ရှေ့ဆောင်များ အပ်နှင်းခံရပြီး ကောင်းချီးများရရှိ
“ရှေ့ဆောင်ခြင်းသည် အောင်မြင်သော လောကီအသက်မွေးဝမ်းကြောင်းလုပ်ငန်းထက် များစွာတန်ဖိုးရှိသည်။ ယေဟောဝါနှင့်ကိုယ်တော်၏ သမ္မာတရားကို သိရှိနားလည်စေရန် လူတို့ကို ကူညီပေးခြင်းထက် ကျေနပ်မှုပေးသည့်လုပ်ငန်း မရှိပါ။” မိမိအသက်မွေးဝမ်းကြောင်းအဖြစ် ရှေ့ဆောင်ခြင်း—ဘုရားသခင့်နိုင်ငံတော်သတင်းကို အချိန်ပြည့်ဟောပြောခြင်း—လုပ်ငန်းကိုရွေးချယ်ခဲ့သူ ခရစ်ယာန်အမျိုးသမီးတစ်ဦး ဆိုခဲ့ပါသည်။ ဤသို့သောပျော်ရွှင်မှုမျိုးပေးနိုင်သည့် အခြားအသက်မွေးဝမ်းကြောင်းလုပ်ငန်း မည်မျှရှိသနည်း။
ရှေ့ဆောင်ခြင်းသည် မြင့်မားသောပန်းတိုင်ဖြစ်ရုံမက တန်ဖိုးရှိ အခွင့်ထူးလည်းဖြစ်သည်။ ဤဘဝအသက်တာကို တစ်ယောက်ချင်းမည်သို့ရွေးချယ်နိုင်ပါသနည်း။ ရှေ့ဆောင်ခြင်းကောင်းချီးများခံစားရရန် ယင်းကို မည်မျှကြာရှည် လုပ်ဆောင်ရန် လိုပါသနည်း။
အရေးကြီးသည့်အရာနှစ်ခုရှိသည်။ ပထမမှာ အခြေအနေကောင်းဖြစ်သည်။ များစွာသောသူတို့သည် ရှေ့ဆောင်ရန် အလျှင်းမဖြစ်နိုင်သည့် အခြေအနေမျိုး၌ရှိကြပါသည်။ ဒုတိယကား သင့်လျော်သောဝိညာဏအရည်အချင်းများနှင့် စိတ်နေသဘောထားဖြစ်သည်။ တစ်ဦးတစ်ယောက်၏ လက်ရှိအခြေအနေက ရှေ့ဆောင်နိုင်ခွင့်ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ရင့်ကျက်သော ခရစ်ယာန်အရည်အချင်းများ တိုးပွားစေရန် အားလုံးကြိုးစားနိုင်ပါသည်။
အချို့အဘယ်ကြောင့် ရှေ့ဆောင်ကြ
အောင်မြင်သောရှေ့ဆောင်ခြင်း၏ အရည်အချင်းများကား အဘယ်နည်း။အမှန်မှာ ဟောပြောခြင်းစွမ်းရည်များသည် အရေးကြီးပါသည်။ ရှေ့ဆောင်များသည် သူစိမ်းတို့အား သတင်းကောင်းကို တင်ဆက်ပြောဆိုတတ်ရမည်၊ စိတ်ဝင်စားသူများထံ ပြန်လည်ပတ်မှု ပြုလုပ်တတ်ရမည်၊ အိမ်တွင်းကျမ်းစာသင်အံမှုများကိုလည်း ကျင်းပတတ်ရမည်။ ဤစွမ်းရည်များ ကင်းမဲ့လျှင် ရှေ့ဆောင်သည် စိတ်ဓာတ်ကျလိမ့်မည်။ သို့သော် အခြားအရည်ချင်းများရှိဖို့လည်း အရေးကြီးပါသည်။
ဥပမာ၊ ကျွန်ုပ်တို့၏ဝတ်ပြုရေးနှင့်ပတ်သက်သောအရာအားလုံးသည် ယေဟောဝါနှင့်လည်းကောင်း၊ ကိုယ်တော်၏အဖွဲ့အစည်းနှင့်လည်းကောင်း ကျွန်ုပ်တို့ဆက်ဆံရေးနှင့်ဆက်နွှယ်နေပါသည်။ ယင်း၌ ရှေ့ဆောင်ခြင်းပါဝင်သည်။ ရာဒိုအမည်ရှိ ရှေ့ဆောင်ငယ်တစ်ဦး ဤသို့ရှင်းပြသည်– “လူငယ်တစ်ဦးအတွက် ယေဟောဝါကိုအောက်မေ့၍ သမ္မာတရားလမ်းပေါ်လျှောက်ခြင်းထက် ကောင်းမွန်သည့်အရာမရှိပါ။” မှန်ပါသည်။ ရှေ့ဆောင်ခြင်းအားဖြင့် လူငယ်များသည် ယေဟောဝါကိုချစ်မြတ်နိုးပြီး ကိုယ်တော်နှင့် တရင်းတနှီးရှိကြောင်း သက်သေထူနိုင်ပါသည်—ဒေသနာ ၁၂:၁။
အသိပညာနှင့် သိနားလည်ခြင်းလည်း မရှိမဖြစ်ပါ။ (ဖိလိပ္ပိ ၁:၉-၁၁) အမှန်မှာ ယင်းအရည်အချင်းများသည် ကျွန်ုပ်တို့၏ဝိညာဏစက်ယန္တရားကို လည်ပတ်နေစေသည့်လောင်စာဖြစ်သည်။ ဝိညာဉ်ရေးဘက်နွမ်းလျလာခြင်း၊ စိတ်တက်ကြွမှုနှင့် ယုံကြည်စိတ်ချမှုပျောက်ဆုံးခြင်းတို့ မဖြစ်စေရန် ကိုယ်ပိုင်လေ့လာမှုကို မှန်မှန်ပြုလုပ်ဖို့ အရေးကြီးသည်။ ကျွန်ုပ်တို့ခံယူသောအသိပညာသည် အသိဉာဏ်ကိုသာမက နှလုံးကိုပါ ထိခိုက်လှုံ့ဆော်ပေးရန် လိုသည်။ (သု. ၂:၂) ထို့ကြောင့် ကိုယ်ပိုင်လေ့လာမှုအပြင် ကျွန်ုပ်တို့ဆည်းပူးသောအသိပညာသည် နှလုံးကိုထိမိစေရန် ဆုတောင်းခြင်းနှင့် ဆင်ခြင်သုံးသပ်ခြင်းအတွက် အချိန်ပေးရန်လိုသည်။ ထို့နောက် အခြေအနေခွင့်ပြုလျှင် ကျွန်ုပ်တို့ရှေ့ဆောင်လိုပါလိမ့်မည်။—ဧဇရ ၇:၁၀ နှိုင်းယှဉ်။
ရှေ့ဆောင်လုပ်ငန်းကိုထမ်းဆောင်ခြင်းက ကိုယ်ကျိုးစွန့်စိတ်ဓာတ်ရှိရန်တောင်းဆိုပါသည်။ ရောန်အမည်ရှိ လူငယ်တစ်ဦးသည် ရှေ့ဆောင်ရန် စီစဉ်ထားနှင့်ပြီးပြီဖြစ်၍ စတင်ဖို့ရန် အခွင့်အခါကောင်းကိုသာ စောင့်နေခဲ့သည်။ အတိအကျပြောရလျှင် သူသည် ရှေ့ဆောင်လည်းလုပ် တစ်ချိန်တည်းတွင် စည်းစိမ်အချို့ကိုလည်းခံစားခွင့်ပေးမည့် အလုပ်အကိုင်တစ်ခုရရှိလိုပါသည်။ ယင်းကို ရင့်ကျက်သောညီအစ်မတစ်ဦးအား ပြောပြသောအခါ သူမ၏အဖြေက တုန်လှုပ်သွားစေခဲ့သည်။ သူမက– “ယေဟောဝါဟာ ကတိတွေကိုမဟုတ် အပြုအမူကို ကောင်းချီးပေးတယ်” ဟုပြောသည်။ သို့နှင့် လစာနည်းသော်လည်း ရှေ့ဆောင်ခွင့်ပေးသော အလုပ်အကိုင်တစ်ခုကို သူဝင်လုပ်လေသည်။ မဿဲ ၆:၂၅-၃၄ ကိုလက်တွေ့ကျင့်သုံးခြင်းက ဝင်ငွေအနည်းငယ်ဖြင့် အဆင်ပြေစေရန် အကူအညီပေးပါလိမ့်မည်။
အကြံဉာဏ်ကောင်းရသည့်အခါ လိုက်လျှောက်လိုသည့် နှိမ့်ချသောသဘောကလည်း ရှေ့ဆောင်လုပ်ငန်းကို ဝင်လုပ်ဆောင်ရန် အထောက်အကူပြုပေမည်။ ခရစ်ယာန်တစ်ဦးဖြစ်ခါစတွင် ဟာနာသည် ရှေ့ဆောင်စိတ်ဓာတ်ကို မွေးမြူပြုစုခဲ့သည်။ သို့သော် အိမ်ထောင်ကို ကြည့်ရှုပြုစုပေးရ၍ နောင်တွင် သူမသည်စီးပွားရေးဝင်ရောက်လုပ်ကိုင်စဉ် ရှေ့ဆောင်မဖြစ်နိုင်ခဲ့ပါ။ ထိုနောက် နိုးကြားသောအကြီးအကဲများ၏ အကြံဉာဏ်ကောင်းကို လိုက်နာကျင့်သုံးပြီး သူမ၏ စိတ်ဝင်စားရာ လောကီအသက်မွေးဝမ်းကြောင်းကို စွန့်လွှတ်ကာ ရှေ့ဆောင်ခဲ့ပါသည်။ ယခု ဟာနာသည် အခြားသူတို့အား ဆက်ကပ်အပ်နှံကြရန်နှင့် လှုပ်ရှားမှုမရှိတော့သူများအား ကူညီပေးခြင်းမှ ပျော်ရွှင်မှုများစွာ ခံစားနေရပါသည်။
သမ္မာတရားကြောင့် မိမိ၏ဘဝပုံစံ ပြောင်းလာပုံကို ကျေးဇူးတင်စိတ်ကလည်း ရှေ့ဆောင်ရန် စေ့ဆော်ပေးနိုင်ပါသည်။ အိမ်ထောင်ရေးပျက်ပြားနေသည့်အတွက် အလွန်စိတ်ဓာတ်ကျနေသော အမျိုးသမီးတစ်ဦး၏ အဖြစ်အပျက်ကို ကြည့်ပါ။ သူမသည် ဘုရားသခင့်နှုတ်ကပါဌ်တော်မှ သမ္မာတရားရရှိ၍ လက်တွေ့ကျင့်သုံးလာသောအခါ သူမ၏အခြေအနေသည် လုံးဝပြောင်းလဲခဲ့ပါသည်။ သမ္မာတရားကြောင့် မိမိခံစားရသောပျော်ရွှင်မှုကို ကျေးဇူးတင်ကြောင်းတင်ပြရန် အကောင်းဆုံးနည်းကား ရှေ့ဆောင်၍ သူတစ်ပါးအား ကူညီပေးခြင်းပင်ဖြစ်သည်ဟု သူမစိတ်ဆုံးဖြတ်ခဲ့သည်။ ထိုအတိုင်း သူမလုပ်ကိုင်ခဲ့ရာ ယခု ကျမ်းစာသင်အံမှုများစွာရှိသည့်အတွက် ကောင်းချီးခံစားရရုံမက ပျော်ရွှင်သောမိသားစုဘဝကိုလည်း ရရှိထားပါပြီ။
အခြားသူများ ကူညီပေးနိုင်
ရှေ့ဆောင်များသည် ရှေ့ဆောင်များကို ထပ်ဆင့်တိုးပွားပေးတတ်သည်။ အစောပိုင်းတွင်ဖော်ပြခဲ့သည့် ရာဒိုသည် သူ၏မိဘများနှင့်အတူ ရှေ့ဆောင်နှစ်ဦး ကျမ်းစာသင်ပေးခဲ့ချိန်တွင် ခြောက်နှစ်အရွယ်သာရှိသေးသည်။ ငယ်ရွယ်ချိန်ကတည်းက ဤအချိန်ပြည့်ဟောပြောသူများနှင့်အတူ လယ်ကွင်းဓမ္မအမှုတွင် သူမှန်မှန်ပါဝင်ခဲ့ပါသည်။ ရာဒိုကိုယ်တိုင်ပင် ၁၇ နှစ်အရွယ်တွင် မှန်မှန်ရှေ့ဆောင် ဖြစ်လာပါသည်။ အာနိုအမည်ရှိ အခြားလူငယ်တစ်ဦးသည် ခရစ်ယာန်အိမ်ထောင်တွင် ကြီးပြင်းလာသော်လည်း ဝိညာဉ်ရေးအရ အားနည်းခဲ့သည်။ နောင်တွင် သူ၏ဝိညာဏခွန်အား ပြန်တိုးပွားလာစေရန် ကြိုးစားခဲ့၍ ယခုသူက “ရှေ့ဆောင်များရဲ့ အားပေးမှုကို ကျွန်တော် အများကြီးခံခဲ့ရတယ်။ အထူးသဖြင့် ကျောင်းပိတ်ချိန်မှာ သူတို့နဲ့ ပေါင်းပြီး လယ်ကွင်းလုပ်ငန်းမှာ တစ်လလျှင် နာရီ ၆၀ အထိ တစ်ခါတစ်ရံ မှတ်တမ်းသွင်းနိုင်ခဲ့တယ်။ အဲ့ဒီနောက် မှန်မှန်ရှေ့ဆောင်ဖို့ [လစဉ် နာရီ ၉၀ သွင်းရ၏] မခဲယဉ်းတော့ပါဘူး” ဟုဆိုသည်။ ဤလောကကို အပြည့်အဝအသုံးမပြုရန် ၁ ကောရိန္သု ၇:၂၉-၃၁ ပါသြဝါဒကို ဆင်ခြင်သုံးသပ်ခြင်းက ဤလူငယ်များအား အမှန်တကယ် အကူအညီပေးခဲ့ပါပြီ။
ဝိညာဏရေးရာများကို ဦးစားထား၍ အချိန်ပြည့်ဓမ္မအမှုကိုဆောင်ရွက်ရန် သားသမီးများအား တိုက်တွန်းပေးသည့်မိဘများရှိအိမ်ထောင်တွင် ရှေ့ဆောင်စိတ်ဓာတ်သည် အလွယ်တကူ အမြစ်စွဲနိုင်ပါသည်။ ဤသို့သောအိမ်ထောင်မျိုးတွင် ကြီးပြင်းလာသော ဖီလိုက “ပညာရေးကို ဆက်ဦးစားပေးဖို့၊ လောကီအသက်မွေးဝမ်းကြောင်းရှာဖို့ ကျွန်တော့်ကို အကြံပေးသူ များပါတယ်။ ဒါပေမဲ့ ကျွန်တော့်မိဘများက အဲ့ဒါထက်ပညာရှိတဲ့အလုပ်ကို ရွေးချယ်ဖို့ အားပေးခဲ့တယ်။ အနာဂတ်အကျိုးအတွက် ကျွန်တော် တကယ်ကြိုးစားချင်မယ်ဆိုရင် ကျွန်တော်ဦးစားပေးရမှာက ယေဟောဝါနဲ့ဆက်ဆံရေး တိုးတက်စေဖို့ဖြစ်တယ်လို့ သူတို့ဆုံးမခဲ့တယ်” ဟုပြောပြသည်။
တာမာအမည်ရှိ အမျိုးသမီးငယ်တစ်ဦးကလည်း သူမ၏ရှေ့ဆောင်လုပ်ငန်းကို မိဘနှစ်ပါး၏ ပုံသက်သေနှင့် ကြိုးစားမှုများဖြစ်ပေါ်စေကြောင်း ဝန်ခံခဲ့သည်။ သူမက “ဝိညာဏအမြင် ကျွန်မမှာ ဘယ်အချိန်က ရှိလာတယ်ဆိုတာကိုတော့ မပြောနိုင်ဘူး။ ဒါပေမဲ့ မွေးကတည်းက ပါလာတာတော့မဟုတ်ဘူး။ လယ်ကွင်းလုပ်ငန်းမှာ ကျွန်မမိဘများ မှန်မှန်ပါဝင်ပြီး စည်းဝေးများကို မှန်မှန်တက်ရုံမက သမ္မာတရားကို သူတို့အလွန်မြတ်နိုးတဲ့စိတ်က ကျွန်မရဲ့ဝိညာဏအမြင်ကို တကယ်ပဲ တိုးပွားစေခဲ့တယ်” ဟုပြောပါသည်။
သင့်ဆုံးဖြတ်ချက်အတိုင်း စွဲမြဲစွာပြုခြင်း
ရှေ့ဆောင်လုပ်ငန်းကို ဝင်လုပ်ကိုင်ပြီးနောက် ယင်းကို စွဲမြဲစွာလုပ်ဆောင်ခြင်းက ထိုပညာရှိ ဆုံးဖြတ်ချက်မှ အကျိုးကျေးဇူးအပြည့်အဝရရှိစေရန် အကူအညီပေးပါသည်။ ထိုသို့ဖြစ်နိုင်ရန် လက်တွေ့ကျသြဝါဒများစွာရှိသည်။ ဥပမာ၊ ရှေ့ဆောင်လုပ်ငန်းသည် အကျိုးဖြစ်ထွန်းစေရန် အချိန်ကို စီစဉ်ကန့်သတ်ပေးတတ်လျှင် ကောင်းပေမည်။ သို့ဖြစ်၍ပင် အရေးအကြီးဆုံးကား ယေဟောဝါနှင့်သော်လည်းကောင်း၊ ကိုယ်တော့်အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆက်ဆံရေးကောင်းရှိနေဖို့ဖြစ်သည်။
ယင်းနှင့်ဆက်စပ်နေသည်ကား ဆုတောင်းလျက်နေသော သဘောထားဖြစ်သည်။ “သမ္မာတရားရလာခဲ့တဲ့အချိန်က ကျွန်တော် တကယ်ရှေ့ဆောင်လုပ်ချင်ခဲ့တယ်” ဟုကောရ်ပြောပြသည်။ သို့သော် ပထမဦးစွာစိုက်ပျိုးရေးတက္ကသိုလ်တက်ပြီး ဘွဲ့ယူရမည်ဟု ဖခင်ဖြစ်သူက ပြောပါသည်။ ထိုနောက် ကောရ်သည် ရှေ့ဆောင်စလုပ်ခဲ့သည်။ အချိန်တန်လေသော် အိမ်ထောင်ပြု၍ သူ၏ဇနီးလည်း ရှေ့ဆောင်လုပ်ငန်းကို ဝင်လုပ်ခဲ့သည်။ သူမ ကိုယ်ဝန်ရှိသည့်အခါ ရှေ့ဆောင်လုပ်ငန်းမှ ထွက်ရမည့်အခြေအနေမျိုးနှင့် ကောရ်ရင်ဆိုင်ရပါသည်။ “ယေဟောဝါကို ကျွန်တော်ခဏခဏဆုတောင်းပြီး ဆက်ရှေ့ဆောင်ချင်တဲ့စိတ်ကို တင်ပြပြောဆိုပါတယ်” ဟုကောရ်ပြောပြသည်။ နောက်ဆုံးတွင် အိမ်ထောင်တာဝန်ထမ်းဆောင်လျက်နှင့် ရှေ့ဆောင်နိုင်သည့် လုပ်ငန်းမျိုးကို ကောရ်ရရှိလာပါသည်။
ရုပ်ပစ္စည်းလိုအပ်ရာတို့နှင့် ရောင့်ရဲတင်းတိမ်ခြင်းကလည်း ရှေ့ဆောင်ဓမ္မအမှုကို ဆက်လက်ဆောင်ရွက်နိုင်ရန် အကူအညီပေးလေ့ရှိသည်။ တမန်တော်ပေါလု ဤသို့ရေးသားခဲ့သည်– “သင်တို့၏ကျင့်ကြံပြုမူခြင်းသည် ငွေကိုတပ်မက်ခြင်းနှင့်ကင်းလွတ်၍ ကိုယ်၌ရှိသောဥစ္စာနှင့်ရောင့်ရဲခြင်းရှိကြလော့။ အကြောင်းမူကား ‘ငါသည် သင့်ကိုမစွန့်၊ သင့်ကို အလျှင်းပစ်၍မထား’ဟု ကတိတော်ရှိ၏။” (ဟေဗြဲ ၁၃:၅) လက်ရှိအရာများနှင့် ရောင့်ရဲခြင်းက ဟယ်ရီနှင့်အိုင်ရင်းတို့အား ရှေ့ဆောင်လုပ်ငန်း၌ ဆက်လက်ပါဝင်နိုင်ရန် အကူအညီပေးခဲ့ပါသည်။ မျက်မမြင်သူ အိုင်ရင်း၏ ရှေ့ဆောင်သက်တမ်းမှာ ရှစ်နှစ်ရှိပြီ။ “ကျွန်မတို့ရဲ့ ငွေရေးကြေးရေးအခြေအနေကို ပြဿနာတစ်ခုအနေနဲ့ တစ်ခါမျှ မယူဆခဲ့ဘူး။ မလိုအပ်ဘဲနဲ့လည်း ငွေရေးကြေးရေး ဝန်ထုပ်ဝန်ပိုးများကိုမယူဖို့ အမြဲသတိထားခဲ့ကြတယ်။ အကုန်အကျကိုအမြဲတွက်ခဲ့ကြတယ်။ ရိုးရိုးသာ နေထိုင်စားသောက်ခဲ့ပြီး ပျော်ရွှင်မှုအမြဲရနေတဲ့အပြင် ကောင်းချီးများကိုလည်း ခံစားရပါတယ်” ဟုသူမပြောပြသည်။
ရွှင်လန်းမှုများနှင့် ကောင်းချီးများ
ရှေ့ဆောင်သက်တမ်း ကိုးနှစ်ကို ပြန်ကြည့်ပြီး တာမာက “ယေဟောဝါဟာ ကျွန်မလက်ကိုကိုင်ထားသလိုပဲ သူနဲ့ တကယ်ရင်းနှီးလာတယ်” ဟုပြောပြသည်။ (ဆာလံ ၇၃:၂၃) စုံစမ်းခြင်းအချို့ကိုလည်း သတိရပါသည်။ “ကျွန်မရဲ့ မစုံလင်မှုများနဲ့ သူများရဲ့အားနည်းချက်တွေက မှန်မှန်အနှောင့်အယှက်ပေးခဲ့တယ်။ အဲ့ဒီအပြင် မိုးလေမရှောင် ပင်ပင်ပန်းပန်းလျှောက်သွားနေတာထက် စည်းစိမ်ပိုရှိတဲ့ ဘဝလမ်းစဉ်ကို ရွေးချယ်ထားတဲ့ ညီအစ်ကိုညီအစ်မများအဖြစ်က ပိုနှစ်သက်စရာကောင်းပုံရှိနေတယ်။ ဒါပေမဲ့လည်း တကယ်စဉ်းစားကြည့်ရင်တော့ သူတို့နဲ့ ကျွန်မနေရာမလဲချင်ပါဘူး။ ရှေ့ဆောင်ခြင်းလောက် ဒီလိုပျော်ရွှင်မှု၊ ဒီလိုဝိညာဏကျေနပ်မှုနဲ့ ဒီလိုကောင်းချီးများပေးနိုင်တဲ့အလုပ် ရှိပါ့မလား။” ထပ်တူပျော်ရွှင်မှုနှင့်ကောင်းချီးများကို သင်ကြီးမားစွာတန်ဖိုးထားမည်လော။
ရှေ့ဆောင်များသည် ခရစ်ယာန်ဓမ္မအမှုတွင် အချိန်များစွာပါဝင်ကြသည့်အတွက် သမ္မာတရားအသိပညာကို ရရှိရန် လူများစွာကို ကူညီပေးနိုင်ခွင့်ရကြပါသည်။ ရှေ့တွင်အမည်ဖော်ထားသူ ဟယ်ရီနှင့်အိုင်ရင်းက “ယေဟောဝါအဖွဲ့အစည်းမှာ ကောင်းချီးအမျိုးမျိုးခံစားနိုင်ပါတယ်။ ဒါပေမဲ့ စိတ်ဝင်စားခါစ လူသစ်တစ်ဦးကို ယေဟောဝါရဲ့ကျေးကျွန်ဖြစ်လာအောင် တိုးတက်လာဖို့ ကူညီပေးခြင်းက အကြီးမြတ်ဆုံးဖြစ်တယ်” ဟုဆိုသည်။
အခြားရှေ့ဆောင်တစ်ဦးက– “ကျွန်တော့်ဘဝအသက်တာမှာ သု. ၁၀:၂၂ ဟာ တကယ်မှန်တယ်။ ‘ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း ဝမ်းနည်းခြင်းအကြောင်းကို ရောနှောတော်မမူ။’ ယေဟောဝါအမှုထမ်းခဲ့တဲ့ နှစ်များအတွင်း ဒီကျမ်းချက်ပြည့်စုံလာတာကို ခဏခဏတွေ့ခဲ့ရတယ်။”
မိဘများ၊ သင့်သားသမီးများ၌ ရှေ့ဆောင်ချင်စိတ် မွေးပေးနေပါသလော။ ရှေ့ဆောင်များ၊ ဤစိတ်ဓာတ်ကို အခြားသူများ၌ရှိစေရန် ကြိုးစားမီးမွှေးပေးပါသလော။ အကြီးအကဲများ၊ အသင်းတော်ရှိ ရှေ့ဆောင်များကို ထောက်မကူညီပြီး အခြားသူများ၌လည်း ရှေ့ဆောင်စိတ်ဓာတ်ရှိစေရန် တည်ဆောက်ပေးပါသလော။ ရှေ့ဆောင်လုပ်ငန်းတွင် ပါဝင်ကြစဉ် ဤသို့သော ကောင်းချီးများကို ရရှိခံစားနိုင်ကြရန် လှုံ့ဆော်ခံရသူ ယေဟောဝါ၏လူတို့တွင် များသည်ထက် များလာပါလေစေ။