ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
“ယေဟောဝါ၏နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၏”
ကျွန်ုပ်တို့သည် မတည်ငြိမ်သည့်အချိန်တွင် အသက်ရှင်နေကြရသည်။ ကျွန်ုပ်တို့၏ တည်ငြိမ်ဟန်ရှိသောအသက်တာသည် နေ့ချင်းညချင်းပြောင်းလဲတတ်ပြီး အချို့တို့သည် သတိပေးခံရခြင်းမရှိဘဲ ကြီးမားသည့်ဘေးအန္တရာယ်ကို ရုတ်တရက်ရင်ဆိုင်ကြရသည်။ အန္တရာယ်သည် နိုင်ငံရေးကမောက်ကမဖြစ်ခြင်း၊ ပြင်းထန်သောတိုက်ခိုက်မှု၊ သဘာဝဘေးအန္တရာယ် သို့မဟုတ် အသည်းအသန်ဖျားနာခြင်းများအားဖြင့် ကျရောက်နိုင်သည်။ မည်သို့ဆိုစေ အသက်အန္တရာယ်ရင်ဆိုင်ရသော် ခရစ်ယာန်တစ်ဦး မည်သည့်နေရာတွင် အကူအညီရယူသင့်သနည်း။
ကင်းမျှော်စင်အသင်း၏ ဌာနခွဲတစ်ခုတွင်နေထိုင်သော သာသနာပြုတစ်ဦးဖြစ်သူဒေးဗစ်သည် ထိုမေးခွန်း၏အဖြေကို ထိတ်လန့်ဖွယ်တွေ့ ကြုံမှုတစ်ခုမှ ရရှိခဲ့သည်။ ယာဉ်မောင်းတာဝန်ဖြင့် တစ်ခုသောနံနက်စောစောတွင် အသွားအပြန်လုပ်သည့်ဗေသလအိမ်သားများ (ဌာနခွဲပြင်ပတွင်နေသောစေတနာ့ဝန်ထမ်းများ) ကိုကြိုရန် ထွက်ခဲ့သည်။ မှောင်နေဆဲဖြစ်သည်။ ရိုစလီယာကိုခေါ်၍အပြီး ရဲစခန်းတစ်ခုကိုဖြတ်သွားနေစဉ်အတွင်း ပထမဆုံးသေနတ်သံတစ်ချက်ကြားလိုက်ရသည်။
ထို့နောက် အဖြစ်အပျက်များသည် လျှပ်တစ်ပြက်ဖြစ်ပျက်လာသည်။ ကြီးမားသည့်ဗျောက်အိုးကြီးပေါက်ကွဲသံကဲ့သို့ ဆူညံသံတစ်ခုကိုကြားလိုက်ရပြီး ကားဘီးတစ်ခုမှ လေများပန်းထွက်သည်ကို သူသိလိုက်ရသည်။ ရုတ်ချည်းဆိုသလို စစ်သားတစ်ယောက်သည် လမ်းလယ်တွင်ရပ်ခါ သူ့ကို ရိုင်ဖယ်သေနတ်ဖြင့် တည့်တည့်ချိန်ထားသည်။ တစ်ချိန်တည်းလိုလို အဖြစ်အပျက်သုံးခုဆက်တိုက်ဖြစ်သွားသည်– ဆက်တိုက်ပစ်ခတ်လိုက်သောကျည်ဆံများသည် ဂျစ်ကား၏ဘေးကို ဆန်ခါပေါက်ဖြစ်စေပြီး ကားမှန်များအစိတ်စိတ်အမြွှာမြွှာကွဲသွားသည်; ဒေးဗစ်နှင့်ရိုစလီယာတို့ ချက်ချင်းငုံ့လိုက်သည်; စစ်သားက လူတစ်ရပ်အနေအထားလောက်ရှိ ကားရှေ့မှန်ထဲသို့ပစ်ခတ်နေသည်။
ဂျစ်ကားသည် ကျည်ဆံများဖြင့်ပျက်စီးသွားသောကြောင့် ဒေးဗစ်က ကိုယ်ကိုညွတ်ထားရင်းနှင့် အတတ်နိုင်ဆုံး ဘရိတ်ကိုဖမ်းလိုက်သည်။ ဒေးဗစ်နှင့်ရိုစလီယာတို့နှစ်ဦးလုံး မိမိတို့သေတော့မည်ဟုထင်ခဲ့ကြသည်။ မိမိတို့ကိုကာကွယ်စောင့်ရှောက်ရန် ယေဟောဝါအား သူတို့အော်၍ဆုတောင်းကြသည်။ ထိုအချိန်တွင် မိမိ၏မိသားစုသည် မိမိသေဆုံးသည့်သတင်းကိုကြားသော် မည်သို့တုံ့ပြန်ကြမည်နည်းဟု စဉ်းစားနေခဲ့ကြောင်း ရိုစလီယာက နောက်တွင်ပြန်ပြောပြသည်။
အသက်ရှင်ဆဲပင်!
နောက်ဆုံးတွင် ပစ်ခတ်သံများနှင့်မှန်ကွဲသံများ ရပ်ဆိုင်းသွားရာ ဒေးဗစ်က ရိုစလီယာကိုစောင်းငဲ့ကြည့်လိုက်သည်။ သူမ၏ကျောတွင် သေးငယ်သောသွေးကွက်တစ်ခုကို သူတွေ့လိုက်သောအခါ သူ့နှလုံးခုန်ရပ်လုမတတ်ဖြစ်သွားခဲ့သည်။ သို့သော် ထိုနေရာတွင် ကျည်ဆံတစ်ခုမဟုတ်ဘဲ မှန်စတစ်စစူးဝင်နေခြင်းဖြစ်သည်။ သူမ၏ဒူးများသည် ကွဲကျနေသောမှန်စများရှသောကြောင့် သွေးများထွက်နေသော်လည်း အခြားဘာမျှဖြစ်ပုံမရပါ။
အဖြူရောင်လက်မောင်းစည်းနှင့် စစ်ဝတ်စုံများဝတ်ဆင်ထားသူများသည် ဂျစ်ကားဆီသို့စုပြုံရောက်လာကြကာ လက်မြှောက်ပြီးထွက်လာကြရန် သူတို့အားအမိန့်ပေးလိုက်သည်။ အရာရှိနှင့်တူသူတစ်ဦးက စစ်သားတစ်ဦးထံလှည့်ပြီး ဤသို့ပြောလိုက်သည်– “အရပ်သားတွေကိုမပစ်ရဘူးလို့ မင်းတို့ကိုပြောထားသားပဲ။” စစ်သားက သေနတ်သံများသူကြားခဲ့ပြီး ဂျစ်ကားဆီမှဖြစ်သည်ဟု ထင်ခဲ့သောကြောင့်ဖြစ်ကြောင်း ဆင်ခြေပေးသည်။
ဒေးဗစ်က သူနှင့်ရိုစလီယာတို့သည် ယေဟောဝါသက်သေများဖြစ်ကြကြောင်း ထုတ်ဖော်ပြောပြသောအခါ အခြေအနေကောင်းလာသည်။ မိမိအလုပ်အကြောင်းကို သူရှင်းပြသော်လည်း စစ်သားများက သူတို့ကိုဖမ်းထားလိုဆဲဖြစ်သည်။ မနက်အရုဏ်မတက်မီ ခွဲထွက်ရေးသမားစစ်တပ်တစ်တပ်က အာဏာသိမ်းမှုပြုလုပ်ရာ ထိုစစ်သားများသည် ဒေးဗစ်နှင့်ရိုစလီယာတို့ ဂျစ်ကားဖြင့်ဖြတ်သွားသောရဲစခန်းကို ဝင်စီးရန်ကြိုးစားနေသောအချိန်ဖြစ်သည်။
ရိုစလီယာက အကြီးအကျယ်တုန်လှုပ်ချောက်ချားသွားသော်လည်း ဒေးဗစ်က မိမိတို့အားလွှတ်ရန် အနူးအညွတ်တောင်းပန်သည်။ နောက်ဆုံးတွင် သူတို့ကိုသွားခွင့်ပြုလိုက်ကြသည်—ဂျစ်ကားတော့မပါပေ။ အနီးအနားရှိလမ်းသွယ်တစ်ခုသို့ သူတို့လမ်းလျှောက်သွားကြပြီး ဘတ်စ်ကားဖြင့် ဌာနခွဲသို့သွားခဲ့ကြရသည်။ ထိုတွင် ရိုစလီယာ၏ထိခိုက်ဒဏ်ရာကို ပြုစုစောင့်ရှောက်ပေးခဲ့သည်။
ဆုတောင်းခြင်း၏တန်ခိုး
ထိုတွေ့ ကြုံမှုမှ ဒေးဗစ်သင်ခန်းစာတစ်ရပ်ရခဲ့သည်—အားတက်သရောဆုတောင်းခြင်း၏ တန်ခိုးကို ဘယ်တော့မျှလျှော့မတွက်ရန်ဖြစ်ပြီး မိမိကိုယ်ကို ယေဟောဝါသက်သေအဖြစ် ရဲရဲဝံ့ဝံ့ထုတ်ဖော်ပြောဆိုခြင်းသည် ကွယ်ကာမှုဖြစ်လေ့ရှိသည်ကို မမေ့ရန်တို့ဖြစ်ကြောင်းတည်း။ “ယေဟောဝါ၏နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၏။ ဖြောင့်မတ်သောသူသည် ထိုအထဲသို့ပြေးဝင်၍ ကွယ်ကာမှုကိုရလိမ့်မည်” ဟူသောအချက်သည် စာသားအရမှန်ကန်နိုင်ပါသည်။—သု. ၁၅:၂၉; ၁၈:၁၀၊ ကဘ ; ဖိလိပ္ပိ ၄:၆။
[Picture Credit Line on page 19]
Fotografia de Publicaciones Capriles, Caracas, Venezuela