စပိန်နိုင်ငံတွင် တစ်ရွာမှတစ်ရွာဟောပြောခြင်း
ယေရှုခရစ်သည် “တစ်မြို့မှတစ်မြို့၊ တစ်ရွာမှတစ်ရွာ ဒေသစာရီလှည့်လည်သွန်သင်လျက် ယေရုရှလင်မြို့သို့ ခရီးဆက်တော်မူခဲ့” သည်။ (လုကာ ၁၃:၂၂၊ ကဘ) ဓမ္မအမှုပြီးစီးနိုင်ရန် ယေရှုနှင့်ကိုယ်တော်၏တပည့်တော်တို့သည် “တစ်မြို့မှတစ်မြို့” မက “တစ်ရွာမှတစ်ရွာ” ဟောပြောခဲ့ကြသည်။ မြို့ကြီးများကို အဓိကထား၍ဟောပြောရန်လွယ်ကူမည်ဖြစ်သော်လည်း ၎င်းတို့သည် တောနယ်ဒေသရှိကျေးရွာဇနပုဒ်များကိုလည်း ချန်လှပ်၍မထားခဲ့ကြချေ။a
ယေရှုရင်ဆိုင်တော်မူခဲ့သည့်စိန်ခေါ်ချက်မျိုးကို စပိန်နိုင်ငံရှိယေဟောဝါသက်သေများလည်း ရင်ဆိုင်ခဲ့ကြသည်။ ရိတ်သိမ်းရန်အလွန်အချိန်တန်ပြီဖြစ်သည့် ကြီးမားသောနယ်မြေများစွာတို့သည် ၁၉၇၀ ပြည့်နှစ်တိုင်အောင် ထိတွေ့ပေါက်ရောက်ခြင်းမရှိသေးချေ။ (မဿဲ ၉:၃၇၊ ၃၈) မိုးများသောမြောက်ပိုင်းတောင်တန်းဒေသမှရာပေါင်းများစွာသောကျေးရွာများ၊ အလယ်ပိုင်းမိုးခေါင်မြေပြန့်လွင်ပြင်ဒေသများနှင့် ပင်လယ်ကမ်းခြေဒေသများသို့ တစ်ခါမျှနိုင်ငံတော်သတင်းတရားမရောက်ရှိခဲ့ဖူးသေးချေ။
ယေဟောဝါ၏စပိန်သက်သေခံများအနေနှင့် ထိုဒေသများသို့သတင်းကောင်းရောက်ရှိနိုင်ရေးအတွက် အစွမ်းကုန်အားထုတ်ရန် သန္နိဋ္ဌာန်ချမှတ်ခဲ့ကြပေသည်။ သို့သော်လည်း ဤအရပ်ဒေသရှိလူအများတို့သည် နိုင်ငံတော်သတင်းစကားကိုကြားနာရန် ဤမျှအထိအဘယ်ကြောင့်စောင့်ဆိုင်းခဲ့ကြရသနည်း။ သူတို့မည်သို့တုံ့ပြန်ခဲ့ကြသနည်း။
တရားဝင်အသိအမှတ်ပြုခြင်းက ကျေးလက်ဒေသသက်သေခံခြင်းကိုလှုံ့ဆော်ခြင်း
၁၉၃၉ ခုနှစ် ပြည်တွင်းစစ်ပြီးဆုံးသည်မှစ၍ စပိန်နိုင်ငံရှိယေဟောဝါသက်သေများ၏လုပ်ငန်းသည် တားမြစ်ပိတ်ပင်ခြင်းအောက်တွင် ကျရောက်လာခဲ့သည်။ ၁၉၅၀ နှင့် ၁၉၆၀ ပြည့်လွန်နှစ်များတွင် စိတ်ဇောထက်သန်သောသက်သေခံများသည် အခြားနေရာများထက်ပို၍မသိသာနိုင်သည့်မြို့ကြီးများတွင် သတိနှင့်လှုပ်ရှားခဲ့ကြသည်။ ၁၉၇၀ ပြည့်နှစ်တွင် ၎င်းတို့၏လုပ်ငန်းတရားဝင်အသိအမှတ်ပြုခြင်းခံရသောအခါ စပိန်နိုင်ငံတွင် ဘုရားသခင့်နိုင်ငံတော်ကြေညာသူ ၁၀,၀၀၀ နီးပါးခန့်ရှိခဲ့သည်။ ၎င်းတို့အားလုံးလိုလိုပင် မြို့ကြီးများတွင်နေထိုင်ကြခြင်းဖြစ်သဖြင့် စပိန်နိုင်ငံရှိကျေးရွာများလည်း ဘုရားနိုင်ငံတော်သတင်းကိုကြားသိရန်လိုအပ်ခဲ့သည်။ စိန်ခေါ်ချက်ကို မည်သူလက်ခံရင်ဆိုင်မည်နည်း။
၁၉၇၀ ပြည့်လွန်နှစ်များတွင် စပိန်ကျွန်းဆွယ်၏နယ်မြေဒေသအားလုံးသို့ သတင်းကောင်းရောက်ရှိစေရန်ရည်သန်လျက် စီမံချက်တစ်ခုကိုသတ်မှတ်လုပ်ဆောင်ခဲ့ကြသည်။ ၁၉၇၃ ခုနှစ်မှ ၁၉၇၉ ခုနှစ်အတွင်းတွင် အသီးသီးအခြားခြားသော ရပ်နယ်ဒေသများ၏လိုအပ်ချက်ကို ပေါ်လွင်စေသော အထူးနှိုးဆော်ချက်များသည် ‘ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု’ ခေါ် ယေဟောဝါသက်သေများ၏လုပ်ငန်းဆိုင်ရာ လစဉ်ထုတ်စာစောင်တွင် လစဉ်လိုလိုပင်ပါလာခဲ့သည်။ မိသားစုများစွာတို့က လိုလိုလားလားတုံ့ပြန်ကြပြီး ပို၍လိုအပ်သောအရပ်ဒေသများသို့ ပြောင်းရွှေ့အသုံးတော်ခံကြသည်။
ယင်းသို့သော စေတနာ့ဝန်ထမ်းစိတ်ဓာတ်ပြည့်ဝမှုနမူနာများစွာအနက် တစ်ခုမှာ ရိုဆင်ဒိုနှင့်သူ၏ဇနီးလူစီတို့၏ နမူနာပင်ဖြစ်သည်။ ၎င်းတို့အား အထူးရှေ့ဆောင် (ဘုရားနိုင်ငံတော်အကြောင်းအချိန်ပြည့်ဟောပြောသူ) အဖြစ် စပိန်နိုင်ငံအနောက်မြောက်ပိုင်းရှိ တံငါရွာကလေးတစ်ရွာသို့ စေလွှတ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ကလေးရလာသောအခါ ထိုအရပ်ဒေသတွင်ဆက်လက်နေထိုင်ရန် ဆုံးဖြတ်ကြသည်။ “ကျွန်တော်တို့အနေနဲ့ အခက်အခဲတွေကို အတော်ကလေးဖြတ်သန်းလာခဲ့တယ်လို့ဆိုရမှာပဲ။ တခြားအလုပ်ရဖို့ကလည်း မလွယ်ဘူး။ ဒါပေမဲ့ ယေဟောဝါရဲ့မစမှုကို ကျွန်တော်တို့စိတ်ချအားကိုးကြတယ်။ ဒီလိုနဲ့ပဲကျွန်တော်တို့ဟာ ဘယ်တော့မှမငတ်ပြတ်ခဲ့တဲ့အပြင် နေစရာအိမ်ပြဿနာလည်း ဘယ်တော့မှမကြုံခဲ့ကြပါဘူး။ တကယ်ပဲအခက်အခဲခံရကျိုးနပ်ပါတယ်” ဟု ရိုဆင်ဒိုကပြန်၍ပြောပြသည်။ အချိန်တန်သောအခါ သူတို့သည် စပိန်နိုင်ငံ၏ထိုဒေသတွင် အသင်းတော်လေးခုဖွဲ့စည်းတည်ထောင်လာရန် ကူညီနိုင်ခဲ့ကြသည်။
‘ထိုက်တန်သောသူတို့အားရှာဖွေကြလော့’
မြို့တစ်ခုစီ သို့မဟုတ် ကျေးရွာတစ်ခုစီတွင် ထိုက်တန်သောသူများအား “ရှာဖွေရန်” ယေရှုက မိမိတပည့်တော်တို့အား မိန့်တော်မူခဲ့သည်။ (မဿဲ ၁၀:၁၁၊ ကဘ) စပိန်နိုင်ငံ၏ကျေးလက်ဒေသများတွင် ယင်းသို့သောရှာဖွေမှုကိုပြုရန်မှာ အယ်လ်ကွိုင်မြို့မှ အန်းကယ်လ်အမည်ရှိညီအစ်ကိုတစ်ဦးတွေ့ ကြုံခဲ့သည့်အတိုင်း ဝီရိယရှိပြီး ကိုယ်ကအစပြုဆောင်ရွက်ရန်လိုအပ်သည်။ သူသည် မားဆီးအပ် (စ်) ကျေးရွာတွင် နေအိမ်တချို့ကိုဟောပြောပြီးစလေးတွင် ကြက်တွန်သံတစ်ချက်ကိုကြားလိုက်သည်။ စိတ်ထဲတွင် မိမိကိုယ်ကိုဤသို့ပြောသည်၊ “ကြက်ရှိရင် တစ်နေရာရာမှာအိမ်ရှိရမယ်— အိမ်တစ်အိမ်တော့ကျန်သွားပြီ။” လိုက်လံစူးစမ်းရှာဖွေသောအခါ တောင်ကုန်းကလေးတစ်ခုသို့တက်သွားသော လူသွားလမ်းကလေးတစ်ခုကိုတွေ့လိုက်ရပြီး ၎င်းအတိုင်းတက်သွားရာ နောက်ဆုံးတွင် တသီးတခြားဖြစ်နေသောအိမ်တစ်လုံးသို့ရောက်သည်။
အဆိုပါယာတောအိမ်တွင် မောင်နှမအရင်းဖြစ်ကြသော အသက် ၆၀ ကျော် ကိုဆေးနှင့်ဒိုလိုရေ့စ်တို့ နေထိုင်ကြခြင်းဖြစ်သည်။ သူတို့သည် စူးစိုက်နားထောင်ကြပြီး ကျမ်းစာသင်ရန်ကမ်းလှမ်းသည်ကိုလည်း မဆိုင်းမတွလက်ခံကြလေသည်။ သို့သော် ရိုးသားနှိမ့်ချလှသောဤသူတို့ကို ကျမ်းစာသင်ပေးရန်မလွယ်ကူခဲ့ချေ။ အကြောင်းမှာ သူတို့သည် စာရေးစာဖတ်လုံးဝမတတ်သည့်အပြင် စပိန်ဘာသာစကားကိုလည်း နားမလည်ကြသောကြောင့်ဖြစ်သည်။ အစစအရာရာကို စပိန်ဘာသာမှ ၎င်းတို့နားလည်သည့်တစ်ခုတည်းသောဘာသာစကားဖြစ်သော ဗာလင်စီယန်ဘာသာသို့ ပြန်ဆိုသင်ပေးကြရလေသည်။ ဤကြားထဲတွင် အိမ်နီးနားချင်းများမှဆန့်ကျင်မှုကို အတော်ကလေးခံကြရသေးသည်။ ဤအတားအဆီးများကြား အစည်းအဝေးများတက်ခြင်းသည် ၎င်းတို့အတွက် တောင်တန်းအထပ်ထပ်ဖြတ်ကျော်ရသောခရီးရှည်ကြီးဖြစ်သည့်တိုင် ကိုဆေးနှင့်ဒိုလိုရေ့စ်တို့သည် သမ္မာတရား၌တိုးတက်ခဲ့ကြပါသည်။ နောက်ဆုံးတွင်၊ အရည်အချင်းပြည့်မီလာကြသည့်အတိုင်းနှစ်ခြင်းယူကာ နှစ်ဦးစလုံးဆက်လက်၍ ယေဟောဝါအားသစ္စာရှိစွာဝတ်ပြုနေကြပေသည်။
မိုအန်ယာမြို့အနီးတသီးတခြားဖြစ်နေသောအိမ်တစ်အိမ်တွင် လေဖြတ်နေသူတစ်ဦး သမ္မာတရားလက်ခံခဲ့သည်ကို စောစောကဆိုခဲ့သောရိုဆင်ဒိုနှင့်လူစီတို့က ပြန်ပြောင်းသတိရကြသည်။ သူမ၏နာမည်မှာ မာရီယာဖြစ်သည်။ ယေဟောဝါသက်သေများအား သူမပထမဆုံးစကားပြောခဲ့စဉ်က သူမသည် စာရေးစာဖတ်မတတ်သည့်အပြင် ငယ်စဉ်ကပိုလီယိုအကြောသေရောဂါရခဲ့သည့်အတွက် နှစ်ပေါင်းများစွာ အိပ်ရာပေါ်တွင် လဲလျက်နေလာခဲ့သူဖြစ်သည်။ သူမ၏အိမ်သည် အနီးဆုံးလမ်းမနှင့် တစ်မိုင်ကျော်ဝေးသည်။ သို့ ဖြစ်သော်လည်း သူမသည် ကျမ်းစာကိုလေ့လာရန် လွန်စွာစိတ်ထက်သန်ပြီး ယေဟောဝါအားဝတ်ပြုလိုသော သူမ၏စိတ်ဆုံးဖြတ်ချက်သည် မကြာခင်ပေါ်လွင်လာခဲ့သည်။ မာရီယာသည် စာရေးစာဖတ်တတ်ရန်သင်ကြားပြီး အစည်းအဝေးများကိုစ၍တက်သည်။ အသင်းတော်၏ကြိုးစားဂရုစိုက်ပေးမှုကျေးဇူးကား ကြီးမားလှပါဘိ။ ညီအစ်ကိုများက သူမအား သူမ၏အိမ်မှကိုက်နှစ်ရာဝေးသော ကျောက်မခင်းထားသည့်တောလမ်းအထိ သယ်သွားကြပြီး ထိုတွင် ကားထဲသို့ဂရုတစိုက်ချ၍ပေးကြသည်။ အစပိုင်းတွင် သူ၏မိသားစုကဆန့်ကျင်သည့်ကြားမှ မာရီယာသည် နှစ်ခြင်းခံသည့်အထိတိုးတက်ခဲ့လေသည်။ သူမ၏ဝိညာဏတိုးတက်မှုက သူမအားယုံကြည်စိတ်ချမှုကိုထပ်လောင်း၍ဖြစ်စေသည့်အတွက် ယခုအခါမာရီယာသည် အဆင်ပြေအောင်အထူးစီမံထားသောကားကို မောင်းနှင်တတ်ပြီဖြစ်သည်။ ထို့အပြင် အခြေခံပညာရေးအဆင့်ကိုပင် သင်ကြားပြီးဆုံးသွားလေပြီ။ “မာရီယာလိုပုဂ္ဂိုလ်မျိုးကိုကူညီနိုင်ခြင်းက ဘယ်လိုအနစ်နာခံမှုမျိုးမဆို အနစ်နာခံရကျိုးနပ်စေတယ်” ဟုရိုဆင်ဒိုကရှင်းပြပါသည်။
ကျမ်းစာဖတ်သူများက ရှောရှောရှူရှူတုံ့ပြန်ကြ
၁၉၇၀ ပြည့်လွန်နှစ်များတွင် ပထမဆုံးအကြိမ်အနေနှင့် သမ္မာကျမ်းစာကို အများပြည်သူလူထုက ရရှိနိုင်လာကြသည်။ စပိန်လူမျိုးများစွာတို့သည် သမ္မာကျမ်းစာအုပ်ကို ဝယ်ယူပြီး တစ်ချို့ကိုစတင်ဖတ်ရှုကြသည်။ မက်ဒီနာဒယ်ကမ်ပိုမြို့မှ ပီလာဆိုသူအမျိုးသမီးသည် ၁၉၇၃ ခုနှစ်တွင် သူမနေထိုင်သောမြို့သို့ ယေဟောဝါသက်သေများ ပထမဆုံးအကြိမ်ရောက်လာကြသောအခါ ကျမ်းစာကိုဖတ်နေနှင့်ပြီးဖြစ်သည်။ ကက်သလစ်ဘာသာဝင်ပီပီ စာအုပ်စာတမ်းများကိုလက်ခံရန် လက်တွန့်ခဲ့သော်လည်း သမ္မာကျမ်းစာကိုမူ သူမအမှန်ပင်နားလည်လိုခဲ့လေသည်။ နောက်ဆုံးတွင် ကျမ်းစာဆိုင်ရာမေးခွန်းများကိုဖြေဆိုပေးရန် အပတ်စဉ်ဆွေးနွေးပွဲပြုလုပ်ဖို့ သူမသဘောတူလိုက်သည်။
ပီလာထံလာရောက်လည်ပတ်လေ့ရှိသောရှေ့ဆောင်ညီအစ်မအနေနှင့် ကင်းမျှော်စင်အသင်းထုတ်စာပေများကို ကောင်းစွာအသုံးပြုလျက် ပီလာမေးသောမေးခွန်းများစွာတို့ကို ဖြေဆိုပေးနိုင်ခဲ့ပေသည်။ သူမသိရှိသည်အရာများက သူမ၏စိတ်နှလုံးကိုအထူးထိမိသဖြင့် သီတင်းပတ်များစွာအကြာတွင် ထာဝရအသက်သို့ပို့ဆောင်သောသမ္မာတရား ဟူသောစာအုပ်ဖြင့် ကျမ်းစာသင်ရန် ပီလာသဘောတူလေသည်။ သမ္မာတရားစာအုပ်ကိုသင်၍ မပြီးခင်မှာပင် ပီလာသည် သမ္မာကျမ်းစာတစ်အုပ်လုံးကို ပြီးအောင်ဖတ်ရှုနိုင်ခဲ့ပြီး ယခုသူမသည် သမ္မာတရားတွေ့ရှိပြီဟူ၍ လေးလေးနက်နက်သိမြင်ခံစားမိလေသည်။ သူမသည် ယခုအခါ လှပသောဘုရားသခင့်နိုင်ငံတော်ခန်းမနှင့်ကြေညာသူ ၆၃ ဦးရှိသောအသင်းတော်တည်ရာ မက်ဒီနာဒယ်ကမ်ပိုမြို့၏ ပထမဆုံးသောယေဟောဝါသက်သေဖြစ်ခဲ့ပေသည်။
စပိန်သက်သေခံများသည် “ဝိညာဉ်ရေးတွင် မိမိတို့လိုလျှက်နေကြောင်းသတိပြု” သူများနှင့် ဘုရားသခင့်အလိုတော်ကိုနားလည်လို၍ သမ္မာကျမ်းစာကိုမှန်မှန်ဖတ်ရှုနေသူများကို တွေ့ရှိနေကြဆဲဖြစ်သည်။ (မဿဲ ၅:၃) ပက်ပီအမည်ရှိညီအစ်မသည် ယခင်ကကက်သလစ်ဘာသာဝင်တစ်ဦးဖြစ်ခဲ့ပြီး (စပိန်နိုင်ငံ၏မြောက်ပိုင်း) ဆူမာရီယာမြို့ ကက်သလစ်သာသနာနယ်မြေတွင် ကက်သလစ်အယူဝါဒအမေးအဖြေကို သင်ပေးခဲ့သူဖြစ်သည်။ ယခုသူမသည် အနီးအနားကျေးရွာတစ်ရွာတွင်ဟောပြောနေစဉ် ထိုသာသနာနယ်မြေပိုင်ဓမ္မဆရာနှင့်ဆုံမိသည်။
“ပက်ပီ၊ မင်းဟာ အချိန်ကုန်လူပန်းရုံပဲအဖတ်တင်မှာ။ ဒီအစ်ဇီယာရ်ရွာကလေးမှာ ဝိညာဉ်ရေးဘက်စိတ်ပါသူဆိုလို့ လင်မယားနှစ်ယောက်ပဲရှိတယ်။ ကျန်တဲ့လူတွေက အကျင့်ရှိလို့ဘုရားရှိခိုးကျောင်းတက်တဲ့သူတွေချည်းပဲ” ဟု ဓမ္မဆရာကပြောသည်။
“ကောင်းပြီလေ။” ပက်ပီကပြန်၍ပြောသည်။ “တကယ်လို့ဒီရွာမှာ ဝိညာဉ်ရေးဘက်မှာစိတ်ပါတဲ့လူနှစ်ယောက်ရှိတယ်ဆိုရင် အဲဒီလူနှစ်ယောက်ဟာ ယေဟောဝါသက်သေဖြစ်လာကြရမယ်။”
အခြားသက်သေခံများနှင့်အတူ သူမ၏တစ်အိမ်တက်တစ်အိမ်ဆင်းဟောပြောခြင်းကို ပက်ပီဆက်၍ပြုလုပ်ရာ တစ်ရွာလုံးပြီးစီးသွားသည့်အထိပင်ဖြစ်သည်။ ထိုအခါ မျှော်လင့်ထားသည့်အတိုင်းပင် တသီးတခြားဖြစ်နေသောအိမ်တစ်အိမ်တွင် ဓမ္မဆရာပြောသည့်စုံတွဲကို ညီအစ်ကိုများကတွေ့ရှိကြလေသည်။ သူတို့သည် ကျမ်းစာကိုဖတ်ရှုနေခဲ့ကြသော်လည်း နားမလည်ကြချေ။ စိတ်ထက်သန်စွာ ကျမ်းစာသင်အံမှုကိုလက်ခံကြပြီး လျင်မြန်စွာတိုးတက်လာကြရာ ၁၉၉၁ ခုနှစ်ဧပြီတွင် နှစ်ခြင်းယူခဲ့ကြသည်။
အချို့စိတ်နှလုံးရိုးသားသူများသည် ကင်းမျှော်စင်အသင်းထုတ် သမ္မာကျမ်းစာအခြေခံစာပေများကို မိမိတို့ဘာသာဖတ်ရှုခြင်းအားဖြင့် သမ္မာတရားကိုသိရှိနားလည်လာခဲ့ကြသည်။ ဥပမာ၊ အာလ်မာဒင်းမြို့(စီယူဒက်ရီးရယ်) မှသက်သေခံများသည် ဆာရူးလပ် (ဘဒဂျော့၏) ခေါ်မြို့ငယ်ကလေးတစ်မြို့တွင် ဟောပြောခဲ့ကြစဉ် စူးစိုက်နားထောင်သောအမျိုးသမီးတစ်ဦးကို တွေ့ခဲ့ကြသည်။ သူမ၏သိသာသောစိတ်ဝင်စားမှုကြောင့် သူမအား အိမ်တွင်းကျမ်းစာသင်အံမှုကို ကမ်းလှမ်းကြသည်။ သူမက အသက်ခပ်ကြီးကြီးလူကြီးလူကောင်းတစ်ဦးက သင်ပေးနေပြီဟုဆိုကာ ငြင်းဆိုခဲ့သည်။ ထိုအရပ်ရှိလူအတော်များများကလည်း အလားတူပင်ပြောကြသည်။ သိလိုစိတ်ပြင်းပြလာသဖြင့် ညီအစ်ကိုများက အဆိုပါလူကြီးလူကောင်းနှင့်ပတ်သက်၍ စုံစမ်းကြသည်။ သူ၏နာမည်နှင့်လိပ်စာကိုရရှိသဖြင့် ထိုသူထံသွားရောက်လည်ပတ်ကြလေသည်။
ဖဲလစ်ပယ်အမည်ရှိသောထိုသူသည် သင်သည်ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် ဟူသောစာအုပ်ကို မာဒရစ်မြို့တွင်ရရှိခဲ့ပြီး ၎င်းကိုဖတ်ရှုရာမှသိရှိသည့်သတင်းကောင်းများကို မိမိ၏အိမ်နီးချင်းများအားဝေငှရန် မိမိ၌တာဝန်ရှိသည်ဟုမြင်လာကာ ဆိုခဲ့သည့်အတိုင်း အခြားသူများအား ကျမ်းစာသင်ခန်းစာများကို လိုက်လံသင်ပေးနေခြင်းဖြစ်ကြောင်း ညီအစ်ကိုများက အံ့သြစွာသိရှိသွားကြလေသည်။ ထိုသူအားကျမ်းစာသင်ပေးရန် ညီအစ်ကိုများကစီစဉ်ကြသည်။ ထိုသူကျမ်းစာသင်ပေးသောအမျိုးသမီးတစ်ဦးကလည်း ကျမ်းစာသင်အံမှုကိုလက်ခံခဲ့သည်။ အသက် ၈၀ ရှိပြီဖြစ်ပြီး ကျန်းမာရေးလည်းသိပ်မကောင်းသည့်တိုင် ဖဲလစ်ပယ်သည် သမ္မာတရား၌ကောင်းစွာတိုးတက်လျက်ရှိပေသည်။
စိတ်စွန်းကွက်မှုကိုအောင်မြင်ခြင်း
ကျေးလက်ရပ်ကွက်များတွင် ထူးခြားသောပြဿနာအချို့ကို ရင်ဆိုင်ရသည်။ ယင်းဒေသများတွင် ဘာသာရေးဓလေ့ထုံးစံနှင့် အယူသီးမှုများသည် အခိုင်အမာတည်ရှိလေ့ရှိသည်။ “ဘာသာတရားအသစ်” အပေါ် မယုံသင်္ကာစိတ်သည် ထိုဒေသရှိလူတို့၌ နက်ရှိုင်းစွာအမြစ်တွယ်နေသည်။ အချို့ကျေးရွာသားများကဆိုလျှင် ၎င်းတို့အနေနှင့်ဘာသာပြောင်းပါက ဆွေမျိုးနှင့်အိမ်နီးချင်းများက မည်သို့ထင်မြင်မည်ကို အလွန်အဓိကထားကြသည်။ သို့သော် ယင်းသို့သောပြဿနာများကို ဘုရားသခင့်နှုတ်ကပါဌ်တော်၏တန်ခိုးတော်ဖြင့် အောင်မြင်ကျော်လွှားပြီး လူတစ်ဦး၏အသက်တာကို ပြောင်းလဲနိုင်ပါသည်။ စပိန်နိုင်ငံအနောက်မြောက်ပိုင်းရှိ ကန်ဂတ်ဒီမိုရာဆိုအမည်ရှိတံငါရွာကလေးတွင် ဤအတိုင်းဖြစ်ခဲ့ပေသည်။
အဆိုပါကျေးရွာမှ ရောဘတ်တိုဆိုသူသည် အချုပ်အချယ်ကင်းသောဘဝကိုတောင့်တသဖြင့် အသက် ၁၄ နှစ်အရွယ်တွင် ပင်လယ်ထဲသို့လိုက်ပါသွားလေသည်။ သူ၏ ကုန်တင်ပင်လယ်ကူးသင်္ဘောသားဘဝတွင် ပင်လယ်ရေကြောင်းခရီး၏ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသောအချိန်များကို အရက်ချိုးများဖြစ်ပြီး မူးယစ်ဆေးဝါးများဖြင့် ဖြေဖျောက်ကုန်လွယ်စေကြရသော အခြားသင်္ဘောသားများနှင့် ပေါင်းသင်းရသည်။ မကြာပါချေ၊ ရောဘတ်တိုလည်း အကြီးစားအရက်သမားနှင့်မူးယစ်ဆေးဝါးစွဲသူ ဖြစ်လာလေသည်။
အချိန်တန်လျှင် ရောဘတ်တိုအိမ်ပြန်လာပါ၏။ သို့သော် သူ၏အကျင့်ဆိုးများကို စွန့်လည်းမစွန့်လွှတ်နိုင်၊ စွန့်လည်းမစွန့်လွှတ်ချင်ဖြစ်ခဲ့သည်။ သူ၏ဆေးစွဲမှုကို ငွေကြေးထောက်ပံ့ရန်အတွက် သူခိုးဖြစ်လာပြီး ခြောက်ကြိမ်တိတိထောင်ကျခဲ့သည်။ အသက် ၁၈ နှစ်တွင် ရောဘတ်တိုသည် သေစေနိုင်လောက်သော ဝိုင်နှင့်စိတ်ငြိမ်ဆေးများရောစပ်ထားသည့်အရည်ကို သောက်ချသဖြင့် ဆေးရုံရောက်သွားသည်။ ဆရာဝန်များက သူ၏အသက်ကိုကယ်တင်နိုင်ကြသော်လည်း သူ၏လက်နှင့်ခြေများသုံး၍မရတော့ချေ။ ခြေလက်သေဘဝဖြင့် ဆေးရုံမှဆင်းရသည်။ သို့သော် ဘီးတပ်ကုလားထိုင်နှင့်သာနေရသည့်ဘဝက သူ့အားမူးယစ်ဆေးဝါးသုံးစွဲခြင်းကို ပြတ်အောင်မစွမ်းဆောင်နိုင်ချေ။ ဘာသာရေး၌လည်း စိတ်ကုန်ခန်း၊ မျှော်လင့်ချက်ကင်းမဲ့ပြီး သူ့အတွက် မူးယစ်ဆေးဝါးသာလျှင် ဘဝ၏အဓိပ္ပာယ်ဖြစ်နေသည်—နောက်သုံးနှစ်အကြာတွင် ယေဟောဝါသက်သေတစ်ဦး သူ့ထံလာရောက်လည်ပတ်သည့်အချိန်အထိပင်တည်း။
ပြည့်စုံလာခဲ့သည့်ပရောဖက်ပြုချက်များအကြောင်း သိနားလည်လာခြင်းက ရောဘတ်တိုအား ဘာသာတရားအပေါ်သူ၏အယုံအကြည်မဲ့မှုကို အနိုင်ယူစေသည်။ ဘုရားနိုင်ငံတော်ခန်းမတွင်ခံယူရရှိသည့် လှိုက်လှဲသောကြိုဆိုနှုတ်ဆက်မှုများက စစ်မှန်သောဘာသာတရားသည် လူတို့၏ဘဝကို စိုပြည်စေနိုင်ကြောင်း သူ့အားယုံကြည်လာစေသည်။ ရောဘတ်တိုသည် သူ၏ဆေးစွဲမှုကို ကိုးလအတွင်းတိုက်ခိုက်အနိုင်ယူလိုက်နိုင်ပြီး နှစ်ခြင်းခံခဲ့သည်။ ထို့နောက် ကိုယ်ကာယမစွမ်းသန်မှုဆိုးရွားစွာဖြစ်လင့်ကစား ရောဘတ်တိုသည် ရှစ်နှစ်တိုင်တိုင် ရှေ့ဆောင်အဖြစ်အသုံးတော်ခံလာခဲ့သည်။ လွန်ခဲ့သည့်နှစ်နှစ်က အသင်းတော်အကြီးအကဲလည်းဖြစ်လာခဲ့ပေသည်။ ဖရန်စစ္စကိုခေါ် သူ၏အပေါင်းအသင်းဟောင်းတစ်ဦးသည်လည်း ရောဘတ်တို၏အသက်တာပြောင်းလဲမှုက ထိမိစွဲမှတ်စေလွန်းသဖြင့် သက်သေခံတစ်ဦးဖြစ်လာပြီး ယခုအခါ ဓမ္မအမှုထမ်းဖြစ်နေပေသည်။ မူးယစ်ဆေးစွဲခြင်းကို ကုရာနတ္ထိဆေးမရှိဟုယူမှတ်ကြသည်ဖြစ်ရာ ယင်းသို့သောပြောင်းလဲမှုကိုတွေ့ မြင်ရသောအခါ ဒေသခံလူအများက ကျွန်ုပ်တို့၏လုပ်ငန်းကို ပို၍တန်ဖိုးထားလေးစားလာကြသည်။ အမျိုးသမီးတစ်ဦးဆိုလျှင် ဆေးစွဲသောသူမ၏သားကို သက်သေခံများကကုသပေးနိုင်မည်လောဟူ၍ ဘုရားနိုင်ငံတော်ခန်းမသို့ပင်ခေါ်လာခဲ့သည်။
သမ္မာတရားအတွက် သမ္မာကျမ်းစာကိုရှာဖွေခြင်း
အများအားဖြင့် ကျေးလက်တောရွာနေလူတို့သည် လောကီပညာရှိများကို မကြာခဏရှက်သွားစေသည့်သမ္မာတရားကို လေးမြတ်တန်ဖိုးထားကြသည်။ (၁ ကောရိန္သု ၁:၂၆၊ ၂၇) ထိုသို့သောသူများအနက်တစ်ဦးမှာ အာဒေလီနာအမည်ရှိ လူလတ်ပိုင်းအရွယ် ရှက်တတ်သောအမျိုးသမီးတစ်ဦးပင်ဖြစ်သည်။ သူမ၏ကက်သလစ်ယုံကြည်ချက်ကို အလေးအနက်ခံယူကျင့်သုံးလေ့ရှိသည်။ နေ့စဉ်နံနက်တိုင်း မပျက်မကွက်ဒူးထောက်ကာ “ကျွန်ုပ်တို့၏အဘ” ဆုတောင်းပတ္ထနာနှင့် ဟေးလ်မေရီ ခေါ်ဆုတောင်းစာတို့ကို အထပ်ထပ်ရွတ်ဆိုသည်။ ထိုမျှမက သီတင်းပတ်စဉ်၏တစ်ရက်စီတွင် သီးခြား “သူတော်စင်” တစ်ဦးကျထံဆုတောင်းသည်—ပိုမိုစိတ်ချရရန်အတွက်ဖြစ်သည်။
သမ္မာကျမ်းစာကိုစတင်လေ့လာသည့်အခါတွင်လည်း အာဒေလီနာသည် အလားတူဘာသာရေးစိတ်ဇောထက်သန်မှုကို သူမ၏အသစ်တွေ့ရှိသောဘာသာတရားအပေါ်တွင် ကျင့်သုံးခဲ့သည်။ သူမ၏ရှက်တတ်မှုကပင် သူမအားဆွဲ၍မထားနိုင်ချေ။ သူမနှင့်သူမ၏ခင်ပွန်း ပထမဆုံးအကြိမ် ဘုရားနိုင်ငံတော်ခန်းမသို့အစည်းအဝေးတက်ခဲ့ကြစဉ် ခန်းမဆောင်ထဲဝင်ရန် အပြင်တွင် ဆယ်မိနစ်တိတိရဲဆေးတင်ခဲ့ရသည်။ သို့သော်၊ အထဲတွင် သူမသည်စူးစိုက်နားထောင်ခဲ့သည်။ တစ်ခါတွင် သူမသည် ခရစ်တော်၏အနှစ်တစ်ထောင်အုပ်စိုးခြင်းအကြောင်းကို နားလည်ခဲ့ရသည်။ သူမအလွန်နှစ်သက်လှသဖြင့် အိမ်ရောက်သောအခါ သူမ၏ကိုယ်ပိုင်ကျမ်းစာထဲတွင် ပို၍ပြည့်စုံစွာဖတ်ရှုလိုခဲ့သည်။ သို့သော် ၎င်းအကြောင်း ကျမ်းစာဘယ်နေရာတွင်ရှိသည်ကို သူမရောသူမခင်ပွန်းသည်ကပါ မသိဘဲဖြစ်နေသည်။ ဗျာဒိတ်ကျမ်းစာစောင်၏တစ်နေရာရာတွင်ရှိသည်ဟူ၍တော့ နှစ်ဦးစလုံးကယူဆကြသည်။ သို့နှင့် ထိုညတွင် အာဒေလီနာသည် ဗျာဒိတ်ကျမ်းကိုစတင်၍ မနားတမ်းဖတ်လိုက်သည်မှာ မိုးလင်းခါနီးတွင် အခန်းကြီး ၂၀ သို့ရောက်သည့်အထိပင်ဖြစ်သည်ဆို၏။
အခြားတစ်ခါတွင်လည်း အာဒေလီနာက ဆုတောင်းရာ၌ ဇနီးသည်ကိုယ်စားယောက်ျားကဆုတောင်းသင့်ကြောင်းသင်ရသည်။ သူမ၏ယောက်ျားက ဆုတောင်းရန်လိုလိုလားလားရှိသော်လည်း မည်သည့်အချက်များကိုထည့်၍ဆုတောင်းရမည်ကို မသိဖြစ်နေသည်။ ဤညွှန်ကြားချက်အတွက် အာဒေလီနာက ထိုည၌ပင်ကျမ်းစာထဲတွင်ရှာဖွေရန် စိတ်ပိုင်းဖြတ်လိုက်သည်။ နံနက်နှစ်နာရီတွင် အာဒေလီနာက သူမ၏ခင်ပွန်းကိုနှိုးကာ ဆုတောင်းခြင်းအကြောင်းသေးစိတ်ပါရှိသည့် မဿဲအခန်းကြီး ၆ ကို တွေ့ရှိပြီဖြစ်ကြောင်းပြောပြသည်။ ဆုတောင်းခြင်းအကြောင်း ယေရှု၏သွန်သင်ချက်ကိုဖတ်ရှုပြီး နောက်ဆုံးသူမ၏ယောက်ျားက သူတို့နှစ်ဦးအတွက်ဆုတောင်းလိုက်လေသည်။ ယခုဆိုလျှင် အာဒေလီနာရောသူမ၏ခင်ပွန်းသည်ပါ ယေဟောဝါသက်သေများဖြစ်နေကြပေပြီ။
ရိတ်သိမ်းမှုကောင်း
ကျေးလက်ဒေသသက်သေခံခြင်းကို ၂၅ နှစ်နီးပါး ယေဟောဝါ၏ကျေးကျွန်များလုပ်ဆောင်လာကြရာ ယခုတွင် စပိန်နိုင်ငံ၏အစိတ်အပိုင်းအားလုံးက သတင်းကောင်းကိုကြားသိခဲ့ပြီဖြစ်သည်။ ပထမရာစုခေတ် အာရှမိုင်းနားဒေသမှာကဲ့သို့ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏သာသနာတော်သည် တစ်ပြည်လုံး၌ နှံ့ပြားလေ၏။” (တမန်တော် ၁၃:၄၉) ထောင်ချီသောကျေးလက်နေလူထုကလည်း လိုလားစွာတုံ့ပြန်ခဲ့ကြပေပြီ။
စပိန်နှင့်အခြားမည်သည့်နေရာတွင်မဆို ကျေးလက်ဒေသများကို စေ့စပ်စွာဟောပြောခြင်း၌ သည်းခံခြင်းနှင့်ကိုယ်ကျိုးစွန့်လွှတ်မှုလိုအပ်သည်။ သို့သော် “လူအပေါင်းတို့သည်ကယ်တင်ခြင်းသို့ရောက်” ရေးသည် ဘုရားသခင်၏အလိုတော်ဖြစ်သည်မို့ ယေဟောဝါသက်သေများသည် လေးမြတ်တတ်သူများကိုရှာဖွေရန် ပျော်ရွှင်ကြပါသည်။ (၁ တိမောသေ ၂:၄) ဆိုခဲ့သောတွေ့ ကြုံမှုများကပြသည့်အတိုင်း စပိန်နိုင်ငံတွင် တစ်ရွာမှတစ်ရွာကြိုးစားအားထုတ်ဟောပြောခြင်းကို ယေဟောဝါသည် ကြွယ်ဝစွာဆုချတော်မူခဲ့လေပြီ။
[အောက်ခြေမှတ်ချက်များ]
a ဂါလိလဲပြည်နယ်၌ မြို့ကြီးနှင့်ကျေးရွာစုစုပေါင်း ၂၀၄ ခုမျှရှိသည်ဟု သမိုင်းဆရာဂျိုးစီဖတ်စ်က ခန့်မှန်းတွက်ချက်ခဲ့သည်။ ထိုဒေသ၌ ကျေးရွာအလွန့်အလွန်များပြားသည်ဟုလည်း ဖော်ပြခဲ့သည်။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ပြင်သစ်
ပေါ်တူဂီ
စပိန်
ဘယ်လီယယ် ရစ်ခ်ကျွန်းများ
ကနေရီ ကျွန်းများ
[Picture Credit Line on page 24]
Vilac, Lérida
[Picture Credit Line on page 24]
Puebla de Sanabria, Zamora
[Picture Credit Line on page 25]
Casarabonela, Málaga
[Picture Credit Line on page 25]
Sinués, Huesca
[Picture Credit Line on page 26]
Lekeitio, Vizcaya