု ကျွန်တော့်ကိုသတိပေးသည်။ (မဿဲ ၈:၁၉၊ ၂၀) သူနှင့်သူ့အဖော်များလည်း ထိုသို့ပင်လုပ်ခဲ့ကြသည်။
နိုင်ငံခြားလယ်ကွင်းသို့ ဖိတ်ခေါ်ခံရ
၁၉၃၅ ခုနှစ်ရောက်သော် ဟောပြောခြင်းတာဝန်သစ်တစ်ခု—တောင်ပစိဖိတ်ရှိ ကျွန်းသူကျွန်းသားများကို သက်သေခံရန်တာဝန်ကို အိုပါးလက်ခံရရှိခဲ့သည်။ အခြားအဖွဲ့သားခြောက်ယောက်နှင့်အတူ အလင်းဆောင်သူ အမည်ရှိ ၅၂ ပေရှည်သော ကင်းမျှော်စင်အသင်းပိုင်ရွက်လှေဖြင့် အိုပါးတို့ရွက်လွှင့်ခဲ့ကြသည်။
တစ်ချိန်တွင် ဩစတြေးလျမြောက်ပိုင်းရှိ ကော်ရလ်ပင်လယ်ထဲ၌ သွားလာနေစဉ် အလင်းဆောင်သူ ၏ အကူအင်ဂျင်စက်ပျက်သွားသည်။ လေလုံးဝမတိုက်သဖြင့် မိုင်ပေါင်းများစွာ ကမ်းနှင့်ဝေးကွာနေသည်။ ဂရိတ်ဘယ်ရီယယ်လ်ကျောက်တန်းတွင် သင်္ဘောပျက်၏အန္တရာယ်ရှိသော်လည်း အိုပါးသည် အထူးကြည်လင်ငြိမ်သက်မှုကို အာရုံဝင်စားနေသည်။ “ပင်လယ်ကြီးဟာ ငြိမ်သက်နေလိုက်တာ။ ညနေတိုင်း ဆိတ်ငြိမ်နေတဲ့ ပင်လယ်ရေပြင်ကြီးထဲ နေလုံးကြီးဝင်ရောက်ပျောက်ကွယ်သွားတာကို ငါဘယ်တော့မှမမေ့နိုင်ဘူး။ မြင်ကွင်းက လှပလွန်းအားကြီးလို့ ဒါကို အချိန်တိုင်းငါသတိရတဲ့ထိ ငါ့စိတ်ထဲမှာစွဲကျန်နေတယ်” ဟု အိုပါးက သူ့ဒိုင်ယာရီစာအုပ်ထဲတွင် ရေးမှတ်ထားသည်။
ဝမ်းသာစရာကား ကျောက်တန်းဆီသို့မျှောပါလာစဉ် လေပြန်တိုက်လာရာ ပါပူဝါနယူးဂီနီရှိ မော့စ်ဘီဆိပ်ကမ်းသို့ သူတို့ကောင်းစွာရွက်လွှင့်နိုင်ခဲ့သည်။ ထိုတွင် အင်ဂျင်စက်ပြင်ကြသည်။ မော့စ်ဘီဆိပ်ကမ်းမှနေ၍ သာ့စ်ဒေးကျွန်းသို့၊ တစ်ဖန် ထိုမှ အင်ဒိုနီးရှားနိုင်ငံ၏ ကျွန်းကြီးဖြစ်သည့် ဂျားဗားကျွန်းသို့ လွှင့်ကြပြန်သည်။ “အီကွေတာကိုဖြတ်၍ ဆင်ထားသည့် ပုလဲလည်ဆွဲ” ဟုဆိုကြသော ဤနိုင်ငံကို အိုပါးအတော်ကလေးနှစ်သက်မြတ်နိုးသွားသည်။ ထိုအချိန်က အင်ဒိုနီးရှားသည် ဒတ်ချ်လက်အောက်ခံနယ်မြေဖြစ်သဖြင့် ဒတ်ချ်နှင့်အင်ဒိုနီးရှားစကားနှစ်မျိုးလုံး အိုပါးသင်ယူခဲ့သည်။ သို့သော် သူ့ဟောပြောခြင်းလုပ်ငန်းတွင် သူဝေငှသည့်စာအုပ်စာတမ်းများမှာ ဘာသာစကားငါးမျိုးဖြင့်ဖြစ်သည်။ ဒတ်ချ်၊ အင်ဒိုနီးရှား၊ တရုတ်၊ အင်္ဂလိပ်နှင့် အာရဘစ်တို့ဖြစ်သည်။
အိုပါးသည် ကျမ်းစာစာပေများကိုဝေငှရာတွင် အောင်မြင်မှုရှိသည်။ တစ်ခါက ဘတေးဗီးယား (ယခု ဂျာကာတာ) မြို့ ကင်းမျှော်စင်စာပေသိုလှောင်ဌာန၏ တာဝန်ခံဖြစ်သူ ကလယ်မ်ဒေရှန်းအား ကျွန်တော်တို့၏ဟောပြောခြင်းလုပ်ငန်းကို အနီးကပ်စောင့်ကြပ်သည့် ဒတ်ချ်အရာရှိတစ်ဦးက ဆင့်ခေါ်လိုက်သည်။ “အရှေ့ဂျားဗားမှာ မင်းတို့လူဘယ်နှစ်ယောက် အလုပ်လုပ်နေသလဲ” ဟု အရာရှိက မေးလိုက်သည်။
“တစ်ယောက်ထဲပါ” ဟု ညီအစ်ကိုဒေရှန်းက ပြန်ဖြေသည်။
“ငါယုံမယ်လို့များ မင်းထင်သလား။ မင်းတို့စာပေတွေ နေရာတိုင်းမှာ ဖြန့်ဝေထားတာကိုကြည့်ရင် အဲဒီမှာ မင်းတို့အဖွဲ့တွေ အများကြီးရှိနေရမယ်!” ဟု အရာရှိက ပြန်အော်သည်။
ယင်းသည် သူ့ဘဝအတွက် ကျေနပ်ဖွယ်အကောင်းဆုံးသော ပြည့်စုံမှုတစ်ခုဟု အိုပါးယူမှတ်ခဲ့သည်။ ယင်းကို သူရလည်းရထိုက်ပါသည်။ အကြောင်းမှာ လစဉ် စာပေ ၁,၅၀၀ မှ ၃,၀၀၀ ထိဝေငှရခြင်းသည် သူ့အတွက် အဆန်းမဟုတ်တော့ပေ။
အိမ်ထောင်ပြုခြင်း၊ ပိတ်ပင်ခြင်းနှင့် စစ်ကြီး
၁၉၃၈ ခု၊ ဒီဇင်ဘာလတွင် အိုပါးသည် ကျွန်တော့်အဘွားဖြစ်လာသည့် ဗေးလ်ဟဲလ်မီနာအမည်ရှိ အင်ဒိုနီးရှားမိန်းကလေးတစ်ယောက်ကို လက်ထပ်ခဲ့သည်။ အိုမား သို့မဟုတ် ဘွားဘွားသည် ကြင်နာ၊ နူးညံ့၊ အလုပ်ကြိုးစားပြီး ဖြည်းညင်းစွာစကားပြောတတ်သည်။ ယင်းကိုကျွန်တော်သိရခြင်းမှာ ကျွန်တော့်ကလေးဘဝတစ်လျှောက် သူမသည် ကျွန်တော်၏အရင်းနှီးဆုံးမိတ်ဆွေ ဖြစ်ခဲ့သောကြောင့်ဖြစ်သည်။
အိုပါးနှင့်အိုမားတို့ လက်ထပ်ပြီးနောက်တွင် အတူတကွရှေ့ဆောင်ဆက်လုပ်ကြသည်။ ထိုအချိန်တွင် အလင်းဆောင်သူ ရွက်လှေ၏ အခြားသောအဖွဲ့သားများသည် အခြားသောကမ္ဘာ့အစိတ်အပိုင်းသို့ရောက်သူကရောက်၊ အိမ်ပြန်သူကပြန်ကြသည်။ သို့သော် အိုပါးက အင်ဒိုနီးရှားကို မိမိဇာတိမြေအဖြစ်သဘောထားပြီး ထိုတွင်နေထိုင်ရန် ဆုံးဖြတ်လိုက်သည်။
ဒုတိယကမ္ဘာစစ်နီးကပ်လာသောအခါ ဒတ်ချ်အစိုးရသည် အင်ဒိုနီးရှားကိုအုပ်ချုပ်ပြီး ဓမ္မဆရာများ၏ဖိအားပေးမှုဖြင့် ယေဟောဝါသက်သေများ၏ လှုပ်ရှားမှုကို စတင်ကန့်သတ်လာရာ နောက်ဆုံးတွင် ကျွန်တော်တို့၏လုပ်ငန်းကို ပိတ်ပင်လိုက်တော့သည်။ ထို့ကြောင့် ဟောပြောခြင်းကို အခက်အခဲများကြားမှလုပ်ဆောင်ရပြီး ကျမ်းစာတစ်ခုတည်းကိုသာသုံးရသည်။ အိုပါးနှင့်အိုမားတို့ ရောက်သည့်မြို့တိုင်းလိုလိုတွင် စစ်ဆေးမေးမြန်းခံရန် အရာရှိများရှေ့သို့အခေါ်ခံရပြီး ရာဇဝတ်သားများကဲ့သို့ ဆက်ဆံခံကြရသည်။ ပိတ်ပင်ခံရပြီးမကြာမီမှာပင် အိုမား၏ခဲအိုသည် ခရစ်ယာန်ကြားနေရပ်တည်မှုကြောင့် ထောင်ချခံခဲ့ရသည်။ ဒတ်ချ်အကျဉ်းထောင်ထဲ၌ပင် သူသေဆုံးခဲ့သည်။
အိုပါးနှင့်အိုမားတို့သည် ပေါင်းမိုးတပ်ထားသည့် ထရပ်ကားတစ်စီးပေါ်တွင် နေထိုင်ကြသည်။ ဤအိမ်ကားကိုအသုံးပြုပြီး ဂျားဗားအနှံ့ဟောပြောကြသည်။ ဂျပန်စစ်တပ်များ ဝင်ရောက်လာမည့်အန္တရာယ်၏ အရိပ်အယောင်ပေါ်လာသော ၁၉၄၀ ပြည့်နှစ်တွင် ကျွန်တော့်အမေဖြစ်လာသည့် သမီးလေးတစ်ယောက်ကို သူတို့ကောင်းချီးရခဲ့သည်။ သူမမမွေးမီနှစ်နှစ်အလို ထိုအချိန်က ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဂျေ. အက်ဖ်. ရပ်သဖော့ဒ်ပေးခဲ့သော ဟောပြောချက်ခေါင်းစဉ်ကိုလိုက်၍ သူမအား ဗစ်က်ထရီဟု အမည်ပေးကြသည်။ ကလေးမွေးဖွားသည့်အချိန်တစ်လျှောက်လုံး သူတို့ရှေ့ဆောင်ဆက်လုပ်နေကြသည်။
၁၉၄၂ ခုနှစ်တွင် အိုပါး၊ အိုမားနှင့် ဗစ်က်ထရီတို့သည် ဘော်နီယိုကျွန်းမှအပြန် ဒတ်ချ်ကုန်သင်္ဘောတစ်စင်းပေါ်တွင်ရှိနေစဉ် ဂျပန်တိုက်သင်္ဘောတစ်စင်းထံမှ ကျယ်လောင်သည့်အမြောက်သံတစ်ချက် ကြားလိုက်ရသည်။ မီးများအားလုံးငြိမ်းကုန်ပြီး လူများအော်ဟစ်ကြသည်။ ဤနည်းဖြင့် စစ်သည် ကျွန်တော့်မိသားစုဘဝထဲသို့ ဝင်ရောက်လာတော့သည်။ ကမ်းခြေသို့ သူတို့ကောင်းမွန်စွာရောက်ရှိသော်လည်း နောက်ရက်အနည်းငယ်အကြာတွင် ဂျားဗားကျွန်းပေါ်သို့ ဂျပန်များဝင်ရောက်လာရာ ဒတ်ချ်အရာရှိတစ်ဦးက အိုပါးနှင့်အိုမားတို့ရှိသည့်နေရာကို ဂျပန်စစ်သားများအား ပြောပြလိုက်သည်။
သူတို့ကို ဂျပန်များတွေ့သွားကြသောအခါ ဗစ်က်ထရီလေး၏ ကစားစရာကလေးများမှအစ သူတို့ပစ္စည်းအားလုံးကို သိမ်းယူလိုက်ကြပြီး သူတို့အား အကျဉ်းစခန်းတစ်ခုစီသို့ ပို့လိုက်ကြသည်။ ဗစ်က်ထရီက အိုမားနှင့်နေခွင့်ရပြီး နောက်သုံးနှစ်ခွဲအထိ သူတို့အား အိုပါးမတွေ့ရချေ။
ချွေးတပ်စခန်းသားဘဝ
အကျယ်ချုပ်ခံရစဉ်အတွင်း အိုပါးသည်တစ်မြို့ပြီးတစ်မြို့—စူရဘိုင်ယာမှ အယ်ငွာဝီ၊ ထိုမှ ဗန်ဒွန်၊ နောက်ဆုံးတွင် ချီမာဟီမြို့များသို့ ပြောင်းရွှေ့ခံရသည်။ ဤသို့ မခြားမလပ်ပြောင်းရွှေ့နေရခြင်းက လွတ်မြောက်ရန်ကြံစည်မှုပေါ်ပေါက်လာလျှင် အကြံပျက်ရန်ဖြစ်သည်။ အကျဉ်းသားအများစုမှာ ဒတ်ချ်များဖြစ်ကြပြီး အင်္ဂလိပ်နှင့်သြစတြေးလျသားအနည်းအကျဉ်းပါဝင်သည်။ အကျဉ်းစခန်းတွင် အိုပါးသည် ဆံပင်ညှပ်သည့်အလုပ်ကို သင်ယူခဲ့ပြီး တစ်ခါတစ်ရံ ယင်းအတတ်ကို သူအသုံးပြုဆဲပင်ဖြစ်သည်။ သူကိုင်ခွင့်ရသည့် တစ်ခုတည်းသောဘာသာရေးစာအုပ်မှာ သူ၏ ဂျိမ်းဘုရင်ဘာသာပြန် ကျမ်းစာအုပ်ဖြစ်သည်။
ထိုအချိန်၌ အိုမားနှင့်ဗစ်က်ထရီတို့သည်လည်း စခန်းတစ်ခုမှတစ်ခုသို့ ပြောင်းရွှေ့ခံရကြသည်။ ထိုစခန်းများတွင် ထောင်အုပ်က အမျိုးသမီးများအား အပြင်ထွက်၍ “လူမှုဝန်ထမ်းလုပ်ငန်း” လုပ်ရန် ဆင့်ခေါ်သည်။ သို့သော် အကြောင်းတစ်ခုခုကြောင့် အိုမားဘယ်တော့မျှ အရွေးမခံရပါ။ အမျိုးသမီးများသည် ဂျပန်စစ်သားများအတွက် ပြည်တန်ဆာလုပ်ပေးရန် အပြင်ထုတ်ခံရကြောင်း နောက်ပိုင်းမှ အိုမားသိခဲ့ရသည်။
ဂျပန်စစ်သားများသည် မိန်းကလေးငယ်များကိုပါ ချမ်းသာမပေးသဖြင့် အိုမားသည် ဗစ်က်ထရီအား ယောက်ျားလေးအင်္ကျီအမြဲဝတ်ဆင်ပေးပြီး ဆံပင်တိုတိုညှပ်ထားပေးရသည်။ ဗစ်က်ထရီ (အောင်မြင်မှု) ဟူသောအမည်သည် မည်သည့်အရာကို အမှတ်သညာပြုသနည်း—ဂျပန်ဘုရင့်တပ်မတော်အတွက်လော၊ အမေရိကန်များအတွက် အောင်မြင်မှုလောဟု ထောင်အုပ်က သိလိုသောအခါ အကြီးအကျယ်ဒုက္ခရောက်ရတော့သည်။
“မြေကြီးဆိုင်ရာအုပ်ချုပ်မှုအားလုံးအပေါ် ဘုရားသခင်ရဲ့အောင်မြင်မှု” ဟု ကျွန်တော့်အဘွားက ဂုဏ်ယူဝင့်ကြွားစွာ ပြန်ဖြေလိုက်သည်။
“ဂျပန်ဘုရင့်တပ်မတော်အတွက်အောင်မြင်မှု” ဟုပြောရန် ငြင်းဆိုမှုအတွက် ပြစ်ဒဏ်ပေးသည့်အနေနှင့် အိုမားနှင့် သူမ၏ငါးနှစ်သမီးကလေးတို့သည် အပူပိုင်းဇုံ၏နေပူကျဲကျဲထဲတွင် ရှစ်နာရီကြာအထိ သတိအနေအထားဖြင့် မတ်မတ်ရပ်နေရန် အတင်းအကျပ်ပြုခြင်းခံရကြသည်။ အရိပ်မရှိ၊ ရေမရှိ၊ ထိုင်စရာမရှိ၊ ရှေ့သို့လည်းမကိုင်းရ။ သို့သော် ယေဟောဝါ၏အကူအညီအားဖြင့် ဤမျှကြောက်ဖွယ်ကောင်းသည့် မချိမဆန့်ခံရခြင်းကို ကျော်လွန်ခဲ့ကြသည်။
အိုမားအကျယ်ချုပ်နေရပြီး တစ်နှစ်အကြာတွင် သူမ၏ခင်ပွန်းကွယ်လွန်သွားပြီဖြစ်ကြောင်း ထောင်အုပ်ကပြောခဲ့သည်! ဝမ်းနည်းစွာဖြင့် အိုပါး၏ဓာတ်ပုံကို သူမ၏စုတ်ပြတ်ပျက်စီးနေသော ခရီးဆောင်လက်ဆွဲအိတ်၏ အောက်ဆုံးတွင်ထည့်လိုက်ပြီး ပူဆွေးမှုများကြားမှပင် ဆက်၍ရပ်တည်ခဲ့သည်။
အကျဉ်းစခန်းသားဘဝသည် အလွန်ပင်ကြမ်းတမ်းခက်ထန်လှသည်။ လူတစ်ယောက်အတွက် နေ့စဉ်ရိက္ခာမှာ နံနက်စာအတွက် ပီလောပီနံမှုန့်တစ်ခွက်၊ နေ့လည်စာအတွက် သာဂူနှင့်လုပ်သည့်ပေါင်မုန့်ခုနစ်အောင်စ၊ ညနေစာအတွက် အသီးအရွက်ဟင်းရည်ကျဲထဲထည့်ထားသည့် ထမင်းတစ်ခွက်တို့ဖြစ်သည်။ ဤသို့ မဝရေစာစားရသောကြောင့် အာဟာရချို့တဲ့မှုမှာ အဆန်းမဟုတ်တော့ဘဲ ဝမ်းရောဂါကြောင့်သေဆုံးရသူမှာလည်း နေ့စဉ်ရှိသည်။
အိုပါးအကျယ်ချုပ်ကျစဉ်အတွင်း ပယ်လာဂရာခေါ် ဗီတာမင်ချို့တဲ့သည့်ရောဂါနှင့် အာဟာရချို့တဲ့မှုကြောင့်ဖောယောင်ခြင်း (ငတ်မွတ်မှုကြောင့်ဖျားနာခြင်း) တို့ကို ခံစားခဲ့ရသည်။ အိုမားလည်း သမီးငယ်ကလေး အစာငတ်၍သေဆုံးသွားခြင်းမှ ကာကွယ်ရန် သူမအစားအစာများကို ပေးရသဖြင့် သေလုမြောပါးဖြစ်ခဲ့ရသည်။ ရက်စက်မှုနှင့် ငတ်မွတ်ခေါင်းပါးမှုတို့သည် အမြဲတွေ့ကြုံနေရသည့်အရာများဖြစ်လာသည်။ သူတို့၏ဘုရားသခင်ယေဟောဝါနားသို့ တိုးဝင်ချဉ်းကပ်သောအားဖြင့်သာလျှင် လွတ်မြောက်နိုင်ကြမည်ဖြစ်သည်။
အိုပါးအကြိုက်လက်သုံးစကားတစ်ခုကို ကျွန်တော်ကောင်းစွာမှတ်မိနေသည်– “လွတ်လပ်မှုဆိုတာ မြင့်မြတ်တဲ့ပုဂ္ဂိုလ်ယေဟောဝါရဲ့သဘောနဲ့ ညီညွတ်နေတာဖြစ်တယ်။” ထို့ကြောင့် အိုပါးသည် ကြမ်းတမ်းခက်ထန်သည့် ထောင်ဒဏ်ခံနေရစေကာမူ အမှန်အားဖြင့်လွတ်လပ်နေကြောင်း မိမိကိုယ်ကိုခံစားနေရသည်။ သူနှင့်အိုမားတို့၏ ယေဟောဝါကိုချစ်သောမေတ္တာက “ခပ်သိမ်းသောအရာကို သည်းခံ” နိုင်ရန် သူတို့အားအမှန်ပင်ကူညီပေးခဲ့သည်။ (၁ ကောရိန္သု ၁၃:၇) ဘုရားသခင်နှင့်ရင်းနှီးသည့် ထိုဆက်ဆံရေးကို ယခုကျွန်တော်နှင့်ဂေးလ်တို့ ဆက်လက်ထိန်းသိမ်းနေကြသည်။
လွတ်လပ်မှုနှင့် ထူးခြားသည့်ပြန်လည်ဆုံတွေ့ခြင်း
နောက်ဆုံး ဒုတိယကမ္ဘာစစ်သည် ၁၉၄၅ ခုနှစ်တွင် ပြီးဆုံးသွားသည်။ ဂျပန်လက်နက်ချပြီး မရှေးမနှောင်းမှာပင် အိုပါးသည် ရထားဖြင့် ခရီးသွားရသည်။ ဂျာကာတာမှ ဗန်ဒွန်သို့သွားသည့်ခရီးတွင် ရထားကို အင်ဒိုနီးရှားစစ်သားများက ရပ်ခိုင်းကြသည်။ အင်ဒိုနီးရှားတို့သည် ဂျပန်တို့နှင့် စစ်ပြေငြိမ်းပြီးသော်လည်း ဒတ်ချ်တို့လက်အောက်မှ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေကြဆဲဖြစ်သည်။ ရထားအောက်သို့ ရုတ်တရက်ဆွဲချခံရသဖြင့် အိုပါးသည် အလွန်အံ့အားသင့်သွားရကား အင်္ဂလိပ်စကားပြောရန်မေ့သွားပြီး ဒတ်ချ်စကားကို စ၍ပြောမိသွားသည်။ ဒတ်ချ်တို့သည် အင်ဒိုနီးရှားတို့အတွက် ရန်သူဖြစ်ပြီး ရန်သူဆိုလျှင် အသတ်ခံရမည်ဖြစ်သည်။
တော်သေးသည်မှာ စစ်သားများက အိုပါးကိုရှာဖွေစစ်ဆေးစဉ် သူလုံးလုံးမေ့နေသည့် ဩစတြေးလျနိုင်ငံသားယာဉ်မောင်းလိုင်စင်ကို ရှာတွေ့သွားကြသည်။ အင်ဒိုနီးရှားတို့သည် ဩစတြေးလျတို့နှင့် စစ်မဖြစ်ခြင်းကြောင့် တော်သေးတော့သည်။ ထိုနေ့မှစ၍ မိမိသြစတြေးလျနိုင်ငံသားဖြစ်ကြောင်း သက်သေထူသည့် ထိုလိုင်စင်ကိုရှာဖွေတွေ့ရှိခြင်းသည် ဘုရားသခင်၏ဝင်ရောက်လုပ်ဆောင်မှုဖြစ်ကြောင်း အိုပါးအသိအမှတ်ပြုလိုက်သည်။ အကြောင်းမှာ ထိုသို့ရထားရပ်တန့်ပြီး နောက်နာရီအနည်းငယ်အကြာတွင် ထိုစစ်တပ်သည် ရထားပေါ်တွင်ဖြတ်သန်းသွားလာနေကြသော ဒတ်ချ်လူမျိုး ၁၂ ယောက်တို့ကို သတ်ပစ်လိုက်ကြသောကြောင့်ဖြစ်သည်။
ထိုသို့ဖြစ်ပျက်ပြီးမကြာမီ အိုမားနှင့်ဗစ်က်ထရီတို့သည် စစ်ဒဏ်ခံရသည့်ဒေသမှ ပြောင်းရွှေ့ခံရရန် စောင့်မျှော်နေကြသည်။ လမ်းဘေးနားတွင် သူတို့ထိုင်နေကြစဉ် စစ်သားများနှင့်အရပ်သားများကို သယ်ဆောင်လာသော အလွန်ရှည်လျားသည့် ထရပ်ကားတန်းကြီးဖြတ်သွားသည်။ အကြောင်းထူးထူးထွေထွေမရှိဘဲ ကားတန်းကြီးသည် ရုတ်တရက်ရပ်သွားသည်။ အိုမားက အနီးဆုံးသောထရပ်ကား၏ ဖွင့်ထားသောနောက်ပေါက်ကို အမှတ်မထင်မျက်စိရောက်သွားသောအခါ သူမချက်ချင်းမှတ်မိနိုင်သည့် အလွန်ပိန်ချုံးနေသောလူတစ်ဦး ထိုင်နေသည်ကို တအံ့တသြတွေ့လိုက်ရသည်။ ယင်းကား သူမ၏ခင်ပွန်းပင်တည်း! သူတို့ပြန်လည်ဆုံတွေ့ခြင်းကြောင့် ပေါ်ပေါက်လာသည့်စိတ်လှုပ်ရှားမှုကို မည်သည့်ဝေါဟာရဖြင့်မျှ ဖော်ပြနိုင်ခြင်းငှာ မစွမ်းပါလေ။
ဩစတြေးလျသို့အပြန်
အင်ဒိုနီးရှားတွင် ၁၁ နှစ်ကြာနေပြီး အဖိုးတို့မိသားစုသည် ၁၉၄၆ ခုနှစ်တွင် ဩစတြေးလျသို့ ပြန်လာကြသောအခါ သူတို့အတွက်မလွယ်ကူပါ။ သူတို့သည် စစ်ဘေးဒုက္ခသည်များ—ဆင်းရဲမွဲတေသူများ၊ အာဟာရချို့တဲ့သူများအဖြစ် ပြန်လာကြရပြီး ဒေသခံအများစုတို့၏ မယုံသင်္ကာဆက်ဆံခြင်းကို ခံရကြသည်။ အာရှမှပြောင်းရွှေ့လာသူများအပေါ် လူမျိုးရေးငဲ့ကွက်ခြင်းဒဏ်ကို အိုမားနှင့်ဗစ်က်ထရီတို့ အလူးအလိမ့်ခံရကြသည်။ အိုပါးသည် မိသားစုကိုကျွေးမွေးပြီး အိမ်တစ်ဆောင်မီးတစ်ပြောင်နှင့်ထားနိုင်ရန် နာရီပေါင်းများစွာ ပင်ပင်ပန်းပန်းအလုပ်လုပ်ရရှာသည်။ ဤခက်ခဲမှုများကြားမှပင် သူတို့၏ဝိညာဉ်ရေးအခြေမပျက်ဘဲ ဆက်လက်ခံရပ်ကျော်လွှားလာနိုင်ခဲ့ကြသည်။
၄၈ နှစ်ကြာခဲ့ပြီဖြစ်သော ယခုအခါတွင် အိုပါးသည် မဲလ်ဘုန်းမြို့တွင်နေထိုင်ပြီး တစ်အိမ်တက်ဆင်းဓမ္မအမှုတွင် ပါဝင်နေဆဲဖြစ်သည်။ ဗစ်က်ထရီနှင့်သူမ၏ကလေးများသည် အလင်းတရားရရှိပြီး ယေဟောဝါထံဆက်ကပ်အပ်နှံကာ တစ်ယောက်စီသည် ရှေ့ဆောင်လုပ်ငန်းသို့ ဝင်ရောက်ကြသည်ကို သူတွေ့မြင်ခဲ့ရသည်။
ကျွန်တော့်အဖေဖြစ်လာသည့် ဒက်စ်ဇန်ကာနှင့်ဗစ်က်ထရီ တို့သည် ၁၉၅၀ ပြည့်လွန်နှစ်များအစောပိုင်းတွင် နှစ်ခြင်းခံခဲ့ကြပြီး ဒက်စ်က ၁၉၅၈ ခုနှစ်တွင် ဩစတြေးလျ၏ ဗေသလအိမ်သားတစ်ဦးဖြစ်လာသည်။ အထူးရှေ့ဆောင်လုပ်နေသောဗစ်က်ထရီကို သူလက်ထပ်ပြီးနောက် သူတို့ရှေ့ဆောင်ခဏလုပ်ကြပြီး နယ်လှည့်လုပ်ငန်းတွင်ပါဝင်ရန် ဖိတ်ခေါ်ခံခဲ့ကြရသည်။ ထိုနောက်တွင် ကျွန်တော်မွေးဖွားလာရာ ကျွန်တော့်ကိုကြည့်ရှုစောင့်ရှောက်ရန် နယ်လှည့်လုပ်ငန်းမှ ရပ်နားခဲ့ကြရသည်။ သို့သော် ၂၇ နှစ်ကြာပြီးသည့်တိုင် အဖေသည် ရှေ့ဆောင်လုပ်နေဆဲဖြစ်သည်။
၁၉၉၀ ပြည့်နှစ်ဦးပိုင်းတွင် အိုမားသည် ကျွန်တော့်အမေ မွေးမြူခံခဲ့ရသည့်အိမ်၌ပင် ငြိမ်းချမ်းစွာကွယ်လွန်ခဲ့သည်။ ကျွန်တော်လည်း မဲလ်ဘုန်းရှိထိုအိမ်၌ပင် ကျွန်တော့်ညီငယ်ညီမငယ်များနှင့်အတူ မွေးမြူခံလာခဲ့ရသည်။ ကျွန်တော်တို့မိသားစုသည် တစ်အိမ်တည်းတွင် အတူတူနေရခြင်းကား ကောင်းချီးတစ်ခုပင်ဖြစ်သည်။ တစ်ခါတစ်ရံကျဉ်းကျပ်သော်လည်း ယင်းကြောင့် ကျွန်တော်တစ်ခါမျှစိတ်မညစ်ပါ။ ကျွန်တော်တို့လက်ထပ်ပြီးနောက် လေးနှစ်အထိ ထိုအိမ်၌ပင် ကျဉ်းကျဉ်းကျပ်ကျပ်နေကြပြီး ကျွန်တော့်ဇနီးဂေးလ်က ထိုသို့နေရသည်ကို သဘောကျသည်။ တာဝန်သစ်ခန့်အပ်ရာသို့ ကျွန်တော်တို့သွားရသောအခါ ကျွန်တော်မျက်ရည်ကျခဲ့ရသည်။ ထိုအိမ်တွင် များစွာသောအထောက်အပံ့နှင့် မေတ္တာကို ကျွန်တော်ရရှိခဲ့သည်။
ယခု ကျွန်တော်တို့သည် ကျွန်တော့်မိဘများနှင့် သူတို့၏မိဘများပြုလုပ်ခဲ့သည့်အရာကို ပြုလုပ်နိုင်ကြသဖြင့် ဂေးလ်နှင့်ကျွန်တော်တို့အတွက် အကြီးအကျယ်ရွှင်လန်းစရာ အကြောင်းရင်းရှိနေကြသည်။ အိမ်မှနေ၍ ကျွန်တော်တို့ထွက်သွားသောအခါ အချိန်ပြည့်လုပ်ငန်းတွင် ယေဟောဝါ၏အလိုတော်ကိုထမ်းဆောင်ရန်ဟူသော ထွက်သွားရသည့်အကြောင်းရင်းကြောင့် ကျွန်တော်တို့နှစ်သိမ့်မှုရကြသည်။ ခက်ခဲသည့်ဒေသ၌တာဝန်ထမ်းဆောင်စဉ်၊ အလွန့်အလွန်ဆင်းရဲနွမ်းပါးစဉ်၊ ဂျပန်ချွေးတပ်စခန်းထဲ၌ နှစ်ပေါင်းများစွာရှိနေစဉ်များ၌ အလားတူနှစ်သိမ့်မှုကို ရရှိခဲ့ကြသော ကျွန်တော်တို့၏မိဘဘိုးဘွားများ၏ ကောင်းသောပုံသက်သေကိုတုပရန် ကျွန်တော်တို့ အင်တိုက်အားတိုက်ကြိုးစားနေကြသည်။—၂ ကောရိန္သု ၁:၃၊ ၄။
အိုပါးသည် ဘုရင်ဒါဝိဒ်မှုတ်သွင်းခံရ၍ ယေဟောဝါထံပြောသည့်စကား၌ အမြဲကြည်နူးနေသည်– “ကရုဏာတော်သည် အသက်ထက်သာ၍ကောင်း [ပါ၏။]” (ဆာလံ ၆၃:၃) ထိုကရုဏာတော်၌ ထာဝစဉ်ထာဝရမွေ့လျော်လိုခြင်းသည် ကျွန်တော့်အဖိုး၏ ပြင်းပြစွာလိုလားတောင့်တသည့်အရာ အမြဲဖြစ်ခဲ့သည်။ ယင်းသည်ပင် သူ့မိသားစုတစ်ခုလုံးက သူနှင့်အတူ ဝေမျှခံစားရမည့် အလိုဆန္ဒပင်ဖြစ်တော့သည်။
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
အိုမားနှင့်အိုပါးဟားရစ်စ်
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ခရိတ်ဂ်ဇန်ကာ (အနောက်) နှင့် သူ့ဇနီး၊ မိဘ၊ ညီငယ်နှင့်ညီမငယ်