ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၁၂/၁ စာ. ၁၉-၂၄
  • နှိမ့်ချသောသူတို့သည် ဝမ်းမြောက်ခြင်းရှိ၏

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နှိမ့်ချသောသူတို့သည် ဝမ်းမြောက်ခြင်းရှိ၏
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါကိုယုံကြည်ခြင်းသည် နှိမ့်ချစေရန် အထောက်အကူပြု
  • နှိမ့်ချခြင်း—ဉာဏ်ပညာရှိ လမ်းစဉ်
  • နှိမ့်ချခြင်းသည် သူတစ်ပါးနှင့် ကောင်းသောဆက်ဆံမှုရှိစေ
  • ချစ်ခြင်းမေတ္တာသည် နှိမ့်ချမှုရှိရန် ကူညီပါလိမ့်မည်
  • စစ်မှန်သောနှိမ့်ချမှုကို မွေးမြူလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • စစ်မှန်သောနှိမ့်ချမှုကိုသင်မည်သို့တင်ပြနိုင်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ယေဟောဝါသည် စိတ်နှိမ့်ချသူများကို ဘုန်းတော်ထင်ရှားပြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • နှိမ့်ချသူတွေကို ယေဟောဝါ တန်ဖိုးထား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၁၂/၁ စာ. ၁၉-၂၄

နှိမ့်ချသောသူတို့သည် ဝမ်းမြောက်ခြင်းရှိ၏

“ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင်ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသောသူတို့အား ကျေးဇူးပြုတော်မူ၏။” —၁ ပေတရု ၅:၅။

၁၊ ၂။ ယေရှုသည် တောင်ပေါ်ဒေသနာတွင် ဝမ်းမြောက်ခြင်းနှင့် နှိမ့်ချခြင်းကို မည်သို့ဆက်စပ်ထားသနည်း။

ဝမ်းမြောက်ခြင်းနှင့် နှိမ့်ချခြင်းသည် ဆက်စပ်နေပါသလော။ အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားယေရှုခရစ် ဟောပြောခဲ့သည့် ကိုယ်တော်၏နာမည်အကျော်ကြားဆုံး ဟောပြောချက်တွင် ဝမ်းမြောက်ခြင်း သို့မဟုတ် သုခချမ်းသာ ကိုးပါးကိုဖော်ပြထားတော်မူသည်။ (မဿဲ ၅:၁-၁၂) ဝမ်းမြောက်ခြင်းနှင့် နှိမ့်ချခြင်းကို ယေရှု ဆက်စပ်ဖော်ပြတော်မူခဲ့သလော။ ဖော်ပြပါသည်။ အကြောင်းမူကား ကိုယ်တော်ဟောပြောခဲ့သော ဝမ်းမြောက်ခြင်းရှိစရာအကြောင်းများတွင် နှိမ့်ချမှုရှိခြင်းပါဝင်သည်။ ဥပမာ၊ ဝိညာဉ်ရေးဘက် မိမိလိုအပ်လျက်နေကြောင်း အသိအမှတ်ပြုရန် နှိမ့်ချမှုရှိဖို့လိုပါသည်။ နှိမ့်ချသောသူများသာလျှင် ဖြောင့်မတ်ခြင်းတရားကို ဆာငတ်မွတ်သိပ်တတ်သည်။ မာနထောင်လွှားသူများသည် နူးညံ့သိမ်မွေ့သောသဘောမရှိ၊ သနားစုံမက်ခြင်းမရှိ၊ ရန်ငြိမ်းစေသူများလည်း မဟုတ်ကြပါ။

၂ နှိမ့်ချခြင်းသည် မှန်ကန်ရိုးဖြောင့်သောကြောင့် နှိမ့်ချသူတို့ ဝမ်းမြောက်ကြသည်။ ထို့ပြင် နှိမ့်ချခြင်းသည် ပညာရှိရာကျသောကြောင့်လည်း နှိမ့်ချသူများသည် ဝမ်းမြောက်ကြပါသည်။ ယင်းကြောင့် ယေဟောဝါဘုရားသခင်နှင့်သော်လည်းကောင်း၊ ခရစ်ယာန်ချင်းတို့နှင့်သော်လည်းကောင်း ပြေပြစ်သောဆက်ဆံရေးရှိစေသည်။ ထိုထက်ကား နှိမ့်ချမှုတင်ပြခြင်းသည် မေတ္တာပြရာဖြစ်သောကြောင့် နှိမ့်ချသူတို့သည် ဝမ်းမြောက်ကြပါသည်။

၃။ ရိုးဖြောင့်ခြင်းငှာ အဘယ်ကြောင့်နှိမ့်ချရန် လိုသနည်း။

၃ ရိုးဖြောင့်ခြင်းငှာ အဘယ်ကြောင့်နှိမ့်ချရန် လိုသနည်း။ အကြောင်းတစ်ခုကား ကျွန်ုပ်တို့အားလုံးသည် မစုံလင်မှုကို အမွေရထား၍ အမြဲမှားယွင်းနေတတ်သောကြောင့်ဖြစ်သည်။ တမန်တော်ပေါလုက မိမိအကြောင်း ဤသို့ဆိုသည်– “ငါ့အထဲမှာ ဇာတိပကတိ၌ကောင်းသောအရာ တစ်စုံတစ်ခုမျှ မတည်သည်ကို ငါသိ၏။ အကြောင်းမူကား ငါသည် ကျင့်ချင်သောစိတ်ရှိသော်လည်း ကောင်းစွာကျင့်တတ်သောအခွင့်ကို ရှာ၍မတွေ့နိုင်။” (ရောမ ၇:၁၈) မှန်ပါသည်။ ကျွန်ုပ်တို့အားလုံး အမှားပြုခဲ့ကြ၍ ဘုရားသခင်၏ဘုန်းတော်ကိုမမီခဲ့ကြချေ။ (ရောမ ၃:၂၃) ပွင့်လင်းမှုရှိခြင်းက မာနတက်ခြင်းကိုရှောင်ကြဉ်စေသည်။ မိမိအမှားကို ဝန်ခံရန် နှိမ့်ချမှုရှိရမည်။ မှားယွင်းမိတိုင်း ခေါင်းမရှောင်ဘဲ ဝန်ခံရန် ရိုးဖြောင့်ခြင်းက အထောက်အကူပြုပါလိမ့်မည်။ ကျွန်ုပ်တို့ကြိုးစားသော်လည်း မှားစမြဲ မှားတတ်သည့်အတွက် နှိမ့်ချစရာ ကောင်းသောအကြောင်း ရှိပါသည်။

၄။ ၁ ကောရိန္သု ၄:၇ ပါအဘယ်မရှိမဖြစ်အကြောင်းကြောင့် နှိမ့်ချသူဖြစ်ရသနည်း။

၄ ရိုးဖြောင့်သောသဘောသည် ကျွန်ုပ်တို့အား အဘယ်ကြောင့်နှိမ့်ချစေသင့်ကြောင်း တမန်တော်ပေါလုက ဤသို့ထပ်ဆင့်အကြောင်းပြသည်– “အဘယ်သူသည် သင့်ကိုထူးခြားစေသနည်း။ သူတစ်ပါးလက်မှ မခံမယူဘဲ အလိုအလျောက်ရသောအရာ တစ်စုံတစ်ခုမျှ သင်၌ရှိသလော။ သူတစ်ပါးလက်မှ ခံယူသည်မှန်လျှင် မခံမယူသကဲ့သို့ အဘယ်ကြောင့် ဝါကြွားသနည်း။” (၁ ကောရိန္သု ၄:၇) ကိုယ့်ကိုယ်ကို ဂုဏ်တင်မည်၊ ကိုယ့်စည်းစိမ်၊ ကိုယ့်အရည်အချင်း သို့မဟုတ် ကိုယ့်ဖြစ်မြောက်အောင်မြင်မှုများ၌ ဝင့်ဝါနေမည်ဆိုလျှင် ရိုးဖြောင့်ရာကျမည်မဟုတ်ကြောင်း ထင်ရှားနေပါသည်။ ရိုးဖြောင့်ခြင်းက “အရာရာတို့၌ ကောင်းမွန်စွာကျင့်နေခြင်းငှာ” ဘုရားသခင်ရှေ့ ကြည်လင်သောသဘောရှိစေသည်။—ဟေဗြဲ ၁၃:၁၈။

၅။ အမှားပြုမိသည့်အခါ၌လည်း ရိုးဖြောင့်ခြင်းသည် မည်သို့ အကူအညီပေးမည်နည်း။

၅ အမှားပြုမိသည့်အခါ ရိုးဖြောင့်သောသဘောသည် နှိမ့်ချမှုပြရန် အကူအညီပေးသည်။ ဆင်ခြေတက်ရန် သို့မဟုတ် သူတစ်ပါးကို အပြစ်ဖို့ရန် ကြိုးစားမည့်အစား အပြစ်တင်ခံရန် ပိုအသင့်ရှိစေသည်။ ဧဝကို အာဒံအပြစ်တင်ခဲ့သော်လည်း ဒါဝိဒ်မူကား ‘ထင်ထင်ပေါ်ပေါ်ကြီး သူ ရေမချိုးသင့်ဘူး။ ငါသွေးဆောင်ခံရတာတော့ ဘယ်တတ်နိုင်ပါ့မလဲ’ ဟူ၍ ဗေသရှေဘကို အပြစ်မတင်ခဲ့ပါ။ (ကမ္ဘာဦး ၃:၁၂; ၂ ဓမ္မရာဇဝင် ၁၁:၂-၄) တစ်ဖက်တွင် ရိုးဖြောင့်သောသဘောသည် ကျွန်ုပ်တို့အား နှိမ့်ချစေ၍ အခြားတစ်ဖက်တွင်မူ နှိမ့်ချခြင်းက ရိုးဖြောင့်ရန် အမှန်တကယ် အထောက်အကူပြုသည်ဟု ဆိုနိုင်ပေမည်။

ယေဟောဝါကိုယုံကြည်ခြင်းသည် နှိမ့်ချစေရန် အထောက်အကူပြု

၆၊ ၇။ ဘုရားသခင်ကိုယုံကြည်ခြင်းသည် နှိမ့်ချရန် မည်သို့ အကူအညီပေးသနည်း။

၆ ယေဟောဝါကိုယုံကြည်ခြင်းသည်လည်း နှိမ့်ချရန် အထောက်အကူပြုပါလိမ့်မည်။ စကြဝဠာကို ပိုင်သအုပ်စိုးရှင်၊ ဖန်ဆင်းရှင်သည် အမှန်တကယ်ပင် ကြီးမြတ်တော်မူကြောင်း သဘောပေါက်နားလည်ထားခြင်းက ကိုယ့်ကိုယ်ကို အလေးထားလွန်းခြင်းမှ တားဆီးပါလိမ့်မည်။ ယင်းနှင့်စပ်လျဉ်း၍ ပရောဖက်ဟေရှာယ၏ သတိပေးချက်သည် အလွန်လျောက်ပတ်ပေသည်တကား! ဟေရှာယ ၄၀:၁၅၊ ၂၂ တွင် “လူအမျိုးမျိုးတို့သည် ရေပုံးမှကျသော ရေစက်ကဲ့သို့ဖြစ်၍ ချိန်ခွင်၌ မြူမှုန့်ကဲ့သို့ ထင်မှတ်စရာရှိ၏။ . . . မြေကြီးစက်အပေါ်မှာထိုင်၍ မြေကြီးသားတို့ကို နှံကောင်ကဲ့သို့ မှတ်တော်မူထသော . . . သူပေတည်း” ဟူ၍ ဖတ်ရှုရသည်။

၇ မတရားသဖြင့် ပြုမူခံနေရသည်ဟု ယူမှတ်သည့်အခါတွင်လည်း ယေဟောဝါကိုယုံကြည်ခြင်းသည် ကူညီပေးပါလိမ့်မည်။ ယင်းကြောင့် မခံမရပ်နိုင်ဖြစ်နေမည့်အစား ဆာလံ ၃၇:၁-၃၊ ၈၊ ၉ တွင်ဆာလံဆရာ သတိပေးထားသကဲ့သို့ နှိမ့်ချစွာဖြင့် ယေဟောဝါကိုအမှီပြုကာ စောင့်ဆိုင်းနေပါလိမ့်မည်။ တမန်တော်ပေါလုလည်း ထပ်တူမှာကြားပါသည်– “ချစ်သူတို့၊ . . . ကိုယ်တိုင်အပြစ်ပြန်၍ မတုံ့ကြနှင့်။ အမျက်တော်ကို အခွင့်ပေးကြလော့။ ကျမ်းစာလာသည်ကား ‘ငါသည် အပြစ်တရားကို စီရင်ပိုင်၏။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်’ ဟုထာဝရဘုရား [ယေဟောဝါ၊ ကဘ] မိန့်တော်မူ၏။”—ရောမ ၁၂:၁၉။

နှိမ့်ချခြင်း—ဉာဏ်ပညာရှိ လမ်းစဉ်

၈။ နှိမ့်ချခြင်းသည် ယေဟောဝါနှင့် ကောင်းသောဆက်ဆံရေး အဘယ်ကြောင့်ရှိစေသနည်း။

၈ နှိမ့်ချခြင်းသည် ဉာဏ်ပညာရှိလမ်းစဉ်ဖြစ်ရသည့် အကြောင်းမြောက်မြားစွာရှိသည်။ ဖော်ပြနှင့်ပြီးသည့်အတိုင်း တစ်ခုမှာ ကျွန်ုပ်တို့ဖန်ဆင်းရှင်နှင့် ကောင်းသောဆက်ဆံမှု ရှိစေပါသည်။ “မာနကြီးသောသူအပေါင်းတို့ကို ထာဝရဘုရား [ယေဟောဝါ၊ ကဘ] စက်ဆုပ်ရွံရှာတော်မူ၏’ ဟုသု. ၁၆:၅ တွင်ဘုရားသခင့်နှုတ်ကပါဌ်တော်က ရှင်းလင်းပြတ်သားစွာဖော်ပြသည်။ သု. ၁၆:၁၈ တွင်လည်း– “မာနသည် ပျက်စီးခြင်းအရင်၊ ထောင်လွှားသောသဘောသည် ရှုတ်ချခြင်းအရင်၌ နေရာကျတတ်၏” ဟူ၍ ဖတ်ရှုရသည်။ မာနထောင်လွှားသူများသည် တစ်နေ့နေ့ တစ်ချိန်ချိန် ဝမ်းနည်းကြေကွဲကြရသည်။ “အသက်ပျိုသောသူတို့ အသက်ကြီးသောသူတို့၏စကားကို နားထောင်ကြလော့။ ထိုမျှမက အချင်းချင်း တစ်ယောက်အောက်တစ်ယောက် နှိမ့်ချလျက်နေ၍ နှိမ့်ချခြင်းတန်ဆာကိုဆင်ကြလော့။ အကြောင်းမူကား ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင်ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသောသူတို့အား ကျေးဇူးပြုတော်မူ၏” ဟူ၍ ၁ ပေတရု ၅:၅ တွင်ပါသည့်အတိုင်း အမှန်ဖြစ်ရလိမ့်မည်။ ယေရှု၏ပုံဥပမာတွင် ဆုတောင်းနေကြသည့် ဖာရိရှဲနှင့် အခွန်ခံတို့အဖြစ်ကလည်း ထပ်တူအချက်ကို ဖော်ပြပါသည်။ နှိမ့်ချမှုရှိသောအခွန်ခံသည် ပိုဖြောင့်မတ်သူဖြစ်ကြောင်း ပြသသည်။—လုကာ ၁၈:၉-၁၄။

၉။ ဆင်းရဲဒုက္ခကာလတွင် နှိမ့်ချခြင်းသည် မည်သို့ကူညီသနည်း။

၉ နှိမ့်ချမှုရှိလျှင် “ဘုရားသခင်၏အလိုတော်သို့ လိုက်ကြလော့” ဟူသော ယာကုပ် ၄:၇ ပါသြဝါဒကို လိုက်နာရန် ပိုလွယ်ကူစေသည့်အတွက် နှိမ့်ချမှုသည် ဉာဏ်ပညာရှိလမ်းစဉ်ဖြစ်သည်။ ကျွန်ုပ်တို့နှိမ့်ချမည်ဆိုလျှင် အတိုက်အခံပြုခံရရန် ယေဟောဝါခွင့်ပြုခြင်းကို ဖီဆန်မည်မဟုတ်ပါ။ နှိမ့်ချခြင်းသည် မိမိအခြေအနေကိုမိမိ ကျေနပ်ခံနိုင်ရည်ရှိစေသည်။ မာနထောင်လွှားသောသူမူကား ကျေနပ်ရောင့်ရဲခြင်းမရှိ တလိုတည်းလိုချင်နေ၍ ဖိစီးခံရသည့်အခြေအနေများကို ဖီလာဆန့်ကျင်ပါသည်။ တစ်ဖက်ကကြည့်ပြန်လျှင် နှိမ့်ချသောသူသည် အခက်အခဲဒုက္ခများနှင့် စုံစမ်းခြင်းတို့ကို ယောဘနည်းတူ ခံနိုင်ရည်ရှိရှိ ခံရပ်နိုင်သည်။ ယောဘသည် စည်းစိမ်ဥစ္စာအားလုံးကို ဆုံးရှုံးရုံမက ရောဂါဝေဒနာခံရပြီး သူ၏ဇနီးကိုယ်တိုင်က “ဘုရားသခင်ကိုစွန့်ပယ်၍ သေလော့” ဟုသူ့အား မာနကြီးသူတို့၏လမ်းစဉ်ကို လိုက်လျှောက်ရန် တိုက်တွန်းခဲ့သည်။ သူမည်သို့ တုံ့ပြန်ပါသနည်း။ ကျမ်းစာမှတ်တမ်းက ဤသို့ဖြေဆိုပါသည်– “ယောဘကလည်း– ‘မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည် ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကိုခံယူသည်ဖြစ်၍ ဒုက္ခဆင်းရဲကို မခံမယူရာသလော’ ဟုဆို၏။ ယောဘသည် ဤအမှုများနှင့်တွေ့ကြုံသော်လည်း နှုတ်ဖြင့်မျှ မမှားယွင်း။” (ယောဘ ၂:၉၊ ၁၀) ယောဘသည် နှိမ့်ချသူဖြစ်သောကြောင့် ငြင်းဆန်မည့်အစား မိမိအား ယေဟောဝါခံစားစေသမျှကို ပညာရှိစွာ ခံယူခဲ့သည်။ နောက်ဆုံးသော် ကြွယ်ဝသောဆုကျေးဇူးများ ခံစားခဲ့ရပါသည်။—ယောဘ ၄၂:၁၀-၁၆; ယာကုပ် ၅:၁၁။

နှိမ့်ချခြင်းသည် သူတစ်ပါးနှင့် ကောင်းသောဆက်ဆံမှုရှိစေ

၁၀။ ခရစ်ယာန်ချင်းတို့နှင့်ဆက်ဆံရေးကို နှိမ့်ချခြင်းသည် မည်သို့တိုးတက်စေသနည်း။

၁၀ ခရစ်ယာန်ချင်းတို့နှင့် ကောင်းသောဆက်ဆံမှုရှိစေသည့်အတွက် နှိမ့်ချခြင်းသည် ဉာဏ်ပညာရှိလမ်းစဉ် ဖြစ်ပါသည်။ “ရန်တွေ့လိုသောစိတ်၊ အချည်းနှီးကျော်စောကိတ္တိကို တပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကိုမျှ မပြုကြနှင့်။ သူတစ်ပါးသည် ကိုယ်ထက်သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက် ထင်မှတ်ကြလော့။ ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြလော့” ဟူ၍ တမန်တော်ပေါလု ကောင်းစွာသြဝါဒပေးထားပါသည်။ (ဖိလိပ္ပိ ၂:၃၊ ၄) နှိမ့်ချခြင်းသည် သူတစ်ပါးနှင့် အပြိုင်အဆိုင်ပြုခြင်း သို့မဟုတ် သူတစ်ပါးထက်သာအောင် ကြိုးစားခြင်းကို ပညာရှိစွာ ရှောင်ကြဉ်စေသည်။ ယင်းကဲ့သို့သော စိတ်နေသဘောထားများသည် ကိုယ်ကိုသော်လည်းကောင်း၊ ခရစ်ယာန်ချင်းတို့အားသော်လည်းကောင်း ပြဿနာများ ပေါ်ပေါက်စေပါသည်။

၁၁။ နှိမ့်ချခြင်းသည် အမှားအယွင်းကို ရှောင်ကြဉ်ရန် အဘယ်ကြောင့်ကူညီပေးနိုင်သနည်း။

၁၁ နှိမ့်ချခြင်းသည် အမှားကိုရှောင်ကြဉ်ရန် ကြိမ်ဖန်များစွာ အကူအညီပေးပါလိမ့်မည်။ မည်သို့အားဖြင့်နည်း။ အကြောင်းမူကား နှိမ့်ချခြင်းသည် ကိုယ်ကိုယ်ကို ယုံကြည်စိတ်ချလွန်းခြင်း မရှိစေပါ။ သို့ဖြစ်မည့်အစား “အကြင်သူသည် မိမိတည်ကြည်လျက်နေသည်ဟု မိမိထင်မှတ်၏၊ ထိုသူသည် မလဲခြင်းငှာ သတိပြုစေ” ဟူသော ၁ ကောရိန္သု ၁၀:၁၂ ပါပေါလု၏ဩဝါဒကို တန်ဖိုးထားမည်။ မာန်မာနတက်သူသည် မိမိကိုယ်ကို ယုံကြည်အားထားလွန်းသဖြင့် ပြင်ပသြဇာများ သို့မဟုတ် ကိုယ်တွင်းရှိအားနည်းချက်များကြောင့် အမှားပြုမိတတ်သည်။

၁၂။ နှိမ့်ချခြင်းသည် အဘယ်ကျမ်းဆိုင်ရာတာဝန်ကို မီအောင်လိုက်လျှောက်စေသနည်း။

၁၂ နှိမ့်ချခြင်းသည် လက်အောက်ခံခြင်းငှာ လိုအပ်သည့်အရည်အချင်း ရှိစေရန် အထောက်အကူပေးပါမည်။ ဧဖက် ၅:၂၁ တွင် ကျွန်ုပ်တို့အား ဤသို့မှာကြားထားသည်– “ခရစ်တော်ကိုခန့်ညားသောအားဖြင့် အချင်းချင်း တစ်ယောက်အောက်တစ်ယောက် ကိုယ်ကိုနှိမ့်ချလျက်နေကြလော့။” ကျွန်ုပ်တို့အားလုံးသည် အမှန်တကယ်ပင် လက်အောက်ခံကြဖို့ လိုနေသည်မဟုတ်ပေလော။ သားသမီးများသည် ကိုယ်မိဘများအား၊ ဇနီးများမူ လင်ယောက်ျားတို့အား၊ လင်ယောက်ျားများမူကား ခရစ်တော်ကို လက်အောက်ခံကြရသည်။ (၁ ကောရိန္သု ၁၁:၃; ဧဖက် ၅:၂၂; ၆:၁) ထို့နောက် မည်သည့်ခရစ်ယာန်အသင်းတော်တွင်မဆို ဓမ္မအမှုထမ်းများအပါအဝင် အားလုံး အကြီးအကဲများကို လက်အောက်ခံကြရသည်။ အကြီးအကဲများသည်လည်း သစ္စာရှိကျေးကျွန်အတန်းစား၊ အထူးသဖြင့် တိုက်နယ်ကြီးကြပ်မှူးအဖြစ် ကိုယ်စားပြုရောက်လာစဉ် လက်အောက်ခံရသည်မဟုတ်ပေလော။ တိုက်နယ်ကြီးကြပ်မှူးကလည်း ခရိုင်ကြီးကြပ်မှူးအား၊ ခရိုင်ကြီးကြပ်မှူးမူကား ဌာနခွဲကော်မတီကို လက်အောက်ခံကြရသည်။ ဌာနခွဲကော်မတီဝင်များကော။ သူတို့သည်လည်း “အချင်းချင်း တစ်ယောက်အောက်တစ်ယောက် ကိုယ်ကိုနှိမ့်ချ” ရုံမက နန်းထိုင်ဘုရင် ယေရှုရှေ့ စာရင်းရှင်းရသော ‘သစ္စာနှင့်သတိပညာရှိကျေးကျွန်’ အားကိုယ်စားပြုသည့်အုပ်ချုပ်ရေးအဖွဲ့ကို လက်အောက်ခံ ကြရသည်။ (မဿဲ ၂၄:၄၅-၄၇) အကြီးအကဲအဖွဲ့တိုင်းမှာကဲ့သို့ပင် အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် သူတစ်ဖက်သား၏ ရှုမြင်ချက်ကို လေးစားတန်ဖိုးထားကြရပါသည်။ ဥပမာ၊ မိမိအကြံဉာဏ် အလွန်ကောင်းသည်ဟု တစ်ဦးတစ်ယောက် ယူမှတ်ပေမည်။ သို့သော် သူ၏အကြံဉာဏ်ကို အခြားအဖွဲ့ဝင်အရေအတွက် အလုံအလောက် သဘောမတူနိုင်လျှင် ယင်းကို သူဆက်ပြောတော့မည်မဟုတ်ပါ။ အမှန်တကယ်ပင် ကျွန်ုပ်တို့အားလုံးသည် လက်အောက်ခံရသူများဖြစ်ကြ၍ နှိမ့်ချမှုရှိရန်လိုပါသည်။

၁၃၊ ၁၄။ (က) အထူးသဖြင့် အဘယ်အခြေအနေမျိုးတွင် နှိမ့်ချခြင်းသည် အကူအညီပေးမည်နည်း။ (ခ) ဆုံးမသြဝါဒကိုလက်ခံခြင်းနှင့်ပတ်သက်၍ အဘယ်ပုံသက်သေကို ပေတရုချမှတ်ခဲ့သနည်း။

၁၃ အထူးသဖြင့် နှိမ့်ချမှုရှိခြင်းကြောင့် ဆုံးမသြဝါဒနှင့် ပဲ့ပြင်မှုကိုခံယူရန် လွယ်ကူစေသည့်အတွက် နှိမ့်ချခြင်းသည် ဉာဏ်ပညာရှိလမ်းစဉ်ဖြစ်ကြောင်း တွေ့ရှိခဲ့ရပြီ။ ကျွန်ုပ်တို့တစ်ဦးစီသည် မကြာခဏ ပဲ့ပြင်ခံရရန်လိုသည့်အတွက် သု. ၁၉:၂၀ (သမ) ပါသြဝါဒကိုလိုက်နာသင့်ပါသည်– “အဆုံး၌ ပညာရစေခြင်းငှာ အကြံပေးရာကို ဆင်ခြင်၍ ဆုံးမသွန်သင်ခြင်းကိုလည်း နာယူလော့။” ကောင်းစွာမိန့်ဆိုထားသည့်အတိုင်းပင် နှိမ့်ချမှုရှိသူသည် ပြစ်တင်ပြောဆိုခံရသည့်အခါ သို့မဟုတ် ပဲ့ပြင်ခံရသည့်အခါ နာကြည်းဒေါသထွက်လိမ့်မည်မဟုတ်ပါ။ ထို့ပြင်၊ ပဲ့ပြင်ခံရသည့်အခါ နှိမ့်ချစွာ လိုက်နာခြင်းသည် ဉာဏ်ပညာရှိလမ်းစဉ်ဖြစ်ကြောင်း တမန်တော်ပေါလုသည် ဟေဗြဲ ၁၂:၄-၁၁ တွင်သြဝါဒပေးထားပါသည်။ ဤနည်းအားဖြင့်သာလျှင် ကျွန်ုပ်တို့အနာဂတ်လမ်းစဉ်ကို ပညာရှိစွာ လမ်းညွှန်ရန်မျှော်လင့်နိုင်ပြီး ထာဝရအသက်ဆုကျေးဇူးကို တန်ပြန်ရရှိမည်။ အလွန်ရွှင်လန်းအားရစရာ ရလဒ်ပါတကား!

၁၄ ယင်းနှင့်စပ်လျဉ်း၍ တမန်တော်ပေတရု၏ ပုံသက်သေကို ညွှန်ပြလိုပါသည်။ ဂလာတိ ၂:၁၄ ပါမှတ်တမ်းမှ ကျွန်ုပ်တို့သိရှိရသည့်အတိုင်း သူသည် တမန်တော်ပေါလု၏ အပြစ်တင်ခြင်းကို ခံခဲ့ရပါသည်။ “သူတို့သည် မှန်သောဧဝံဂေလိတရားနှင့်အညီ ဖြောင့်မတ်စွာမကျင့်ကြောင်းကို ငါသည်မြင်လျှင် ထိုသူအပေါင်းတို့ရှေ့မှာ ပေတရုအား ငါဆိုသည်ကား ‘သင်သည် ယုဒလူဖြစ်လျက်ပင် ယုဒထုံးစံအတိုင်း မကျင့်ဘဲ တစ်ပါးအမျိုး၏ ထုံးစံအတိုင်းကျင့်လျှင် တစ်ပါးအမျိုးသားတို့သည် ယုဒထုံးစံအတိုင်းကျင့်စေခြင်းငှာ အဘယ်ကြောင့် သူတို့ကိုအနိုင်အထက်ပြုသနည်း။’” တမန်တော်ပေတရုသည် စိတ်ထိခိုက်သွားပါသလော။ ထိုသို့ဖြစ်ခဲ့သည့်တိုင် တစ်ခဏမျှသာဖြစ်လိမ့်မည်အကြောင်း “ငါတို့ချစ်သော ညီပေါလု” ဟူ၍ ၂ ပေတရု ၃:၁၅၊ ၁၆ တွင် နောင်တစ်ချိန် ရည်ညွှန်းပြောဆိုခဲ့သည့်စကားက သိရှိစေပါသည်။

၁၅။ နှိမ့်ချမှုရှိခြင်းနှင့် ဝမ်းမြောက်ခြင်းသည် အဘယ်နည်းဖြင့်ဆက်စပ်နေသနည်း။

၁၅ ရောင့်ရဲတင်းတိမ်၊ ကျေနပ်မှုရှိခြင်းကိစ္စလည်း ရှိပါသေးသည်။ မိမိဝေပုံစု၊ မိမိ၏ အခွင့်အရေး၊ မိမိရရှိထားသောကောင်းချီးများနှင့် မိမိမကျေနပ်နိုင်လျှင် အဘယ်နည်းဖြင့်မျှ ဝမ်းမြောက်နိုင်မည်မဟုတ်ပါ။ နှိမ့်ချသောခရစ်ယာန်တစ်ဦး၌ “ဘုရားသခင်ခွင့်ပြုသည်ဆိုလျှင် ငါခံရပ်နိုင်ပါသည်” ဟူသောသဘောထားမျိုးရှိသည်။ ထိုအတိုင်းပင် တမန်တော်ပေါလုပြောဆိုခဲ့သည်။ အကြောင်းမူကား “လူ၌ဖြစ်တတ်သောစုံစမ်းနှောင့်ယှက်ခြင်းကိုသာ သင်တို့သည် ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ သင်တို့မခံနိုင်သောစုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှာ အခွင့်ပေးတော်မမူ။ သင်တို့သည် ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ယှက်ခြင်းအရာနှင့်တကွ ထွက်မြောက်သောလမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်” ဟု ၁ ကောရိန္သု ၁၀:၁၃ တွင်ဖတ်ရှုရသည်။ ထိုကြောင့် နှိမ့်ချခြင်းသည် ဉာဏ်ပညာရှိလမ်းစဉ်ဖြစ်ကြောင်းကို ဤတွင်တစ်ဖန် တွေ့ရှိရပြန်ပြီ။ အကြောင်းမူကား ကျွန်ုပ်တို့၏ဝေပုံစုသည် မည်သို့ပင်ဖြစ်စေကာမူ ဝမ်းမြောက်နိုင်ရန် အကူအညီရရှိသောကြောင့်ဖြစ်သည်။

ချစ်ခြင်းမေတ္တာသည် နှိမ့်ချမှုရှိရန် ကူညီပါလိမ့်မည်

၁၆၊ ၁၇။ (က) နှိမ့်ချရန် အထောက်အကူပြုသည့် အကြီးမြတ်ဆုံးအရည်အချင်းကို အဘယ်ကျမ်းဆိုင်ရာဥပမာက ပေါ်လွင်စေသနည်း။ (ခ) အဘယ်လောကဥပမာတစ်ခုကလည်း ယင်းအချက်ကို ပေါ်လွင်စေသနည်း။

၁၆ အခြားမည်သည့်အရာထက်မဆို ကိုယ်ကျိုးမရှာသောချစ်ခြင်း၊ အဂါးပေးသည် နှိမ့်ချမှုရှိရန် ကူညီပေးပါလိမ့်မည်။ ဖိလိပ္ပိအသင်းသားများအား ပေါလုဖော်ပြခဲ့သည့် ယေရှု၏နှက်တိုင်တင်ခံရသည့် တွေ့ကြုံမှုကို ကိုယ်တော်သည် နှိမ့်ချစွာဖြင့် အဘယ်ကြောင့် ခံနိုင်ခဲ့ပါသနည်း။ (ဖိလိပ္ပိ ၂:၅-၈) ကိုယ်တော်သည် ဘုရားသခင်နှင့် တန်းတူရည်တူဖြစ်ဖို့ရန် အဘယ်ကြောင့် မစဉ်းစားသနည်း။ အကြောင်းမူကား “ငါသည် ခမည်းတော်ကို ချစ်သည်” ဟုကိုယ်တော်တိုင် ပြောဆိုသည့်အတွက်ဖြစ်သည်။ (ယောဟန် ၁၄:၃၁) ယင်းကြောင့်သာ အချိန်အခါတိုင်း ကောင်းကင်ခမည်းတော် ယေဟောဝါ၏ဘုန်းတန်ခိုးတော်ကို ကိုယ်တော်ထင်ရှားစေတော်မူခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် နောက်တစ်ကြိမ်တွင် ကောင်းကင်ခမည်းတော်တစ်ပါးတည်းသာလျှင် ကောင်းမြတ်တော်မူ၏ဟု ကိုယ်တော် အလေးအနက်ဖော်ပြတော်မူခဲ့ခြင်းဖြစ်သည်။—လုကာ ၁၈:၁၈၊ ၁၉။

၁၇ ဤအချက်ကိုပေါ်လွင်စေသည်ကား အမေရိကန်နိုင်ငံ၏ အစောပိုင်းခေတ်က ကဗျာဆရာ ဂျောန် ဂရီးနလိဖ်၏ ဘဝအတွေ့အကြုံတစ်ခုဖြစ်သည်။ ဤသူ၌ ငယ်ချစ်တစ်ဦးရှိ၍ တစ်ခါက စာလုံးပေါင်းပြိုင်ပွဲတစ်ခုတွင် စကားလုံးတစ်လုံးကို သူ မှားယွင်းစွာပေါင်းမိသော်လည်း သူမမူကား အမှန်အတိုင်း စာလုံးပေါင်းနိုင်ခဲ့သည်။ သို့ဖြစ်၍ သူမသည် စိတ်မကောင်းဖြစ်ခဲ့ပါသည်။ အဘယ်ကြောင့်နည်း။ ထိုကဗျာဆရာပြောပြသည့်အတိုင်း သူမက “အဲ့ဒီစကားလုံးကို ကျွန်မပေါင်းပြမိလိုက်တာ စိတ်မကောင်းဘူး။ ရှင့်ထက် သာသွားမိမှာကိုမုန်းတယ်။ . . . ဒီလိုလေ၊ ရှင့်ကို ကျွန်မမြတ်နိုးတာကိုး။” မှန်ပါသည်။ တစ်ဦးတစ်ယောက်ကို ချစ်မြတ်နိုးပါမူ ထိုသူ့အား မိမိထက်သာလွန်စေလိုသည်။ အကြောင်းမူကား ချစ်ခြင်းမေတ္တာသည် နှိမ့်ချတတ်၏။

၁၈။ နှိမ့်ချခြင်းသည် အဘယ်ကျမ်းဆိုင်ရာသြဝါဒကို လိုက်နာရန် အကူအညီပေးမည်နည်း။

၁၈ ယင်းသည် ခရစ်ယာန်အားလုံး၊ အထူးသဖြင့် ညီအစ်ကိုများအတွက် သင်ခန်းစာကောင်းတစ်ခုဖြစ်ပါသည်။ လုပ်ငန်းတော်ဆိုင်ရာ အခွင့်အရေးထူးတစ်ခုနှင့်စပ်လျဉ်းသည့်အခါ မိမိအစား အခြားညီအစ်ကိုရခဲ့သဖြင့် ဝမ်းသာပါမည်လော သို့မဟုတ် မနာလိုသဝန်တိုဖြစ်မည်လော။ ညီအစ်ကိုကို အမှန်ချစ်မည်ဆိုလျှင် ထိုအထူးတာဝန်ကို ခန့်အပ်ခံရသည်၊ သို့မဟုတ် ဂုဏ်တင်ခံရသည် သို့မဟုတ် လုပ်ငန်းတော်တွင် အခွင့်အရေးရလိုက်သည့်အတွက် ဝမ်းသာပါမည်။ မှန်ပါသည်။ “ချီးမွမ်းခြင်းအရာမှာ သူတစ်ပါးကို ကိုယ်ထက် ချီးမြှောက်ကြလော့” ဟူသောဆုံးမစကားကို နာခံရန် နှိမ့်ချခြင်းသည် လွယ်ကူစေပါသည်။ (ရောမ ၁၂:၁၀) အခြားဘာသာပြန်ကျမ်းတစ်ခုတွင်– “သင်တို့ကိုယ်တိုင်ထက် သူတစ်ပါးကို ချီးမြှောက်လော့” ဟူ၍ဖတ်ရှုရပါသည်။ (အပြည်ပြည်ဆိုင်ရာ ဘာသာပြန်ကျမ်းသစ်) နောက်တစ်ဖန် တမန်တော်ပေါလုအားဖြင့် “အချင်းချင်းချစ်၍ အမှုချင်းကို ဆောင်ရွက်ကြလော့” ဟုဆုံးမခံရပါသေးသည်။ (ဂလာတိ ၅:၁၃) မှန်ပါသည်။ ချစ်ခြင်းမေတ္တာရှိမည်ဆိုလျှင် ဝမ်းသာအားရနှင့် ညီအစ်ကိုများ၏အကျိုး၊ သူတို့၏အမှုကို ဆောင်ရွက်ပေးပါမည်။ သူတို့၏ကောင်းရာကောင်းကျိုးကို မိမိအကျိုးထက် ဦးစားပေးမည်။ ယင်းသို့ပြုနိုင်ရန် နှိမ့်ချမှုရှိရန်လိုပါသည်။ နှိမ့်ချခြင်းသည် ကြွားလုံးထုတ်ခြင်းမှလည်း ရှောင်ရှားစေမည်။ ယင်းသို့ပြုခြင်းအားဖြင့် အခြားသူတို့တွင် မနာလိုဝန်တိုစိတ်ဖြစ်ပေါ်လာစေခြင်းကို ရှောင်ကွင်းမည်။ ချစ်ခြင်းမေတ္တာသည် “ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ” ဟူ၍ပေါလု ရေးသားခဲ့ပါသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမူကား ဝါကြွားခြင်း၊ မာနတက်ခြင်းနောက်ကွယ်တွင် အတ္တသဘော၊ ငါဟူသောမာနကြီးလွန်းသည့်စိတ်က တွန်းအားပေးနေသောကြောင့် ဖြစ်ပါသည်။ သို့သော် ချစ်ခြင်းမေတ္တာမူကား ကိုယ်ကျိုးစွန့်ခြင်း၏ အနှစ်သာရပင်တည်း။—၁ ကောရိန္သု ၁၃:၄။

၁၉။ မာနထောင်လွှားခြင်းနှင့် အတ္တသဘောကဲ့သို့ပင် နှိမ့်ချခြင်းနှင့်ချစ်ခြင်းသည် ဒွန်တွဲနေကြောင်း ကျမ်းစာမှ အဘယ်ဥပမာများက ဖော်ပြသနည်း။

၁၉ ရှောလုမင်းကြီး၊ သူ၏သား ယောနသန်တို့နှင့် ဒါဝိဒ်၏ဆက်ဆံပုံက ချစ်ခြင်းမေတ္တာနှင့်နှိမ့်ချမှုသည် မည်သို့ဒွန်တွဲကြောင်း၊ မာနထောင်လွှားခြင်းနှင့် အတ္တသဘောသည်လည်း မည်သို့ဒွန်တွဲကြောင်း ထူးခြားစွာပေါ်လွင်စေပါသည်။ စစ်မှုတွင် ဒါဝိဒ်ရရှိသောအောင်မြင်မှုများကြောင့် ဣသရေလအမျိုးသမီးများက– “ရှောလုအထောင်ထောင်၊ ဒါဝိဒ်အသောင်းသောင်း သတ်လေစွတကား” ဟုသီဆိုကြသည်။ (၁ ဓမ္မရာဇဝင် ၁၈:၇) နှိမ့်ချမှုလုံးဝမရှိဘဲ မာန်ယစ်နေသည့်အတွက် ရှောလုသည် ထိုအချိန်မှစတင်၍ ဒါဝိဒ်အပေါ် ရန်လိုမုန်းတီးစိတ်ပွားလေတော့သည်။ ယင်းကား သူ၏သား ယောနသန်၏စိတ်ထားနှင့် ကွာခြားလှသည်တကား! ဒါဝိဒ်ကို ယောနသန်သည် ကိုယ်နှင့်အမျှချစ်သည်ဟု ဖတ်ရှုရပါသည်။ (၁ ဓမ္မရာဇဝင် ၁၈:၁) သို့ဖြစ်၍ ဒါဝိဒ်အား ယေဟောဝါသည်ကောင်းချီးများပေးတော်မူပြီး၊ ဣသရေလနိုင်ငံ၏ဘုရင် ရှောလုကို နောက်ဆက်ခံမည့်သူသည် ယောနသန်မဟုတ်၊ ဒါဝိဒ်ဖြစ်ကြောင်း အဖြစ်အပျက်တို့က တင်ပြသောအခါ ယောနသန် မည်သို့တုံ့ပြန်ပါသနည်း။ မနာလိုဝန်တိုစိတ် ရှိခဲ့ပါသလော။ လုံးဝမရှိပါ! ဒါဝိဒ်ကို အလွန်ချစ်သောကြောင့် ၁ ဓမ္မရာဇဝင် ၂၃:၁၇ တွင်ကျွန်ုပ်တို့ဖတ်ရှုရသည်အတိုင်း သူပြောဆိုနိုင်ခဲ့ခြင်းဖြစ်သည်– “မစိုးရိမ်နှင့်။ သင်သည် ကျွန်ုပ်အဘ ရှောလု၏လက်မှလွတ်၍ ဣသရေလရှင်ဘုရင်ဖြစ်လိမ့်မည်။ ကျွန်ုပ်သည်လည်း သင့်အောက်မှာ အရာကြီးလိမ့်မည်။ ထိုသို့ဖြစ်မည်ကို ကျွန်ုပ်အဘ ရှောလုသိသည်။” ဒါဝိဒ်အပေါ်ထားရှိသည့် ယောနသန်၏ အားကြီးသောမေတ္တာက ဖခင်ကို ဣသရေလရှင်ဘုရင်အဖြစ် မည်သူဆက်ခံရမည်အကြောင်း ဘုရားသခင့်အလိုတော်ကို နှိမ့်ချစွာလက်ခံနိုင်ရန် အကူအညီပေးခဲ့ပါသည်။

၂၀။ ချစ်ခြင်းနှင့်နှိမ့်ချခြင်းသည် အလွန်နီးစပ်ကြောင်းကို ယေရှုမည်သို့ ဖော်ပြတော်မူသနည်း။

၂၀ ယေရှုခရစ် မကွယ်လွန်မီ တမန်တော်များနှင့်အတူ ရှိတော်မူခဲ့သည့် နောက်ဆုံးည၏ အဖြစ်အပျက်ကလည်း ချစ်ခြင်းမေတ္တာနှင့် နှိမ့်ချခြင်း၏ ဆက်စပ်မှုကို လေးနက်စွာ ထပ်ဆင့်ပေါ်လွင်စေသည်။ ယေရှုသည် “ဤလောက၌ရှိသော မိမိလူတို့ကို ချစ်တော်မူသောကြောင့် အဆုံးတိုင်အောင် ချစ်တော်မူ၏” ဟုယောဟန် ၁၃:၁ တွင်ကျွန်ုပ်တို့ဖတ်ရှုရသည်။ ထို့နောက် အစေခံကျွန်ပမာ တမန်တော်များ၏ခြေကို ယေရှုဆေးကြောတော်မူခဲ့ကြောင်း ကျွန်ုပ်တို့ဖတ်ရှုရသည်။ ပိုင်နိုင်လှသည့် နှိမ့်ချခြင်းဆိုင်ရာ သင်ခန်းစာပါတကား!—ယောဟန် ၁၃:၁-၁၁။

၂၁။ အကျဉ်းချုပ်ရလျှင် အဘယ်ကြောင့်နှိမ့်ချသင့်သနည်း။

၂၁ ယနေ့ နှိမ့်ချကြရန်အကြောင်း မြောက်မြားစွာရှိပါသည်။ နှိမ့်ချရန် ရိုးဖြောင့်မှန်ကန်သည့်အတွက်ဖြစ်သည်။ ယုံကြည်ခြင်းလမ်းကြောင်းအတိုင်း ဖြစ်သည်။ ယေဟောဝါဘုရားသခင်နှင့်သော်လည်းကောင်း၊ ယုံကြည်သူချင်းတို့နှင့်သော်လည်းကောင်း ကောင်းသောဆက်ဆံရေးရှိစေသည်။ ဉာဏ်ပညာရှိ လမ်းစဉ်လည်းဖြစ်သည်။ အားလုံးတို့ထက်ကား ချစ်ခြင်းမေတ္တာလမ်းစဉ်အတိုင်းဖြစ်၍ စစ်မှန်သောဝမ်းမြောက်ခြင်းကို ပေးသောကြောင့်တည်း။

သင်မည်သို့ဖြေဆိုမည်နည်း

◻ ရိုးဖြောင့်ခြင်းသည် နှိမ့်ချခြင်းငှာ အဘယ်နည်းဖြင့် အကူအညီဖြစ်သနည်း။

◻ ယေဟောဝါကိုယုံကြည်ခြင်းသည် နှိမ့်ချရန် အဘယ်ကြောင့် ကူညီပေးနိုင်သနည်း။

◻ နှိမ့်ချခြင်းသည် ဉာဏ်ပညာရှိလမ်းစဉ်ဖြစ်ကြောင်း ဘာကတင်ပြသနည်း။

◻ နှိမ့်ချခြင်းရှိရန် ချစ်ခြင်းမေတ္တာသည် အဘယ်ကြောင့် အထူးအကူအညီပေးသနည်း။

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ယောဘသည် နှိမ့်ချစွာဖြင့် ယေဟောဝါကို လက်အောက်ခံခဲ့သည်။ သူသည် “ဘုရားသခင်ကိုစွန့်ပယ်၍ သေ” သည်မဟုတ်

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

လူသူရှေ့ ပေါလုဆုံးမခြင်းကို ပေတရုသည် နှိမ့်ချစွာ ခံယူခဲ့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ