ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၁၁/၁၅ စာ. ၁၂-၁၇
  • ယေဟောဝါ၏နည်းလမ်းတော်များအတိုင်း ရဲရင့်စွာလျှောက်လှမ်းလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ၏နည်းလမ်းတော်များအတိုင်း ရဲရင့်စွာလျှောက်လှမ်းလော့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရဲစွမ်းသတ္တိကားအဘယ်အရာဖြစ်
  • ဘုရားသခင့်သတင်းတော်ကိုကြေညာဝံ့သည့်ရဲစွမ်းသတ္တိ
  • စုံစမ်းခံရစဉ်ရဲစွမ်းသတ္တိ
  • ဘုရားသခင်အားနာခံရန်ရဲစွမ်းသတ္တိ
  • ဘုရားသခင်၏လူများနှင့်အတူရပ်တည်ဝံ့သည့်ရဲစွမ်းသတ္တိ
  • ‘ယေဟောဝါနောက်တော်သို့လုံးလုံးလိုက်’ ဝံ့သည့် ရဲစွမ်းသတ္တိ
  • ဘုရားသခင်ကိုယုံစားဝံ့သည့်ရဲစွမ်းသတ္တိ
  • ယေဟောဝါအားဂုဏ်တင်ရန်နှင့် စင်ကြယ်သည့်ဝတ်ပြုရေးကိုတိုးတက်စေရန် ရဲစွမ်းသတ္တိ
  • သတ္တိရှိပြီး ခိုင်ခံ့မြဲမြံပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ရဲစွမ်းသတ္တိရှိလေ!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • သတ္တိရှိပါ—ယေဟောဝါ သင်နဲ့အတူရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • “ရဲစွမ်းသတ္တိရှိရှိနဲ့ လုပ်ငန်း စပေတော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၁၁/၁၅ စာ. ၁၂-၁၇

ယေဟောဝါ၏နည်းလမ်းတော်များအတိုင်း ရဲရင့်စွာလျှောက်လှမ်းလော့

“ယေဟောဝါကိုကြောက်ရွံ့ ၍ နည်းလမ်းတော်များအတိုင်းလျှောက်နေသောသူယောက်တိုင်း ပျော်ရွှင်၏။” —ဆာလံ ၁၂၈:၁၊ ကဘ။

၁၊ ၂။ ရှေးအချိန်ကယေဟောဝါသက်သေများ၏ ပြောဆိုပြုမူမှုများဆိုင်ရာ သမ္မာကျမ်းစာမှတ်တမ်းက မည်သည့်အကူအညီဖြစ်စေသနည်း။

ယေဟောဝါ၏သန့်ရှင်းသည့်နှုတ်ကပါဌ်တော်သည် ကိုယ်တော့်ကျေးကျွန်များတွေ့ ကြုံရသည့် စမ်းသပ်မှုများနှင့်ရွှင်လန်းမှုများဆိုင်ရာမှတ်တမ်းများဖြင့် ပြည့်လျက်ရှိသည်။ နောဧ၊ အာဗြဟံ၊ စာရာ၊ ယောရှု၊ ဒေဗောရ၊ ဗာရက်၊ ဒါဝိဒ်နှင့် အခြားသူတို့၏တွေ့ ကြုံမှုမှတ်တမ်းများသည်လည်း ထင်ရှားပေါ်လွင်လျက်ရှိသည်။ သူတို့အားလုံးသည် သာမန်လူများထဲမှ ထူးခြားသည့်အရည်အချင်းရှိသော အမှန်အသက်ရှင်ခဲ့ကြသူများဖြစ်ကြသည်။ သူတို့သည် ဘုရားသခင်ကိုယုံကြည်ပြီး ကိုယ်တော့်နည်းလမ်းများအတိုင်း ရဲရင့်စွာလျှောက်လှမ်းခဲ့သူများဖြစ်ကြသည်။

၂ ကျွန်ုပ်တို့သည် ဘုရားသခင်၏နည်းလမ်းတော်များအတိုင်း လျှောက်လှမ်းရန်အားထုတ်ရာတွင် ရှေးအချိန်ကယေဟောဝါသက်သေများ၏ ပြောဆိုပြုမူမှုများသည် ကျွန်ုပ်တို့အတွက်အားရှိစရာဖြစ်စေနိုင်သည်။ ထို့အပြင် ကျွန်ုပ်တို့သည် ဘုရားသခင်အားရိုသေကိုင်းရှိုင်းကြောင်းတင်ပြပြီး ကိုယ်တော့်စိတ်တော်ငြိုငြင်အောင်လုပ်မိမည်ကို လုံးလုံးကြောက်ရွံ့ ခြင်းက ကျွန်ုပ်တို့အားပျော်ရွှင်မှုဖြစ်စေနိုင်သည်။ ဘဝတွင် ဆင်းရဲဒုက္ခရင်ဆိုင်ရစေကာမူ ယင်းအချက်မှန်ကန်သည်။ အကြောင်းမှာ မှုတ်သွင်းခံဆာလံဆရာ ဤသို့သီဆိုခဲ့သည်– “ယေဟောဝါကိုကြောက်ရွံ့ ၍ နည်းလမ်းတော်များအတိုင်း လျှောက်နေသောသူယောက်တိုင်း ပျော်ရွှင်၏။”—ဆာလံ ၁၂၈:၁၊ ကဘ။

ရဲစွမ်းသတ္တိကားအဘယ်အရာဖြစ်

၃။ ရဲစွမ်းသတ္တိဟူသည်အဘယ်နည်း။

၃ ယေဟောဝါ၏နည်းလမ်းတော်များအတိုင်းလိုက်လျှောက်ရန် ကျွန်ုပ်တို့သတ္တိရှိရမည်။ အမှန်မှာ ဘုရားသခင့်လူများသည် ဤအရည်အချင်းကိုတင်ပြရန် ကျမ်းစာကမိန့်ဆိုထားသည်။ ဥပမာအားဖြင့် ဆာလံဆရာဒါဝိဒ် ဤသို့သီဆိုခဲ့သည်– “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကို ကိုးစားသောသူအပေါင်းတို့ အားယူ၍ရဲရင့်သောစိတ်နှလုံးရှိကြလော့။” (ဆာလံ ၃၁:၂၄) ရဲစွမ်းသတ္တိဟူသည် “စွန့်စားဝံ့၊ ဇွဲနပဲရှိရှိနှင့် အန္တရာယ်၊ ကြောက်ရွံ့မှု သို့မဟုတ် အခက်အခဲတို့ကို ကြံ့ကြံ့ခံနိုင်သည့် စိတ်ပိုင်း သို့မဟုတ် ကိုယ်ကျင့်တရားဆိုင်ရာ စွမ်းအားဖြစ်သည်။” (ဝက်ဘ်စတား၏ နဝမ ကောလိပ်အဘိဓာန်သစ်) ရဲစွမ်းသတ္တိရှိသောသူသည် ထက်သန်သူ၊ ရဲရင့်သူ၊ ရွပ်ရွပ်ချွံချွံလုပ်ဆောင်တတ်သူဖြစ်သည်။ ယေဟောဝါသည် မိမိ၏ကျေးကျွန်များအား ရဲစွမ်းသတ္တိပေးကြောင်း တမန်တော်ပေါလုက သူ၏လုပ်ဖော်ဆောင်ဖက်တိမောသေအား ပြောသည့်ဤစကားများတွင် သဘောပေါက်နိုင်သည်– “ဘုရားသခင်သည် ကြောက်တတ်သောစိတ်သဘောကို ငါတို့အားပေးတော်မူသည်မဟုတ်။ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသောစိတ်သဘောကို ပေးတော်မူ၏။”—၂ တိမောသေ ၁:၇။

၄။ ရဲစွမ်းသတ္တိရယူနိုင်သည့်နည်းတစ်နည်းကား အဘယ်နည်း။

၄ ဘုရားပေးရဲစွမ်းသတ္တိကို ရယူနိုင်သည့်နည်းတစ်နည်းမှာ ယေဟောဝါ၏နှုတ်ကပါဌ်တော်သမ္မာကျမ်းစာကို ဆုတောင်းလျက်စဉ်းစားဆင်ခြင်ရန်ဖြစ်သည်။ ကျမ်းစာပါမှတ်တမ်းများစွာတို့က ကျွန်ုပ်တို့ပို၍ရဲစွမ်းသတ္တိရှိရန် အကူအညီဖြစ်စေနိုင်သည်။ ထို့ကြောင့် ယေဟောဝါ၏နည်းလမ်းတော်များအတိုင်း ရဲရင့်စွာလျှောက်လှမ်းခဲ့ကြသူများအကြောင်း ဟေဗြဲကျမ်းပါမှတ်တမ်းမှ မည်သည့်အချက်များကိုကျွန်ုပ်တို့သင်ယူနိုင်ကြောင်းကို ဦးစွာကြည့်ကြစို့။

ဘုရားသခင့်သတင်းတော်ကိုကြေညာဝံ့သည့်ရဲစွမ်းသတ္တိ

၅။ ဧနောက်၏ရဲစွမ်းသတ္တိက မျက်မှောက်ခေတ်ယေဟောဝါ၏ကျေးကျွန်များအား မည်သို့အကျိုးဖြစ်ထွန်းစေနိုင်သနည်း။

၅ ဧနောက်၏ရဲစွမ်းသတ္တိသည် ယေဟောဝါ၏မျက်မှောက်ခေတ်ကျေးကျွန်များအား ကိုယ်တော့်သတင်းစကားကိုရဲစွမ်းသတ္တိဖြင့်ပြောဆိုရန် ကူညီနိုင်သည်။ ဧနောက်မမွေးမီ ‘ယေဟောဝါ၏နာမတော်ကိုခေါ်ခြင်း စတင်ခဲ့သည်။’ အချို့ကျမ်းပညာရှင်များက လူသားများသည် ယေဟောဝါ၏နာမတော်ကို “မထီလေးစားစ၍” ခေါ်သည်ဟု ပြောကြသည်။ (ကမ္ဘာဦး ၄:၂၅၊ ၂၆၊ ကဘ; ၅:၃၊ ၆) လူသားများကို သို့မဟုတ် ရုပ်တုများကိုပင် မြင့်မြတ်သောနာမတော်ဖြင့် ခေါ်ခဲ့ကြပေမည်။ သို့နှင့် ဧနောက်မွေးဖွားသော ဘီ.စီ.အီး. ၃၄၀၄ တွင် ဗာဗုလုန်ဘာသာပျံ့နှံ့ခဲ့သည်။ စင်စစ် ဧနောက်တစ်ဦးတည်းသာ ‘ဘုရားသခင်နှင့်အတူသွားလာ’ လျက် ယေဟောဝါထင်ရှားဖော်ပြထားသည့် သမ္မာတရားနှင့်ညီသော ဖြောင့်မတ်ခြင်းလမ်းစဉ်ကို လိုက်လျှောက်ခဲ့ဖွယ်ရှိသည်။—ကမ္ဘာဦး ၅:၁၈၊ ၂၄။

၆။ (က) ဧနောက်သည် မည်သည့်ပြင်းထန်သောသတင်းကို ကြေညာခဲ့သနည်း။ (ခ) ကျွန်ုပ်တို့မည်သည့်ယုံကြည်စိတ်ချမှုရှိနိုင်သနည်း။

၆ ဧနောက်သည် ဘုရားသခင်၏သတင်းစကားကို ရဲရင့်စွာဖြန့်ချိခဲ့သည်။ ဟောပြောခြင်းအားဖြင့်ဖြစ်နိုင်သည်။ (ဟေဗြဲ ၁၁:၅; ၂ ပေတရု ၂:၅ နှိုင်းယှဉ်။) တစ်ဦးတည်းသောသက်သေက ဤသို့ကြေညာခဲ့သည်။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် ခပ်သိမ်းသောသူတို့ကို တရားစီရင်တော်မူ၍ မတရားသောသူတို့သည် မတရားသဖြင့်ပြုသော အဓမ္မအမှုရှိသမျှတို့၏အပြစ်ကိုလည်းကောင်း၊ မတရားသောလူဆိုးတို့သည် ဘုရားသခင်ကိုပြစ်မှား၍ပြောသော ကြမ်းတမ်းသောစကားရှိသမျှတို့၏အပြစ်ကိုလည်းကောင်း ဖော်ပြခြင်းငှာ အတိုင်းမသိများစွာသောမိမိသန့်ရှင်းသူတို့နှင့်တကွ ကြွလာတော်မူလိမ့်မည်။” (ယုဒ ၁၄၊ ၁၅) ဧနောက်သည် ဘုရားတရားမဲ့သူများအားပြစ်တင်သည့်သတင်းကို ဖြန့်နေစဉ် ယေဟောဝါ၏နာမတော်ကိုအသုံးပြုရန် သတ္တိရှိခဲ့သည်။ ဘုရားသခင်သည်ဧနောက်အား ထိုပြင်းထန်သည့်သတင်းကို ကြေညာဝံ့သည့်သတ္တိပေးသကဲ့သို့ မိမိ၏သတင်းစကားကို ဓမ္မအမှုတွင်၊ ကျောင်းတွင်၊ အခြားနေရာများတွင် ရဲရင့်စွာပြောဆိုရန် မိမိ၏မျက်မှောက်ခေတ်ကျေးကျွန်များအား အခွင့်အာဏာပေးအပ်ထားသည်။—တမန်တော် ၄:၂၉-၃၁ နှိုင်းယှဉ်။

စုံစမ်းခံရစဉ်ရဲစွမ်းသတ္တိ

၇။ နောဧသည် ရဲစွမ်းသတ္တိနှင့်ပတ်သက်၍ မည်သည့်ပုံသက်သေပေးခဲ့သနည်း။

၇ နောဧ၏ပုံသက်သေက ကျွန်ုပ်တို့စုံစမ်းခံနေရစဉ် ဖြောင့်မတ်သည့်လုပ်ရပ်များကိုတင်ပြခြင်းတွင် ရဲစွမ်းသတ္တိရှိရန် ကျွန်ုပ်တို့အားအကူအညီဖြစ်စေသည်။ ရဲစွမ်းသတ္တိနှင့်ယုံကြည်ခြင်းအားဖြင့် ကမ္ဘာချီရေလွှမ်းမိုးမည့်ဘုရားသခင့်သတိပေးချက်ကို အရေးယူလုပ်ဆောင်မှုရှိခဲ့ပြီး “မိမိအိမ်သူအိမ်သားတို့ကိုကယ်တင်ခြင်းငှာ သင်္ဘောကိုတည်လေ၏။” နောဧသည် မိမိ၏နာခံမှုနှင့် ဖြောင့်မတ်သည့်လုပ်ရပ်အားဖြင့် လောက၏ဆိုးညစ်သည့်လုပ်ရပ်များကို အပြစ်တင်ခဲ့ပြီး ယင်းသည်ဖျက်ဆီးခံထိုက်ကြောင်းသက်သေထူခဲ့သည်။ (ဟေဗြဲ ၁၁:၇; ကမ္ဘာဦး ၆:၁၃-၂၂; ၇:၁၆) နောဧ၏လမ်းစဉ်ကို တွေးတောဆင်ခြင်ခြင်းက ဘုရားသခင်၏မျက်မှောက်ခေတ်ကျေးကျွန်များအား ခရစ်ယာန်ဓမ္မအမှုကဲ့သို့သော ဖြောင့်မတ်သည့်လုပ်ရပ်များတွင် ရဲရဲရင့်ရင့်ပါဝင်ရန် အကူအညီပေးသည်။

၈။ (က) နောဧသည် ရဲစွမ်းသတ္တိရှိရှိ “ဖြောင့်မတ်ခြင်းတရားကိုဟောသောသူ” အနေနှင့် မည်သည့်အရာကိုရင်ဆိုင်ခဲ့ရသနည်း။ (ခ) ကျွန်ုပ်တို့သည် ရဲစွမ်းသတ္တိရှိစွာဖြင့် ဖြောင့်မတ်ခြင်းတရားကိုဟောသူဖြစ်လျှင် ကျွန်ုပ်တို့အတွက်ယေဟောဝါဘာလုပ်ပေးမည်နည်း။

၈ ကျွန်ုပ်တို့သည် ဖြောင့်မတ်ခြင်းလမ်းစဉ်ကိုလိုက်လျှောက်နေသော်လည်း စုံစမ်းမှုတစ်ခုကို မည်သို့ရင်ဆိုင်ရမည်မသိဖြစ်နေသောအခါ ယင်းကိုဖြေရှင်းနိုင်ရန် ဉာဏ်ပညာကိုဆုတောင်းအသနားခံကြစို့။ (ယာကုပ် ၁:၅-၈) စမ်းသပ်မှုအောက်တွင် ဘုရားသခင်အားနောဧသစ္စာရှိခြင်းက စုံစမ်းခြင်းများကို ရဲစွမ်းသတ္တိနှင့်ယုံကြည်ခြင်းဖြင့်ရင်ဆိုင်ရန် ဖြစ်နိုင်ကြောင်းဖော်ပြသည်။ သူသည် ဆိုးညစ်သည့်လောက၊ ရုပ်အသွင်ယူထားသည့်ကောင်းကင်တမန်များနှင့် သူတို့၏နှစ်မျိုးစပ်ပေါက်ဖွားလာသည့်ကလေးများထံမှ သက်ရောက်သည့်ဖိစီးမှုကို ကြံ့ကြံ့ခံခဲ့သည်။ မှန်ပါသည်၊ နောဧသည် ပျက်စီးခြင်းသို့ရှေ့ ရှုနေသည့် “ရှေးလောကဓာတ်” ကို ရဲစွမ်းသတ္တိရှိရှိ “ဖြောင့်မတ်ခြင်းတရားကိုဟောသော” သူဖြစ်ခဲ့သည်။ (၂ ပေတရု ၂:၄၊ ၅; ကမ္ဘာဦး ၆:၁-၉) ရှေးခေတ်ကလူများအား ဘုရားသခင်၏သတိပေးချက်ကို ကြွေးကြော်သည့်စေတမန်အဖြစ် ရဲရင့်စွာသူဟောပြောခဲ့သော်လည်း “ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကိုသုတ်သင်ပယ်ရှင်းသည်တိုင်အောင် သတိမဲ့နေ” ခဲ့ကြသည်။ (မဿဲ ၂၄:၃၆-၃၉) သို့သော် ကျွန်ုပ်တို့သည် ဖြောင့်မတ်ခြင်းတရားဟောပြောသူများနည်းတူ ယုံကြည်ခြင်းနှင့်ရဲစွမ်းသတ္တိကိုတင်ပြကြမည်ဆိုလျှင် နှိပ်စက်ညှဉ်းပန်းခြင်းနှင့် ကျမ်းစာအခြေပြုသည့်သတင်းစကားကို လူအများစုကငြင်းပယ်သည့်ကြားမှပင် ယေဟောဝါသည် နောဧအားထောက်မခဲ့သကဲ့သို့ ကျွန်ုပ်တို့အားလည်း ထောက်မတော်မူမည်။

ဘုရားသခင်အားနာခံရန်ရဲစွမ်းသတ္တိ

၉၊ ၁၀။ အာဗြဟံ၊ ဣဇာက်နှင့် စာရာတို့သည် မည်သည့်ကိစ္စများတွင် ရဲစွမ်းသတ္တိရှိစွာနာခံမှုပြခဲ့ကြသနည်း။

၉ “ဘုရားသခင်၏မိတ်ဆွေ” အာဗြဟံသည် ဘုရားသခင်အားနာခံရန် ရဲစွမ်းသတ္တိရှိသည့်ပုံသက်သေကောင်းတစ်ဦးဖြစ်သည်။ (ယာကုပ် ၂:၂၃) အာဗြဟံသည် ရုပ်ပစ္စည်းပေါကြွယ်ဝသည့် ခါလဒဲပြည်၊ ဥရမြို့မှထွက်ခွာသွားရန် ယေဟောဝါအားယုံကြည်ခြင်းနှင့် နာခံရဲသည့်သတ္တိလိုအပ်ခဲ့သည်။ မိမိအားဖြင့် “လူမျိုးအပေါင်း” သည် ကောင်းချီးမင်္ဂလာခံရကြပြီး သူ၏မျိုးနွယ်အား ပြည်တစ်ပြည်ကိုပေးမည်ဟူသည့် ဘုရားသခင်၏ကတိတော်ကို သူယုံကြည်သည်။ (ကမ္ဘာဦး ၁၂:၁-၉; ၁၅:၁၈-၂၁) အာဗြဟံသည် ယုံကြည်ခြင်းအားဖြင့် “သူတစ်ပါးပိုင်သောပြည်၌ ဧည့်သည်နေသကဲ့သို့” နေပြီး “ခိုင်ခံ့မြဲမြံသောမြို့”—မြေကြီးပေါ်တွင် သူရှင်ပြန်ထမြောက်လာမည့်အခြေနေကိုဖြစ်ပေါ်စေမည့် ဘုရားသခင်၏ကောင်းကင်နိုင်ငံတော်ကို မျှော်လင့်နေခဲ့သည်။—ဟေဗြဲ ၁၁:၈-၁၆။

၁၀ အာဗြဟံ၏မယားစာရာသည် ဥရမြို့ကိုစွန့်၍ မိမိခင်ပွန်းနှင့်အတူအခြားတစ်ပါးသောဒေသသို့ထွက်သွားပြီး ထိုတွင်တွေ့ ကြုံမည့်အခက်အခဲများကို ခံရပ်နိုင်ရန် ယုံကြည်ခြင်းနှင့်ရဲစွမ်းသတ္တိလိုအပ်ခဲ့သည်။ သူမ၏ရဲစွမ်းသတ္တိရှိသောနာခံမှုအတွက် အကျိုးကျေးဇူးရရှိခဲ့ပါသည်တကား! အသက် ၉၀ အရွယ်အထိမြုံနေပြီး “အရွယ်လွန်” နေသော်လည်း ‘ကတိထားတော်မူသောသူသည် သစ္စာရှိသည်ဟုစိတ်စွဲလမ်းခြင်းရှိသဖြင့် မျိုးနွယ်တော်ကို ပဋိသန္ဓေယူနိုင်သောအခွင့်’ ကို အပ်နှင်းခြင်းခံရသည်။ အချိန်တန်သော် သားဣဇာက်ကိုဖွားမြင်ခဲ့သည်။ (ဟေဗြဲ ၁၁:၁၁၊ ၁၂; ကမ္ဘာဦး ၁၇:၁၅-၁၇; ၁၈:၁၁; ၂၁:၁-၇) နှစ်များကြာပြီးနောက် အာဗြဟံသည် ဘုရားသခင်အားရဲရင့်စွာနာခံခဲ့ပြီး “ဣဇာက်ကိုပူဇော်” ခဲ့သည်။ ကောင်းကင်တမန်တစ်ပါး၏ဟန့်တားမှုအားဖြင့် ထိုဘိုးဘေးသည် ရဲစွမ်းသတ္တိနှင့်နာခံမှုရှိသောမိမိ၏သားကို ‘ပုံဆောင်သဘောအားဖြင့်’ သေခြင်းမှပြန်ရခဲ့သည်။ သို့ ဖြင့် သားတော်ယေရှုခရစ်ကိုယုံကြည်သောသူတို့အား ထာဝရအသက်ရစေရန် သားတော်ကိုရွေးဖိုးအဖြစ် ယေဟောဝါပေးအပ်တော်မူမည်ဖြစ်ကြောင်း သူနှင့်သားဣဇာက်တို့က တင်ကူးသရုပ်ဖော်သည်။ (ဟေဗြဲ ၁၁:၁၇-၁၉; ကမ္ဘာဦး ၂၂:၁-၁၉; ယောဟန် ၃:၁၆) အာဗြဟံ၊ စာရာနှင့် ဣဇာက်တို့၏ ရဲစွမ်းသတ္တိရှိသောနာခံမှုသည် ယေဟောဝါအားနာခံရန်နှင့် ကိုယ်တော့်အလိုတော်ကိုအစဉ်သဖြင့်ထမ်းဆောင်ရန် ကျွန်ုပ်တို့အားစေ့ဆော်သင့်သည်။

ဘုရားသခင်၏လူများနှင့်အတူရပ်တည်ဝံ့သည့်ရဲစွမ်းသတ္တိ

၁၁၊ ၁၂။ (က) ယေဟောဝါ၏လူများနှင့်ပတ်သက်၍ မောရှေသည် ရဲစွမ်းသတ္တိမည်သို့တင်ပြခဲ့သနည်း။ (ခ) မောရှေ၏ရဲစွမ်းသတ္တိနှင့်ပတ်သက်၍ မည်သည့်မေးခွန်းမေးနိုင်မည်နည်း။

၁၁ မောရှေသည် ဖိနှိပ်ခံရသည့်ဘုရားသခင်၏လူများနှင့်အတူ ရဲစွမ်းသတ္တိရှိစွာရပ်တည်ခဲ့သည်။ ဘီ.စီ.အီး. ၁၆ ရာစုတွင် မောရှေ၏မိဘများကိုယ်နှိုက်က ရဲစွမ်းသတ္တိကိုတင်ပြခဲ့ကြသည်။ မွေးကင်းစဟေဗြဲယောက်ျားကလေးများကို သတ်ပစ်ရန်ဟူသော ဘုရင့်အမိန့်တော်ကို ကြောက်ရွံ့ ခြင်းမရှိဘဲ သူတို့သည် မောရှေအားဝှက်ထားပြီးနောက် ဖာတောင်းတစ်ခုတွင်ထည့်ကာ နိုင်းမြစ်ကမ်းရှိကျူတောထဲတွင် ထားလိုက်ကြသည်။ ဖာရောဘုရင်၏သမီးက သူ့ကိုတွေ့ရှိသွားပြီး သူမ၏သားအဖြစ်မွေးစားလိုက်စေကာမူ သူ့မိဘအိမ်၌ ဝိညာဏလေ့ကျင့်မှုကိုဦးစွာခံခဲ့ရသည်။ ဖာရော၏အိမ်သားတစ်ဦးအနေနှင့် မောရှေသည် ‘အီဂျစ်အတတ်ပညာအလုံးစုံတို့ကိုသင်’ ရပြီး “နှုတ်သတ္တိ၊ လက်သတ္တိ” ရှိကာ ကာယစိတ္တစွမ်းအင်များထက်မြက်လာသည်။—တမန်တော် ၇:၂၀-၂၂; ထွက်မြောက်ရာ ၂:၁-၁၀; ၆:၂၀။

၁၂ ဘုရင့်နန်းတော်တွင် ပစ္စည်းဥစ္စာကြွယ်ဝသည့်ကြားမှ မောရှေသည် ယေဟောဝါအားဝတ်ပြုသူများနှင့်အတူရပ်တည်ပြီး အီဂျစ်တို့၏ကျွန်ဖြစ်ရန် သတ္တိရှိရှိရွေးချယ်ခဲ့သည်။ ဣသရေလလူတစ်ဦးကိုကာကွယ်သောအားဖြင့် အီဂျစ်လူတစ်ဦးကိုသူသတ်မိပြီး မိဒျန်ပြည်သို့ထွက်ပြေးခဲ့သည်။ (ထွက်မြောက်ရာ ၂:၁၁-၁၅) နောက်အနှစ် ၄၀ ကြာသောအခါ ဣသရေလလူမျိုးများအား ဦးဆောင်၍အချုပ်အနှောင်မှလွတ်မြောက်စေရန် ယေဟောဝါသူ့ကိုအသုံးပြုခဲ့သည်။ ထို့နောက်မောရှေသည် ဣသရေလလူမျိုးနှင့်ပတ်သက်၍ ယေဟောဝါ၏ကိုယ်စားလှယ်ဖြစ်သောကြောင့် သတ်ဖြတ်ရန်ခြိမ်းခြောက်သည့် ‘ဘုရင်အမျက်ကိုမကြောက်ဘဲ အီဂျစ်ပြည်မှထွက်သွားခဲ့သည်။’ မောရှေသည် ‘မျက်မြင်မရသောဘုရားသခင်’ ယေဟောဝါကို မြင်ရဘိသကဲ့သို့လျှောက်လှမ်းခဲ့သည်။ (ဟေဗြဲ ၁၁:၂၃-၂၉; ထွက်မြောက်ရာ ၁၀:၂၈) သင်သည် အခက်အခဲနှင့်နှိပ်စက်ညှဉ်းပန်းမှုကြားမှ ယေဟောဝါနှင့်ကိုယ်တော့်လူများနှင့်အတူ ကျားကုပ်ကျားခဲနေလိုသည့် ထိုကဲ့သို့သောယုံကြည်ခြင်းနှင့်သတ္တိရှိသလော။

‘ယေဟောဝါနောက်တော်သို့လုံးလုံးလိုက်’ ဝံ့သည့် ရဲစွမ်းသတ္တိ

၁၃။ ယောရှုနှင့်ကာလက်တို့သည် ရဲစွမ်းသတ္တိဆိုင်ရာမည်သည့်ပုံသက်သေများကိုပေးခဲ့သနည်း။

၁၃ ရဲစွမ်းသတ္တိရှိသောယောရှုနှင့်ကာလက်တို့သည် ဘုရားသခင်၏နည်းလမ်းတော်များအတိုင်း ကျွန်ုပ်တို့လိုက်လျှောက်နိုင်ကြောင်းကို သက်သေထူခဲ့ကြသည်။ သူတို့သည် ‘ယေဟောဝါနောက်တော်သို့လုံးလုံးလိုက်’ ခဲ့ကြသည်။ (တောလည်ရာ ၃၂:၁၂) ယောရှုနှင့်ကာလက်တို့သည် ကတိထားရာပြည်ကို သွားရောက်ထောက်လှမ်းရန် စေလွှတ်ခံရသည့်သူ ၁၂ ဦးတွင် အပါအဝင်ဖြစ်သည်။ ထိုပြည်သားများကိုကြောက်သောကြောင့် သူလျှိုဆယ်ဦးတို့သည် ဣသရေလလူမျိုးများအား ခါနာန်ပြည်သို့မဝင်ရန်သွေးဆောင်နားချကြသည်။ သို့သော် ယောရှုနှင့်ကာလက်တို့က ရဲရင့်စွာပြောသည်မှာ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် ငါတို့ကိုနှစ်သက်လျှင် နို့နှင့်ပျားရည်စီးသောထိုပြည်သို့ ငါတို့ကိုဆောင်သွင်း၍အပိုင်ပေးတော်မူလိမ့်မည်။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုမပုန်ကန်ကြပါနှင့်။ ထိုပြည်သူပြည်သားတို့ကို မကြောက်ကြနှင့်။ သူတို့သည် ငါတို့စားစရာဖို့ဖြစ်ကြ၏။ သူတို့၌အမှီတကဲမရှိ။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် ငါတို့ဘက်၌ရှိတော်မူ၏။ သို့ ဖြစ်၍ သူတို့ကိုမကြောက်ကြနှင့်” ဟူ၍ဖြစ်သည်။ (တောလည်ရာ ၁၄:၈၊ ၉) ယုံကြည်ခြင်းနှင့်ရဲစွမ်းသတ္တိကင်းမဲ့မှုကြောင့် ထိုဣသရေလလူမျိုးဆက်သည် ကတိထားရာပြည်သို့မရောက်ရတော့ချေ။ သို့သော် ယောရှုနှင့်ကာလက်တို့သည် မျိုးဆက်သစ်များနှင့်အတူ ဝင်ရောက်ခဲ့ကြရသည်။

၁၄၊ ၁၅။ (က) ယောရှုသည် ယောရှု ၁:၇၊ ၈ ပါစကားများကို လိုက်လျှောက်သောအခါ သူနှင့်ဣသရေလလူမျိုးတို့သည် မည်သည့်အရာကြုံတွေ့ခဲ့ကြရသနည်း။ (ခ) ယောရှုနှင့်ကာလက်တို့ထံမှ ရဲစွမ်းသတ္တိနှင့်ပတ်သက်သော မည်သည့်သင်ခန်းစာကို ကျွန်ုပ်တို့သင်ယူရသနည်း။

၁၄ ယောရှုအားဘုရားသခင်ဤသို့ပြောခဲ့သည်– “သို့ ဖြစ်၍ ငါ၏ကျွန်မောရှေမှာထားသောတရားအတိုင်း ကျင့်မည်ဟုစောင့်ရှောက်စေခြင်းငှာ အားယူ၍အလွန်ရဲရင့်ခြင်းရှိလော့။ ကြံစည်လေသမျှတို့၌အောင်မည်အကြောင်း ထိုတရားလမ်းသို့လိုက်လော့။ လက်ယာဘက်၊ လက်ဝဲဘက်သို့မလွဲနှင့်။ ထိုပညတ္တိကျမ်းစာ၌ရေးထားသမျှအတိုင်းကျင့်မည်ဟု စောင့်ရှောက်ခြင်းအလို့ငှာ ကျမ်းစာကိုမဖတ်မရွတ်ဘဲမနေ နေ့ညမပြတ်ကြည့်ရှုဖတ်ရွတ်ရမည်။ သို့ ပြုလျှင် သင်သည်အကြံထမြောက်၍ အောင်မြင်လိမ့်မည်။”—ယောရှု ၁:၇၊ ၈။

၁၅ ထိုစကားများကို ယောရှုလိုက်နာခဲ့သဖြင့် ယေရိခေါနှင့်အခြားသောမြို့များသည် ဣသရေလလူမျိုးလက်ထဲသို့သက်ဆင်းခဲ့ရသည်။ ဣသရေလလူမျိုးသည် ဂိဗောင်လူမျိုးများကိုတိုက်ခိုက်အောင်နိုင်သည်အထိ အလင်းရောင်ဆက်လက်ရှိနေရန် ဘုရားသခင်သည် နေကိုပင်ရပ်စေတော်မူခဲ့သည်။ (ယောရှု ၁၀:၆-၁၄) “အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ အလွန်များစွာသော” ရန်သူတပ်ပေါင်းစုက ဘေးသင့်စေချိန်တွင် ယောရှုသတ္တိရှိရှိပြုမူခဲ့ပြီး၊ ဣသရေလလူမျိုးကို ဘုရားသခင်ထပ်မံအောင်ပွဲခံစေခဲ့သည်။ (ယောရှု ၁၁:၁-၉) ကျွန်ုပ်တို့သည် မစုံလင်သည့်လူသားများဖြစ်စေကာမူ ယောရှုနှင့်ကာလက်တို့နည်းတူ ယေဟောဝါ၏နောက်တော်သို့လုံးလုံးလိုက်နိုင်ကြပြီး ကိုယ်တော့်နည်းလမ်းတော်အတိုင်း ရဲရင့်စွာလျှောက်လှမ်းနိုင်ရန်အစွမ်းသတ္တိကို ကျွန်ုပ်တို့အား ဘုရားသခင်ပေးနိုင်သည်။

ဘုရားသခင်ကိုယုံစားဝံ့သည့်ရဲစွမ်းသတ္တိ

၁၆။ ဒေဗောရ၊ ဗာရက်နှင့် ယေလတို့သည် မည်သည့်နည်းဖြင့် ရဲစွမ်းသတ္တိတင်ပြခဲ့ကြသနည်း။

၁၆ ဣသရေလနိုင်ငံတွင် တရားသူကြီးများတရားရေးကိုင်တွယ်ခဲ့စဉ်အချိန်က ဖြစ်ပျက်ခဲ့သည့်ကိစ္စများကဲ့သို့ ဘုရားသခင်အား ရဲရဲဝံ့ဝံ့ယုံစားခြင်းသည် အကျိုးဖြစ်ထွန်းစေသည်။ (ရုသ ၁:၁) ဥပမာအားဖြင့် တရားသူကြီးဗာရက်နှင့် ပရောဖက်မဒေဗောရတို့သည် ဘုရားသခင်အား ရဲရဲဝံ့ဝံ့ယုံစားခဲ့ကြသည်။ ခါနာန်ဘုရင်ယာဘိန်သည် ဣသရေလလူမျိုးအား ဖိနှိပ်အုပ်စိုးခဲ့သည်မှာ နှစ်ပေါင်း ၂၀ ရှိပြီဖြစ်ရာ တာဗော်တောင်ပေါ်တွင် လူ ၁၀,၀၀၀ စုရန် ယေဟောဝါသည် ဒေဗောရအားဖြင့် ဗာရက်ကိုလှုံ့ဆော်ခဲ့သည်။ ယာဘိန်၏စစ်သူကြီးသိသရက ကိရှုန်ချိုင့်ရှိမြေညီလွင်ပြင်တွင် မိမိ၏စစ်တပ်နှင့် ဘီးများတွင်သံချွန်တပ်ထားသော စစ်ရထား ၉၀၀ ကို ဣသရေလလူမျိုးမယှဉ်နိုင်ဟူသောအမှတ်ဖြင့် ယင်းနေရာသို့အသော့နှင်ခဲ့သည်။ ချိုင့်ဝှမ်းလွင်ပြင်ထဲသို့ ဣသရေလလူမျိုးစစ်ချီလာသောအခါ ယေဟောဝါသည် သူတို့အတွက်လုပ်ဆောင်ပြီး သိသရ၏စစ်ရထားများမသွားနိုင်တော့အောင် ရုတ်တရက်ရေလွှမ်းမိုးခြင်းအားဖြင့် စစ်တလင်းကိုရွှံ့နွံအိုင်ဖြစ်စေလိုက်သည်။ ‘သိသရ၏ဗိုလ်ပါစစ်သည်များအပေါင်းတို့သည် ဓားဖြင့်ဆုံးရှုံး’ သည်အထိ ဗာရက်၏လူများအရေးသာသွားခဲ့သည်။ သိသရသည် ယေလ၏တဲသို့ထွက်ပြေးခဲ့သည်။ သို့သော် သူအိပ်ပျော်နေစဉ် ယေလက တဲတံကျင်တစ်ခုဖြင့် သူ့နားပန်းထဲသို့ရိုက်သွင်း၍သတ်ဝံ့သည့် ရဲစွမ်းသတ္တိရှိခဲ့သည်။ ဗာရက်အား ဒေဗောရပရောဖက်ပြုဖော်ပြသည့်အချက် မှန်ကန်သည့်အနေနှင့် ဤအောင်နိုင်မှု “ဂုဏ်အသရေ” ကို မိန်းမတစ်ဦးကရရှိခဲ့သည်။ ဒေဗောရ၊ ဗာရက်၊ ယေလတို့သည် ဘုရားသခင်အားရဲရဲဝံ့ဝံ့ယုံစားခဲ့ကြသည့်အတွက် ဣသရေလနိုင်ငံသည် “အနှစ်လေးဆယ်တိုင်တိုင် တစ်ပြည်လုံးငြိမ်းလေ၏။”—တရားသူကြီး ၄:၁-၂၂; ၅:၃၁။

၁၇။ တရားသူကြီးဂိဒေါင်သည် ယေဟောဝါအားရဲရင့်စွာယုံစားခြင်းမှ မည်သည့်ပုံသက်သေကိုရရှိသနည်း။

၁၇ မိဒျန်လူမျိုးများနှင့်အခြားသူများတို့သည် ဣသရေလနိုင်ငံထဲသို့ကျူးကျော်ဝင်လာသောအခါ တရားသူကြီးဂိဒေါင်သည် ယေဟောဝါကိုရဲရဲဝံ့ဝံ့ယုံစားကြောင်းတင်ပြခဲ့သည်။ ကျူးကျော်သူအရေအတွက် ၁၃၅,၀၀၀ သည် မိမိတို့ထက်သာလွန်များပြားစေကာမူ ဣသရေလစစ်သည် ၃၂,၀၀၀ တို့သည် ဘုရားပေးအောင်မြင်မှုကို မိမိတို့၏ရဲဝံ့မှုကြောင့်ဟု ဆိုစရာအကြောင်းရှိဆဲဖြစ်သည်။ ထို့ကြောင့် ယေဟောဝါ၏ညွှန်ကြားမှုအားဖြင့် ဂိဒေါင်သည် အယောက် ၁၀၀ ပါသောလူ သုံးစုအထိ သူ့တပ်အင်အားကိုလျှော့ချလိုက်သည်။ (တရားသူကြီး ၇:၁-၇၊ ၁၆; ၈:၁၀) လူ ၃၀၀ သည် ညအချိန်တွင် မိဒျန်တပ်ကိုဝိုင်းလိုက်သောအခါ သူတို့တစ်ဦးစီတွင် တံပိုးခရာတစ်ခု၊ ရေအိုးတစ်လုံးနှင့် မီးတုတ်တစ်ခုစီရှိကြသည်။ အချက်ပြလိုက်သောအခါ သူတို့သည် တံပိုးခရာများကိုမှုတ်လိုက်ကြပြီး အိုးများကိုခွဲလိုက်ကာ မီးတုတ်များကိုမီးငြိလိုက်၍ ဤသို့အော်ကြသည်– “ယေဟောဝါနှင့်ဂိဒေါင်၏ဓား!” (တရားသူကြီး ၇:၂၀၊ ကဘ) ကြောက်ရွံ့နေသည့်မိဒျန်စစ်သားများသည် ထွက်ပြေးပြီး အညံ့ခံလိုက်ရသည်။ ရဲစွမ်းသတ္တိရှိရှိဖြင့်ဘုရားသခင်အားယုံစားခြင်းသည် ယနေ့လည်း အကျိုးဖြစ်ထွန်းစေကြောင်း ယင်းကဲ့သို့သောအဖြစ်အပျက်များက ကျွန်ုပ်တို့အား အခိုင်အမာယုံကြည်စေသင့်သည်။

ယေဟောဝါအားဂုဏ်တင်ရန်နှင့် စင်ကြယ်သည့်ဝတ်ပြုရေးကိုတိုးတက်စေရန် ရဲစွမ်းသတ္တိ

၁၈။ ဂေါလျတ်ကိုအလဲတိုက်နိုင်ခဲ့စဉ်က ဒါဝိဒ်သည် မည်သည့်အရာကို ရဲရင့်စွာလုပ်ဆောင်ခဲ့သနည်း။

၁၈ သမ္မာကျမ်းစာပါအချို့သောပုံနမူနာများသည် ယေဟောဝါအားဂုဏ်တင်ရန်နှင့် စင်ကြယ်သည့်ဝတ်ပြုရေးတိုးတက်စေရန် ရဲစွမ်းသတ္တိပေးသည်။ မိမိဖခင်၏သိုးများကို ရဲရင့်စွာကယ်တင်ခဲ့သော လူငယ်ဒါဝိဒ်သည် ဖိလိတ္တိလူ့ဘီလူးကြီးဂေါလျတ်ရှေ့တွင် ရဲစွမ်းသတ္တိကိုတင်ပြခဲ့သည်။ ဒါဝိဒ်က “သင်သည် ဓား၊ လှံ၊ ကိဒုန်ပါလျက် ငါ့ထံသို့လာ၏။ ငါသည် သင်ကြိမ်းပသော ဣသရေလဗိုလ်ခြေတို့၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] နာမတော်ပါလျက် သင်ရှိရာသို့လာ၏။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် သင့်ကိုငါ့လက်၌ ယနေ့အပ်တော်မူသဖြင့် သင့်ကိုငါသတ်၍ လည်ပင်းကိုဖြတ်မည်။ . . . ဣသရေလအမျိုး၌ဘုရားသခင်ရှိတော်မူသည်ကို မြေကြီးသားအပေါင်းတို့သည် သိရကြလိမ့်မည်။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် ဓားလှံအားဖြင့် ကယ်တင်တော်မမူကြောင်းကို ဤပရိသတ်အပေါင်းတို့သည် သိရကြလိမ့်မည်။ အကြောင်းမူကား ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် စစ်မှုကိုပိုင် [၏။]” ဟုပြောခဲ့သည်။ (၁ ဓမ္မရာဇဝင် ၁၇:၃၂-၃၇၊ ၄၅-၄၇) ဘုရားသခင့်အကူအညီအားဖြင့် ဒါဝိဒ်သည် ရဲစွမ်းသတ္တိဖြင့် ယေဟောဝါအားဂုဏ်တင်ကာ ဂေါလျတ်ကိုအလဲတိုက်နိုင်လိုက်ခြင်းအားဖြင့် စင်ကြယ်သောဝတ်ပြုရေးအား ဖိလိတ္တိလူများခြိမ်းခြောက်မှုပပျောက်သွားစေရန် အရေးကြီးသည့်ကဏ္ဍမှလုပ်ဆောင်ခဲ့သည်။

၁၉။ ရှောလမုန်သည် မည်သည့်စီမံကိန်းအတွက် ရဲစွမ်းသတ္တိလိုအပ်ပြီး သူ၏ခြေလှမ်းကို ယနေ့ကျွန်ုပ်တို့ခေတ်တွင် မည်သို့ကျင့်သုံးနိုင်သနည်း။

၁၉ ဒါဝိဒ်မင်း၏သားရှောလမုန်သည် ဘုရားသခင်၏ဗိမာန်တော်တည်ဆောက်ခါနီးတွင် ဇရာထောင်းလာသည့်ခမည်းတော်က သူ့အားဤသို့တိုက်တွန်းခဲ့သည်– “သင်သည် အားယူ၍ရဲရင့်သောစိတ်နှင့်လုပ်ဆောင်လော့။ မစိုးရိမ်နှင့်။ စိတ်မပျက်နှင့်။ ငါ၏ဘုရားသခင်ထာဝရအရှင် [ယေဟောဝါ၊ ကဘ] ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူလိမ့်မည်။ ထာဝရဘုရား၏အိမ်တော်မှုကို ဆောင်ရွက်ရာဖို့လုပ်ဆောင်၍ လက်စမသတ်မီတိုင်အောင် သင့်ကိုစွန့်တော်မမူ။ ပစ်ထားတော်မမူ။” (၁ ရာဇဝင်ချုပ် ၂၈:၂၀) ရှောလမုန်သည် ရဲစွမ်းသတ္တိဖြင့်လုပ်ဆောင်ခဲ့သည့်အတွက် ဗိမာန်တော်ကို အောင်မြင်စွာဆောက်လုပ်ပြီးစီးနိုင်ခဲ့သည်။ ယနေ့ သီအိုကရက်တစ်အဆောက်အအုံတစ်ခုဆောက်လုပ်ရန် စိန်ခေါ်မှုရင်ဆိုင်ရသောအခါ ဒါဝိဒ်၏စကားကို ကျွန်ုပ်တို့ပြန်သတိရကြစို့– “အားယူ၍ရဲရင့်သောစိတ်နှင့်လုပ်ဆောင်လော့။” ယေဟောဝါအားဂုဏ်တင်ရန်နှင့် စင်ကြယ်သောဝတ်ပြုရေးတိုးတက်စေရန် မည်မျှကောင်းမြတ်သည့်နည်းလမ်းပါတကား!

၂၀။ ဘုရင်အာသသည် မည်သည့်ကိစ္စနှင့်ပတ်သက်၍ ရဲစွမ်းသတ္တိရှိခဲ့သနည်း။

၂၀ ဘုရင်အာသသည် ယေဟောဝါအားဂုဏ်တင်၍ စင်ကြယ်သောဝတ်ပြုရေးကို တိုးတက်စေလိုသောကြောင့် အရုပ်များနှင့်ဗိမာန်တော်ယောက်ျားပြည်တန်ဆာများကို ယုဒပြည်မှထုတ်ပယ်ခဲ့သည်။ အယူဖောက်ပြန်သည့်သူ့အဖွားဖြစ်သူကိုလည်း မြင့်မားသည့်ရာထူးမှချပြီး သူမ၏ ‘စက်ဆုပ်ရွံရှာဖွယ်အရုပ်’ ကိုမီးရှို့ဖျက်ဆီးခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁၅:၁၁-၁၃) မှန်ပါသည်။ အာသသည် “ရဲရင့်ခြင်းသို့ရောက်၍ ယုဒပြည်နှင့်ဗင်ယာမိန်ပြည်အရပ်ရပ်တို့၌လည်းကောင်း၊ ဧဖရိမ်တောင်ပေါ်မှာတိုက်ယူသောမြို့တို့၌လည်းကောင်း စက်ဆုပ်ဖွယ်သောအရာရှိသမျှကိုပယ်ရှား၍ ဗိမာန်တော်ဦးရှေ့တွင်ရှိသောထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏ယဇ်ပလ္လင်ကို ပြုပြင်လေ၏။” (၂ ရာဇဝင်ချုပ် ၁၅:၈) သင်လည်း ရဲစွမ်းသတ္တိဖြင့် အယူဖောက်ပြန်မှုကိုငြင်းပယ်ပြီး စင်ကြယ်သည့်ဝတ်ပြုရေးကို တိုးမြှင့်ပါသလော။ သင့်ပစ္စည်းဥစ္စာများကို ဘုရားနိုင်ငံတော်အကျိုးစီးပွားတိုးများရန် အသုံးပြုနေပါသလော။ ယေဟောဝါသက်သေတစ်ဦးအနေနှင့် သတင်းကောင်းကြေညာရာတွင် မှန်မှန်ပါဝင်ခြင်းအားဖြင့် ကိုယ်တော်အားသင်ဂုဏ်တင်ပါသလော။

၂၁။ (က) ခရစ်ယာန်ခေတ်မတိုင်မီ သမ္မာဓိစောင့်သိသူများ၏မှတ်တမ်းများသည် ကျွန်ုပ်တို့အားမည်သို့အကူအညီဖြစ်နိုင်သနည်း။ (ခ) နောက်ဆောင်းပါးတွင် မည်သည့်အကြောင်းကိုသုံးသပ်မည်နည်း။

၂၁ ခရစ်ယာန်ခေတ်မတိုင်မီ ရဲရင့်စွာသမာဓိစောင့်သိသူများနှင့်ပတ်သက်သည့် ကျမ်းစာမှတ်တမ်းများကို ဘုရားသခင်သိုမှီးထားပေးသည့်အတွက် ကျွန်ုပ်တို့မည်မျှကျေးဇူးတင်ကြပါသည်တကား! ကျွန်ုပ်တို့သည် ယေဟောဝါအား ရဲစွမ်းသတ္တိ၊ ဘုရားရေးရာကြောက်ရွံ့မှုနှင့် ရိုသေကျိုးနွံမှုတို့ဖြင့် အထွတ်အမြတ်ဝတ်ပြုနိုင်ရန် ထိုသူတို့၏ကောင်းသောပုံသက်သေများက အကူအညီဖြစ်စေသည်။ (ဟေဗြဲ ၁၂:၂၈) သို့သော် ခရစ်ယာန်ဂရိကျမ်းစာတွင်လည်း ဘုရားရေးရာရဲစွမ်းသတ္တိဖြင့်လုပ်ဆောင်မှုများဆိုင်ရာ ပုံသက်သေများပါဝင်သည်။ ယေဟောဝါ၏နည်းလမ်းတော်များအတိုင်း ရဲရင့်စွာလျှောက်လှမ်းရန် ဤမှတ်တမ်းအချို့တို့က ကျွန်ုပ်တို့အားမည်သို့ကူညီသနည်း။

သင်မည်သို့ဖြေကြားမည်နည်း

◻ ရဲစွမ်းသတ္တိဟူသည်အဘယ်နည်း။

◻ ဧနောက်နှင့်နောဧတို့သည် ရဲစွမ်းသတ္တိကို မည်သို့တင်ပြခဲ့ကြသနည်း။

◻ အာဗြဟံ၊ စာရာနှင့် ဣဇာက်တို့သည် မည်သည့်ကိစ္စများတွင် ရဲရင့်စွာလုပ်ဆောင်ခဲ့ကြသနည်း။

◻ မောရှေ၊ ယောရှုနှင့် ကာလက်တို့သည် မည်သည့်ရဲစွမ်းသတ္တိရှိပုံသက်သေများကို ချမှတ်ခဲ့ကြသနည်း။

◻ ဘုရားသခင်အားယုံစားရန် ရဲစွမ်းသတ္တိရှိကြောင်း အခြားသူများမည်သို့တင်ပြခဲ့ကြသနည်း။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ဂိဒေါင်နှင့်သူ့စစ်သည်တော်စုကလေးသည် ယေဟောဝါအား ရဲစွမ်းသတ္တိဖြင့်ယုံစားခဲ့သည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ