ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၁/၁ စာ. ၁၀-၁၉
  • ယေဟောဝါ၌ခိုလှုံလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ၌ခိုလှုံလော့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားနိုင်ငံတော်ကြေညာသူများ၏ အားကြီးသည့်သီချင်းသည်အုပ်စု
  • ကျွန်ုပ်တို့ခိုလှုံနိုင်သည့်ရဲတိုက်
  • ယုံကြည်မှုဖြင့်ဟောပြောခြင်း
  • ‘ကောင်းမြတ်ခြင်းရတနာ’
  • ‘ယေဟောဝါ၏နာမကို ခိုလှုံပါ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၁/၁ စာ. ၁၀-၁၉

ယေဟောဝါ၌ခိုလှုံလော့

“အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုယ်တော်ကိုအကျွန်ုပ်ခိုလှုံပါ၏။”—ဆာလံ ၃၁:၁။

၁ ယေဟောဝါ၏ ခိုလှုံမှုပေးနိုင်သည့်အရည်အချင်းကို ယုံကြည်စိတ်ချခြင်းနှင့်ပတ်သက်၍ ဆာလံ ၃၁ က မည်သို့ဖော်ပြထားသနည်း။

စိတ်ရောကိုယ်ပါပင်ပန်းနွမ်းနယ်နေသော်လည်း မိမိကိုယ်ကို ယေဟောဝါထံပုံအပ်ထားသူတစ်ဦး၏ သာယာနာပျော်ဖွယ်တေးသီချင်းစာသားများဖြစ်သည်။ ယုံကြည်ခြင်းသည် အောင်ပွဲခံသည်ဟု ထိုမြင့်မြတ်ထည်ဝါသည့်တေး၏ စာသားများကဆိုသည်။ အနန္တတန်ခိုးရှင်၏ဆီးကြိုနေသောလက်ရုံးတော်များက ဤလူအား တစ်ကောက်ကောက်လိုက်လံနှိပ်စက်ညှဉ်းပန်းနေသူများလက်မှ အကာအကွယ်ပေးသည်။ “အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ]၊ ကိုယ်တော်ကိုအကျွန်ုပ်ခိုလှုံပါ၏။ ရှက်ကြောက်ခြင်းနှင့်အစဉ်ကင်းလွတ်ပါစေသော။ တရားတော်နှင့်အညီ အကျွန်ုပ်ကိုကယ်နှုတ်တော်မူပါ” ဟု သီဆိုထားသည်။—ဆာလံ ၃၁:၁။

၂။ (က) မည်သည့်အမှီသဟဲနှစ်ခုပေါ်အခြေပြု၍ ယေဟောဝါအား ကျွန်ုပ်တို့၏ရဲတိုက်အဖြစ် ယုံစားနိုင်သနည်း။ (ခ) ယေဟောဝါသည် မည်သို့သောဘုရားဖြစ်သနည်း။

၂ ဆာလံဆရာ၌—အကောင်းဆုံးခိုလှုံစရာတစ်ခုရှိနေပါသည်! အခြားအရာများမသေချာမရေရာသည့်တိုင် ဤအဖြစ်မှန်ကား ဆက်လက်တည်ရှိနေမည်သာဖြစ်သည်– ယေဟောဝါသည် သူ၏ခိုလှုံရာ၊ သူ၏ရဲတိုက်ပေတည်း။ သူ၏ယုံကြည်စိတ်ချမှုသည် သေချာသောအမှီသဟဲနှစ်ခုပေါ်တွင် တည်နေသည်။ တစ်ခုမှာ ရှက်ကြောက်ခြင်းသို့ယေဟောဝါမရောက်စေသည့် သူ၏ယုံကြည်ခြင်းဖြစ်ပြီး၊ ဒုတိယတစ်ခုမှာ မိမိ၏ကျေးကျွန်များအား ကိုယ်တော်ဘယ်တော့မျှစွန့်မည်မဟုတ်သည့် ယေဟောဝါ၏ဖြောင့်မတ်ခြင်းတို့ဖြစ်ကြသည်။ ယေဟောဝါသည် မိမိ၏သစ္စာရှိကျေးကျွန်များအား အရှက်ရစေသောဘုရားမဟုတ်ပါ; ကိုယ်တော်သည် သစ္စာကတိချိုးဖောက်သူမဟုတ်ပါ။ ကိုယ်တော်သည် သမ္မာတရား၏ဘုရားသခင်ဖြစ်ပြီး မိမိအား ထက်သန်စွာယုံစားသူများကို ဆုချတော်မူသောအရှင်ဖြစ်သည်။ အဆုံးတွင် ယုံကြည်ခြင်းသည် ဆုချခံရမည်သာ! လွတ်မြောက်မှုရောက်ရှိလာမည်တကား!—ဆာလံ ၃၁:၅၊ ၆။

၃။ ဆာလံဆရာသည် ယေဟောဝါအား မည်သို့ချီးမြှင့်ဂုဏ်တင်သနည်း။

၃ ဆာလံဆရာသည် မိမိ၏တေးသီချင်းကို ပူဆွေးသောကနှင့်ဒုက္ခဆင်းရဲတွင်းမှသည် အထွတ်အထိပ်ရောက်သည့်ယုံကြည်စိတ်ချမှုများထိတိုင် သံစဉ်အနိမ့်အမြင့်နှင့်အညီ စပ်ဆိုသီကုံးထားခြင်းအားဖြင့် အတွင်းခွန်အားကိုသူရရှိသည်။ ယေဟောဝါ၏ တည်ကြည်မြဲမြံသည့်မေတ္တာတော်ကြောင့် ကိုယ်တော်အားသူဂုဏ်တင်ချီးမွမ်းခဲ့သည်။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၌မင်္ဂလာဖြစ်စေသတည်း။ အကြောင်းမူကား ခိုင်ခံ့သောမြို့၌ အံ့ဖွယ်သောမေတ္တာကရုဏာတော်ကို အကျွန်ုပ်အားထင်ရှားပြတော်မူပြီ” ဟုသူသီဆိုခဲ့သည်။—ဆာလံ ၃၁:၂၁။

ဘုရားနိုင်ငံတော်ကြေညာသူများ၏ အားကြီးသည့်သီချင်းသည်အုပ်စု

၄၊ ၅။ (က) ယနေ့ မည်သည့်အားကြီးသည့်သီချင်းသည်အုပ်စုက ယေဟောဝါအားချီးမွမ်းနေပြီး လွန်ခဲ့သည့်အမှုဆောင်နှစ်အတွင်းက သူတို့မည်သို့လုပ်ဆောင်ခဲ့ကြပြီနည်း။ (စာမျက်နှာ ၁၂-၁၅ ပါဇယားကိုရှု။) (ခ) ဘုရားနိုင်ငံတော်ကြေညာသူသီချင်းသည်အဖွဲ့နှင့် ပူးပေါင်းလိုသူများစွာရှိသေးကြောင်း သတိရအောက်မေ့ပွဲတက်ရောက်သူအရေအတွက်က မည်သည့်နည်းဖြင့်ဖော်ပြသနည်း။ (ဇယားကိုရှု။) (ဂ) သင့်အသင်းတော်တွင် သီချင်းသည်အဖွဲ့နှင့်ပူးပေါင်းရန် မည်သည့်အုပ်စုရှိသနည်း။

၄ ယနေ့ ထိုဆာလံ၏စာသားများသည် ထပ်ဆင့်အဓိပ္ပာယ်ရှိနေသည်။ မည်သည့်ဆိုးညစ်သောဆန့်ကျင်သူများ၊ မည်သည့်သဘာဝဘေးဒဏ်များ သို့မဟုတ် မည်သည့်စီးပွားရေးကပ်မျှ ယေဟောဝါအားချီးမွမ်းသီချင်းများကို ပျောက်ပျက်အောင်မလုပ်နိုင်ပါ; ယေဟောဝါ၏ချစ်ခင်ကြင်နာမှုသည် မိမိ၏လူများအတွက် အလွန်ထူးခြားသည်အမှန်။ လွန်ခဲ့သည့်အမှုဆောင်နှစ်က ကမ္ဘာတစ်ခွင်တွင် အားကြီးသည့်သီချင်းသည်အုပ်စုဖြစ်သော နိုင်ငံပေါင်း ၂၃၁ တွင်ရှိ လူပေါင်း ၄,၇၀၉,၈၈၉ ကျော်တို့က ဘုရားသခင့်နိုင်ငံတော်သတင်းကို သီဆိုခဲ့ကြသည်။ ခရစ်တော်ယေရှုအားဖြင့်အုပ်စိုးမည့် ယေဟောဝါ၏ကောင်းကင်အစိုးရသည် သူတို့အားစိတ်ပျက်စရာမရှိသည့်ခိုလှုံရာဖြစ်သည်။ လွန်ခဲ့သည့်နှစ်က အသင်းတော် ၇၃,၀၇၀ မှ ဤဘုရားနိုင်ငံတော်ကြေညာသူများသည် ဧဝံဂေလိလုပ်ငန်းတွင် နာရီပေါင်း ၁,၀၅၇,၃၄၁,၉၇၂ ကိုအသုံးပြုခဲ့ကြသည်။ ယင်းက လူ ၂၉၆,၀၀၄ တို့အား မိမိအသက်တာကို ယေဟောဝါထံဆက်ကပ်အပ်နှံကြောင်း ရေနှစ်ခြင်းအားဖြင့်သက်သေတင်ပြစေခဲ့သည်။ လွန်ခဲ့သည့်သြဂုတ်လက ကီယက်ဗ်၊ ယူကရိန်းနိုင်ငံတွင်ကျင်းပခဲ့သည့် မြင့်မြတ်သောသွန်သင်ခြင်းအပြည်ပြည်ဆိုင်ရာစည်းဝေးပွဲကြီးကို တက်ရောက်သူအားလုံးတို့သည် မည်မျှအံ့သြဝမ်းမြောက်နေကြမည်တကား။ ယေဟောဝါသက်သေများ၏ရာဇဝင်တွင် တစ်ခါမျှမကြုံဖူးသော အကြီးမားဆုံးအုပ်စုအနေနှင့် ခရစ်ယာန်စစ်များနှစ်ခြင်းခံခြင်းကို သူတို့တွေ့ မြင်ခဲ့ကြရသည်! ဟေရှာယ ၅၄:၂၊ ၃ တွင် ပရောဖက်ပြုထားသည့်အတိုင်း ဘုရားသခင်၏လူများသည် တစ်ခါမျှမကြုံဖူးသည့်အတိုင်းအတာဖြင့် တိုးပွားနေသည်။

၅ မည်သို့ဆိုစေ ဘုရားသခင့်နိုင်ငံတော်ကို စိတ်လိုကိုယ်လျောက်လက်အောက်ခံသည့် နောက်ထပ်လူများသည် သီချင်းသည်အဖွဲ့တွင်ပါဝင်ရန် မိမိတို့အလှည့်ကိုစောင့်နေကြသည်။ လွန်ခဲ့သည့်နှစ်က ယေရှုသေခြင်းကိုသတိရအောက်မေ့သည့်ပွဲတော်သို့ အံ့သြဖွယ်အရေအတွက်ဖြစ်သည့် ၁၁,၈၆၅,၇၆၅ ယောက်တက်ရောက်ခဲ့ကြသည်။ ဤအမှုဆောင်နှစ်အတွင်း ထိုသူများထဲမှများစွာတို့သည် ဘုရားနိုင်ငံတော်သီချင်းကို တစ်အိမ်တက်ဆင်းလိုက်လံသီဆိုရန် အရည်အချင်းပြည့်မီလာလိမ့်မည်ဟုမျှော်လင့်ပါသည်။ ယင်းအလားအလာက သမ္မာတရား၏ရန်သူစာတန်မာရ်နတ်အား မည်မျှဒေါသထွက်စေလိုက်မည်ဖြစ်ခြင်း!—ဗျာဒိတ် ၁၂:၁၂၊ ၁၇။

၆၊ ၇။ စိတ်ဝင်စားသူတစ်ယောက်သည် ယေဟောဝါ၏အကူအညီအားဖြင့် နတ်ဆိုးနှောင့်ယှက်မှုမှ မည်သို့လွတ်ကင်းခဲ့ကြောင်း ရှင်းပြပါ။

၆ ဤအားကြီးသည့်သီချင်းသည်အုပ်စုနှင့် ပါဝင်သီဆိုခြင်းမပြုနိုင်ရန် အချို့သူများကိုစာတန်ဟန့်တားပေမည်။ ဥပမာ၊ ထိုင်းနိုင်ငံတွင် နတ်ဆိုးနှောင့်ယှက်မှုကိုခံရသူအရေအတွက်သည် တိုး၍များပြားလာကြောင်း ကြေညာသူများတွေ့ရှိရသည်။ သို့သော် စိတ်ရင်းမှန်ရှိသူများစွာတို့သည် ယေဟောဝါ၏အကူအညီအားဖြင့် လွတ်မြောက်လာခဲ့ကြသည်။ စူးစမ်းလိုစိတ်ဖြင့် မှော်ဆရာတစ်ဦးထံလည်ပတ်ရောက်ရှိခဲ့ပြီးနောက်လူတစ်ယောက်သည် ဆယ်နှစ်တိုင်တိုင် နတ်ဆိုးဩဇာအောက်ကျရောက်ခဲ့ရသည်။ ဓမ္မဆရာတစ်ဦး၏အကူအညီအားဖြင့် ယင်းသြဇာမှလွတ်မြောက်ရန် သူကြိုးစားခဲ့သော်လည်း စစ်မှန်သည့်တိုးတက်ကောင်းမွန်မှုမရခဲ့ချေ။ ယေဟောဝါသက်သေတို့၏ အချိန်ပြည့်ဓမ္မအမှုဆောင်တစ်ဦးက သူနှင့်စတင်၍ကျမ်းစာသင်အံမှုပြုပြီး နတ်ဆိုးဩဇာအောက်မှလွတ်မြောက်ရန်တစ်ခုတည်းသောနည်းမှာ—သမ္မာတရား၏မှန်ကန်သောအသိပညာများကို ဆည်းပူးခြင်း၊ ယေဟောဝါအားယုံကြည်ခြင်းနှင့် ဆုတောင်းခြင်းဖြင့် ကိုယ်တော်အားအသနားခံခြင်းတို့သာဖြစ်ကြောင်း ကျမ်းစာမှသင်ကြားပေးသည်။—၁ ကောရိန္သု ၂:၅; ဖိလိပ္ပိ ၄:၆၊ ၇; ၁ တိမောသေ ၂:၃၊ ၄။

၇ ဤသို့ဆွေးနွေးပြီး၍ ညရောက်သောအခါ ထိုလူသည် မိမိ၏သေသွားသောဖခင်အားအိပ်မက်မက်ကာ နတ်ဆိုးနှင့်အဆက်အသွယ်ပြုသူပြန်လုပ်ရန် ဖခင်၏ခြိမ်းခြောက်မှုကိုခံရသည်။ သူ၏မိသားစုသည် စတင်ဒုက္ခရောက်တော့သည်။ မယိမ်းယိုင်လိုသဖြင့် ထိုလူသည် ကျမ်းစာကိုဆက်လက်လေ့လာပြီး အစည်းအဝေးများကို စတင်တက်ရောက်လာသည်။ တစ်ခါတစ်ရံ နတ်ဆိုးပွဲများတွင်အသုံးပြုသောပစ္စည်းများသည် ယင်းတို့၏ဩဇာအောက်မှ လွတ်မြောက်ရန်ကြိုးစားသူများအား ဒုက္ခပေးရန်လမ်းစဖြစ်တတ်ကြောင်း သင်အံမှုပြုနေသည့်အတောအတွင်း တစ်ခါတွင် ရှေ့ဆောင်ကရှင်းပြသည်။ မိမိတွင် မန်းမှုတ်ရာ၌အသုံးပြုသောဆီအချို့ရှိကြောင်း ထိုလူသတိရသည်။ ယင်းတို့ကိုလွှင့်ပစ်ရမည်ဖြစ်ကြောင်း ထိုလူသိရှိလာသည်။ ယင်းတို့ကို အစဖျောက်ပစ်သည့်အချိန်မှစ၍ နတ်ဆိုးများ၏နှောင့်ယှက်မှုကို ထပ်၍မခံရတော့ချေ။ (ဧဖက် ၆:၁၃; ယာကုပ် ၄:၇၊ ၈ နှိုင်းယှဉ်။) သူနှင့်သူ့ဇနီးတို့သည် သင်အံမှုတွင် ကောင်းမွန်စွာတိုးတက်နေပြီး ကျမ်းစာလမ်းညွှန်မှုအတွက် အစည်းအဝေးများကို မှန်မှန်တက်ရောက်နေကြသည်။

၈၊ ၉။ ဘုရားနိုင်ငံတော်ကြေညာသူအချို့ ကျော်လွှားလွတ်မြောက်ခဲ့သည့် အခြားအတားအဆီးများကားအဘယ်နည်း။

၈ အခြားသောဟန့်တားမှုများကလည်း သတင်းကောင်း၏အသံကိုပိတ်ဆို့နိုင်သည်။ ဂါနာနိုင်ငံတွင် စီးပွားရေးဖိစီးမှုကြီးမားလွန်းလှရကား အလုပ်သမားများသည် အလုပ်ဖြုတ်ခံကြရသည်။ အသက်ရှင်နေထိုင်မှုစရိတ်သည် အလျင်အမြန်ထိုးတက်လာရာ ဘဝတွင်လိုအပ်မှု၏အနည်းဆုံးသောအရာကိုရယူရန်ပင် တကယ့်ပြဿနာတစ်ရပ်ဖြစ်နေသည်။ ယေဟောဝါ၏လူများမည်သို့ရင်ဆိုင်ဖြေရှင်းကြသနည်း။ မိမိတို့ကိုယ်ကိုမဟုတ်ဘဲ ယေဟောဝါ၌ယုံစားခြင်းအားဖြင့်ဖြစ်သည်။ ဥပမာ၊ တစ်နေ့တွင် လူတစ်ဦးသည် ဌာနခွဲရုံး၏ဧည့်ခန်းစားပွဲပေါ်တွင် ချိပ်ပိတ်ထားသည့်စာအိတ်တစ်အိတ်ကို ထားခဲ့သည်။ စာအိတ်ထဲတွင် ဒေါ်လာ ၂၀၀ သို့မဟုတ် သုံးလအတွက်သာမန်လစာရှိသည်။ ထိုစာအိတ်သည် အမည်မဖော်လိုသည့်အလှူရှင်တစ်ဦးထံမှဖြစ်သည်။ သို့သော် ထုပ်ပိုးသည့်စက္ကူပေါ်တွင် ဤသို့ရေးသားဖော်ပြထားသည်– “ကျွန်တော်အလုပ်ပြုတ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်ကို နောက်အလုပ်တစ်ခုယေဟောဝါပေးခဲ့တယ်။ ကိုယ်တော်နဲ့ကိုယ်တော့်သားတော်ယေရှုခရစ်တို့ကို ကျွန်တော်ကျေးဇူးတင်တယ်။ အဆုံးမတိုင်ခင် ဘုရားနိုင်ငံတော်သတင်းကောင်းပျံ့နှံ့ဖို့အတွက် အကူအဖြစ် ကျွန်တော့်အလှူငွေအနည်းငယ်ကို စာအိတ်ဖြင့်ထည့်ပေးလိုက်ပါတယ်။”—၂ ကောရိန္သု ၉:၁၁ နှိုင်းယှဉ်။

၉ ယေဟောဝါအားချီးမွမ်းသော အားကြီးသည့်သီချင်းသည်အုပ်စုတွင် ပါဝင်သီဆိုသူများသည် အစည်းအဝေးများတက်ရောက်ခြင်းတွင် ရရှိသောအကူအညီများအားဖြင့် လေ့ကျင့်ခံရကြသည်။ (ဆာလံ ၂၂:၂၂ နှိုင်းယှဉ်။) ဟွန်ဒူးရပ်စ်နိုင်ငံတောင်ပိုင်းတွင် အယ်လ်ဟော်ရ်ဒန်းခေါ် အသင်းတော်ငယ်ကလေးတစ်ခုရှိသည်။ ဤအုပ်စုငယ်ကလေး၏ထူးခြားချက်ကား အဘယ်နည်း။ သူတို့၏စွဲစွဲမြဲမြဲအစည်းအဝေးတက်ရောက်ခြင်းဖြစ်သည်။ ကြေညာသူ ၁၉ ယောက်အနက် ၁၂ ယောက်တို့သည် ပတ်စဉ်အစည်းအဝေးတက်ရောက်ရန် မြစ်ကျယ်ကြီးတစ်ခုကို ဖြတ်လာကြရသည်။ ခြောက်သွေ့သည့်ရာသီတွင် သူတို့သည် ကျောက်တုံးများကိုနင်း၍ ဖြတ်လျှောက်နိုင်သဖြင့် ယင်းသည် ကြီးမားသည့်ပြဿနာမဟုတ်ချေ။ သို့သော် မိုးရာသီတွင် အခြေအနေများပြောင်းလဲကုန်သည်။ တစ်ချိန်က မမှုလောက်သည့်ရေအလျင်သည် မိမိစီးဆင်းရာတစ်လျှောက်ရှိ အရာအားလုံးကိုတိုက်စားသွားသည့် ပြင်းထန်သောရေစီးချောင်းကြီးဖြစ်သွားသည်။ ဤအတားအဆီးကိုကျော်လွှားရန် ညီအစ်ကိုညီအစ်မများသည် ရေကူးကျွမ်းကျင်သူများဖြစ် ကြရသည်။ မြစ်ကိုမဖြတ်ကူးမီ သူတို့၏စည်းဝေးတက်ရန်အဝတ်အစားများကို တီးနာ (သတ္တုပိုက်) တစ်ခုထဲတွင်ထည့်ပြီး ယင်းကို ပလပ်စတစ်အိတ်ဖြင့် ဖုံးအုပ်လိုက်သည်။ ရေအကူးနိုင်ဆုံးသူက တီးနာ ကို ဘော့အဖြစ်အသုံးပြုကာ အုပ်စုကိုဦးဆောင်၍ဖြတ်ကူးသည်။ တစ်ဖက်ကမ်းသို့ ချောမောစွာရောက်ရှိသွားကြပြီး ကိုယ်ကိုခြောက်သွေ့အောင်ပြုကာ အဝတ်အစားလဲကြပြီး စည်းဝေးခန်းမသို့ သပ်ရပ်တောက်ပြောင်စွာရောက်လာကြပါသည်တကား!—ဆာလံ ၄၀:၉။

ကျွန်ုပ်တို့ခိုလှုံနိုင်သည့်ရဲတိုက်

၁၀။ ဖိစီးမှုခံရသည့်ကာလတွင် အဘယ်ကြောင့် ယေဟောဝါထံကျွန်ုပ်တို့လှည့်လာနိုင်သနည်း။

၁၀ သင်သည် နတ်ဆိုး၏တိုက်ရိုက်တိုက်ခိုက်မှုကို ခံနေရသည်ဖြစ်စေ၊ အခြားအကြောင်းတစ်ခုခုကြောင့် ဖိစီးမှုခံနေရသည်ဖြစ်စေ ယေဟောဝါသည် သင်၏ရဲတိုက်ဖြစ်နိုင်သည်။ ဆုတောင်းခြင်းဖြင့် ကိုယ်တော်အားခေါ်ပါ။ မိမိလူများ၏ ညည်းတွားသံသဲ့သဲ့ကိုပင် ကိုယ်တော်အာရုံစိုက်နားထောင်တော်မူသည်။ ယင်းအချက်မှန်ကန်ကြောင်း ဆာလံဆရာသိရှိခဲ့ပြီး ဤသို့ရေးသားခဲ့သည်– “အကျွန်ုပ်ဘက်သို့နားတော်ကိုလှည့်၍ အလျင်အမြန်ကယ်နှုတ်တော်မူပါ။ ကိုယ်တော်သည်အကျွန်ုပ်၌ ခိုင်ခံ့သောကျောက်၊ အကျွန်ုပ်လုံခြုံရာရဲတိုက်ဖြစ်တော်မူပါ။ အကယ်စင်စစ် အကျွန်ုပ်၏ကျောက်၊ အကျွန်ုပ်၏ရဲတိုက်ကား ကိုယ်တော်ပေတည်း။ နာမတော်အဖို့အလိုငှာ အကျွန်ုပ်ကိုလမ်းပြ၍ သွန်သင်ပဲ့ပြင်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာဖြစ်တော်မူ၏။ ထို့ကြောင့် အကျွန်ုပ်အဖို့ဝှက်ထားသောကျော့ကွင်းထဲက အကျွန်ုပ်ကိုနှုတ်ယူတော်မူပါ။”—ဆာလံ ၃၁:၂-၄။

၁၁။ ယေဟောဝါ၏ခိုလှုံရာသည် ယာယီအရပ်မဟုတ်ကြောင်း ရှင်းပြပါ။

၁၁ ယေဟောဝါသည် ခေတ္တခိုလှုံရာကိုသာပေးတော်မူသည်မဟုတ်ဘဲ လုံခြုံစွာကျွန်ုပ်တို့နေနိုင်သော မပြိုပျက်နိုင်သည့်ရဲတိုက်တစ်ခုကိုပေးတော်မူသည်။ မိမိလူများအတွက် ကိုယ်တော့်ဦးဆောင်မှုနှင့်လမ်းညွှန်မှုများသည် မည်သည့်အခါမျှပျက်ကွက်ခြင်းမရှိခဲ့ပါ။ စာတန်နှင့်သူ၏နောက်လိုက်အစုအဝေးတို့၏ စဉ်းလဲသည့်လုပ်ရပ်များကို သုံးမရတော့အောင် ဘုရားသခင့်တန်ခိုးတော်က လုပ်ဆောင်နိုင်သည်။ (ဧဖက် ၆:၁၀၊ ၁၁) ယေဟောဝါ၌ စိတ်နှလုံးအကြွင်းမဲ့ယုံစားမည်ဆိုလျှင် ကိုယ်တော်သည် စာတန့်ကျော့ကွင်းများမှ ကျွန်ုပ်တို့ကို အဝေးသို့ဆွဲခေါ်သွားပေးပါလိမ့်မည်။ (၂ ပေတရု ၂:၉) လွန်ခဲ့သည့်လေးနှစ်အတွင်းက ယေဟောဝါသက်သေများ၏ ဟောပြောခြင်းလုပ်ငန်းသည် ၃၅ နိုင်ငံခန့်တွင်ဖွင့်လှစ်ခဲ့သည်။ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအခြေအနေများကြောင့် သတင်းကောင်းကြေညာခြင်းနှောင့်နှေးနေရသည့် ကမ္ဘာ့အစိတ်အပိုင်းများတွင်လည်း သိုးနှင့်တူသူများစွာတို့သည် ပိုမိုလွတ်လပ်စွာလှုပ်ရှားနိုင်သောနေရာများသို့ ပြောင်းရွှေ့ခဲ့ကြသည်။ ဂျပန်သည် ထိုသို့သောနေရာများအနက်တစ်ခုဖြစ်သည်။

၁၂။ ဂျပန်မှရှေ့ဆောင်တစ်ဦးသည် မည်သည့်နည်းဖြင့် ယေဟောဝါအား သူ၏ရဲတိုက်ဖြစ်စေခဲ့သနည်း။

၁၂ ဂျပန်နိုင်ငံတွင် တိုင်းတစ်ပါးမှ လာရောက်အလုပ်လုပ်ကိုင်သူများရှိပြီး နိုင်ငံခြားဘာသာစကားအသုံးပြုသည့် အသင်းတော်များစွာကိုလည်း တည်ထောင်ခဲ့ရသည်။ ဂျပန်စကားပြောသည့်အသင်းတော်မှ ညီအစ်ကိုတစ်ဦး၏တွေ့ ကြုံမှုက ဤနိုင်ငံခြားဘာသာစကားလယ်ကွင်းတွင် မည်မျှသီးပွင့်ဖြစ်ထွန်းကြောင်း သရုပ်ဖော်သည်။ သာ၍လိုအပ်သည့်ဒေသသို့ သူသွား၍အမှုဆောင်လိုခဲ့သည်။ သို့သော် သူရှိနေသည့်အရပ်တွင်ပင် ကျမ်းစာသင်အံမှုဆယ်ခုရှိထားနှင့်ပြီ။ သူ့မိတ်ဆွေတစ်ဦးက သူ့ကိုဤသို့ကျီစယ်၍ပြောသည်– “ပိုပြီးလိုအပ်တဲ့ဒေသကိုသွားရင်တော့ ခင်ဗျားကျမ်းစာသင်အံမှုအခု ၂၀ လုပ်ရလိမ့်မယ်!” တာဝန်တစ်ခုကိုသူလက်ခံရရှိပြီး ဟီရိုရှီးမားသို့သွားခဲ့သည်။ သို့သော် လေးလကြာပြီးနောက်၌ပင် ကျမ်းစာသင်အံမှုတစ်ခုသာ သူရရှိသည်။ တစ်နေ့တွင် ပေါ်တူဂီစကားကိုသာပြောသော ဘရာဇီးမှလူတစ်ဦးထံ သူရောက်သွားသည်။ ညီအစ်ကိုသည် ထိုသူနှင့်အဆက်အသွယ်မလုပ်နိုင်သဖြင့် ပေါ်တူဂီဖတ်စာအုပ်တစ်အုပ်ကို သူဝယ်လိုက်သည်။ လွယ်ကူသည့်စကားပြောအချို့ကို လေ့လာပြီးနောက် ထိုသူထံသို့သူပြန်သွားသည်။ ညီအစ်ကိုက ပေါ်တူဂီဘာသာစကားဖြင့် သူ့ကိုနှုတ်ဆက်လိုက်သောအခါ ထိုသူအံ့ဩသွားပြီး အားရပါးရပြုံးကာ တံခါးဖွင့်၍ညီအစ်ကိုအားခေါ်ဖိတ်တော့သည်။ ကျမ်းစာသင်အံမှုစတင်ခဲ့သည်။ မကြာမီ ညီအစ်ကိုသည် ပေါ်တူဂီဘာသာစကားဖြင့် ၁၄ ခု၊ စပိန်ဘာသာစကားဖြင့် ၆ ခု၊ ဂျပန်ဘာသာစကားဖြင့် ၂ ခု၊ စုစုပေါင်းကျမ်းစာသင်အံမှု ၂၂ ခုကို ကျင်းပရရှိခဲ့ပါသည်တကား!

ယုံကြည်မှုဖြင့်ဟောပြောခြင်း

၁၃။ ယေဟောဝါအားအမှုဆောင်ခြင်းတွင် အဘယ်ကြောင့် မည်သူတစ်ဦးတစ်ယောက်မျှ ကျွန်ုပ်တို့ကိုရှက်ရွံ့အောင်မလုပ်သင့်သနည်း။

၁၃ ယေဟောဝါသည် မိမိတို့၏ခိုလှုံရာဖြစ်သည်ဟူသောယုံကြည်မှုအပြည့်ဖြင့် ယေဟောဝါ၏လူများသည် ဘုရားနိုင်ငံတော်သီချင်းကို စိတ်ချစွာဖြင့်သီဆိုနေကြသည်။ (ဆာလံ ၃၁:၁၄) သူတို့သည် အရှက်ရကြလိမ့်မည်မဟုတ်ပါ—ယေဟောဝါသည် သူတို့ကိုအရှက်ခွဲလိမ့်မည်မဟုတ်ဘဲ မိမိ၏နှုတ်ကပါဌ်စကားကို ပြည်စုံစေမည်ဖြစ်သည်။ (ဆာလံ ၃၁:၁၇) စာတန်နှင့်သူ၏နတ်ဆိုးတပ်များသည် အရှက်ရကြမည်။ ယေဟောဝါ၏လူများသည် ရှက်ရွံ့ ဖွယ်ရာကင်းသည့် သတင်းတစ်ရပ်ကိုကြေညာရန် တာဝန်အပ်နှင်းခံရ၍ ယင်းကိုဟောပြောရာတွင် အခြားသူများကြောင့် သူတို့မရှက်မရွံ့ ကြပါ။ မိမိအားဝတ်ပြုရန် လူသားများအားယေဟောဝါကော ကိုယ်တော်၏သားတော်ပါ ဤသို့သောနည်းလမ်းအားဖြင့် လှုံ့ဆော်မည်မဟုတ်ပါ။ လူတို့၏နှလုံးသည် ယုံကြည်မှုဖြင့်ပြည့်ပြီး ယေဟောဝါ၏ကောင်းမြတ်ခြင်းနှင့် ချစ်ခင်ကြင်နာမှုကို လေးမြတ်တန်ဖိုးထားလာသောအခါ ယင်းသည် သူတို့နှုတ်မှဖော်ထုတ်ပြောဆိုရန် လှုံ့ဆော်ပေးသည့် သူတို့နှလုံး၏ကောင်းမွန်သောအခြေအနေဖြစ်သည်။ (လုကာ ၆:၄၅) ထို့ကြောင့် လုပ်ငန်းတော်တွင် လစဉ်ကျွန်ုပ်တို့အသုံးပြုသည့်အချိန်သည် မည်မျှပင်ဖြစ်ပါစေ၊ အထူးသဖြင့် ယင်းအချိန်များသည် ကျွန်ုပ်တို့၏အတတ်စွမ်းနိုင်ဆုံးကိုကိုယ်စားပြုပါက ကောင်းသော၊ ရှက်ရွံ့ဖွယ်မဟုတ်သောအရာဖြစ်သည်။ မုဆိုးမ၏ငွေအနည်းငယ်ကို ယေရှုနှင့်ကိုယ်တော့်ခမည်းတော်တို့က အပြည့်အဝတန်ဖိုးထားခဲ့သည်မဟုတ်ပေလော။—လုကာ ၂၁:၁-၄။

၁၄။ ရှေ့ဆောင်လုပ်ငန်းနှင့်ပတ်သက်၍ သင်မည်သည့်မှတ်ချက်ပေးမည်နည်း။ (ဇယားကိုလည်းရှု။)

၁၄ အရေအတွက်တိုးပွားနေသောကြေညာသူများအတွက် စိုးလ်အကြွင်းမဲ့ဝတ်ပြုရေးတွင် ရှေ့ဆောင်များလုပ်၍ အမှုဆောင်ခြင်းအပါအဝင်—လွန်ခဲ့သည့်နှစ်၌အရေအတွက်အများဆုံးမှာ ၈၉၀,၂၃၁ ဖြစ်သည်! ယခင်နှစ်၏တိုးတက်မှုဆက်လက်တည်မြဲတည်မည်ဆိုလျှင် ယင်းအရေအတွက်သည် ၁,၀၀၀,၀၀၀ ကျော်သွားလိမ့်မည်။ အောက်ပါတွေ့ ကြုံမှုသည် နိုင်ဂျီးရီးယားနိုင်ငံမှညီအစ်မတစ်ဦး ရှေ့ဆောင်ခြင်းအစီအစဉ်များသို့ မည်သို့ဝင်ရောက်ခဲ့ကြောင်းဖော်ပြသည်။ သူမဤသို့စာရေးခဲ့သည်– “ကျွန်မတက္ကသိုလ်ဝင်တန်းကျောင်းပြီးခါနီးကျတော့ ယေဟောဝါသက်သေတွေရဲ့ ရှေ့ဆောင်ကျောင်းတက်နေတဲ့သူတွေအတွက် ချက်ပြုတ်ပေးတဲ့နေရာမှာ ကျွန်မသွားအကူအညီပေးခဲ့တယ်။ အဲဒီမှာ ကျွန်မအဖွားထက်အသက်ကြီးတဲ့ ညီအစ်မနှစ်ယောက်ကို ကျွန်မတွေ့ခဲ့တယ်။ သူတို့ဟာ ကျောင်းတက်နေကြတဲ့ရှေ့ဆောင်တွေဖြစ်ကြောင်း ကျွန်မသိလိုက်တော့ ကျွန်မကိုယ်ကျွန်မပြန်စဉ်းစားတယ်၊ ‘အဲဒီနှစ်ယောက်တောင် ရှေ့ဆောင်လုပ်နိုင်ရင် ငါကဘာလို့မလုပ်နိုင်ရမှာလဲ။’ ဒါနဲ့ ကျွန်မ ကျောင်းပြီးတဲ့နောက် မှန်မှန်ရှေ့ဆောင်တစ်ယောက်ဖြစ်လာခဲ့တယ်။”

၁၅။ အလွတ်သဘောသက်သေခံခြင်းက အခြားသူများ ယေဟောဝါ၌ခိုလှုံလာစေရန် မည်သို့လမ်းဖွင့်ပေးသနည်း။

၁၅ လူတိုင်း ရှေ့ဆောင်မလုပ်နိုင်ကြသော်လည်း သက်သေခံနိုင်ကြပါသည်။ ဘယ်လ်ဂျီယံနိုင်ငံတွင် အသက် ၈၂ နှစ်ရှိညီအစ်မတစ်ဦးသည် အသားဝယ်ရန်သွားခဲ့သည်။ အသားရောင်းသူ၏ဇနီးသည် မကြာမီကဖြစ်ပျက်သော နိုင်ငံရေးကမောက်ကမဖြစ်မှုကြောင့် အလွန်စိတ်အနှောင့်အယှက်ဖြစ်နေကြောင်း သူသတိထားမိသည်။ သို့နှင့် ညီအစ်မက ယေဟောဝါသက်သေများယုံကြည်ချက်ကားအဘယ်နည်း ဝေစာကို သူမပေးရမည့်ကျသင့်ငွေများနှင့်အတူ မသိမသာထည့်ပေးလိုက်သည်။ ထိုဆိုင်သို့ ညီအစ်မပြန်သွားသောအခါ အသားရောင်းသူ၏မိန်းမကဖြစ်နိုင်ဖွယ်ရှိ တတိယကမ္ဘာစစ်အကြောင်းနှင့်ပတ်သက်၍ ကျမ်းစာမည်သို့ဆိုထားကြောင်း ချက်ချင်းကောက်မေးလိုက်သည်။ ညီအစ်မက သူမအတွက် ငြိမ်းချမ်းမှုနှင့်လုံခြုံမှု—သင်မည်သို့တွေ့ရှိနိုင် ဟူသောစာအုပ်ကို ယူလာပေးသည်။ နောက်ရက်အနည်းငယ်ကြာသောအခါ သက်ကြီးသူညီအစ်မဆိုင်ထဲသို့ဝင်လာသည်နှင့် အသားရောင်းသူ၏ဇနီးသည် နောက်ထပ်မေးခွန်းများစွာမေးသည်။ ညီအစ်မက ထိုအမျိုးသမီးကို စာနာမိပြီး; သူမအား ကျမ်းစာသင်အံမှုကမ်းလှမ်းလိုက်ရတော့သည်။ သူမလက်ခံခဲ့သည်။ ယခုအခါ အသားရောင်းသူ၏ဇနီးသည် နှစ်ခြင်းခံလိုနေပေပြီ။ အသားရောင်းသူကားမည်သို့နည်း။ သူလည်း ဝေစာကိုဖတ်ပြီး ယခုအခါ ကျမ်းစာလေ့လာနေသည်။

‘ကောင်းမြတ်ခြင်းရတနာ’

၁၆။ ယေဟောဝါသည် မိမိလူများအတွက် ကောင်းမြတ်ခြင်းရတနာကို မည်သို့သိုမှီးပေးထားသနည်း။

၁၆ ခက်ခဲကျပ်တည်းမှုကြီးမားသော ဤနောက်ဆုံးကာလတွင် ယေဟောဝါသည် မိမိ၌ခိုလှုံသူများအတွက် “အံ့ဖွယ်ချစ်ခင်ကြင်နာမှုကိုပေး” (ကဘ) တော်မူသည်မဟုတ်ပေလော။ မေတ္တာနှင့်ကာကွယ်စောင့်ရှောက်တတ်သောဖခင်သဖွယ် ယေဟောဝါသည် မြေကြီးပေါ်ရှိမိမိ၏သားသမီးများအတွက် ကောင်းမြတ်ခြင်းရတနာကို သိုမှီးပေးထားသည်။ ကိုယ်တော်သည်ဘေးတွင်ရပ်ကြည့်နေသူများရှေ့တွင် သူတို့အား ပျော်ရွှင်မှုသွန်းလောင်းပေးတော်မူသည်။ ဆာလံဆရာပြောသကဲ့သို့ ဖြစ်သည်– “ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့အဖို့ သိုထားတော်မူ၍ လူသားတို့ရှေ့မှာ ကိုယ်တော်ကိုခိုလှုံသောသူတို့အဖို့ ပြုပြင်တော်မူသောဆုကျေးဇူးတော်သည် အလွန်ကြီးလှပါ၏။”—ဆာလံ ၃၁:၁၉၊ ၂၁။

၁၇-၁၉။ ဂါနာနိုင်ငံတွင် အဖိုးအိုတစ်ဦး မိမိ၏အိမ်ထောင်ကို တရားဝင်ဖြစ်စေရာမှ မည်သည့်အကျိုးဖြစ်ထွန်းသနည်း။

၁၇ ထို့ကြောင့် ယေဟောဝါအားဝတ်ပြုသူများ၏ရိုးသားမှုကို လောကသားများသည် မျက်မြင်သက်သေဖြစ်လာကြပြီး သူတို့အံ့သြကြသည်။ ဥပမာ၊ ဂါနာနိုင်ငံတွင် အသက် ၉၆ နှစ်ရှိအဖိုးအိုတစ်ဦးသည် လက်ထပ်မှတ်ပုံတင်အရာရှိရုံးသို့သွားပြီး နှစ်ပေါင်း ၇၀ ကြာခဲ့သည့် မိမိတို့၏နှစ်ဦးသဘောတူပေါင်းသင်းနေထိုင်ခြင်းကို တရားဝင်မှတ်ပုံတင်ပေးရန်တောင်းဆိုသည်။ အရာရှိကအံ့အားသင့်သွားပြီး ဤသို့မေးသည်– “ဒီအသက်အရွယ်ရောက်မှ ခင်ဗျားဒီလိုလုပ်ချင်တယ်ဆိုတာ သေချာပါတယ်နော်။”

၁၈ ထိုသူဤသို့ရှင်းပြသည်– “ကျွန်တော် ယေဟောဝါသက်သေတစ်ယောက်ဖြစ်ချင်တယ်၊ ဒီလောကနိဂုံးမချုပ်ခင်မှာ အရေးအကြီးဆုံးလုပ်ငန်း—ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကြေညာတဲ့လုပ်ငန်းမှာ ပါဝင်ချင်လို့ပဲ။ ဒီလုပ်ငန်းက ထာဝရအသက်ကိုပို့ဆောင်ပေးတယ်။ ယေဟောဝါသက်သေတွေဟာ လက်ထပ်မှတ်ပုံတင်ခြင်းပါဝင်တဲ့ တရားမဥပဒေကိုနာခံကြတယ်။ ဒါကြောင့် ကျွန်တော့်ကို ကျေးဇူးပြု၍မှတ်ပုံတင်ပေးပါ။” အရာရှိမှင်တက်မိသွားတော့သည်။ မှတ်ပုံတင်ခြင်းကို သူဆက်လုပ်ပေးလိုက်သောအခါ အဖိုးအိုသည် ယခုတရားဝင်လက်ထပ်ရပြီဖြစ်သောကြောင့် ပျော်ရွှင်သွားသည်။—ရောမ ၁၂:၂ နှိုင်းယှဉ်။

၁၉ ယင်းနောက်တွင် လက်ထပ်မှတ်ပုံတင်အရာရှိသည် သူကြားခဲ့သည့်အရာများကို ပြန်ပြောင်းဆင်ခြင်ခဲ့သည်။ “ယေဟောဝါသက်သေတွေ . . . အရေးအကြီးဆုံးလုပ်ငန်း . . . လောကနိဂုံး . . . ဘုရားသခင့်နိုင်ငံတော် . . . ထာဝရအသက်။” ဤအချက်အားလုံးတို့သည် အသက် ၉၆ နှစ်အရွယ်ရှိအဖိုးအိုတစ်ဦး၏ဘဝတွင် မည်သို့အဓိပ္ပာယ်ရှိနေသည်ကို စဉ်းစားမရနိုင်သဖြင့် ပိုမိုသိရှိနိုင်ရန် ယေဟောဝါသက်သေများကိုရှာဖွေဖို့ သူဆုံးဖြတ်လိုက်သည်။ ကျမ်းစာသင်အံမှုတစ်ခုကို သူလက်ခံလိုက်ပြီး လျင်မြန်စွာတိုးတက်လာသည်။ ယနေ့ ထိုလက်ထပ်မှတ်ပုံတင်အရာရှိသည် နှစ်ခြင်းခံပြီးသောသက်သေခံတစ်ဦးဖြစ်နေပေပြီ။ အခြားသူများက အသေးအမွှားဟုယူမှတ်သောကိစ္စများ၌ပင် ယေဟောဝါအားကျွန်ုပ်တို့နာခံမှုတင်ပြပါက ကျွန်ုပ်တို့အတွက်နှင့် ကျွန်ုပ်တို့၏အကျင့်အကြံကိုတွေ့ မြင်သူများအတွက် မဖော်ပြနိုင်သောအကျိုးကျေးဇူးများ ဖြစ်ထွန်းစေနိုင်သည်။—၁ ပေတရု ၂:၁၂ နှိုင်းယှဉ်။

၂၀။ မြန်မာနိုင်ငံတွင် ညီအစ်မငယ်တစ်ဦး၏ရိုးသားမှုက ကောင်းစွာသက်သေခံခွင့်ကို မည်သို့ ဖြစ်စေခဲ့သနည်း။

၂၀ မိမိတို့ကိုယ်ကို ရိုးသားသူများဖြစ်အောင်သမ္မာတရားကပုံသွင်းခြင်းကို ခွင့်ပြုသောသက်ကြီးရွယ်အိုများသည် ဤမရိုးသားသည့်လောကတွင် လူငယ်များအတွက် ကောင်းသောပုံသက်သေကိုတင်ပြပေးသည်။ မြန်မာနိုင်ငံတွင် ထိုကဲ့သို့သောညီအစ်မငယ်တစ်ဦးရှိသည်။ သူမသည် ကလေးဆယ်ယောက်ရှိသော နွမ်းပါး၍နှိမ့်ချသည့်မိသားစုမှဖြစ်သည်။ ဖခင်ဖြစ်သူမှာ အငြိမ်းစားတစ်ဦးဖြစ်ပြီး မှန်မှန်ရှေ့ဆောင်ဖြစ်သည်။ တစ်နေ့တွင် သူမသည် ကျောင်း၌ စိန်လက်စွပ်တစ်ကွင်းကိုကောက်ရသည်။ သို့နှင့် သူမ၏အတန်းပိုင်ဆရာမထံ ချက်ချင်းသွားအပ်လိုက်သည်။ နောက်တစ်နေ့ ကျောင်းသားများစုရုံးရောက်ရှိလာသောအခါ ဆရာမက လက်စွပ်မည်သို့ ပြန်တွေ့ပုံကိုပြောပြပြီး ပိုင်ရှင်ထံပြန်အပ်လိုက်သည်။ ထို့နောက် ဆရာမက အခြားကလေးများဆိုလျှင် ယူထားမည်ဖြစ်လျက်နှင့် သူမအဘယ်ကြောင့်ဤသို့ပြုရကြောင်းကို တစ်တန်းလုံးရှေ့တွင်ရပ်၍ရှင်းပြခိုင်းသည်။ ညီအစ်မက သူမသည် ယေဟောဝါသက်သေတစ်ဦးဖြစ်ပြီး သူမကိုးကွယ်သည့်ဘုရားသည် ခိုးခြင်း သို့မဟုတ် မည်သည့်မရိုးသားမှုကိုမျှ မနှစ်သက်ကြောင်း ရှင်းပြသည်။ ယင်းကိုတစ်ကျောင်လုံးသိရှိသွားရာ ကျွန်ုပ်တို့ညီအစ်မငယ်အတွက် ဆရာမများနှင့်ကျောင်းသားများအား အလားတူသက်သေခံခွင့်ကို ရစေခဲ့သည်။

၂၁။ လူငယ်များသည် ယေဟောဝါ၌ယုံစားသဖြင့် သူတို့၏အကျင့်အကြံသည် ကိုယ်တော်အားမည်သို့ရောင်ပြန်ဟပ်သနည်း။

၂၁ ဘယ်လ်ဂျီယံနိုင်ငံတွင် ကျောင်းဆရာတစ်ဦးသည် အတန်းထဲတွင် ယေဟောဝါသက်သေများနှင့်ပတ်သက်၍ စိတ်ဝင်စားဖွယ်မှတ်ချက်ချခဲ့သည်။ ညီအစ်မငယ်တစ်ဦးလည်းဖြစ်သည့် သူ့တပည့်တစ်ဦး၏အကျင့်အကြံကို သူသတိထားမိပြီး ဤသို့ပြောသည်– “အခု ယေဟောဝါသက်သေတွေနဲ့ပတ်သက်လို့ ဆရာ့အမြင်ပြောင်းသွားပြီ။ သူတို့ဟာ လိုက်လျောမှုမရှိဆုံးလူတွေဖြစ်တယ်လို့ထင်အောင် ဆရာ့ရဲ့ငဲ့ကွက်စိတ်ကဖြစ်စေခဲ့တယ်။ သူတို့ဟာ သူတို့ရဲ့စည်းမျဉ်းတွေကို အလျှော့မပေးဘဲနဲ့ လိုက်လျောမှုအရှိဆုံးသူတွေအဖြစ်ပြခဲ့ကြတယ်။” နှစ်စဉ်နှစ်တိုင်း အတော်ဆုံးကျောင်းသားတစ်ဦးကို ဆရာများကဆုချလေ့ရှိသည်။ ယင်းဆုများတွင် အကျင့်စာရိတ္တနှင့်ဆိုင်သောဆုလည်း ပါဝင်သည်။ ဤဆရာသည် အဆင့်မြင့်ဆုသုံးဆုကို ယေဟောဝါသက်သေကလေးများအား သုံးနှစ်ဆက်တိုက်ပေးအပ်ခဲ့သည်။ ယေဟောဝါ၌စွဲစွဲမြဲမြဲယုံစားသူများ၌ ထိုသို့ပင်ဖြစ်လေ့ရှိသည်။—ဆာလံ ၃၁:၂၃။

၂၂။ ဆာလံ ၃၁ က မည်သို့အောင်မြင်စွာနိဂုံးချုပ်ထားပြီး ယင်းက အစီအစဉ်စနစ်ကုန်ဆုံးခါနီးအချိန်တွင် ကျွန်ုပ်တို့အား မည်သို့အကူအညီဖြစ်စေသနည်း။

၂၂ ဆာလံ ၃၁ က အောင်မြင်သည့်ကြွေးကြော်ချက်ဖြင့် နိဂုံးချုပ်သည်– “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုကိုးစားသောသူအပေါင်းတို့ အားယူ၍ရဲရင့်သောစိတ်နှလုံးရှိကြလော့။” (ဆာလံ ၃၁:၂၄) ထို့ကြောင့် ကျွန်ုပ်တို့သည် စာတန့်ဆိုးယုတ်သည့်အစီအစဉ်စနစ်၏ နိဂုံးပိုင်းသို့ချဉ်းကပ်လာသည်နှင့်အမျှ ယေဟောဝါသည် ကျွန်ုပ်တို့ကိုမစွန့်ပစ်ဘဲ ကျွန်ုပ်တို့နှင့်ပိုမိုနီးကပ်ကာ ကျွန်ုပ်တို့ထဲ၌ကိုယ်တော့်တန်ခိုးတော်ကို ထည့်သွင်းပေးပေမည်။ ယေဟောဝါသည် သစ္စာစောင့်တော်မူပြီး ပျက်ကွက်မည်မဟုတ်ပါ။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ခိုလှုံရာ; ကျွန်ုပ်တို့၏ရဲတိုက်ပေတည်း။—သု. ၁၈:၁၀။

သင်မှတ်မိသလော

◻ အဘယ်ကြောင့် ယုံကြည်စိတ်ချစွာဖြင့် ယေဟောဝါအား ကျွန်ုပ်တို့၏ခိုလှုံရာဖြစ်စေနိုင်သနည်း။

◻ အားကြီးသည့် သီချင်းသည်အုပ်စုတစ်စုသည် ဘုရားနိုင်ငံတော်အားချီးမွမ်းသီချင်းကို ရဲရင့်စွာသီဆိုနေကြကြောင်း မည်သည့်အထောက်အထားရှိသနည်း။

◻ စာတန်၏ပိုက်ကွန်သည် ယေဟောဝါ၏လူများအားကျော့မိမည်မဟုတ်ကြောင်း ကျွန်ုပ်တို့မည်သို့ယုံကြည်စိတ်ချနိုင်သနည်း။

◻ ယေဟောဝါ၌ခိုလှုံသူများအား မည်သည့်ရတနာများကို ကိုယ်တော်သိုမှီးပေးထားသနည်း။

[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံ]

ယေဟောဝါ၌ခိုလှုံသောသူတို့သည် ဘုရားနိုင်ငံတော်ကြေညာသူများဖြစ်သော အားကြီးသည့်သီချင်းသည်အုပ်စုဖြစ်သည်—၄,၇၀၉,၈၈၉ အင်အားစုကြီးပင်!

၁။ ဆီနီဂဲလ်

၂။ ဘရာဇီး

၃။ ချီလီ

၄။ ဘိုလစ်ဗီးယား

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ