မဟာမင်းသားမိက္ခေလ၏ နောက်ဆုံးအောင်ပွဲ
“ထိုကာလ၌ သင့်အမျိုးသားချင်းတို့၏အမှုကိုစောင့်သော အရှင်မင်းကြီးမိက္ခေလသည် ပေါ်လာ [ရပ်၊ ကဘ] လိမ့်မည်။” —ဒံယေလ ၁၂:၁။
၁ လောကီမင်းများစွာတို့သည် ယေဟောဝါ၏အကြွင်းမဲ့အုပ်ချုပ်ပိုင်ခွင့်အပေါ် မည်သည့်သဘောထားကိုထင်ရှားပြကြပြီး မြောက်ဘုရင်သည်လည်း မည်သို့ထူးမခြားနားဖြစ်သနည်း။
“ယေဟောဝါကား မည်သူဖြစ်သောကြောင့် သူ့စကားကိုငါနားထောင်၍ ဣသရေလလူမျိုးကိုလွှတ်လိုက်ရမည်နည်း။” (ထွက်မြောက်ရာ ၅:၂၊ ကဘ) ဖာရောက စိန်ခေါ်သည့်သဘောဖြင့် မောရှေအားပြောသည့်စကားများဖြစ်သည်။ ယေဟောဝါ၏အမြင့်ဆုံးသောဘုရားအဖြစ်ကို အသိအမှတ်ပြုရန်ငြင်းဆန်သည့်အနေနှင့် ဣသရေလလူမျိုးကိုဆက်၍ကျွန်ပြုရန် ဖာရောဆုံးဖြတ်ခဲ့သည်။ ယေဟောဝါအားပမာဏမပြုသည့် အလားတူသဘောကို အခြားမင်းများတင်ပြကြပြီး ဒံယေလပရောဖက်ပြုချက်ပါမင်းများလည်း အပါအဝင်ဖြစ်သည်။(ဟေရှာယ ၃၆:၁၃-၂၀) အမှန်မှာ မြောက်ဘုရင်သည် သာ၍ဆိုးသည်။ ကောင်းကင်တမန်ဤသို့ပြောသည်–“ဘုရားအပေါင်းတို့ထက် ကိုယ်ကိုကိုယ်ချီးပင့်မြှောက်စားလျက်၊ ဘုရားတို့၏ဘုရားကိုဆန့်ကျင်ဘက်ပြု၍ အံ့ဖွယ်သောစကားကိုပြောလိမ့်မည်။ . . . ထိုမင်းသည် ဘိုးဘေးတို့ကိုးကွယ်သောဘုရားကိုလည်းကောင်း၊ မိန်းမ၌တပ်မက်သောအလိုကိုလည်းကောင်း၊ တစ်ပါးသောဘုရားများကိုလည်းကောင်း ပမာဏမပြု။ သူတကာတို့ထက် ကိုယ်ကိုကိုယ်ချီးမြှောက်လိမ့်မည်။”—ဒံယေလ ၁၁:၃၆၊ ၃၇။
၂၊ ၃။ မြောက်ဘုရင်သည် အခြား “ဘုရား” ကိုကိုးကွယ်ရန် မည်သည့်နည်းအားဖြင့် “ဘိုးဘေးတို့၏ဘုရား” ကိုငြင်းပယ်သနည်း။
၂ ပရောဖက်ပြုစကားများပြည့်စုံသည့်အနေနှင့် မြောက်ဘုရင်သည် ရောမရှိတိတ္ထိဘုရားများ သို့မဟုတ် ခရစ်ယာန်ဘောင်၏သုံးပါးတစ်ဆူဘုရားပင်ဖြစ်ပါစေ “ဘိုးဘေးတို့ကိုးကွယ်သောဘုရား” (သို့မဟုတ်၊ “သူ၏ဘိုးဘွားဘုရားများ၊” အင်္ဂလိပ်သမ္မာကျမ်းစာသစ်) ကို ငြင်းပယ်ခဲ့သည်။ ဟစ်တလာသည် မိမိရည်ရွယ်ချက်အတွက် ခရစ်ယာန်ဘောင်ကိုအသုံးပြုခဲ့သော်လည်း သူမနေရာတွင် ဂျာမန်ချာ့ချ်သစ်ဖြင့် အစားထိုးရန်စီစဉ်ခဲ့ကြောင်း ထင်ရှားခဲ့သည်။ သူ့နောက်ဆက်ခံသူသည် ဘုရားမဲ့ဝါဒကို ဗြောင်ကျကျပင်ထွန်းကားစေခဲ့သည်။ ဤသို့ဖြင့် မြောက်ဘုရင်သည် မိမိကိုယ်ကို ဘုရားတစ်ပါးဖြစ်စေပြီး ‘သူတစ်ကာတို့ထက် ကိုယ့်ကိုယ်ကိုဂုဏ်ဖော်’ ခဲ့သည်။
၃ ပရောဖက်ပြုချက်ဤသို့ဆက်ပြောသည်–“ထိုဘုရားအရာ၌ ရဲတိုက်တို့၏ဘုရားနှင့် ဘိုးဘေးတို့မသိသောဘုရားကိုချီးမြောက်၍ ရွှေ၊ ငွေ၊ ကျောက်မြတ်၊ နှစ်သက်ဖွယ်သောတန်ဆာများကို ပူဇော်လိမ့်မည်။” (ဒံယေလ ၁၁:၃၈) အမှန်မှာ မြောက်ဘုရင်သည် ခေတ်မီသိပ္ပံနည်းစနစ်စစ်ဝါဒဖြစ်သည့် “ရဲတိုက်တို့၏ဘုရား” ကို ယုံစားနေခြင်းဖြစ်သည်။ ဆုံးခန်းကာလတစ်လျှောက်လုံး ဤ “ဘုရား” အားဖြင့် ကယ်တင်ခြင်းကိုရှာခဲ့ပြီး ယင်း၏ယဇ်ပလ္လင်ပေါ်တွင် စည်းစိမ်ဥစ္စာမြောက်မြားစွာပူဇော်ခဲ့သည်။
၄။ မြောက်ဘုရင်သည် မည်သည့်အောင်မြင်မှုကိုရခဲ့သနည်း။
၄ “ခိုင်ခံ့သောရဲတိုက်များကိုလည်းကောင်း၊ မိမိဝန်ခံသော တစ်ပါးအမျိုးသားဘုရားကိုလည်းကောင်း ပြုစု၍ ဂုဏ်အသရေတိုးပွားစေလိမ့်မည်။ လူများတို့အပေါ်မှာအုပ်စိုးရသောအခွင့်ကိုပေး၍ စီးပွားဖြစ်ခြင်းအလို့ငှာ မြေကိုဝေဖန်လိမ့်မည်။” (ဒံယေလ ၁၁:၃၉) မြောက်ဘုရင်သည် စစ်နှင့်ဆိုင်သောမိမိ၏ “တစ်ပါးအမျိုးသားဘုရား” ကို ယုံစားစွာဖြင့် အစွမ်းကုန် ‘ထိရောက်စွာ’ လုပ်ဆောင်ခြင်းအားဖြင့် “နောက်ဆုံးကာလ” တွင် ကြောက်မက်ဖွယ်ကောင်းသော စစ်အင်အားကြီးဖြစ်ကြောင်း မိမိကိုယ်ကိုသက်သေထူသည်။ (၂ တိမောသေ ၃:၁) သူ့အကြံအစည်ကိုထောက်ပံ့သူများအား နိုင်ငံရေး၊ စီးပွားရေးနှင့် တစ်ခါတစ်ရံစစ်ရေးအကူအညီများအားဖြင့် ဆုချတတ်သည်။
“အမှုကုန်ရသည်ကာလ၌”
၅၊ ၆။ တောင်ဘုရင်သည် မည်သို့ ‘တွန်းထိုးခဲ့’ ပြီး မြောက်ဘုရင်က မည်သို့တုံ့ပြန်သနည်း။
၅ ဒံယေလ ၁၁:၄၀က တွင် ဤသို့ဖတ်ရသည်–“အမှုကုန်ရသည်ကာလ၌ တောင်ရှင်ဘုရင်သည် ထိုမင်းကို (တွန်းထိုးခြင်းဖြင့်၊ ကဘ) တိုက်လိမ့်မည်။” ယင်းနှင့် နောက်အခန်းငယ်များသည် ကျွန်ုပ်တို့၏အနာဂတ်တွင်ပြည့်စုံရန်ရှိသည်ဟု ယူမှတ်ခံရသည်။ သို့သော် ဤတွင်ဖော်ပြထားသည့် “အမှုကုန်ရသည်ကာလ” သည် ဒံယေလ ၁၂:၄၊ ၉ တွင် ဖော်ပြထားသည့်အတိုင်းဖြစ်ပါက ဤဆုံးခန်းကာလတစ်လျှောက်အတွင်း ယင်းတို့၏ပြည့်စုံချက်ကို ကျွန်ုပ်တို့စောင့်မျှော်နေသင့်သည်။ ဤကာလအတွင်း တောင်ဘုရင်သည် မြောက်ဘုရင်ကို ‘တွန်းထိုးခဲ့’ ပြီလော။ အမှန်ပင်တွန်းထိုးခဲ့သည်။ ပထမကမ္ဘာစစ်ပြီးနောက် ဒဏ်ခတ်သည့်ငြိမ်းချမ်းရေးစာချုပ်သည် အမှန်ပင် ‘တွန်းထိုးခြင်း’၊ ကလဲ့စားချေရန်လှုံ့ဆော်ခြင်းပင်ဖြစ်သည်။ ဒုတိယကမ္ဘာစစ်တွင်အောင်ပွဲရပြီးနောက် တောင်ဘုရင်သည် မိမိရန်ဘက်အား ကြောက်မက်ဖွယ်နျူကလီးယားလက်နက်အချို့ ဖြင့် ချိန်ရွယ်ထားကာ အင်အားကြီးမားသောမဟာမိတ်စစ်တပ်ဖြစ်သည့် နေတိုးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ နှစ်များကုန်လာသည်နှင့်အမျှ သူ၏ “တွန်းထိုးခြင်း” တွင် အဆင့်မြင့်နည်းပညာဖြင့်ထောက်လှမ်းခြင်း၊ သံတမန်ရေးနှင့်စစ်ရေးအရ တိုက်ခိုက်ခြင်းတို့ပါဝင်သည်။
၆ မြောက်ဘုရင်မည်သို့တုံ့ပြန်ခဲ့သနည်း။ “မြောက်ဘုရင်သည်လည်း ရထားများ၊ မြင်းစီးသူရဲများ၊ သင်္ဘောများတို့နှင့်တကွ လေဘွေကဲ့သို့တိုက်လာလျက် ထိုပြည်တို့ကိုဝင်၍ ချင်းနင်းလွှမ်းမိုးလိမ့်မည်။” (ဒံယေလ ၁၁:၄၀ခ) နောက်ဆုံးကာလ၏သမိုင်းက မြောက်ဘုရင်၏နယ်မြေချဲ့ထွင်ရေးဝါဒကို ထင်ရှားဖော်ပြထားသည်။ ဒုတိယကမ္ဘာစစ်အတွင်းက နာဇီ “ဘုရင်” သည် သူ့နယ်စပ်ကိုကျော်၍ အနားပတ်ဝန်းကျင်ရှိဒေသများသို့ ချင်းနင်းဝင်ရောက်လွှမ်းမိုးခဲ့သည်။ စစ်ကြီးပြီးသောအခါ အောင်ပွဲရ “ဘုရင်” သည် သူ့နယ်ခြား၏အပြင်ဘက်တွင် အင်အားကြီးအင်ပါယာကို တည်ထောင်ခဲ့သည်။ စစ်အေးတိုက်ပွဲအတွင်းက မြောက်ဘုရင်သည် အခြားနိုင်ငံများအားကိုယ်စားတိုက်ခိုက်စေ၍ နောက်မှထောက်ပံ့သောစစ်ပွဲများ၊ အာဖရိက၊ အာရှနှင့် လက်တင်အမေရိကနိုင်ငံများတွင် ဆူပူသောင်းကျန်းစေမှုများအားဖြင့် မိမိ၏ပြိုင်ဘက်ကိုတိုက်ခိုက်သည်။ သူသည် ခရစ်ယာန်စစ်များကို နှိပ်စက်ညှဉ်းပန်းခြင်းအားဖြင့် သူတို့၏လှုပ်ဆောင်မှုကို ကန့်သတ် (သို့သော် မရပ်စဲခဲ့ပါ) စေခဲ့သည်။ နိုင်ငံပေါင်းများစွာတို့အား စစ်ရေးနှင့်နိုင်ငံရေးအရတိုက်ခိုက်ပြီး သူ့ ကြိုးကိုင်မှုအောက်သို့ရောက်စေသည်။ ယင်းကား ကောင်းကင်တမန်ပရောဖက်ပြုခဲ့သည်အတိုင်း တသဝေမတိမ်းဖြစ်သည်–“သာယာသောပြည် [ဘုရားသခင့်လူများ၏ဝိညာဏပိုင်နက်] ကိုလည်းဝင်၍ အများသောသူတို့သည် ဆုံးရှုံးကြလိမ့်မည်။”—ဒံယေလ ၁၁:၄၁က။
၇။ မြောက်ဘုရင်၏နယ်မြေချဲ့ထွင်ရေးဝါဒတွင် မည်သည့်အကန့်အသတ်များရှိသနည်း။
၇ မည်သို့ဆိုစေ—သူ့ပြိုင်ဘက်၏ရှုထောင့်တွင်—မြောက်ဘုရင်သည် အရိပ်အယောင်ပြခြိမ်းခြောက်သော်လည်း ကမ္ဘာကိုသိမ်းပိုက်အောင်မြင်နိုင်ခြင်းမရှိခဲ့ပါ။ “သို့ရာတွင် သူ၏လက်မှလွတ်သောသူဟူမူကား ဧဒုံပြည်သား၊ မောဘပြည်သား၊ အမ္မုန်အမျိုးသားအကြီးတို့သည် လွတ်ကြလိမ့်မည်။” (ဒံယေလ ၁၁:၄၁ခ) ရှေးအချိန်က ဧဒုံ၊ မောဘ၊ အမ္မုန်ပြည်တို့သည် အီဂျစ်နှင့်ဆီးရီးယားတို့ကြားတွင် မြေစာပင်ဖြစ်ခဲ့ကြရသည်။ ယင်းနိုင်ငံများကို ယနေ့မြောက်ဘုရင်က ပစ်မှတ်ထားသော်လည်း မိမိဩဇာအောက်ရောက်ရန်မစွမ်းဆောင်နိုင်သောနိုင်ငံများကို ကိုယ်စားပြုသည်ဟု သတ်မှတ်နိုင်သည်။
‘အီဂျစ်ပြည်မလွတ်ရ’
၈၊ ၉။ မြောက်ဘုရင်၏သြဇာလွှမ်းမိုးမှုကို သူ၏အဓိကပြိုင်ဘက်ကပင် မည်သို့ယူမှတ်ခံစားရသနည်း။
၈ ကောင်းကင်တမန်ဆက်ပြောသည်–“ထိုမင်းသည် အပြည်ပြည်တို့ကိုအောင်မြင်ရလိမ့်မည်။ အဲဂုတ္တု (အီဂျစ်၊ ကဘ) ပြည်လည်းမလွတ်ရ။ ထိုပြည်မှာရှိ (ဝှက်ထား၊ ကဘ) သော ရွှေဘဏ္ဍာ၊ ငွေဘဏ္ဍာ၊ အဖိုးထိုက်သောဥစ္စာများကို အပိုင် (အုပ်စိုး၊ ကဘ) ရလိမ့်မည်။ လိဗု (လစ်ဗျား၊ ကဘ) ပြည်သားနှင့် ကုရှ (အီသီယိုးပီးယား၊ ကဘ) ပြည်သားတို့သည် သူ့နောက်သို့လိုက်ကြရလိမ့်မည်။” (ဒံယေလ ၁၁:၄၂၊ ၄၃) တောင်ဘုရင် “အီဂျစ်” ပင်လျှင် မြောက်ဘုရင်၏ နယ်မြေချဲ့ထွင်ရေးဝါဒဩဇာအောက်မှ မလွတ်မြောက်ခဲ့ပါ။ သူလည်းထိခိုက်နစ်နာခဲ့သည်။ ဥပမာ၊ ဗီယက်နမ်တွင် ထင်ရှားသည့်ရှုံးနိမ့်မှုဖြစ်ခဲ့သည်။ ‘လစ်ဗျားနှင့်အီသီယိုးပီးယား’ တို့ကား မည်သို့နည်း။ ရှေးအီဂျစ်နိုင်ငံ၏ ဤအိမ်နီးချင်းနိုင်ငံများသည် ပထဝီဝင်အနေအထားအရပြောရလျှင် ခေတ်သစ် “အီဂျစ်” နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများကို ကြိုတင်ပုံဆောင်ခြင်းဖြစ်ပြီး တစ်ခါတစ်ရံ မြောက်ဘုရင်၏ နောက်လိုက်များ၊ ‘သူ့နောက်သို့လိုက်’ သူများဖြစ်ခဲ့ကြသည်။
၉ မြောက်ဘုရင်သည် ‘အီဂျစ်နိုင်ငံရှိ ဝှက်ထားသောဘဏ္ဍာ’ ကို အုပ်စိုးနိုင်ခဲ့သလော။ သူသည် တောင်ဘုရင်ကို လုံးဝမအောင်နိုင်ဘဲ ၁၉၉၃ ခုနှစ်အထိ ကမ္ဘာ့အခြေအနေကလည်း အောင်နိုင်ရန်အလားအလာမရှိကြောင်းတင်ပြသည်။ သို့သော် တောင်ဘုရင်အား မိမိ၏ငွေပင်ငွေရင်းများကိုအသုံးပြုစေခြင်းအားဖြင့် သူ့အပေါ်ကြီးမားသောသြဇာလွှမ်းမိုးလာခဲ့သည်။ တောင်ဘုရင်သည် မိမိ၏ပြိုင်ဘက်မင်းကိုကြောက်သောကြောင့် ကြီးမားကြောက်မက်ဖွယ် ကြည်း၊ ရေ၊ လေ စစ်အင်အားများကိုဆက်လက်ထားရှိနိုင်ရန် မြောက်မြားသည့်ငွေကြေးအလုံးအရင်းကို နှစ်စဉ်အကုန်အကျခံရသည်။ ဤအတိုင်းအတာအားဖြင့် မြောက်ဘုရင်သည် တောင်ဘုရင်၏စည်းစိမ်ချမ်းသာများကို ‘အုပ်စိုး’ နိုင်၊ ထိန်းချုပ်နိုင်ခဲ့သည်။
မြောက်ဘုရင်၏နောက်ဆုံးအစီအစဉ်
၁၀။ ဘုရင်နှစ်ပါးပြိုင်ဆိုင်မှု၏နိဂုံးကို ကောင်းကင်တမန်က မည်သို့ဖော်ပြသနည်း။
၁၀ မင်းနှစ်ပါးသည် အချိန်အကန့်အသတ်မရှိဆက်လက်ပြိုင်ဆိုင်နေကြဦးမည်လော။ မဟုတ်ပါ။ ကောင်းကင်တမန်က ဒံယေလအား “သို့ရာတွင် သူ [မြောက်ဘုရင်] သည် အရှေ့မျက်နှာ၊ မြောက်မျက်နှာအရပ်မှသတင်းကိုကြား၍ စိတ်ပူပန်သဖြင့် လူအများတို့ကိုဖျက်ဆီးသုတ်သင်ပယ်ရှင်းခြင်းငှာ ကြီးစွာသောဒေါသအမျက်နှင့်ထွက်သွားလိမ့်မည်။ ပင်လယ်ကြားမှာ ဘုန်းကြီး၍သန့်ရှင်းသောတောင်ပေါ်၌ စံရာတဲတော်ကိုတည်ဆောက်ပြီးလျှင် အဘယ်သူမျှမစခြင်းငှာမတတ်နိုင်၍ ဆုံးရှုံးခြင်းသို့ရောက်လိမ့်မည်။”—ဒံယေလ ၁၁:၄၄၊ ၄၅။
၁၁၊ ၁၂။ တောင်ဘုရင်နှင့်မြောက်ဘုရင်တို့စပ်ကြားပြိုင်ဆိုင်မှုသည် မကြာမီကဖြစ်ခဲ့သည့် မည်သည့်နိုင်ငံရေးအဖြစ်အပျက်နှင့်ပတ်သက်နေပြီး ယခုအထိ ကျွန်ုပ်တို့ဘာကိုသိရှိလာခဲ့ရသနည်း။
၁၁ ဤအဖြစ်အပျက်များသည် မဖြစ်သေးသည့်အတွက် ပရောဖက်ပြုချက်မည်သည့်နည်းဖြင့်ပြည့်စုံလာမည်ကို ကျွန်ုပ်တို့မပြောနိုင်ပါ။ မကြာမီက ဘုရင်နှစ်ပါးနှင့်ပတ်သက်သည့် နိုင်ငံရေးအခြေအနေများပြောင်းလဲခဲ့သည်။ အမေရိကန်နိုင်ငံနှင့် အရှေ့ ဥရောပနိုင်ငံများစပ်ကြားရှိ ခါးသီးသောအန်တုဘက်ပြိုင်မှုများသည် လျော့ပါးသွားခဲ့သည်။ ထို့အပြင် ဆိုဗီယက်ပြည်ထောင်စုသည်လည်း ၁၉၉၁ ခုနှစ်တွင်ပြိုကွဲခဲ့ပြီး ဆက်လက်မတည်ရှိတော့ပါ။—၁၉၉၂၊ မတ် ၁ ထုတ် ကင်းမျှော်စင် စာမျက်နှာ ၄၊ ၅ ကိုရှု။
၁၂ သို့နှင့် ယခုအခါ မြောက်ဘုရင်မည်သူဖြစ်သနည်း။ ပြိုကွဲသွားသည့်ဆိုဗီယက်ပြည်ထောင်စု၏နိုင်ငံတစ်ခုခုဖြင့် ယင်းကိုသတ်မှတ်ဖော်ပြနိုင်သလော။ သို့မဟုတ် ယခင်က အကြိမ်ပေါင်းများစွာပြောင်းလဲခဲ့သကဲ့သို့ သူ့အားမှတ်သားဖော်ပြမှုသည် လုံးဝပြောင်းလဲသွားပြီးလော။ ကျွန်ုပ်တို့မပြောနိုင်ပါ။ ဒံယေလ ၁၁:၄၄၊ ၄၅ ပြည့်စုံသောအခါ မြောက်ဘုရင်သည် မည်သူဖြစ်မည်နည်း။ ဘုရင်နှစ်ပါးစပ်ကြား ပြိုင်ဆိုင်တိုက်လှန်မှုထပ်မံဖြစ်ပွားဦးမည်လော။ နိုင်ငံများစွာတို့၌ရှိနေဆဲဖြစ်သည့် နျူယူကလီးယားလက်နက်တောင်ပုံရာပုံကား မည်သို့နည်း။ အချိန်ကသာအဖြေပေးလိမ့်မည်။
၁၃၊ ၁၄။ ဘုရင်နှစ်ပါးတို့၏အနာဂတ်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ဘာသိရသနည်း။
၁၃ ကျွန်ုပ်တို့သိသောအရာတစ်ခုတော့ရှိသည်။ မြောက်ဘုရင်သည် “အရှေ့မျက်နှာ၊ မြောက်မျက်နှာအရပ်မှ သတင်းကိုကြား၍ စိတ်ပူပန်သဖြင့်” တိုက်ခိုက်ရန်အစီအစဉ်တစ်ခုပြုရန် လှုံ့ဆော်ခံရမည်။ ဤအစီအစဉ်ကား သူ၏ “နိဂုံး” မတိုင်မီကလေးတွင် ဖြစ်မည်။ သမ္မာကျမ်းစာ၏ အခြားပရောဖက်ပြုချက်များကိုလေ့လာခြင်းအားဖြင့် ဤ “သတင်း” နှင့်ပတ်သက်၍ ကျွန်ုပ်တို့ပိုသိနိုင်သည်။
၁၄ ပထမအနေနှင့် မြောက်ဘုရင်၏ဤလုပ်ရပ်များသည် တောင်ဘုရင်ကိုဆန့်ကျင်ရန်ဖြစ်သည်ဟု မဆိုထားကြောင်းသတိပြုပါ။ သူ၏မဟာရန်သူကြီး၏လက်တွင် သူနိဂုံးမချုပ်ရပါ။ အလားတူ တောင်ဘုရင်သည်လည်း မြောက်ဘုရင်အားဖြင့် ဖျက်ဆီးခံရမည်မဟုတ်ပါ။ တောင်ဘုရင် (အခြားပရောဖက်ပြုချက်များတွင် သားရဲ၌နောက်ဆုံးပေါက်မည့်ချိုအဖြစ် ဖော်ပြထား) သည် “လူလက်” ဖြင့်မဟုတ်ဘဲ ဘုရားသခင့်နိုင်ငံတော်အားဖြင့် ဖျက်ဆီးခံရမည်။ (ဒံယေလ ၇:၂၆; ၈:၂၅) အမှန်အားဖြင့် မြေကြီးပေါ်ရှိဘုရင်အားလုံးတို့သည် အာမဂေဒုန်စစ်ပွဲတွင် ဘုရားသခင့်နိုင်ငံတော်အားဖြင့် ဖျက်ဆီးခံရမည်ဖြစ်ပြီး မြောက်ဘုရင်သည်လည်း ယင်းကဲ့သို့ပင်ဖြစ်မည်မှာ ထင်ရှားသည်။ (ဒံယေလ ၂:၄၄; ၁၂:၁; ဗျာဒိတ် ၁၆:၁၄၊ ၁၆) ဒံယေလ ၁၁:၄၄၊ ၄၅ က နောက်ဆုံးစစ်ပွဲသို့ ဦးတည်သွားသည့်အဖြစ်အပျက်များကို ဖော်ပြထားသည်။ မြောက်ဘုရင်ဇာတ်သိမ်းသည့်အခါ “အဘယ်သူမျှမစခြင်းငှာမတတ်နိုင်” သည်မှာ အံ့ဩစရာမဟုတ်ပါတကား!
၁၅။ မည်သည့်အရေးကြီးမေးခွန်းများကို ဆွေးနွေးရန်ကျန်နေသေးသနည်း။
၁၅ “လူအများတို့ကို ဖျက်ဆီးသုတ်သင်ပယ်ရှင်းခြင်း” အတွက် မြောက်ဘုရင်အားထွက်သွားစေသော “သတင်း” အကြောင်း ပိုမိုနားလည်စေသည့် အခြားပရောဖက်ပြုချက်များကား အဘယ်နည်း။ သူဖျက်ဆီးသုတ်သင်လိုသည့် “လူအများ” ကား အဘယ်နည်း။
အရှေ့မျက်နှာမှသတင်း
၁၆။ (က) အာမဂေဒုန်မတိုင်မီ မည်သည့်ထင်ရှားသောအဖြစ်အပျက်ဖြစ်ရမည်နည်း။ (ခ) “အရှေ့မျက်နှာဘုရင်တို့” သည် မည်သူများဖြစ်ကြသနည်း။
၁၆ နောက်ဆုံးတိုက်ပွဲအာမဂေဒုန်မတိုင်မီ မှန်သောဝတ်ပြုရေး၏ ရန်သူကြီး—ပြည်တန်ဆာနှင့်တူသည့်မဟာဗာဗုလုန်၊ ကမ္ဘာချီဗာဗုလုန်ဘာသာရေးအင်ပါယာ ဖျက်ဆီးခံရမည်။ (ဗျာဒိတ် ၁၈:၃-၈) ပုံဆောင်ဥဖရတ်မြစ်ထဲသို့ ဆဌမမြောက်ဘုရားသခင့်ဒေါသအမျက်ခွက်ဖလားကို သွန်းလောင်းခြင်းဖြင့် သူမ၏ပျက်စီးခြင်းကို ကြို၍တင်စားဖော်ပြထားသည်။ “အရှေ့မျက်နှာဘုရင်တို့သွားရာလမ်းကို ပြင်ဆင်ခြင်းအလို့ငှာ” မြစ်ရေခန်းခြောက်သွားသည်။ (ဗျာဒိတ် ၁၆:၁၂) ဤဘုရင်များကား မည်သူများနည်း။ ယေဟောဝါနှင့်ယေရှုခရစ်မှလွဲ၍ မည်သူများဖြစ်နိုင်ပါဦးမည်နည်း!a
၁၇။ (က) မဟာဗာဗုလုန်ကိုဖျက်ဆီးခြင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာက ကျွန်ုပ်တို့အားဘာပြောသနည်း။ (ခ) “အရှေ့မျက်နှာ” မှသတင်းသည် မည်သည့်အရာဖြစ်နိုင်ကြောင်း ပြသသနည်း။
၁၇ မဟာဗာဗုလုန်ပျက်စီးခြင်းကို ဗျာဒိတ်ကျမ်းတွင် ကွင်းကွင်းကွက်ကွက်ဖော်ပြထားသည်။ “ယခုမြင်သောချိုဆယ်ချောင်း [ဆုံးခန်းကာလတွင် အုပ်ချုပ်နေသည့် ‘ဘုရင်များ’] နှင့်သားရဲ [ယူအဲန်ကိုကိုယ်စားပြုသည့် သားရဲနီ] သည် ပြည်တန်ဆာကိုမုန်း၍ သူ၏စည်းစိမ်ကိုဖျက်ဆီးလိမ့်မည်။ သူ၏အဝတ်တန်ဆာကိုချွတ်၍ သူ၏အသားကိုကိုက်စားလိမ့်မည်။ သူ၏ကိုယ်ကိုလည်း မီးရှို့လိမ့်မည်။” (ဗျာဒိတ် ၁၇:၁၆) တိုင်းနိုင်ငံများသည် ‘အသားများစွာကိုဖျက်ဆီး’ သည်ကား အမှန်ပင်! (ဒံယေလ ၇:၅) သို့သော် မဟာဗာဗုလုန်ကို မြောက်ဘုရင်အပါအဝင် မင်းများက အဘယ်ကြောင့်ဖျက်ဆီးမည်နည်း။ အကြောင်းမှာ ‘ဘုရားသခင်သည် မိမိ၏အကြံအစည်များကို အကောင်အထည်ဖော်ရန် ယင်းကို သူတို့၏နှလုံးထဲသို့ထည့်သွင်းတော်မူ’ သောကြောင့်ဖြစ်သည်။ (ဗျာဒိတ် ၁၇:၁၇၊ ကဘ) မဟာဗာဗုလုန်ပြည်တန်ဆာကြီးကို အစတုံးဖျက်ဆီးရန် လူသားခေါင်းဆောင်များ၏နှလုံးထဲသို့ မိမိရွေးချယ်ထားသည့်နည်းလမ်းအတိုင်း ဤအကြံအစည်ကိုထည့်သွင်းပေးခြင်းအားဖြင့် “အရှေ့မျက်နှာ” မှသတင်းသည် ယေဟောဝါ၏ဤလုပ်ရပ်ကိုဖော်ပြခြင်းအမှန်ဖြစ်ပေမည်။—ဒံယေလ ၁၁:၄၄။
မြောက်မျက်နှာမှသတင်း
၁၈။ မြောက်ဘုရင်သည် အခြားမည်သည့်ပစ်မှတ်ရှိပြီး ယင်းက သူအဆုံးတိုင်သောအခါ သူ့အားမည်သည့်နေရာတွင် ရောက်စေမည်နည်း။
၁၈ သို့သော် မြောက်ဘုရင်၏အမျက်ဒေါသပစ်မှတ်နောက်တစ်ခုရှိသေးသည်။ သူသည် “ပင်လယ်ကြားမှာ ဘုန်းကြီး၍သန့်ရှင်းသောတောင်ပေါ်၌ စံရာတဲတော်ကိုတည်ဆောက်” မည်ဟု ကောင်းကင်တမန်ပြောသည်။ (ဒံယေလ ၁၁:၄၅) ဒံယေလအချိန်က ပင်လယ်သည် မြေထဲပင်လယ်ဖြစ်ပြီး သန့်ရှင်းသောတောင်ကား တစ်ချိန်က ဘုရားသခင့်ဗိမာန်တော်တည်ရှိခဲ့ရာ ဇိအုန်တောင်ဖြစ်သည်။ ထို့ကြောင့် ပရောဖက်ပြုချက်ပြည့်စုံသည့်အနေနှင့် ဒေါသထွက်နေသောမြောက်ဘုရင်သည် ဘုရားသခင့်လူများအားတိုက်ခိုက်ရန် စစ်ဆင်ရေးတစ်ခုပြုလုပ်နေခြင်းပါတကား! ယနေ့ ဝိညာဏသဘောအရ ‘ပင်လယ်နှင့်သန့်ရှင်းသောတောင်အကြားတွင်’ ဟုဆိုခြင်းက စိမ်းကားသည့်လူသားများဖြစ်သော “ပင်လယ်” မှထွက်လာကြပြီး ကောင်းကင်ဇိအုန်တောင်တွင် ယေရှုခရစ်နှင့်အတူအုပ်ချုပ်ရန် မျှော်လင့်ချက်ရှိကြသည့် ဘုရားသခင့်ဘိသိက်ခံကျေးကျွန်များ၏ ဝိညာဏပိုင်ဆိုင်ရာထဲတွင် သူရောက်နေကြောင်းဖော်ပြသည်။—ဟေရှာယ ၅၇:၂၀; ဟေဗြဲ ၁၂:၂၂; ဗျာဒိတ် ၁၄:၁။
၁၉။ ယေဇကျေလပရောဖက်ပြုဖော်ပြချက်အရ ဂေါဂ၏တိုက်ခိုက်မှုကိုလှုံ့ဆော်သည့်သတင်းကို ကျွန်ုပ်တို့မည်သို့မှတ်သားဖော်ပြနိုင်သနည်း။ (အောက်ခြေမှတ်ချက်ရှု။)
၁၉ ဒံယေလနှင့်တစ်ခေတ်တည်းသားယေဇကျေလလည်း “ဆုံးခန်းကာလအတွင်း” ဘုရားသခင့်လူမျိုးတော်အား တိုက်ခိုက်ခြင်းအကြောင်းကို ပရောဖက်ပြုခဲ့သည်။ စာတန်မာရ်နတ်ကိုကိုယ်စားပြုသည့် မာဂေါဂပြည်မှဂေါဂမင်းက စတင်၍တိုက်ခိုက်မည်ဖြစ်ကြောင်း သူပြောခဲ့သည်။ (ယေဇကျေလ ၃၈:၁၆) ပုံဆောင်သဘောအရ ဂေါဂမင်းသည် မည်သည့်ဘက်မှလာသနည်း။ ယေဇကျေလအားဖြင့် ယေဟောဝါဤသို့ပြောခဲ့သည်။ “မြောက်မျက်နှာစွန်းရှိ သင့်နေရာမှချီလာမည်။” (ယေဇကျေလ ၃၈:၁၅၊ သမ္မ) ထို့ကြောင့် “မြောက်မျက်နှာ” မှသတင်းသည် မြောက်ဘုရင်နှင့် အခြားသောဘုရင်အားလုံးတို့အား ယေဟောဝါ၏လူများကိုတိုက်ခိုက်ရန်လှုံ့ဆော်သည့် စာတန်၏ဝါဒဖြန့်မှုများအမှန်ဖြစ်နိုင်သည်။b—ဗျာဒိတ် ၁၆:၁၃၊ ၁၄; ၁၇:၁၄ နှိုင်းယှဉ်။
၂၀၊ ၂၁။ (က) ဂေါဂသည် မြောက်ဘုရင်အပါဝင် တိုင်းနိုင်ငံများအား ဘုရားသခင်၏လူများကိုတိုက်ခိုက်ရန် အဘယ်ကြောင့်လှုံ့ဆော်မည်နည်း။ (ခ) သူ့တိုက်ခိုက်မှုအောင်မြင်မည်လော။
၂၀ ဤသို့သဲကြီးမဲကြီးတိုက်ခိုက်ရန် ဂေါဂစီမံပြင်ဆင်ရသည့်အကြောင်းမှာ အခြားသိုးမှလူအုပ်ကြီးနှင့်အတူ ဤလောက၏အစိတ်အပိုင်းမဟုတ်တော့သည့် ‘ဘုရားသခင့်ဣသရေလလူမျိုး’ ၏အောင်မြင်မှုကြောင့်ဖြစ်သည်။ (ဂလာတိ ၆:၁၆; ယောဟန် ၁၀:၁၆; ၁၇:၁၅၊ ၁၆; ၁ ယောဟန် ၅:၁၉) “လူအမျိုးမျိုးထဲကစုဝေးသဖြင့် တိရစ္ဆာန်များနှင့် [ဝိညာဏ] ဥစ္စာများကိုရတတ်” သောသူများအား ဂေါဂသည် မျက်စောင်းတကဲကဲဖြစ်နေသည်။ (ယေဇကျေလ ၃၈:၁၂; ဗျာဒိတ် ၅:၉; ၇:၉) ဤစကားများပြည့်စုံသည့်အနေနှင့် ယေဟောဝါ၏လူများသည် တစ်ခါကနှင့်မျှမတူအောင် တိုးတက်အောင်မြင်လျက်ရှိသည်။ တစ်ချိန်က သူတို့ပိတ်ပင်ခံခဲ့ရသော ဥရောပ၊ အာဖရိကနှင့် အာရှတို့ရှိနိုင်ငံပေါင်းများစွာတို့တွင် ယခုအခါ သူတို့လွတ်လပ်စွာဝတ်ပြုနေကြသည်။ ၁၉၈၇ နှင့် ၁၉၉၂ ခုနှစ်အတွင်း လူမျိုးများထဲမှ ယေဟောဝါ၏မှန်သောဝတ်ပြုရေးအိမ်တော်သို့ တစ်သန်းကျော်သော “နှစ်သက်ဖွယ်အရာများ” ထွက်လာကြသည်။ ဝိညာဏသဘောအရ သူတို့သည်ချမ်းသာ၍အေးအေးချမ်းချမ်းရှိနေကြသည်။—ဟဂ္ဂဲ ၂:၇; ဟေရှာယ ၂:၂-၄; ၂ ကောရိန္သု ၈:၉။
၂၁ ခရစ်ယာန်တို့၏ဝိညာဏပိုင်ဆိုင်ရာများကို အလွယ်တကူသိမ်းပိုက်နိုင်သော “ရွာဇနပုဒ်များသောပြည်” ကဲ့ယူမှတ်၍ ဂေါဂသည် လူသားတစ်ရပ်လုံးအား ကြိုးကိုင်ရာတွင် အဟန့်အတားဖြစ်စေသည့်ဤအရာများကို လက်စတုံးစီရင်ပစ်ရန် အစွမ်းကုန်ကြိုးစားအားထုတ်နေသည်။ (ယေဇကျေလ ၃၈:၁၁) သို့သော် သူ မအောင်မြင်ပါ။ လောကီမင်းများသည် ယေဟောဝါ၏လူများကိုတိုက်ခိုက်သောအခါ ‘ဆုံးရှုံးခြင်းသို့ရောက်ကြလိမ့်မည်။’ မည်သို့အားဖြင့်နည်း။
တတိယဘုရင်
၂၂၊ ၂၃။ ဂေါဂတိုက်ခိုက်သောအခါ ဘုရားသခင့်လူများအတွက် မည်သူရပ်တည်ပြီး မည်သည့်ရလဒ်ရသနည်း။
၂၂ ဂေါဂ၏တိုက်ခိုက်ခြင်းသည် မိမိလူများအတွက်ယေဟောဝါထလာပြီး ဂေါဂ၏စစ်တပ်ကို “ဣသရေလတောင်” တွင် ဖျက်ဆီးရန်အတွက် လှုံ့ဆော်မှုဖြစ်ကြောင်း ယေဇကျေလပြောသည်။ (ယေဇကျေလ ၃၈:၁၈; ၃၉:၄) ယင်းက ကောင်းကင်တမန် ဒံယေလအားပြောသောစကားကို ကျွန်ုပ်တို့ပြန်သတိရစေသည်–“ထိုကာလ၌ သင့်အမျိုးသားချင်းတို့၏အမှုကိုစောင့်သော အရှင်မင်းကြီးမိက္ခေလသည် ပေါ်လာ [ရပ်တည်၊ ကဘ] လိမ့်မည်။ လူမျိုးတစ်စုံတစ်မျိုးမျှဖြစ်သည့်ကာလမှစ၍ ထိုကာလတိုင်အောင်မဖြစ်စဖူးသော ဆင်းရဲဒုက္ခကပ်ကာလသည်ရောက်လိမ့်မည်။ ထိုကာလအခါ စာစောင်၌စာရင်းဝင်သောသင်၏အမျိုးသားချင်းတို့သည် ကယ်လွှတ်ခြင်းသို့ရောက်ကြလိမ့်မည်။”—ဒံယေလ ၁၂:၁။
၂၃ ၁၉၁၄ ခုနှစ်တွင် ယေရှုခရစ်—ကောင်းကင်စစ်သူကြီးမိက္ခေလ—သည် ဘုရားသခင့်ကောင်းကင်နိုင်ငံတော်တွင် ဘုရင်ဖြစ်လာသည်။ (ဗျာဒိတ် ၁၁:၁၅; ၁၂:၇-၉) ထိုအချိန်မှစ၍ ‘ဒံယေလ၏အမျိုးသားချင်းတို့အဖို့’ သူရပ်တည်လာခဲ့သည်။ မကြာမီ အရေးမနိမ့်နိုင်သည့်စစ်သူကြီးဘုရင်အဖြစ် ယေဟောဝါ၏နာမဖြင့် “ရပ်တည်” ကာ ‘ဘုရားသခင်ကိုမသိသောသူ၊ ငါတို့သခင်ယေရှုခရစ်၏ဧဝံဂလိတရားကို နားမထောင်သောသူတို့ကို လက်စားချေတော်မူမည်။’ (၂ သက်သာလောနိတ် ၁:၈) မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံး၊ ဒံယေလပရောဖက်ပြုချက်ပါဘုရင်များအားလုံးတို့သည် “ရင်ဘတ်စည်တီးငိုကြွေးမြည်တမ်းကြလိမ့်မည်။” (မဿဲ ၂၄:၃၀၊ ကဘ) သူတို့၏နှလုံးတွင် ‘ဒံယေလ၏လူများ’ အပေါ် ဆိုးညစ်သောအကြံအစည်များရှိနေစဉ်ပင် ‘မဟာမင်းသားမိက္ခေလ’ ၏လက်ချက်ဖြင့် ထာဝရဇာတ်သိမ်းခြင်းခံရကြမည်။—ဗျာဒိတ် ၁၉:၁၁-၂၁။
၂၄။ ဒံယေလ၏ဤပရောဖက်ပြုချက်ကို လေ့လာခြင်းက ကျွန်ုပ်တို့အပေါ်မည်သည့်အကျိုးသက်ရောက်စေသင့်သနည်း။
၂၄ မိက္ခေလနှင့် သူ၏ဘုရားသခင်ယေဟောဝါတို့၏ ထိုမဟာအောင်ပွဲကြီးကို ကျွန်ုပ်တို့မမြင်လိုကြပေလော။ ထိုအောင်ပွဲသည် ခရစ်ယာန်စစ်များအတွက် “လွတ်မြောက်ခြင်း”၊ ကပ်ကျော်မှုဖြစ်စေလိမ့်မည်။ (မာလခိ ၄:၁-၃ နှိုင်းယှဉ်။) ထို့ကြောင့် အနာဂတ်ကိုစိတ်အားထက်သန်စွာမျှော်လင့်ရင်း တမန်တော်ပေါလု၏စကားများကို ကျွန်ုပ်တို့ပြန်လည်သတိရကြသည်–“နှုတ်ကပါဌ်တရားတော်ကို ဟောပြောလော့။ အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကြိုးစားအားထုတ်လော့။” (၂ တိမောသေ ၄:၂) ကျွန်ုပ်တို့သည် အသက်ပေးနှုတ်ကပါဌ်တော်ကို ခိုင်ခိုင်မြဲမြဲကိုင်စွဲထားပြီး အခွင့်အခါရှိနေစဉ် ယေဟောဝါ၏သိုးများကို လုံ့လရှိရှိဆက်လက်ရှာဖွေကြစို့။ ကျွန်ုပ်တို့သည် အသက်ပြေးလမ်းတွင် ပန်းဝင်ခါနီးအပိုင်းသို့ရောက်ရှိနေကြသည်။ ဆုကိုလှမ်းမြင်နေကြရပြီ။ ကျွန်ုပ်တို့သည် အဆုံးတိုင်အောင်တည်ကြည်ခြင်းအားဖြင့် ကယ်တင်ခံရသူများအဝင်ဖြစ်ရန် သန္နိဌာန်ချမှတ်ထားကြပါစို့လေ။—မဿဲ ၂၄:၁၃; ဟေဗြဲ ၁၂:၁။
[အောက်ခြေမှတ်ချက်များ]
a နယူးယောက်မြို့ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေသော ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ! စာအုပ် စာမျက်နှာ ၂၂၉-၃၀ ကိုရှု။
b တစ်နည်းပြောရလျှင်၊ “သင့်ပါးရိုးကိုသံချိတ်နှင့်ချိတ်” မည်၊ “သင့်ကိုငါ . . .မြောက်မျက်နှာမှချီလာ၍ ဣသရေလတောင်တို့အပေါ်သို့ရောက်စေမည်” ဟု ဂေါဂအားယေဟောဝါပြောသည့်စကားများအရ “မြောက်မျက်နှာ” မှသတင်းသည် ယေဟောဝါထံတော်မှဖြစ်ကြောင်း ထင်ရှားသည်။—ယေဇကျေလ ၃၈:၄၊ ၃၉:၂; ဆာလံ ၄၈:၂ နှိုင်းယှဉ်။
သင်နားလည်သလော
◻ ဆုံးခန်းကာလတစ်လျှောက် တောင်ဘုရင်သည် မြောက်ဘုရင်အား မည်သို့တွန်းထိုးခဲ့သနည်း။
◻ ဘုရင်နှစ်ပါးကြားပြိုင်ဆိုင်ခြင်း၏ရလဒ်နှင့်ပတ်သက်၍ မည်သည့်အရာကို ကျွန်ုပ်တို့သင်ယူရသနည်း။
◻ မြောက်ဘုရင်အား မုချပါဝင်စေမည့် အာမဂေဒုန်မတိုင်မီအဖြစ်အပျက်နှစ်ခုကား အဘယ်နည်း။
◻ ‘မဟာမင်းသားမိက္ခေလ’ သည် ဘုရားသခင့်လူများကို မည်သို့ကာကွယ်မည်နည်း။
◻ ဒံယေလပရောဖက်ပြုချက်ကိုလေ့လာခြင်းအပေါ် ကျွန်ုပ်တို့မည်သို့တုံ့ပြန်သင့်သနည်း။
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
မြောက်ဘုရင်သည် သူ၏ဘိုးဘေးများကိုးကွယ်သည့်ဘုရားများနှင့် ခြားနားသည့်ဘုရားတစ်ပါးကိုကိုးကွယ်လာခဲ့သည်
[Credit Line]
Top left and middle: UPI/Bettmann. Bottom left: Reuters/Bettmann; Bottom right: Jasmin/Gamma Liaison