ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
“ဉာဏ်ပညာကိုရှာ၍ရသောသူသည် မင်္ဂလာရှိ၏”
နယပုံပြင်ကျမ်းပါဤစကားသည် ယခုအခါ ပျော်ရွှင်သောယေဟောဝါသက်သေ ၇၁,၀၀၀ ကျော်ရှိသည့် ကိုရီးယားနိုင်ငံအတွက် မှန်ကန်ကြောင်းထင်ရှားခဲ့သည်။ (သု. ၃:၁၃) ဤဓမ္မအမှုဆောင်များ၏ ၄၂ ရာခိုင်နှုန်းသည် အချိန်ပြည့်လုပ်ငန်းတွင်ပါဝင်နေကြသည်ကို စဉ်းစားကြည့်ပါ! စစ်မှန်သောဉာဏ်ပညာကိုရှာဖွေသောသူများအတွက် များစွာသောပျော်ရွှင်မှုရရှိကြောင်းကို အောက်ပါတွေ့ကြုံမှုများကတင်ပြသည်။
ပူစန်တွင်ရှိအမျိုးသမီးတစ်ဦးသည် ခရစ်ယာန်ဘောင်ချာ့ချ်တစ်ခုကိုတက်ရောက်ခဲ့သည်မှာ ၁၆ နှစ်ရှိခဲ့ပြီ။ ကျမ်းစာနှင့်မညီသောအကျင့်အကြံများစွာကို သူမသတိပြုမိလာသဖြင့် ဘုရားသခင်မရှိနိုင်ဟု သူမစတင်ယူမှတ်လာခဲ့သည်။ တစ်ဖက်ကလည်း ဘုရားသခင်ရှိကြောင်းကို သူမ မငြင်းသာသောကြောင့် စစ်မှန်သောချာ့ချ်ရှိပါက ယင်းကိုရှာဖွေတွေ့ရှိရန် ဘုရားသခင်ထံ စိတ်ရင်းမှန်ဖြင့်သူမဆုတောင်းခဲ့သည်။ ထိုအခါ ယေဟောဝါသက်သေများကို သူမသတိရလာသည်။ မိမိချာ့ချ်သည် သူတို့ကိုရွံရှာမုန်းတီးပြီး သူတို့သည် သုံးပါးတစ်ဆူ၊ မီးငရဲနှင့် အခြားသောခရစ်ယာန်ဘောင်အယူဝါဒများကို လက်မခံကြသောကြောင့် သူတို့ကိုဆန့်ကျင်ရန် ချာ့ချ်တက်ရောက်သူများအား သတိပေးထားသည်။ သူတို့သည် စစ်မှန်သောချာ့ချ်ဖြစ်လေမည်လား။ အိမ်နီးချင်းတစ်ဦး၏အကူအညီဖြင့် ဘုရားနိုင်ငံတော်ခန်းမကို သူမရှာတွေ့ခဲ့သည်။ နောက်တစ်နေ့၌ပင် အစည်းအဝေးတစ်ခုကို သူမတက်ရောက်ခဲ့သည်။
အစည်းအဝေး၏စည်းစနစ်ကျနမှုကို သူမတအံ့တသြဖြစ်ခဲ့သည်။ သူမချာ့ချ်တွင်ကဲ့သို့ တစ်ယူသန်အော်ဟစ်ပြောဆိုမှုများ၊ စိတ်လှုပ်ရှားမှုဖြင့်သီဆိုမှုများ မရှိ။ သူမနှင့်ကျမ်းစာသင်အံမှုပြုလိုသောသက်သေခံတစ်ဦးနှင့် မိတ်ဆက်ခံရပြီးနောက် သူမ၏မြောက်မြားစွာသောမေးခွန်းများကြောင့် ပထမဆုံးသင်အံမှုသည် နာရီပေါင်းများစွာကြာခဲ့သည်။ ဒုတိယအကြိမ်လေ့လာမှုတွင် မိမိ၏ချာ့ချ်မှထွက်ပြီး သက်သေခံတစ်ဦးဖြစ်မည့်အကြောင်း သူမကြေညာခဲ့သည်။ အစည်းအဝေးများကိုတက်နိုင်ပြီဖြစ်ရာ မိမိအားသင်အံမှုပြုရန်မလိုတော့ကြောင်း ညီအစ်မအားသူမပြောလိုက်သည်။ သို့တစေ အစည်းအဝေးများတက်ခြင်းအပြင် ကိုယ်ပိုင်ကျမ်းစာလေ့လာမှု၏တန်ဖိုးကို သူမတင်ပြခံခဲ့ရသည်။ အကြံဉာဏ်ကိုသူမလက်ခံပြီး ကိုယ်တိုင်လေ့လာမှုပြုကာ အချိန်တန်သော် သူမနှစ်ခြင်းခံခဲ့သည်။
ယခုအခါ သူမသည် စစ်မှန်သောဘုရားသခင်၏ဉာဏ်ပညာကို တွေ့ရှိလိုက်ခြင်းအတွက် အလွန်ပျော်ရွှင်ပြီး ဘုရားသခင့်ကမ္ဘာသစ်တွင် ထာဝစဉ်အသက်ရှင်ရန်မျှော်လင့်ချက်လည်း ရရှိထားပြီဖြစ်သည်။
အငြိမ်းစားဗိုလ်ချုပ်ကြီးသမ္မာတရားလေ့လာ
စစ်တပ်မှဗိုလ်ချုပ်ကြီးတစ်ဦး၏ဇနီးသည် ၁၉၆၂ ခုနှစ်တွင် နှစ်ခြင်းခံခဲ့သည်။ အစတွင် သူမ၏ခင်ပွန်းက သူမအားဆန့်ကျင်ခဲ့သော်လည်း နောက်ပိုင်းတွင် မဆန့်ကျင်တော့ပေ။ နောက် ၂၈ နှစ်အထိ ညီအစ်ကိုများစွာတို့က သူနှင့်ပြတ်တောင်းပြတ်တောင်းကျမ်းစာသင်ဖြစ်ပြီး သမ္မာတရားကိုသူစိတ်ဝင်စားလာအောင် ကြိုးစားခဲ့ကြသည်။ အသင်းတော်အစည်းအဝေးနှင့် ခရိုင်အစည်းအဝေးအချို့ကို သူတက်ရောက်သော်လည်း သမ္မာတရားကို လေးလေးနက်နက်ခံယူရန်ငြင်းဆန်သူများအထဲတွင် သူလည်းတစ်ဦးအပါအဝင်ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်ရောက်သော် သူနှင့်သူ့ဇနီးတို့သည် ခရိုင်အစည်းအဝေးတက်ရောက်ရန် ဂျပန်ပြည်သို့သွားခဲ့ကြသည်။ ဤအခါတွင် သူတစ်ခါမျှမပြုခဲ့ဖူးသောအရာ—ဟောပြောချက်များကို အာရုံစူးစိုက်နားထောင်ခြင်းပြုခဲ့သည်။ ဗာဗုလုန်ဘာသာကို သတ္တိရှိရှိထုတ်ဖော်သည့်ဟောပြောချက်ကို သူတုန်လှုပ်ခဲ့သော်လည်း ခရစ်ယာန်ဘောင်၏ဟန်ဆောင်အရေခြုံမှုကို သူ့အားသိမြင်စေခဲ့သည်။ ကိုရီးယားတွင်သူတွေ့မြင်ခဲ့သည့်အတိုင်း ဂျပန်နိုင်ငံရှိဘုရားသခင့်လူများ၏ စည်းစနစ်ကျနမှုနှင့် ပျော်ရွှင်မှုတို့က သူ့အားစိတ်စွဲသွားစေသည်။ ကိုရီးယားပြန်ရောက်သောအခါ လေးလေးနက်နက်ကျမ်းစာပြန်လေ့လာပြီး နောက်ဆုံးနှစ်ခြင်းခံခဲ့သည်။
နှစ်ခြင်းခံပြီးနောက်ပိုင်း သူဘာလုပ်မည်နည်း။ နာမည်ကြီးကမ္ဘာလှည့်ဟိုတယ်တစ်ခု၏ ဥက္ကဋ္ဌရာထူးမှ သူနှုတ်ထွက်လိုက်ပြီး သူ့ဇနီးနှင့်အတူ အချိန်ပြည့်ရှေ့ဆောင်ဓမ္မအမှုတွင် ပါဝင်ခဲ့သည်။ မှန်မှန်ရှေ့ဆောင်ခြင်းသည် လွန်ခဲ့သည့် ၂၈ နှစ်အတွင်း သူ၏ငြင်းဆန်မှုကြောင့်ဆုံးရှုံးခဲ့ရာများကို ပြန်ကာမိစေသည့် အကောင်းဆုံးသောနည်းဖြစ်သည်ဟု သူယူဆသည်။
ယခုအခါ “ဉာဏ်ပညာကိုရှာ၍ရသောသူသည် မင်္ဂလာရှိ၏” ဟူသောနယပုံပြင်ကျမ်းပါစကားသည် သူ့အတွက်လည်းမှန်ကန်ကြောင်း သူသဘောပေါက်လာသည်!