စစ်ပွဲများသည် မလွှဲရှောင်နိုင်ရာများလော
စစ်မှုသည် စိတ်ပျက်စရာ သတင်းတစ်ရပ်ဖြစ်သည်။ ထိုရက်စက်ကြမ်းကြုတ်သည့်သတင်းလွှာများကြောင့် သင် နာကျင်မိမည်မှာမလွဲပေ။ လူတို့သည် ဘယ်တော့မှ ငြိမ်းချမ်းစွာ မနေတတ်တော့ပြီလော။
အေအိုင်ဒီအက်စ်အတွက် ဆေးဝါးရှာရသည်ထက် စစ်ပြေငြိမ်းရန် ဖြေရှင်းရမည့်နည်းက ပိုမိုခဲယဉ်းနေပုံရှိသည်။ ၂၀ ရာစုအတွင်း စစ်တိုက်ရန် အသင့်ပြင်ဆင်ခဲ့ကြပြီး လူသန်းပေါင်းများစွာ စစ်မြေပြင်သို့အပို့ခံရသည့်အပြင် မြို့ကြီးပြကြီးရာနှင့်ချီ ပျက်စီးခဲ့ရသည်။
စစ်လက်နက်များသည် ပိုမို အစွမ်းထက်လာလေလေ ထိခိုက်ကျဆုံးသူအရေအတွက်လည်း တိုးများလာလေလေဖြစ်သည်။ ပထမကမ္ဘာစစ်တွင် တိုက်ခိုက်ခဲ့သူ စစ်သား ၆၅ သန်းအနက် ထက်ဝက်ကျော် သေကျေဒဏ်ရာရခဲ့သည်။ နောက်နှစ်ပေါင်း ၃၀ ခန့်တွင် အနုမြူဗုံးနှစ်လုံးတည်းဖြင့် ဂျပန်အရပ်သား ၁၅၀,၀၀၀ မကသေဆုံးခဲ့ရရှာသည်။ ဒုတိယကမ္ဘာစစ်မှစ၍ ဒေသန္တရပဋိပက္ခများ တိုးများလာနေပါသည်။ မည်သို့ဆိုစေကာမူ ယင်းတို့ကြောင့် အရပ်သားများ အထူးသဖြင့် ထိခိုက်သေကျေခဲ့ရာ စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းပင် ရှိလာသည်။
နိုင်ငံချင်း ပဋိပက္ခကို စစ်ဖြင့်မဖြေရှင်းရန် အထူးတလည်ကြိုးစားနေသည့် ခေတ်တွင်ပင် ဤသို့အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားနေသည်မှာ နားမလည်နိုင်အောင်ဖြစ်သည်။ မကြာမီက စစ်အေးတိုက်ပွဲ ပြီးဆုံးခဲ့ရာ ငြိမ်းချမ်းမည့် ကမ္ဘာ့စနစ်သစ်တစ်ခု ဖြစ်ပေါ်လာတော့မည်ဟု အကြီးအကျယ်မျှော်လင့်ခဲ့ကြသည်။
ဇီဝဗေဒဆိုင်ရာလိုအပ်ချက်လော
စစ်ပွဲများသည် အသက်ရှင်တည်တံ့ရေးအတွက် အဆင့်ဆင့် ကြိုးစားရုန်းကန်မှု၏ တစ်စိတ်တစ်ဒေသဖြစ်သောကြောင့် ရှောင်လွှဲ၍မရနိုင်သောအရာများဖြစ်သည်—ရှိဖို့ပင်လိုအပ်သည်—ဟုသမိုင်းပညာရှင်များနှင့် မနုဿဗေဒပညာရှင်များက ဆိုကြသည်။ ဤအတွေးအခေါ်မျိုးကြောင့် “ဇီဝဗေဒရေး၊ လူမှုရေးနှင့် စာရိတ္တရေးဘက် တိုးတက်မှုအတွက်” စစ်တိုက်ရသည်ဟု စစ်ရေးလေ့လာသူ ဖရီးဒရီခ် ဗောန် ဗန်ဟာဒါက ၁၉၁၄ ခုနှစ်တွင် ငြင်းခုံပြောဆိုခဲ့ခြင်းဖြစ်သည်။ သီအိုရီအရ စစ်မှုသည် အားပျော့သူ သို့မဟုတ် အားလျော့သောနိုင်ငံများကို ဖယ်ရှားပစ်ပြီး အသင့်တော်ဆုံးကို ကျန်စေသည်ဟုဆိုသည်။
ဤဆင်ခြေပေးချက်သည် စစ်ကြောင့် မုဆိုးမများ၊ မိဘမဲ့ကလေးများဖြစ်ရသူ သန်းပေါင်းများစွာအတွက် နှစ်သိမ့်မှုမဟုတ်ချေ။ ဤအတွေးအခေါ်သည် စာရိတ္တရေးရာအရ မနှစ်မြို့ဖွယ်ဖြစ်သည်သာမက မျက်မှောက်ခေတ်သစ်စစ်ရေး၏ သရုပ်မှန်များကိုပါ လျစ်လျူရှုထားရာရောက်သည်။
ပထမကမ္ဘာစစ်မှရသော တရားကျစရာသင်ခန်းစာများကို အလေးမထားဘဲ အဒေါ့လ်ဖ် ဟစ်တလာသည် စစ်မှုဖြင့် အောင်ပွဲခံပြီး လူမျိုးကြီးတစ်မျိုးဖြစ်ပေါ်စေရန် စိတ်ကူးယဉ်ခဲ့သည်။ သူ၏မိန်းကင့်စာအုပ်တွင် ဤသို့ရေးသားခဲ့သည်– “လူသားသည် ထာဝစဉ်ရုန်းကန်ခြင်းအားဖြင့် တန်ခိုးကြီးမားလာပြီး ထာဝစဉ်ငြိမ်းချမ်းမှု၌သာ ယင်းသည်ပျောက်ပျက်သွားမည်။ . . . အားကြီးသူများ ကြီးစိုးရမည်။ ပျော့ညံ့သူတို့နှင့် မရောပြွမ်းရ။” သို့သော် လူသားတို့ကို မြှင့်တင်ပေးမည့်အစား ဟစ်တလာသည် အသက်သန်းပေါင်းများစွာကို စတေးခဲ့သည့်အပြင် တိုက်ကြီးတစ်တိုက်လုံးကိုပါ ပျက်စီးစေခဲ့သည်။
သို့ဖြစ်လျှင် စစ်သည် ဇီဝဗေဒဆိုင်ရာလိုအပ်ချက်မဟုတ်ခဲ့သော် လူသားသည် ကိုယ့်ကိုယ်ကိုဖျက်ဆီးသည့်အဖြစ်မျိုးသို့ အဘယ်အရာကတွန်းပို့သနည်း။ အောက်ပါစာရင်းဇယားတွင် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းသူများ၏ ကြိုးစားအားထုတ်မှုတို့ကို တားဆီးသည့် အရင်းခံအချက်အချို့ကိုဖော်ပြထားပါသည်။
စစ်မှုဖြစ်ရသည့်အကြောင်းများ
လူမျိုးရေး။ လူမျိုးရေးစိတ်ဓာတ်သည် စစ်ဖြစ်ရသည့် အကြီးမားဆုံးတွန်းအားတစ်ခုဖြစ်သည်။ “လူမျိုးရေး” သို့မဟုတ် “လူမျိုးသိက္ခာ” ကိုကာကွယ်ရန် စစ်ပွဲများစွာတိုက်ခိုက်ခဲ့ကြပြီ။
လူမျိုးစု ရန်လိုမုန်းထားခြင်း။ ဒေသန္တရစစ်ပွဲများစွာတို့သည် လူမျိုး သို့မဟုတ် အနွယ်နှင့်လူမျိုးစုများအချင်းချင်း နှစ်ရှည်လများ ရန်လိုမုန်းထားရာမှ စတင်သည့် မီးပွားလေးကို မီးလောင်ရာလေပင့်ခြင်းဖြင့် ဖြစ်ပွားခဲ့ပါသည်။ ယခင်ယူဂိုဆလားဗီးယားပြည်ထောင်စု၊ လိုင်ဘေးရီးယားနှင့် ဆိုမာလီနိုင်ငံတွင် မကြာမီကဖြစ်ပျက်ခဲ့သော ဝမ်းနည်းစရာ ပြည်တွင်းစစ်များသည် ဥပမာကောင်းများဖြစ်သည်။
စီးပွားရေးနှင့်စစ်ရေး ပြိုင်ဆိုင်မှုများ။ ပထမကမ္ဘာစစ်မဖြစ်မီ အမြင်အားဖြင့် ငြိမ်သက်အေးချမ်းသယောင်ထင်ရသောကာလအတွင်း ဥရောပအင်အားကြီးနိုင်ငံတို့က စစ်တပ်ကို အထူးတိုးချဲ့ခဲ့ကြသည်။ ဂျာမနီနှင့် မဟာဗြိတိန်တို့သည် စစ်သင်္ဘောများကို အပြိုင်အဆိုင် ဆောက်လုပ်ခဲ့ကြသည်။ ဤလူသတ်ပွဲတွင် နောက်ဆုံးပါဝင်ခဲ့သော နိုင်ငံကြီးအသီးသီးက စစ်ပွဲအားဖြင့် အင်အားကြီးထွားလာမည့်အပြင် စီးပွားရေး အကျိုးအမြတ်ရရှိမည်အထင်နှင့် တိုက်ပွဲဝင်ရန် အချိန်တန်ပြီဟု ယုံကြည်ခဲ့ကြသည်။
ဘာသာရေးရန်စများ။ အထူးသဖြင့် လူမျိုးရေးခွဲခြားမှု၏ မြှောက်ထိုးပင့်ကော်ပြုခြင်း ခံရသောအခါ ဘာသာရေးကွဲပြားမှုများက ပေါက်ကွဲနိုင်သည့်ရောစပ်မှုကို ဖြစ်ပေါ်စေတတ်သည်။ လက်ဘနွန်နိုင်ငံနှင့် မြောက်ပိုင်းအိုင်ယာလန်နိုင်ငံများရှိ ပဋိပက္ခများအပြင် အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံကြား စစ်ပွဲများသည် ဘာသာရေးမုန်းတီးမှု၌ မြစ်ဖျားခံခဲ့ပြီ။
မျက်မြင်မရသော စစ်မှုလှုံ့ဆော်သူ။ “ဤလောကကိုအစိုးရသောဘုရား” စာတန်မာရ်နတ်သည် ယခင်ကထက်ယခု ပိုမိုလှုပ်ရှားနေကြောင်း သမ္မာကျမ်းစာက ဖော်ပြထားပါသည်။ (၂ ကောရိန္သု ၄:၄) သူ၏ကာလ “တစ်ခဏသာရှိသည်ကိုသိ၍” ပြင်းစွာသောဒေါသအမျက်ထွက်ကာ ဝမ်းနည်းဖွယ်ကောင်းသော ကမ္ဘာ့အခြေအနေကို ပိုမိုဆိုးရွားလာစေရန် စစ်ပွဲများအပါအဝင် အခြေအနေများကို လှုံ့ဆော်ပေးနေသည်။—ဗျာဒိတ် ၁၂:၁၂။
စစ်ဖြစ်ရသည့် ဤအကြောင်းရင်းများကို အမြစ်လှန်ပစ်ရန် မလွယ်ကူပါ။ “လူသေများသာ စစ်ငြိမ်းသည်ကို တွေ့ရ၏” ဟုလွန်ခဲ့သော နှစ်ပေါင်း ၂,၀၀၀ ကျော်က ပလေတို ပြောခဲ့သည်။ သူ၏ စိတ်မောဖွယ်ခန့်မှန်းချက်သည် ကျွန်ုပ်တို့ခံယူတတ်အောင် သင်ယူရမည့် ခါးသီးသောအမှန်တရားဖြစ်သလော။ သို့မဟုတ် စစ်မှုမရှိသည့်ကမ္ဘာ တစ်နေ့နေ့ရှိလိမ့်မည်ဟု မျှော်လင့်နိုင်စရာအကြောင်း ရှိပါသလော။
[Picture Credit Line on page 3]
Instituto Municipal de Historia, Barcelona