အလာစကာပြည်နယ်၏ နောက်ဆုံးနယ်ခြားမှဖုံးအုပ်ရာကို ပယ်ရှင်းပစ်ခြင်း
ရွှေထွက်ကြောင်း နာမည်ကျော်ကြားသည့် အလာစကာပြည်နယ်၊ နိုးမ်ရွာရှိ အခန်းငယ်ကလေးတစ်ခုတွင် ကျွန်တော်တို့လေးယောက် စုပြုံနေခဲ့ကြသည်မှာ နှစ်ရက်ရှိသွားပါပြီ။ ၁၈၉၈ ခုနှစ်တွင် ၄၀,၀၀၀ ကျော်သော ရှာဖွေသူများ—ရွှေရလို၍—ဤမြို့သို့ စုရုံးလာခဲ့ကြသည်။ ကျွန်တော်တို့မူကား အခြားဘဏ္ဍာတစ်မျိုးကို ရှာဖွေနေခြင်းဖြစ်သည်။
ထိုအခိုက် ကျွန်တော်တို့ စိတ်ဝင်စားနေကြသည်ကား ဘယ်ရင်ရေလက်ကြား အနောက်ဘက် မိုင် ၂၀၀ အကွာ စိန့်လောရင့်စ်ကျွန်း၊ သီးခြားရပ်နယ်ရှိ ဂဲဘဲနှင့် ဆာဗွန်ဂါရွာသားတို့အထဲမှ “နှစ်သက်ဖွယ်သောအရာ” များ၌ဖြစ်သည်။ (ဟဂ္ဂဲ ၂:၇) ထိုတွင် အင်နူအစ်လူမျိုးသည် အေးစက်သော အာတိတ်ရေပြင်ကို အရဲစွန့် ဖြတ်ကူးပြီး တစ်ချိန်က ဆိုဗီယက်နိုင်ငံမှ မိုင်အနည်းငယ်အကွာအဝေးတွင် ဝေလငါးများကို လိုက်ရှာဖမ်းခဲ့ကြသည်။ ကျွန်တော်တို့မှာမူ ဆီးနှင်းခဲလေတိုက်ပြီး မြူဆိုင်းနေသည့်အတွက် အပြင်မထွက်နိုင်ဘဲ ဖြစ်နေကြပါသည်။ ကျွန်တော်တို့၏ လေယာဉ်ကို ရပ်ထားရသည်။
ဤသို့စောင့်ဆိုင်းနေကြစဉ် လွန်ခဲ့သောနှစ်အနည်းငယ်၏ အဖြစ်အပျက်တို့ကို ပြန်သတိရပြီး လူနေကျဲသော အရပ်ဒေသများတွင် သက်သေခံခြင်းလုပ်ငန်းအပေါ် ယေဟောဝါဘုရားသခင်၏ ကောင်းချီးများကို ကျေးဇူးတင်မိသည်။ အလာစကာပြည်နယ်တွင်—အချို့က ကမ္ဘာ့နောက်ဆုံးနယ်ခြားဟုခေါ်သည့်—လမ်းမဖောက်ထားသည့် စတုရန်းမိုင် ၆၀၀,၀၀၀ ခန့်ရှိ တောတောင်အရပ်၌ ရောက်ခဲသောရပ်ကွက်ပေါင်း ၁၅၀ ကျော်တွင်နေထိုင်သူ တိုင်းရင်းသား ၆၀,၀၀၀ ကျော်ရှိပါသည်။ ကင်းမျှော်စင်အသင်းပိုင် လေယာဉ်ပျံနှင့် ဤသီးခြားရပ်နယ်ရှိ ရွာများ၏ သုံးပုံတစ်ပုံသို့ ရောက်ခဲ့၍ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ထိုတွင် ဟောပြောနှင့်ပြီဖြစ်သည်။—မဿဲ ၂၄:၁၄။
လူနေထိုင်ရာ ဤဝေးလံသောအရပ်များထံ ရောက်ရှိနိုင်ရန် ရက်ပေါင်းများစွာ ဆို့ပိတ်မှိုင်းအုံနေတတ်သည့် တိမ်တိုက်နှင့် မြူများကြား မကြာခဏ လေယာဉ်ဆိုက်ထားရသည်။ ထိုနောက်လည်း အခြားမြူဆိုင်းခြင်းတစ်မျိုးကို ထိုးဖောက်ကြရပါသေးသည်။ ယင်းသည် အဖုံးအကွယ်ကဲ့သို့ ဤသနားကြင်နာ၍ အေးဆေးငြိမ်သက်စွာ နေထိုင်တတ်သူများ၏ စိတ်နှလုံးကို လွှမ်းခြုံထားလေ့ရှိသည်။—၂ ကောရိန္သု ၃:၁၅၊ ၁၆ နှိုင်းယှဉ်။
စိတ်မချမ်းသာစရာ အပြောင်းအလဲ
အလာစကာပြည်နယ်၏ တောရိုင်းဒေသတွင် အင်နူအစ်၊ အလျုနှင့် အင်းဒီယန်းတိုင်းရင်းသားများ နေထိုင်ကြသည်။ ဤလူမျိုးတစ်မျိုးစီတွင် မျိုးရိုးပါ ထုံးစံဓလေ့နှင့် စရိုက်များရှိကြပါသည်။ အာတိတ်ဆောင်းရာသီတွင် အသက်ရှင်ရေးအတွက် အမဲလိုက်ခြင်း၊ ငါးမျှားခြင်းနှင့် ဝေလငါးဖမ်းခြင်း အစရှိသည်တို့ပြုလုပ်ခြင်းဖြင့် နယ်မြေဒေသလိုက် ကုန်စည်တို့ကို အသုံးပြု နေထိုင်တတ်ကြပါသည်။
၁၇၀၀ ပြည့်လွန်နှစ် အလယ်ပိုင်းအချိန်တွင် တိုင်းတစ်ပါးဩဇာအောက် ရောက်ရှိခဲ့သည်။ ရုရှား သားမွေးကုန်သည်များ ရောက်ရှိလာ၍ သားမွေးဝတ်ခြုံပြီး ဖျံဆီအနံ့ထွက်သူများကို သူတို့တွေ့ရှိခဲ့ကြသည်။ ဤလူများသည် နှင်းခဲဖြင့်ဆောက်လုပ်ထားသည့် အစ်ဂလူးတဲအိမ်များတွင်မနေထိုင်ဘဲ မြက်ဖုတ်အိမ်မိုးနှင့် မြေအောက်ဝင်ပေါက်များရှိ နေအိမ်တို့တွင် နေထိုင်ကြသည်။ ကုန်သည်များသည် ဤညင်သာနူးညံ့ ခိုင်မာသောလူများအပေါ် ပြဿနာအမျိုးမျိုး သယ်ဆောင်လာသည်။ ယင်းတို့တွင် ယဉ်ကျေးမှုအသစ်နှင့် ရောဂါအသစ်များပါဝင်၍ ထိုအတွက် အချို့လူမျိုးစုများမှ တစ်ဝက်ခန့် သေကျေပျက်စီးစေခဲ့ကြသည်။ မကြာမီ အရက်သေစာသည် ထိုလူမျိုးကို အကြီးအကျယ် ဒုက္ခရောက်စေခဲ့သည်။ စီးပွားရေးနည်းသစ်ကြောင့် ဝမ်းစာရှာနေထိုင်မှုစနစ်မှ ငွေကိုင်စနစ်သို့ ရောက်ကြရလေသည်။ ယင်းသည် စိတ်မချမ်းသာစရာ အပြောင်းအလဲတစ်ခုဖြစ်သည်ဟု ယနေ့တိုင် ယူမှတ်သူများရှိကြသည်။
ခရစ်ယာန်ဘောင်သာသနာပြုများ ရောက်လာသည့်အခါ အလာစကာ တိုင်းရင်းသားများသည် အခြားပြောင်းလဲမှုတစ်ခု ပြုခဲ့ကြရသည်။ အချို့သူများသည် မိမိတို့၏ မိရိုးဖလာ ဘာသာတရား အပြုအမူများ—လေ၊ ရေခဲ၊ ဝက်ဝံ၊ လင်းယုန် အစရှိသည်တို့၏ နတ်များကို ကိုးကွယ်ခြင်း—ကိုမစွန့်လွှတ်ချင်ဘဲ စွန့်လွှတ်ခဲ့ကြသော်လည်း အခြားသူများမူ အယူအဆများကို ရောနှောပေါင်းစပ်လိုက်ကြရာ ဘာသာတရားရုန်းရင်းခတ်မှုသာ ဖြစ်ပေါ်လာစေသည်။ ယင်းတို့ကြောင့် သူစိမ်းကို မယုံသင်္ကာဖြစ်လေ့ရှိသည်။ အချို့ရွာများတွင် ဧည့်သည်များကို ကြိုဆိုဧည့်ခံမှု မရှိပါ။
ထိုကြောင့် ကျွန်တော်တို့ရှေ့စိန်ခေါ်ချက်ကား ဤကျယ်ဝန်းသော နယ်ခြားတစ်လျှောက်ရှိ တိုင်းရင်းသားများထံသို့ မည်သို့ရောက်ရှိနိုင်မည်နည်းဖြစ်သည်။ ကျွန်တော်တို့အား မယုံသင်္ကာဖြစ်စရာမလိုကြောင်း မည်သို့ပြနိုင်မည်နည်း။ ဖုံးကွယ်ရာကို မည်သို့ပယ်ရှင်းနိုင်မည်နည်း။
သက်သေခံနိုင်ရန် အစောပိုင်းကြိုးစားမှုများ
၁၉၆၀ ပြည့်လွန်နှစ်အစောပိုင်းတွင် ရဲရင့်သော အလာစကာသက်သေခံအချို့သည် ရာသီဥတုဒဏ်—အဟုန်ပြင်းသောလေ၊ သုညအောက် အပူချိန်၊ ဖြူဖွေးနေသည့်ပတ်ဝန်းကျင်အခြေအနေများ—ကိုစွန့်စားပြီး ကိုယ်ပိုင်စက်တစ်လုံးတပ်လေယာဉ်ပျံများဖြင့် မြောက်ပိုင်းကျ ရွာကလေးများထံသွားရောက် ဟောပြောရန် လှည့်လည်ခဲ့ကြသည်။ နောက်ကြောင်းပြန်ကြည့်လျှင် ဤရဲစွမ်းသတ္တိရှိညီအစ်ကိုများသည် အကြီးအကျယ် စွန့်စားခဲ့ကြကြောင်း အသိအမှတ်ပြုရမည်။ စက်ပျက်ခဲ့လျှင် ဘေးအန္တရာယ်ကြုံရဖို့သာရှိသည်။ ချောချောမောမော လေယာဉ်ဆိုက်နိုင်သည့်တိုင် သုညအောက်အပူချိန်ရှိနေရာများတွင် အကူအညီရရှိနိုင်မည့်သူများထံမှအလွန်ဝေးကွာပြီး ခရီးဆက်ဖို့ရန်အသုံးပြုစရာမရှိချေ။ သူတို့အသက်ရှင်ရေးသည် အလွန်ရှားပါးသည့် အစာရေစာနှင့် တည်းခိုရာနေရာအပေါ်မူတည်သည်။ ဆိုးဆိုးဝါးဝါးအခြေအနေမျိုး မဖြစ်ပေါ်ခဲ့သည့်အတွက် ကျေးဇူးတင်စရာပင်။ သို့သော် ဤအန္တရာယ်မျိုး ကြုံကြိုက်နိုင်စရာအကြောင်း ရှိသည်ကိုကား လျစ်လျူရှုမထားနိုင်ပါ။ ယင်းကြောင့် ကင်းမျှော်စင်အသင်း၏ အလာစကာဌာနခွဲရုံးက ဤနည်းကို အသုံးပြုရန် အားမပေးခဲ့ပါ။
လုပ်ငန်းတော် တိုးချဲ့ရေးအတွက် ဖဲယားဘန့်စ်နှင့် မြောက်ဝင်ရိုးစွန်းအသင်းတော်များမှ သစ္စာရှိညီအစ်ကိုများသည် လေကြောင်းခရီးစဉ်ဖြင့် ရောက်ရှိနိုင်သော နိုးမ်၊ ဘာရိုနှင့်ကာ့စဘျူး အစရှိသော ရွာကြီးများတွင် ကြိုးစားလုပ်ဆောင်ကြသည်။ မြောက်ဘက်နှင့် အနောက်ဘက် မိုင် ၄၅၀ ကျော်ရှိ ဤအရပ်ဒေသများသို့ ကိုယ့်စရိတ်နှင့်ကိုယ်သွားကြသည်။ အချို့ဆိုလျှင် နိုးမ်ရွာရှိ စိတ်ဝင်စားသူများနှင့် ကျမ်းစာသင်အံမှုများကျင်းပနိုင်ရန် လပေါင်းများစွာ နေရစ်ခဲ့ကြသည်။ ဘာရိုရွာတွင် အလွန်အေးသော သုညအောက် ၅၀ ဒီဂရီဖယ်ရင်ဟိုက်ရာသီဒဏ်ကို ခံနိုင်ဖို့ရန် တိုက်ခန်းတစ်ခန်း ငှားရမ်းနေထိုင်ခဲ့ကြသည်။ မြေကြီးစွန်းတိုင်အောင် သတင်းကောင်းကို ဟောပြောရမည်ဟူသော ယေရှု၏အမိန့်ကို နာခံခဲ့သော ဤသူတို့သည် နှစ်ပေါင်းများစွာကာလအတွင်း ဒေါ်လာ ၁၅,၀၀၀ ကျော်ကုန်ခံခဲ့ကြပါသည်။—မာကု ၁၃:၁၀။
မမျှော်လင့်ဘဲ အကူအညီရောက်ရှိလာ
ပို၍တသီးတခြားဖြစ်သောရပ်ကွက်များထံ ရောက်ရှိနည်းကို ဆက်ရှာဖွေစူးစမ်းနေစဉ် ယေဟောဝါ လမ်းဖွင့်ပေးတော်မူခဲ့သည်။ အင်ဂျင်စက်နှစ်လုံးတပ် လေယာဉ်တစ်စီးကို ရရှိနိုင်ရန် အကြောင်းပေါ်လာသည်—ကြမ်းတမ်းသော အလာစကာတောင်တန်းခရီးကို ဖြတ်သန်းနိုင်ရန် လိုအပ်နေသည့်အရာပင်ဖြစ်သည်။ အလာစကာပြည်နယ်တွင် ပေ ၁၄,၀၀၀ ကျော်သော တောင်အမြောက်အမြားရှိ၍ နာမည်အကျော်ဆုံး မကင်လီ (ဒီနာလီ) တောင်ထိပ်သည် ပင်လယ်ရေပြင်ထက် အမြင့်ပေ ၂၀,၃၂၀ ရှိပါသည်။
လေယာဉ်ပျံလည်း ရောက်လာသည်။ သို့သော် အဆင်းအရောင် ပျောက်တိပျောက်ကြားနှင့် လေယာဉ်အိုကြီးတစ်စီး လေယာဉ်ဆိပ်တွင် ဆင်းလာသည့်အခါ ကျွန်တော်တို့ အလွန်စိတ်ပျက်သွားကြပါသည်။ ယင်းနှင့် ပျံသန်းသွားနိုင်ပါမည်လော။ ညီအစ်ကိုများ ယင်းနှင့် ဘေးမရှိ ခရီးသွားကြရန် စိတ်ချနိုင်ပါမည်လော။ ဤတွင်တစ်ဖန် ယေဟောဝါ၏လက်တော်သည် မတိုကြောင်း ထင်ရှားပါသည်။ လိုင်စင်ရ စက်ပြင်များ၏ ညွှန်ကြားချက်အတိုင်း ညီအစ်ကို ၂၀၀ ကျော်တို့သည် နာရီထောင်ပေါင်းများစွာ အကုန်ခံ၍ လေယာဉ်တစ်စီးလုံးကို ပြန်မွမ်းမံပြင်ဆင်ကြရန် လုပ်အားပေးခဲ့ကြသည်။
ရလဒ်ကား အလွန်အားရစရာပင်! အမြီးပိုင်းတွင် မှတ်ပုံတင်အမှတ် ၇၁၀WT တံဆိပ်တပ်ဆင်ထားသည့် တောက်ပသော အသစ်ပမာ လေယာဉ်တစ်စီး အလာစကာမိုးကောင်းကင်သို့ ပျံတက်သွားပါသည်! နံပါတ်ခုနစ်နှင့်တစ်ဆယ်တို့သည် ပြည့်ဝစုံလင်ခြင်းကို ပုံဆောင်သည့်အနေနှင့် ကျမ်းစာတွင် အသုံးပြုထားရာ ၇၁၀ သည် အမှောင်တရားဖုံးလွှမ်းခံနေရသောနှလုံးများမှ ဖုံးအုပ်ရာကို ပယ်ရှင်းပစ်ရန် ယေဟောဝါ၏အဖွဲ့အစည်းထံမှလာသော အထောက်အပံ့ကို အလေးအနက်ဖော်ပြသည်ဟု ယူမှတ်နိုင်ကြမည်။
အောက်ဘက် အလူရှန်ကျွန်းတန်းသို့
လေယာဉ်ပျံရောက်လာကတည်းက တောတောင်ဒေသအရပ် မိုင်ပေါင်း ၅၀,၀၀၀ တွင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြော၍ ၅၄ ရွာကျော်တွင် ကျမ်းစာစာပေများကို ဝေငှနိုင်ခဲ့ပြီ။ ယင်းကား အမေရိကန်ပြည်ထောင်စုကုန်းတွင်းပိုင်းကို ၁၉ ကြိမ်တိုင် ဖြတ်သန်းသွားခြင်းနှင့် ညီမျှပါသည်။
ဘယ်ရင်ပင်လယ်နှင့် ပစိဖိတ်သမုဒ္ဒရာကြားရှိ မိုင်တစ်ထောင်ရှည် အလူရှန်ကျွန်းများတစ်လျှောက်သို့ သုံးကြိမ်တိုင်ရောက်သွားခဲ့ပါပြီ။ ဤကျွန်းတန်းအဝင်ဖြစ် သစ်ပင်မဲ့ကျွန်း ၂၀၀ ကျော်တွင် အလျုတိုင်းရင်းသားများသာမက ထောင်ပေါင်းများစွာသောပင်လယ်ငှက်များ၊ ထိပ်ပြောင် လင်းယုန်များနှင့် ခေါင်းဖြူ၊ အတောင်ပံ အဖြူအမဲနှင့် ဧကရာဇ်ဘဲငန်းများ နေထိုင်ကြပါသည်။
သို့ရာတွင် ရှုမောဖွယ်ကျက်သရေရှိ ဤအရပ်ဒေသတွင် အန္တရာယ်များလည်း ပေါပါသည်။ ပင်လယ်ပေါ် ပျံသန်းသွားစဉ် ၁၀ ပေ မှ ၁၅ ပေအထိမြင့်သော လှိုင်းခေါင်းဖြူများသည် အမြှုပ်ထသော အေးစိမ့်သည့်ရေပေါ်တွင်တွေ့ရှိရသည်။ ထိုရေသည် အေးလွန်းသဖြင့် နွေရာသီ၌ပင် ၁၀ မိနစ်မှ ၁၅ မိနစ်အထိသာ ခံနိုင်မည်ဖြစ်သည်။ မဖြစ်မနေ လေယာဉ်ဆိုက်စရာအကြောင်း ပေါ်ပါက လေယာဉ်မှူးသည် ကျောက်ဆောင်ပေါသောကျွန်း သို့မဟုတ် အေးစက်လွန်း၍ သေစေနိုင်သော ပင်လယ်ကို ရွေးဆင်းဖို့သာရှိသည်။ အေနှင့်အီး (လေယာဉ်နှင့် စက်များ) လက်မှတ်ရ ကျွမ်းကျင်စက်ပြင်များဖြစ်သော ကျွန်တော်တို့ညီအစ်ကိုများ လေယာဉ်ပျံကို အထူးကောင်းမွန်အောင် ပြုပြင်မွမ်းမံ လုပ်အားပေးခဲ့သည့်အတွက် ကျေးဇူးတင်မဆုံးပါ!
ခရီးစဉ်တစ်ခုတွင် ကျွန်တော်တို့သည် ဒပ်ချ်ဟားဗားနှင့် အနာလာစကတံငါရွာသို့ဦးတည်နေကြသည်။ ထိုအရပ်တွင် လေတိုက်နှုန်းသည် ၇၀ မှ ၁၀၀ မိုင်နှုန်းအထိရှိသည်ကို အများသိဖြစ်သည်။ ကျွန်တော်တို့ရောက်သွားသောနေ့တွင် လေအတော်ငြိမ်သော်လည်း အကြိမ်ကြိမ်မအီမသာဖြစ်ရသည်အထိ လေတိုက်ကြမ်းခဲ့သည်။ လေယာဉ်ပြေးလမ်း—ကျောက်ဆောင်ဘေးကို ထွင်းရုံထွင်း၍ လမ်းဖော်ထားခြင်းမျှသာ—ကိုမြင်ရသောအခါ ထိတ်လန့်ခဲ့ရသည်! လေယာဉ်ပြေးလမ်းတစ်ဖက်တွင် မတ်စောက်သောကျောက်ဆောင်ရှိ၍ အခြားတစ်ဖက်တွင်မူ အေးစက်သော ဘယ်ရင်ပင်လယ်ရှိသည်! စိုစွတ်သောလေယာဉ်ပြေးလမ်းပေါ် ဆင်းသက်ခဲ့ကြရသည်။ ထိုနေရာတွင် တစ်နှစ်လျှင် ရက်ပေါင်း ၂၀၀ ကျော် မိုးရွာလေ့ရှိသည်။
ဒေသခံတို့နှင့်အတူ ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့် ရည်ရွယ်တော်မူချက်အကြောင်း ဆွေးနွေးတင်ပြ ရခြင်းသည် တကယ်ပျော်ရွှင်စရာပင်! သက်ကြီးရွယ်အိုများစွာတို့ကလည်း စစ်မဲ့ကမ္ဘာ မျှော်လင့်နိုင်ခြင်းကို ကျေးဇူးတင်လေးစားကြသည်။ ဒုတိယကမ္ဘာစစ်အတွင်း ဒပ်ချ်ဟားဗားကို ဂျပန်များ ဗုံးကြဲခဲ့ခြင်းအား မမေ့နိုင်ကြသေးပါ။ ဤသို့သော သက်သေခံခရီးစဉ်များကို ကျွန်တော်တို့လည်း မမေ့နိုင်ကြပါ။
တဖြည်းဖြည်း နွေးထွေးလာခြင်း
ရာသီဥတုကို ပြန်စစ်ဆေးကြည့်သောအခါ တဖြည်းဖြည်းနွေးလာသည်ကို တွေ့ရှိရသည်။ ယင်းက ကျွန်တော်တို့၏ လူနေကျဲသောအရပ်ရှိလုပ်ငန်းကို သတိရလာစေသည်။ လူတို့၏နှလုံးသည် ဖြည်းဖြည်းနှင့် မှန်မှန်နွေးထွေးမှုပြလာသည်ကို တွေ့ရှိရသည်။
သူစိမ်းများအား မယုံသင်္ကာမှု ဖုံးလွှမ်းခြင်းကိုဖယ်ရှားနိုင်ရန် အချိန်အတန်ကြာ ယူခဲ့ရသည်။ အစောပိုင်းကျွန်ုပ်တို့၏ကြိုးစားမှုများတွင် ရွာမှ ချာ့ချ်ခေါင်းဆောင်များသည် ကျွန်တော်တို့လေယာဉ်ဆိုက်သည်နှင့် ရောက်ရှိလာသည့် ရည်ရွယ်ချက်ကို မေးမြန်းပြီး ချက်ချင်းထွက်ခွာကြရန် ပြောဆိုလေ့ရှိသည်။ ဤသို့ကြိုဆိုခံရသည့်အချိန်များမှာ အမှန်စိတ်ဓာတ်ကျစရာဖြစ်ခဲ့ပါသည်။ သို့သော် မဿဲ ၁၀:၁၆ ပါ ယေရှု၏သြဝါဒကို ကျွန်တော်တို့သတိရကြသည်– “သင်တို့သည် မြွေကဲ့သို့ လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက်ရှိကြလော့။” သို့နှင့် ထိုနေရာများသို့ ပြန်သွားသည့်အခါ သူတို့အတွက် ရှားပါးပစ္စည်းများဖြစ်သည့် လတ်ဆတ်သောဆလတ်ရွက်၊ ခရမ်းချဉ်သီး၊ သခွားမွှေးသီးနှင့် အခြားအရာများကို လေယာဉ်နှင့်သယ်ဆောင်သွားပါသည်။ ထိုအခါ တစ်ချိန်က စိမ်းကားသောရပ်ကွက်သူရပ်ကွက်သားများသည် ကျွန်တော်တို့၏ကုန်စည်စလည်ကို ယခုတွေ့ကြ၍ အားရဝမ်းသာစွာ ကြိုဆိုကြပါသည်။
ညီအစ်ကိုတစ်ဦးသည် လတ်ဆတ်သောကုန်စိမ်း “ဆိုင်” ထိုင်၍ ယင်းတို့အတွက် အလှူငွေလက်ခံယူစဉ် အခြားသူများသည် တစ်အိမ်မှတစ်အိမ်သွားပြီး လတ်ဆတ်သောကုန်ပစ္စည်းများ ပါလာကြောင်း သတင်းပို့ပါသည်။ အိမ်ပေါက်ဝတွင် သူတို့ ဤသို့မေးမြန်းကြသေးသည်– “ဒါနဲ့၊ စကားမစပ်၊ ခင်ဗျားတို့ ကျမ်းစာဖတ်ကြတယ်မဟုတ်လား။ ဘုရားသခင်ဟာ ကျွန်တော်တို့ကို ပရဒိသုဘုံပေးမယ်လို့ ကတိထားတဲ့ ဒီကျမ်းစာလေ့လာဖို့အတွက် အကူအညီစာအုပ်ကို ဖတ်ချင်မှာပဲ။” ဤသို့သော ဆွဲဆောင်မှုရှိကမ်းလှမ်းစကားကို မည်သူငြင်းဆန်နိုင်မည်နည်း။ ကာယနှင့် ဝိညာဏအစာကိုပါ လူတိုင်း ဝမ်းသာအားရ လက်ခံကြပါသည်။ ကောင်းစွာကြိုဆိုကြပြီး စာပေအမြောက်အမြားဝေငှနိုင်ခဲ့၍ နှလုံးနွေးထွေးလာသူများကို တွေ့ရှိလာပါသည်။
နယ်စပ်ကို ကျော်၍ ကူးသွားကြ
ဝေးလံသော အနောက်မြောက်ပိုင်းရှိရပ်ကွက်အချို့တွင် လာကူညီပေးပါရန် ကနေဒါနိုင်ငံသို့ “ကူး” လာဖို့ ယူကောန်အရပ်ဒေသရှိ ဝိုက်ဟော့အသင်းတော်မှ “မာကေဒေါနိ” ဖိတ်ခေါ်ချက်ကို ရရှိပါသည်။ (တမန်တော် ၁၆:၉) သို့ဖြစ်၍ အာတိတ်စက်ဝန်း မြောက်ဘက်၊ ဘရူးဖွတ်ပင်လယ်၊ မက္ကန်ဇီအော်အနီး တုခ်တိုရာခ်တုခ်ရွာသို့ ခရီးထွက်စဉ် လေယာဉ်ပေါ် ကျွန်တော်တို့ငါးဦးပါလာပါသည်။
‘ဒီထူးဆန်းတဲ့နာမည်ကို ဘယ်လိုအသံထွက်ရမလဲ’ ဟု ထိုအရပ်သို့ရောက်သွားသည့်အခါ ကျွန်ုပ်တို့ စဉ်းစားနေကြပါသည်။
“တုခ်” ဟူ၍သာဆိုပါဟု ပြုံးရွှင်သော မျက်နှာထားဖြင့် လူငယ်တစ်ဦး ဖြေဆိုပေးပါသည်။
“ဟုတ်သားပဲ” ဟုအချင်းချင်း ပြောကြသည်။
တုခ်တိုရာခ်တုခ်ရွာသားများသည် ကျမ်းစာနှင့်အကျွမ်းတဝင်ရှိသူများဖြစ်သည်ကို တွေ့ရှိ၍ အံ့အားသင့်ခဲ့ရသည်။ ယင်းကြောင့်လည်း ရင်းနှီးခင်မင်စွာဖြင့် ဆွေးနွေးနိုင်ခဲ့ပြီး စာပေအမြောက်အမြား ဝေငှနိုင်ခဲ့ပါသည်။ ကျွန်တော်တို့အဝင် ရှေ့ဆောင်လူငယ်တစ်ဦးသည် အိမ်ရှင်တစ်ယောက်နှင့် အသိဉာဏ်ပွင့်လင်းစေသော စကားလက်ဆုံပြောဆိုခဲ့ပါသည်။
အိမ်ရှင်က “ကျွန်တော်ကတော့ အင်္ဂလီကန်ဘာသာဝင်ပါ!” ဟု ပြောသည်။
“အင်္ဂလီကန်ဘာသာက လိင်တူဆက်ဆံခြင်းကို ခွင့်ပြုထားတာ သိလား” ဟုရှေ့ဆောင်ဖြစ်သူမေးပါသည်။
“ဟုတ်လား” ဟုထိုအိမ်ရှင်ပြောပြီးနောက် “အဲ့ဒီလိုဆိုရင် ငါအင်္ဂလီကန်ဘာသာဝင် မဟုတ်တော့ဘူး” ဟုဆိုသည်။ သမ္မာကျမ်းစာမှ သတင်းကောင်းကို နှလုံးဖွင့်လက်ခံသူ နောက်တစ်ဦးရမည်ဟု မျှော်လင့်နိုင်ပါသည်။—ဧဖက် ၁:၁၈။
ထိုဒေသရှိ အိမ်တိုင်းထံသို့ ကျွန်တော်တို့ ရောက်ချင်စိတ်စောခြင်းသည် သက်ကြီးရွယ်အိုတစ်ဦးအား စွဲမှတ်စရာဖြစ်ခဲ့ပါသည်။ ပုံမှန်အတိုင်းဆိုလျှင် ခြေလျင်ခရီးဖြင့် အမှုဆောင်ရွက်ကြရပါမည်။ အများအားဖြင့်ဆိုလျှင် လေဆိပ်မှ ရွာသို့အရောက် တစ်မိုင်ကျော်ကျော် လျှောက်ကြရသည်။ ထို့နောက် အိမ်တိုင်းထံသို့ရောက်ဖို့အတွက် ကျောက်စရစ်ခဲခင်းသော၊ သို့မဟုတ် ရွှံ့များသောလမ်းပေါ် ကြိုးစားပမ်းစားလျှောက်ကြရသည်။ ထိုသက်ကြီးရွယ်အိုသည် သူ၏ပစ်ကပ်ထရပ်ကားကိုငှားပေးခဲ့သည့်အတွက် တကယ့်ကောင်းချီးတစ်ရပ်ဖြစ်ပေသည်! နယ်စပ်ကိုကူးပြီး ကနေဒါနိုင်ငံဘက်သို့ သွားကူညီပေးခဲ့ရခြင်းသည် အခွင့်ထူးတစ်ရပ်ဖြစ်သည်။
အကျိုးနပ်သလော
ရာသီဥတုဆိုးရွား၍ သောင်တင်သည့်အခါ သို့မဟုတ် ယခုကဲ့သို့ ရက်အကန့်အသတ်မရှိ နှောင့်နှေးခံရသည့်အခါ၊ သို့မဟုတ် တစ်နေ့လုံး သက်သေခံခဲ့သော်လည်း စိတ်မဝင်စားသူ၊ အတိုက်အခံပြုသူများနှင့်သာ တွေ့ဆုံရသည့်အခါ ကျွန်တော်တို့ အကုန်ခံသောအချိန်၊ ခွန်အားနှင့် ကုန်ကျမှုများသည် အကျိုးရှိပါသလောဟု စတင်စဉ်းစားမိပါသည်။ စိတ်ဝင်စားပုံပေါက်ပြီး စာနှင့် အဆက်အသွယ်လုပ်မည်ဟု ကတိပြုသော်လည်း စာမပြန်သူများကို သတိရပါသည်။ သို့သော် ထိုတိုင်းရင်းသားအများစုသည် စာရေးသားသည့်ထုံးစံမရှိကြောင်းကို သတိရမိပါသည်။ ခင်မင်မှုပြခြင်းကို သမ္မာတရား၌ စိတ်ဝင်စားသည်ဟူ၍လည်း လွယ်ကူစွာ အထင်မှားသွားနိုင်ပါသေးသည်။ တစ်ခါတစ်ရံ အောင်မြင်မှုရမရ အကဲမခတ်နိုင်ဘဲ ဖြစ်ကြရသည်။
သို့သော် ဘုရားသခင့်နိုင်ငံတော်သတင်းကြေညာသူချင်းတို့၏ တွေ့ကြုံမှုကောင်းများကို ပြန်သတိရသည့်အခါ ဤအပြုသဘောမပါသော အတွေးအခေါ်များ ချက်ချင်းပျောက်လွင့်သွားပြန်သည်။ ဥပမာ၊ ဖဲယားဘန့်စ်မြို့မှ သက်သေခံတစ်ဦးသည် ဝေးလံသော မြောက်ဘက်အရပ်ရှိ ဘာရိုရွာတွင် ဟောပြောသက်သေခံခဲ့သည်။ ထိုတွင် ကာလီဖိုးနီးယားကောလိပ်ပိတ်စဉ် အိမ်အလည်ပြန်ရောက်နေသော ဆယ်ကျော်သက်အမျိုးသမီးငယ်တစ်ဦးကို တွေ့ဆုံခဲ့သည်။ ညီအစ်မသည် စာအားဖြင့် စိတ်ဝင်စားမှုကို မပျောက်စေဘဲ ကောလိပ်ပြန်တက်သည့်နောက်ပင်လျှင် ထိုအမျိုးသမီးကို ဆက်အားပေးခဲ့သည်။ ယနေ့ ထိုအမျိုးသမီးငယ်သည် ပျော်ရွှင်သော၊ နှစ်ခြင်းယူပြီးသည့် ယေဟောဝါ၏ကျေးကျွန်တစ်ယောက် ဖြစ်နေပါပြီ။
တံခါးခေါက်သံတစ်ခုက ကျွန်တော့်အတွေးကို ပျက်စေခဲ့သော်လည်း အကျိုးရှိကြောင်း နောက်သာဓကတစ်ခု ပင်ဖြစ်သည်။ တံခါးပေါက်တွင် နိုးမ်ရွာနေ အင်နူအစ်အမျိုးမှ လောလောဆယ်အချိန်တွင် ဆက်ကပ်အပ်နှံနှစ်ခြင်းခံပြီးသည့်သက်သေခံတစ်ဦးတည်းဖြစ်သူ အဲလ်မာ ရပ်နေပါသည်။
“အမှုဆောင်ထွက်နိုင်မယ်ဆိုရင် ကျွန်တော်လည်း လိုက်ပါရစေ” ဟုသူလာပြောသည်။ အနီးဆုံးအသင်းတော်မှ မိုင် ၅၀၀ ကျော်ဝေးသည့် သီးခြားရပ်ကွက်တွင်နေထိုင်သော်လည်း အခွင့်အရေးကြုံခိုက် ညီအစ်ကိုများနှင့်အတူ သူအမှုဆောင်ထွက်လိုပါသည်။
တိမ်များကြားမှ နေရောင်ထိုးဖောက်လာ၍ မကြာမီ ထွက်ခွင့်ရတော့မည်ဖြစ်ကြောင်း စိတ်ချနိုင်ပြီ။ လေယာဉ်ပေါ်တက်စဉ် အဲလ်မာ၏ဝမ်းသာရွှင်လန်းသောမျက်နှာထားက ကျွန်တော်တို့ကို နွေးထွေးစေခဲ့သည်။ ထိုနေ့ရက်သည် အဲလ်မာအတွက် အထူးနေ့ရက်တစ်ရက်ဖြစ်သည်။ ကျွန်တော်တို့သွားမည့်ရွာတွင် သူ၏ အင်နူအစ်လူမျိုးတို့အား ဟောပြောသက်သေခံ၍ ကမ္ဘာ့နောက်ဆုံးနယ်ခြားတွင် နေထိုင်သူများ၏နှလုံးမှ ဖုံးအုပ်ရာကို ပယ်ရှင်းပစ်ရန် ကျွန်တော်တို့နှင့်အတူ ကြိုးစားလုပ်ဆောင်ရန်သူလိုက်မည်ဖြစ်သည်။—ရေးသားပေးပို့သည်။
[စာမျက်နှာ ၂၃ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
၁. ဂဲဘဲရွာ
၂. ဆာဗွန်ဂါရွာ
၃. နိုးမ်ရွာ
၄. ကာ့စဘျူးရွာ
၅. ဘာရိုရွာ
၆. တုခ်တိုရာခ်တုခ်ရွာ
၇. ဖဲယားဘန့်စ်မြို့
၈. အင်ချရင့်ချိမြို့
၉. အနာလာစကရွာ
၁၀. ဒပ်ချ်ဟားဗား
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
သီးခြားရပ်ကွက်များထံ ရောက်နိုင်ရန် အလာစကာပြည်နယ်ရှိ တောင်တန်းများစွာမှ တစ်ခုခုကို အများအားဖြင့် ဖြတ်သန်းသွားရပါသည်
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
ဘက်တီ ဟောစ်၊ စိုဖီ မီဇာ့ခ်နှင့် ကယ်ရီ တီပဲလ်တို့၏ အချိန်ပြည့်လုပ်ငန်းတော် စုပေါင်းသက်တမ်းမှာ ၃၀ နှစ်ကျော်ပြီ