ယုံကြည်စိတ်ချလောက်သော လမ်းပြမှုကို သင်အဘယ်မှာ ရှာတွေ့နိုင်မည်နည်း
“အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ] လူသည် မိမိသွားရာလမ်းကို အစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်သည်ကို အကျွန်ုပ် သိပါ၏။ အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ] အကျွန်ုပ်ကို ဆုံးမတော်မူ” ပါ။—ယေရမိ ၁၀:၂၃၊ ၂၄။
ထိုစကားများကို လွန်ခဲ့သော ၂၅ ရာစုက ကျမ်းရေးသူ ယေရမိရေးသားခဲ့သည်။ လူ့လမ်းပြမှုကို နှစ်ထောင်ပေါင်းများစွာ လိုက်လျှောက်ခဲ့၍ လူသားများ ကြုံတွေ့နေရသည့် ဝမ်းနည်းဖွယ်အခြေအနေက အဆိုပါစကားများ မလွဲဧကန် မှန်ကန်ကြောင်း သက်သေထူသည်။ သို့သော် အသင်မေးလိုမည်မှာ ‘ယုံကြည်စိတ်ချလောက်သော လမ်းပြမှုကို အဘယ်မှာ ရှာတွေ့နိုင်မည်နည်း’ ဟူ၍ဖြစ်မည်။
အထက်တွင် ကိုးကားဖော်ပြထားသောကျမ်းချက်က လူထက် သာလွန်ထူးချွန်သော ယုံကြည်စိတ်ချလောက်သည့် လမ်းပြညွှန်ကြားမှု၏ ဇာစ်မြစ်—လူ့ဖန်ဆင်းရှင်၊ ယေဟောဝါဘုရားသခင်ကို ဖော်ညွှန်းထားသည်။ လူ၏တည်ဆောက်ပုံ၊ လူ၏လိုအင်ဆန္ဒများကို ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ထက် သိကျွမ်းနိုင်သူ မည်သူမျှမရှိပါ။ သို့ဖြစ်သော်လည်း ဤသို့သော လမ်းပြညွှန်ကြားမှုကို ကျွန်ုပ်တို့အား ဘုရားသခင် ပေးလိုပါသလော။ မည်သို့ ပေးတော်မူမည်နည်း။ ကျွန်ုပ်တို့ခေတ်တွင် လက်တွေ့ကျပါမည်လော။
မြင့်မြတ်သော လမ်းပြမှုကို ခံယူနိုင်ရန် ဖန်တီးထား
လူနှင့်တိရစ္ဆာန်၏ အဓိကခြားနားချက်မှာ လူ့ဦးနှောက် တည်ဆောက်ပုံ၊ ယင်း၏အစွမ်းအစနှင့် ဆောင်ရွက်ပုံပေါ်ဖြစ်ကြောင်း လူအများသိပါသည်။ တိရစ္ဆာန်များတွင် ဦးနှောက်ဆိုင်ရာလုပ်ဆောင်မှု အားလုံးနီးပါးကို ပင်ကိုယ်ဉာဏ်ဟု ခေါ်ဆိုကြသည့်အရာတွင် ထည့်သွင်းစီစဉ်ထားပြီးဖြစ်သည်။ လူနှင့်စပ်လျဉ်း၍မူကား ယင်းသို့မဟုတ်ချေ။—သု. ၃၀:၂၄-၂၈။
တိရစ္ဆာန်ဦးနှောက်နှင့်မတူဘဲ လူ့ဦးနှောက်၏များသောအပိုင်းမူကား ကြို၍ထည့်သွင်းစီစဉ်ထားသည့် ဥပဒေစုများ မရှိပါ။ ပြုလိုစိတ်လွတ်အစွမ်းသတ္တိဖြင့် လူကို ဘုရားသခင် ဖန်ဆင်းထားသောကြောင့် အသိဉာဏ်ရှိရှိ ဆုံးဖြတ်နိုင်စေသည်။ ထို့ပြင် ချစ်ခြင်း၊ ရက်ရောပျူငှာခြင်း၊ ကိုယ်ကျိုးမရှာခြင်း၊ တရားမျှတခြင်း၊ ဉာဏ်ပညာ အစရှိသည့် ထူးကဲသောအရည်အချင်းများကို တင်ပြနိုင်ပါသည်။
ဤသို့သော စိတ်သတ္တိများထည့်သွင်းဖန်ဆင်းထားပြီးနောက် ယင်းတို့ကို မည်သို့အကောင်းဆုံး အသုံးပြုနိုင်ကြောင်း ဘုရားသခင် မညွှန်ကြားဘဲနေမည်ဟု ယူမှတ်သင့်ပါသလော။ ပထမလူမောင်နှံစုံအား ဘုရားသခင်ကိုယ်တော်တိုင် ညွှန်ကြားတော်မူခဲ့သည်။ (ကမ္ဘာဦး ၂:၁၅-၁၇၊ ၁၉; ၃:၈၊ ၉) လူသည် ပြစ်မှားပြီးနောက်တွင်ပင် သစ္စာရှိ အမျိုးသား၊ အမျိုးသမီးများအား ယေဟောဝါသည် ကိုယ်တော်၏ မှုတ်သွင်းခံ နှုတ်ကပါဌ်တော်၊ သမ္မာကျမ်းစာမှတစ်ဆင့် ဆက်လက်ညွှန်ကြားတော်မူကြောင်း ထင်ရှားပါသည်။ (ဆာလံ ၁၁၉:၁၀၅) ယင်းကြောင့်လည်း လူတို့သည် ပြုလိုစိတ်လွတ်ကို ပညာရှိရှိ အသုံးပြုကြစဉ် နေ့စဉ်နှင့်အမျှ ရင်ဆိုင်ကြရသော ဘဝပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ကြပြီ။
သမ္မာကျမ်းစာ၏ မြင့်မြတ်သောကလောင်ရှင်
အဘယ်အရာက သမ္မာကျမ်းစာအား ယုံကြည်စိတ်ချလောက်သော လမ်းပြညွှန်ကြားမှုတစ်ခုဖြစ်စေသနည်း။ အကြောင်းတစ်ခုကား၊ ဖန်ဆင်းရှင်သာဖော်ပြနိုင်သော အချက်အလက်များကို တင်ပြထားသောကြောင့်ဖြစ်သည်။ လူ့အသက် မပေါ်မရှိမီ နှစ်ပရိစ္ဆေဒပေါင်းများစွာက အဖြစ်အပျက်သမိုင်းကို သမ္မာကျမ်းစာက အကြမ်းဖျင်း ဖော်ပြပါသည်။ ဥပမာ၊ လူအသက်ရှင်တည်တံ့နိုင်ရေးအတွက် ကမ္ဘာမြေကြီးသည် အသင့်တော်ဆုံးအခြေအနေသို့ ရောက်ရှိလာနိုင်ရန် မည်သို့အဆင့်ဆင့်ပြင်ဆင်ပေးခဲ့ကြောင်းရာဇဝင်ကို ယင်းကဖော်ပြသည်။ (ကမ္ဘာဦး၊ အခန်းကြီး ၁၊ ၂) ယင်းကို သမ္မာကျမ်းစာတွင် လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ ကျော်ကာလက မှတ်တမ်းတင်ခဲ့သော်လည်း ယခုခေတ်သိပ္ပံပညာရပ်အတွေးအခေါ်များနှင့် ကိုက်ညီနေပါသည်။
ကမ္ဘာလုံးသည့်အကြောင်းကို လူအများစု လက်မခံနိုင်မီ ရှေးအချိန်ကတည်းက သမ္မာကျမ်းစာ ဤသို့ဆိုသည်– “မိုးကောင်းကင်ကို လွတ်လပ်လဟာ၌ ကြက်တော်မူ၏။ မြေကြီးကို အခုအခံမရှိ ဆွဲထားတော်မူ၏။” (ယောဘ ၂၆:၇) ထို့ပြင် “မြေကြီးစက်အပေါ်မှာထိုင်၍ မြေကြီးသားတို့ကို နှံကောင်ကဲ့သို့ မှတ်တော်မူ” ကြောင်း သမ္မာကျမ်းစာ ဖော်ပြသေးသည်။ (ဟေရှာယ ၄၀:၂၂) ဖန်ဆင်းရှင် ဘုရားသခင်သာလျှင် ဤအသေးစိတ်အချက်အလက်ကို ဖော်ပြနိုင်တော်မူမည်။
ဖြစ်လတ္တံ့သောအမှုအရာတို့ကို ကြိုသိမြင်နိုင်စွမ်း လူအား ပေးထားတော်မမူချေ။ ယင်းအစား ဖန်ဆင်းရှင်က သမ္မာကျမ်းစာမှတစ်ဆင့် အနာဂတ်ကို ကြိုတင်ဖော်ပြတော်မူသည်။ ဘုရားသခင်အကြောင်းကို ဤသို့မှတ်တမ်းတင်ရန် ပရောဖက်ဟေရှာယအား ကိုယ်တော်မှုတ်သွင်းတော်မူသည်– “ငါသည် ဘုရားသခင်ဖြစ်၏။ ငါမှတစ်ပါး အခြားသောဘုရားမရှိ။ အဦးမှစ၍ အဆုံးတိုင်အောင်လည်းကောင်း၊ ရှေးကာလမှစ၍ မဖြစ်သေးသောအမှုအရာတို့ကိုလည်းကောင်း ဖော်ပြလျက် ငါ့အကြံ တည်လိမ့်မည်။”—ဟေရှာယ ၄၆:၉၊ ၁၀။
အစကတည်းက နောက်ဆုံးဖြစ်ရမည့်အမှုကို အံ့ဖွယ်ကောင်းလောက်အောင် တိကျမှန်ကန်စွာ သမ္မာကျမ်းစာ ဖော်ပြနိုင်ကြောင်း ထင်ရှားခဲ့ပြီ။ ဥပမာ၊ နှစ်ပေါင်းထောင်ချီ လူ့သမိုင်းတစ်လျှောက်တွင် အဓိကကမ္ဘာ့အာဏာစက်များ နန်းတင်၊ နန်းချခံရ၍ ယင်း၏ထူးခြားသောလက္ခဏာများကို ကြိုတင်ဖော်ပြထားပါသည်။ ဤထူးခြားသောပရောဖက်ပြုချက်များကို ယင်းတို့မပြည့်စုံမီ၊ အချို့ဆိုလျှင် နှစ်ပေါင်းထောင်ချီ ကြိုတင်၍ မှတ်တမ်းတင် ရေးသားခဲ့ပါသည်။ ဤနည်းဖြင့် မျက်မှောက်ခေတ် အဖြစ်အပျက်များကိုသာမက ယင်းတို့၏ နိဂုံးတွင်ဖြစ်ပေါ်မည့်အကျိုးဆက်ကိုပါ သမ္မာကျမ်းစာသည် အတိအကျ ကြိုတင်ဖော်ပြပါသည်။ “အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏ နေ့ကြီး” အာမဂေဒုန်စစ်ပွဲတွင် မစုံလင်သောလူ့အုပ်ချုပ်မှုများ ပျက်သုဉ်းသည့်အခါ လွတ်မြောက်ရာလမ်းကို ဖော်ပြပေးသည့်အတွက်လည်း သမ္မာကျမ်းစာသည် ပြိုင်ဘက်ကင်းသောစာစောင်ဖြစ်ပါသည်။ ထိုကြီးမားသောအမှုကို ဘုရားသခင့်သားတော် ယေရှုခရစ် အစိုးရသည့် နိုင်ငံတော်က ပြီးမြောက်အောင်ဆောင်ရွက်လိမ့်မည်တည်း။—ဗျာဒိတ် ၁၆:၁၄၊ ၁၆; ၁၇:၉-၁၈; ဒံယေလ အခန်းကြီး ၂၊ ၈။
အစဉ်အကျိုးပြု—ထိခိုက်နစ်နာစရာ လုံးဝမရှိ
လူ့ဉာဏ်ပညာသက်သက်သည် မစုံလင်; ထို့ကြောင့် လူ့အကြံပေးချက်တို့သည် စိတ်ရင်းမှန်ဖြင့် ပေးသည့်တိုင် အစဉ်အကျိုးပြုသည်ကားမဟုတ်ပါ။ သမ္မာကျမ်းစာ၏ ဩဝါဒမူကား ထိုသို့မဟုတ်ချေ။ ဘုရားသခင်ကိုယ်တော်တိုင် ဤသို့မိန့်တော်မူသည်– “ငါသည် သင်၏အကျိုးနှင့်ယှဉ်သောအရာကို သွန်သင်၍ သင်သွားအပ်သောလမ်းဖြင့် ပို့ဆောင်သော သင်၏ဘုရားသခင် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ဖြစ်၏။ သင်သည် ငါ၏ပညတ်တို့ကို စောင့်ရှောက်ပါစေသော။ သို့ပြုလျှင် သင်၏ချမ်းသာသည် မြစ်ကဲ့သို့လည်းကောင်း၊ သင်၏ဖြောင့်မတ်ခြင်းပါရမီသည် သမုဒ္ဒရာ လှိုင်းတံပိုးကဲ့သို့လည်းကောင်း ဖြစ်ရလိမ့်မည်။”—ဟေရှာယ ၄၈:၁၇၊ ၁၈။
ဘဝတွင် မြင့်မားသောစံချိန်ကို စွဲမြဲစွာ ဦးစားပေး၍ လိုက်လျှောက်ရန် မြင့်မြတ်သောလမ်းပြညွှန်ကြားမှုက အထောက်အကူပြုသည်။ ယခုခေတ်လူ့အဖွဲ့အစည်းသည် ရုပ်ပိုင်းဆိုင်ရာ အောင်မြင်မှုများနှင့် ပန်းတိုင်များကို ဦးစားထားတတ်သော်လည်း သမ္မာကျမ်းစာက “မျက်မှောက်၌ထင်ရှားသောအရာတို့သည် ခဏသာတည်၍ မထင်ရှားသောအရာတို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည်ထောက်လျက် ထင်ရှားသောအရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်” ခြင်းသည် ပိုတန်ဖိုးရှိကြောင်း အလေးအနက်ဖော်ပြပါသည်။ (၂ ကောရိန္သု ၄:၁၇၊ ၁၈) ဤနည်းအားဖြင့် ဘဝတွင် အမွန်မြတ်ဆုံးပန်းတိုင်များဖြစ်သော ဘုရားသခင့်အလိုတော် ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်းသည့် ဝိညာဏပန်းတိုင်များ၊ ဖြောင့်မတ်သော အစီအစဉ်သစ်တွင် ထာဝရအသက်ရခြင်းတည်းဟူသော နောက်ဆုံးပန်းတိုင်ကို ထားရှိကြရန် ကျွန်ုပ်တို့အား တိုက်တွန်းထားပါသည်။
ဤမြင့်မားသောပန်းတိုင်များသို့ ရောက်နိုင်ရန် ခရစ်ယာန်တစ်ဦး ကြိုးစားအားထုတ်ရာတွင် ဤဆိုးသွမ်းသောအစီအစဉ်၌ အကောင်းဆုံးဘဝအသက်တာလမ်းစဉ်အတိုင်း အသက်ရှင်နေထိုင်နိုင်ရန် သမ္မာကျမ်းစာသြဝါဒများက အထောက်အကူပြုပါသည်။ မျက်မှောက်ခေတ် လူ့ဉာဏ်ပညာအရ အလုပ်နှင့်ပတ်သက်လျှင် နည်းနည်းလုပ် များများရခြင်းကို အားပေးအားမြှောက် ပြုတတ်ပါသည်။ သမ္မာကျမ်းစာမူကား “ပျင်းရိသောသူသည် ဆင်းရဲခြင်း၊ လုံ့လဝီရိယရှိသောသူသည် ကြွယ်ဝခြင်းသို့ ရောက်တတ်၏” ဟုဆိုသည်။ ဟေဗြဲခရစ်ယာန်များထံ တမန်တော်ပေါလု ဤသို့ရေးသားသည်– “ငါတို့သည် ကိုယ့်ကိုကိုယ်သိသောစိတ်ကြည်လင်လျက် အရာရာတို့၌ ကောင်းမွန်စွာကျင့်နေခြင်းငှာ အလိုရှိသောသူ ဖြစ်သည်။”—သု. ၁၀:၄; ဟေဗြဲ ၁၃:၁၈။
မိသားစုအစီအစဉ်နှင့်စပ်လျဉ်း၍လည်း သမ္မာကျမ်းစာသည် လက်တွေ့ကျ ဩဝါဒကို ပေးထားပါသည်။ အိမ်ထောင်မင်္ဂလာအစီအစဉ်တွင် လင်နှင့်မယား နှစ်ဦးစလုံး၏ကဏ္ဍကိုသာမက သားသမီးများကို နည်းမှန်လမ်းကျ မွေးမြူပြုစု၊ သွန်သင်ပေးခြင်းကိုပါ အတိအလင်း ဖော်ပြပါသည်။ ယင်းက ဤသို့ဆိုသည်– “ယောက်ျားတို့သည် မိမိကိုယ်ကို ချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကို ချစ်ရကြမည်။ . . . မိန်းမသည်လည်း ကိုယ်ခင်ပွန်းကို အလွန်ရိုသေခြင်းရှိစေလော့။ သားသမီးတို့ မိဘစကားကို နားထောင်ကြလော့။ . . . အဘတို့ ကိုယ့်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။ ယေဟောဝါ၏ ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေအရ သူတို့ကိုမွေးမြူကြလော့။” ဖန်ဆင်းရှင်၏ မြင့်မြတ်သောအကြံပေးချက်ကို လိုက်လျှောက်ခြင်းသည် ပျော်ရွှင်ခိုင်မြဲသောမိသားစုများဖြစ်ရန် များစွာအကူအညီပေးသည်။—ဧဖက် ၅:၂၁–၆:၄၊ ကဘ။
ဘုရားသခင့်လမ်းပြမှုကို လိုက်လျှောက်သူများအတွက် လုံခြုံသောအနာဂတ်
လူ့ပြဿနာသောင်းခြောက်ထောင်တို့အတွက် ဘုရားသခင်၏ဖြေရှင်းချက်ကို ကိုယ်တော့်နှုတ်ကပါဌ်တော်တွင် ဖော်ပြထားပါသည်။ များမကြာမီ ယေဟောဝါဘုရားသခင်သည် မျက်မှောက်အစီအစဉ်စနစ်နှင့် ယင်း၏ ခဲယဉ်းကျပ်တည်းမှု၊ မတရားမှု၊ ဒုက္ခဝေဒနာများကို ဖယ်ရှားပြီး ကိုယ်တော်၏ ဖြောင့်မတ်သော အစီအစဉ်သစ်ဖြင့် အစားထိုးတော်မူမည်။ ယင်းကို ၂ ပေတရု ၃:၇-၁၀ တွင် သမ္မာကျမ်းစာဖော်ပြထားပြီး အငယ် ၁၃ ၌ ဤသို့ထပ်ဆင့်ဆိုသည်– “ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါတို့သည်ကတိတော်နှင့်အညီ မျှော်လင့်ကြ၏။” ယင်းပြဋ္ဌာန်းချက်ကား လူ့မိသားစုအတွက် အကောင်းတကာ့ အကောင်းဆုံး သတင်းကောင်း ဖြစ်သည်။ ဤသတင်းကို သမ္မာကျမ်းစာတွင် အတိအကျဖော်ပြထားပြီး တိုင်းနိုင်ငံနှင့် ကျွန်းကြီးကျွန်းငယ် ၂၀၀ ကျော်တွင် ယင်းကို ယေဟောဝါသက်သေများ ဟောပြောနေကြပါသည်။
ကမ္ဘာတစ်ဝန်း ဘုရားသခင့်အလိုတော်ကို လက်တွေ့ဆောင်ရွက်သည့်အခါ လူ့မိသားစုတစ်စုလုံးသည် သူတို့၏ဖန်ဆင်းရှင်၊ ယေဟောဝါ၏ အထူးကောင်းမွန်သော လမ်းပြညွှန်ကြားမှုကို လိုက်နာခြင်းအားဖြင့် အကျိုးကျေးဇူး ခံစားကြရလိမ့်မည်။ ထိုအခါ ဆင်းရဲချို့တဲ့မှု၊ ရာဇဝတ်မှုနှင့် မူးယစ်ဆေးဝါး သုံးစွဲမှုပြဿနာများ ရှိတော့မည်မဟုတ်။ လူတို့သည်လည်း ဖျားနာခြင်း၊ အိုမင်းရင့်ရော်ခြင်း၊ သေခြင်း ဝေဒနာကို ခံကြရတော့မည်မဟုတ်။ ဘုရားသခင့်လမ်းပြညွှန်ကြားမှုကို မပုန်ကန်မီက ကျွန်ုပ်တို့၏ ပထမဦးဆုံးမိဘနှစ်ပါးတွင်ရှိခဲ့သော စုံလင်ခြင်းအဖြစ်သို့ လူ့မိသားစုသည် ချီးမြှင့်ခံရကြလိမ့်မည်။
မြင့်မြတ်သောလမ်းပြညွှန်ကြားမှုကို ယုံကြည်ကိုးစားသူများ၏ ဝမ်းမြောက်ခြင်းကို သမ္မာကျမ်းစာ၏ နောက်ဆုံးစာစောင်က ကောင်းစွာဖော်ပြထားပါသည်တကား! ဗျာဒိတ် ၂၁:၄၊ ၅ ကဤသို့ဆိုသည်– “ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။” ယင်းကို ကျွန်ုပ်တို့ဖန်ဆင်းရှင် ဤသို့ အာမခံတော်မူသည်– “ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်။” ဤသို့ ထပ်ဆင့်သေးသည်– “ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကား ဖြစ်၏။”
ယင်းကောင်းချီးမင်္ဂလာများကို ကျွန်ုပ်တို့ခံစားလိုကြမည်ဆိုလျှင် ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း။ ဘုရားသခင့်အလိုတော်မှာ “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှာ” ဖြစ်သည်ဟု တမန်တော်ပေါလု ရှင်းပြထားသည်။ (၁ တိမောသေ ၂:၄) သမ္မာကျမ်းစာကို ကျနသေချာစွာ လေ့လာခြင်းအားဖြင့် ထိုတိကျမှန်ကန်သော သမ္မာတရား အသိပညာကို လက်ခံနာယူရန် ယေဟောဝါသက်သေများ သင့်အား လှိုက်လှဲစွာ ဖိတ်ခေါ်ပါသည်။ မြင့်မြတ်သောအလိုတော်ကို အပတ်တကုတ် သင်ယူလေ့လာခြင်းအားဖြင့် ဤအန္တရာယ်ထူပြောသောကာလတွင် ယုံကြည်စိတ်ချနိုင်လောက်သည့် တစ်ခုတည်းသော လမ်းပြညွှန်ကြားမှုသည် မြင့်မြတ်သောဉာဏ်ပညာဖြစ်ကြောင်းကို အသင်ကိုယ်တိုင်တွေ့ရှိလိမ့်မည်။ အချိန်ကာလ၏ အရေးတကြီးဖြစ်မှုကြောင့် ယင်းကိုလိုက်လျှောက်နာယူရန် ယခင်ကထက် ယခု ပိုမိုအရေးကြီးနေပါသည်!