စည်းမျဉ်း သို့မဟုတ် ရေပန်းစားခြင်း—မည်သည့်အရာကသင့်လမ်းညွှန်နည်း
ဆဋ္ဌမတန်းကျောင်းသား နိုရီဟီတိုသည် အားကစားတစ်ခုတွင်ပါဝင်ခဲ့သည်။ ဆုံးဖြတ်စရာတစ်ခုနှင့် ရုတ်တရက်သူကြုံခဲ့ရသည်။ ကျောင်းသားအားလုံးတို့သည် မျိုးချစ်စိတ်နှင့်ဆိုင်သောအခမ်းအနားတစ်ခုကို တက်ရောက်ကြရမည်။ လုပ်ရိုးလုပ်စဉ်ဖြစ်ဟန်ရှိသည့် ဤလုပ်ရပ်ကို ကျောင်းသားချင်းတို့နှင့်အတူ သူလိုက်လုပ်အပ်သလော။
ယေဟောဝါမှလွဲ၍ အခြားဘုရားများကိုဝတ်ပြုသည့်မည်သည့်လုပ်ရပ်တွင်မဆို ပါဝင်ခြင်းသည်မှားကြောင်း သမ္မာကျမ်းစာမှ နိုရီဟီတိုသိထားသည်။ (ထွက်မြောက်ရာ ၂၀:၄၊ ၅; မဿဲ ၄:၁၀) လောကီနိုင်ငံရေးရာအားလုံးတို့တွင် ခရစ်ယာန်များသည် ကြားနေ ရပ်တည်ရမည်ကိုလည်း သူသိထားသည်။ (ဒံယေလ ၃:၁-၃၀; ယောဟန် ၁၇:၁၆) ထို့ကြောင့် ကျောင်းနေဖက်များက သူ့ကိုပါဝင်ရန်တိုက်တွန်းကြသော်လည်း သူသည် သတ္တိရှိရှိ၊ လေးလေးစားစားနှင့် အနေအထားမပျက် သူဆက်လက်ရပ်တည်ခဲ့သည်။ အလားတူအခြေအနေ၌ သင်ဆိုလျှင် ဘာပြုမိမည်နည်း။
လူရာဝင်လိုခြင်း
အချင်းချင်းပေါင်းသင်းလိုစိတ်ဖြင့် တစ်ယောက်နှင့်တစ်ယောက်သင့်သင့်မြတ်မြတ်ဖြစ်ပြီး အတူတကွလုပ်ဆောင်ခြင်း၌မွေ့လျော်ရန် လူကိုဘုရားသခင်ဖန်ဆင်းထားကြောင်း ကျမ်းစာကဖော်ပြထားသည်။ ရွယ်တူတန်းတူများနှင့်နေလိုခြင်း၊ အပေါင်းဆံ့လိုခြင်း၊ လူရာဝင်လိုခြင်းတို့သည် သဘာဝဖြစ်သည်။ ထိုခံစားချက်များသည် ကျွန်ုပ်တို့အသက်တာကို ပို၍ပျော်မွေ့စေပြီး သူတစ်ပါးနှင့်ဆက်ဆံရာတွင် ငြိမ်သက်မှုနှင့်သင့်မြတ်မှုကိုဖြစ်စေသည်။—ကမ္ဘာဦး ၂:၁၈; ဆာလံ ၁၃၃:၁; ၁ ပေတရု ၃:၈။
ယနေ့အထိရှိနေသောအချို့ယဉ်ကျေးမှုများတွင်တွေ့ရသည့် လိုက်လျောညီထွေရှိခြင်းကို ပြင်းပြင်းထန်ထန်အလေးပေးမှုက လူရာဝင်လိုသည့်မွေးရာပါဆန္ဒကို ထင်ဟပ်ပြသည်။ ဥပမာ၊ ဂျပန်ကလေးများသည် ငယ်ရွယ်စဉ်ကတည်းက သူတစ်ပါးသတိပြုခြင်းခံရရန်နှင့် လူအများစုလိုက်နာသည့်စည်းမျဉ်းများနှင့်ကိုက်ညီမှုရှိရန် လေ့ကျင့်ခံရကြသည်။ သူတို့၏အကြီးမားဆုံးတာဝန်တစ်ရပ်မှာ အသိုင်းအဝိုင်းနှင့်လိုက်လျောညီထွေရှိရန်ဖြစ်ကြောင်း သူတို့၏ထုံးတမ်းစဉ်လာက သင်ပေးသည်။ “ဂျပန်လူမျိုးသည် အနောက်တိုင်းသားများထက် အုပ်စုဖွဲ့လုပ်ဆောင်လိုစိတ်ရှိကြသည်” ဟု ဂျပန်နိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ဟောင်းနှင့် ဂျပန်လူမျိုး၏ထုံးတမ်းဓလေ့များကို ဂရုတစိုက်အကဲခတ်သူ အယ်ဒွင်ရိုက်ရွှာက ပြောခဲ့သည်။ သူဆက်ပြောသည်မှာ “အနောက်တိုင်းသားများက လွတ်လပ်မှုနှင့်သီးခြားရပ်တည်မှုကို ထင်ထင်ပေါ်ပေါ်တင်ပြနေစဉ် ဂျပန်လူမျိုးအများစုတို့သည် အဝတ်အစား၊ အကျင့်အကြံ၊ ဘဝပုံစံနှင့် တွေးတောကြံစည်မှုများ၌ပင် မိမိတို့၏အုပ်စုနှင့်လိုက်လျောညီထွေဖြစ်ခြင်းကို အလွန်ကျေနပ်ရောင့်ရဲကြသည်” ဟူ၍ဖြစ်သည်။ မည်သို့ဆိုစေ လိုက်လျောညီထွေဖြစ်လိုသည့်ဆန္ဒသည် ဂျပန်တစ်နိုင်ငံတည်း၌သာမက ကမ္ဘာတစ်ဝန်းတွင်ရှိသည်။
လိုက်လျောညီထွေဖြစ်ရန်ဖိစီးမှုများ
အခြားသူများနှင့် အတတ်နိုင်ဆုံးလိုက်လျောညီထွေဖြစ်လိုခြင်းသည် နှစ်လိုဖွယ်ဖြစ်သော်လည်း ရေပန်းစားသောအရာနှင့် အဆင်အခြင်ကင်းမဲ့စွာလိုက်လျောညီထွေနေခြင်းသည် အန္တရာယ်ရှိသည်။ အဘယ်ကြောင့်နည်း။ လူများစုအတွင်းရေပန်းစားသောအရာသည် ဘုရားသခင်လက်ခံသည့်အရာနှင့် ဆန့်ကျင်ဘက်ဖြစ်လေ့ရှိသောကြောင့်ဖြစ်သည်။ “လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ရှိကြသည်” ဟုသမ္မာကျမ်းစာတွင်ပြောထားသည်။ (၁ ယောဟန် ၅:၁၉) လူမြောက်မြားစွာတို့အား ဩဇာလွှမ်းမိုးပြီး ဘုရားသခင်ထံမှဝေးကွာစေရန် စီမံဆောင်ရွက်ရာတွင် စာတန်သည် စဉ်းလဲစွာဖြင့် နည်းမျိုးပေါင်းစုံ—ရုပ်ဝါဒ၊ နိမ့်ကျသောစာရိတ္တ၊ လူမျိုးရေးငဲ့ကွက်မှု၊ ဘာသာရေးတစ်ယူသန်မှု၊ လူမျိုးကြီးဝါဒစသည်တို့—ကိုအသုံးပြုသည်။ လူတစ်ဦးသည် ထိုအမူအကျင့်များနှင့်လိုက်လျောညီထွေရှိရန် ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော့်ရည်ရွယ်ချက်များကို ဆန့်ကျင်သည့်အနေအထားသို့ရောက်ရသည်။ ထိုကြောင့် ခရစ်ယာန်များဤသို့ဆုံးမခံရကြသည်– “ဤအစီအစဉ်စနစ်၏ပုံသွင်းခြင်းကိုရှောင်ပြီး ကောင်းမြတ်သော၊ လက်ခံဖွယ်ဖြစ်သော၊ ဘုရားသခင်၏စုံလင်သောအလိုတော်နှင့်ညီသောသူဖြစ်ကြောင်း သက်သေထူနိုင်ရန် စိတ်ပိုင်းဖြတ်၍ပုံစံပြောင်းလဲလော့။”—ရောမ ၁၂:၂၊ ကဘ။
ဤအစီအစဉ်စနစ်တွင် အသက်ရှင်နေကြသောခရစ်ယာန်များသည် ရေပန်းစားသည့်အရာသို့လိုက်၍ပြောင်းလဲရန် အစဉ်တစိုက်ဖိအားပေးခံရကြသည်။ ဤကိစ္စတွင် လူငယ်များသည် အထူးသဖြင့်ပစ်မှတ်ဖြစ်ကြသည်။ သူတို့၏ကျောင်းနေဖက်များကိုကြည့်ပြီး လိုက်တုပလိုသောဆန္ဒသည် အလွန်ပြင်းထန်သည်။ သက်တူရွယ်တူများအား အချို့လုပ်ရပ်များတွင် အဘယ့်ကြောင့်မိမိတို့မပါဝင်ရကြောင်းရှင်းပြရန် သတ္တိရှိဖို့အမှန်လိုအပ်သည်။ မားမားမတ်မတ်ရပ်တည်ရန်ပျက်ကွက်ခြင်းသည် သူတို့အတွက် ဝိညာဏဘေးအန္တရာယ်မည်၏။—သု. ၂၄:၁၊ ၁၉၊ ၂၀။
လူကြီးများလည်း လုပ်ငန်းခွင်တွင် အလားတူဖိစီးမှုမျိုးခံရကြသည်။ အလုပ်ပြီးချိန် သို့မဟုတ် အာလပ်ရက်တစ်ရက်ရက်တွင် လူမှုရေးကိစ္စတစ်ခုခုကိုလုပ်ဆောင်ရန် တောင်းဆိုခံရနိုင်သည်။ လိုက်နာရန်ငြင်းပယ်ခြင်းအားဖြင့် တစ်သီးပုဂ္ဂလနေသည် သို့မဟုတ် ပူးပေါင်းဆောင်ရွက်မှုမရှိဟု အထင်ခံရပြီး အလုပ်တွင်အနေကျပ်စေသည်။ အချို့တို့က အခြားသူများ ကြာမြင့်စွာအချိန်ပိုလုပ်သောကြောင့် မိမိတို့လည်းမလုပ်မဖြစ်လိုက်လုပ်ရပြီး ထိုသို့လုပ်ရန်လည်း တောင်းဆိုခံရကြသည်။ ထိုသို့ဖြစ်လာပါက သူတို့အတွက် ဝိညာဏအန္တရာယ်ဖြစ်လာနိုင်ပြီး အခြားတာဝန်ဝတ္တရားများကိုလည်း ပျက်ကွက်စေသည်။—၁ ကောရိန္သု ၁၅:၃၃; ၁ တိမောသေ ၆:၆-၈။
လိုက်လျောညီထွေနေရန်ဖိစီးခံရခြင်းများသည် ကျောင်းနှင့်အလုပ်ခွင်ပြင်ပတို့၌ပင်ရှိသည်။ ခရစ်ယာန်မိခင်တစ်ဦးက အခြေအနေတစ်ခုတွင် မိမိ၏ကလေးသည် ဆုံးမမှုအလွန်လိုအပ်နေသည့်တိုင် အခြားသောအိမ်ရှင်မများရှေ့တွင် သူတို့သဘောကျမည်မဟုတ်ဟုထင်မှတ်သောကြောင့် မဆုံးမဘဲနေခဲ့ကြောင်း ပြန်ပြောပြသည်။—သု. ၂၉:၁၅၊ ၁၇။
လူအများစုမှားနိုင်
လူအများနှင့်လိုက်လုပ်ခြင်းကိစ္စနှင့်ပတ်သက်လာလျှင် သမ္မာကျမ်းစာက ကျွန်ုပ်တို့အား တဲ့တိုးသတိပေးထားသည်။ ဥပမာ၊ ဣသရေလလူမျိုးများအားပြောသည်မှာ “ဆိုးသောသူတို့နှင့်ဝိုင်းညီ၍ မဖြောင့်မတ်သောသက်သေခံမဖြစ်ရ။ လူများသည့်ဘက်သို့လိုက်၍ မတရားသဖြင့်မပြုရ” ဟူ၍ဖြစ်သည်။ (ထွက်မြောက်ရာ ၂၃:၂၊ သမ္မ; ရောမ ၆:၁၆ နှိုင်းယှဉ်။) ယင်းသြဝါဒကို အမြဲလိုက်နာခြင်းမရှိခဲ့ပါ။ တစ်ခါသော် အီဂျစ်ပြည်မှထွက်လာပြီးမကြာခင် မောရှေမရှိသည့်အခိုက် လူအချို့တို့က ‘ယေဟောဝါအတွက်ပွဲ’ ဟုဆိုကာ ရွှေနွားသူငယ်ရုပ်ကိုလုပ်ပြီး ယင်းကိုဝတ်ပြုရန် အာရုန်နှင့်လူများကိုအနိုင်အထက်လှုံ့ဆော်ခဲ့ကြသည်။ ရွှေနွားသူငယ်ရုပ်ကိုပူဇော်စဉ် လူများသည် စားသောက်လျက်၊ သီဆိုကခုန်လျက် ပျော်ပါးခဲ့ကြသည်။ ဤစည်းမဲ့ကမ်းမဲ့ဝတ်ပြုရေးကြောင့် ဦးဆောင်သူ ၃,၀၀၀ ခန့် ကွပ်မျက်ခံခဲ့ရသည်။ သို့သော် အခြားသူများစွာတို့လည်း မဆင်မခြင်လူအများနောက်လိုက်လုပ်သည့်အတွက် ယေဟောဝါ၏ဒဏ်ခတ်ခြင်းကို ခံခဲ့ကြရသည်။—ထွက်မြောက်ရာ ၃၂:၁-၃၅။
ဆိုးကျိုးဖြစ်လာသည်အထိ လူအများနောက်လိုက်လုပ်ခြင်းနှင့်ပတ်သက်၍ အခြားသာဓကတစ်ခုမှာ ပထမရာစုက ယေရှုသေခြင်းနှင့်ပတ်သက်သောအဖြစ်အပျက်၌ဖြစ်သည်။ မနာလိုဖြစ်နေကြသော ဘာသာရေးခေါင်းဆောင်များ၏သွေးဆောင်မှုကို ခံရသောကြောင့် လူများစွာတို့သည် ယေရှုကိုအသေသတ်ရန်ကြွေးကြော်သူများထဲတွင် ပါဝင်ခဲ့ကြသည်။ (မာကု ၁၅:၁၁) ယေရှုရှင်ပြန်ထမြောက်၍ ကောင်းကင်သို့တက်ကြွပြီးနောက်ပိုင်း ပင်တေကုတ္တေပွဲနေ့၌ ပေတရုက သူတို့၏ကြီးလေးသောအမှားများကိုထောက်ပြသောအခါ လူများစွာတို့သည် “နှလုံးကိုထိုးဖောက်” သကဲ့သို့ခံစားကြရပြီး မိမိတို့သည် လူအများလုပ်သည်ကိုလိုက်လုပ်မိခဲ့ကြကြောင်း သဘောပေါက်ခဲ့ကြသည်။—တမန်တော် ၂:၃၆၊ ၃၇၊ ကဘ။
ကျမ်းစာစည်းမျဉ်းများ သာ၍ကောင်းမြတ်
အထက်ပါမှတ်တမ်းများက ရှင်းလင်းစွာဖော်ပြသည့်အတိုင်း ရေပန်းစားသည့်အရာနောက် အရမ်းမဲ့လိုက်လျှောက်ခြင်းသည် အန္တရာယ်ကြီးမားသည့်အကျိုးဆက်များကိုဖြစ်စေသည်။ သမ္မာကျမ်းစာကိုလိုက်လျှောက်ပြီး ယင်း၏စည်းမျဉ်းများကို ကျွန်ုပ်တို့ဘဝအတွက်လမ်းညွှန်ဖြစ်စေခြင်းကား သာ၍ကောင်းလေစွတကား! “မိုးကောင်းကင်သည် မြေကြီးထက်သာ၍မြင့်သကဲ့သို့ ငါ၏အကျင့်သည် သင်တို့၏အကျင့်ထက်လည်းကောင်း၊ ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်ထက်လည်းကောင်း သာ၍မြင့်၏” ဟုယေဟောဝါမိန့်တော်မူခဲ့သည်။ (ဟေရှာယ ၅၅:၉) စာရိတ္တဆိုင်ရာ၊ လူသားတို့၏ဆက်ဆံရေးဆိုင်ရာကိစ္စများတွင်—အမှန်ပင်၊ ဘဝ၌ ဆုံးဖြတ်စရာအားလုံးတို့တွင်—ယေဟောဝါ၏နည်းလမ်းများကိုလိုက်လျှောက်ခြင်းသည် ရေပန်းစားရာများကိုလိုက်လျှောက်ခြင်းထက် သာ၍ကောင်းကြောင်း မကြာခဏထင်ရှားခဲ့ပြီ။ ယင်းက ဘဝအတွက်သာ၍ပျော်ရွှင်၊ သာ၍ကျန်းမာရန်သော့ချက်ဖြစ်သည်။
ကာဇူယာ၏တွေ့ကြုံမှုကို ဥပမာအနေနှင့်ကြည့်ပါ။ အချိန်အတန်ကြာသမ္မာကျမ်းစာကို လေ့လာခဲ့သော်လည်း ရေပန်းစားသည့်လမ်းစဉ်—ချမ်းသာရန်နှင့်အောင်မြင်ရန်အားထုတ်ခြင်းကို လိုက်မြဲလိုက်နေခဲ့သည်။ သူ့အထက်လူကြီးများ၏သဘောကျမှုနှင့် လုပ်ဖော်ဆောင်ဖက်များ၏အထင်ကြီးမှုကိုရရန် မကြာခဏသန်းခေါင်ကျော်သည်အထိ သောက်စားပျော်ပါးရသည်။ သူသည် အတင်းတောင်းဆိုတတ်သူ၊ သည်းမခံနိုင်သူ၊ စိတ်ဆတ်သူဖြစ်လာသည်။ သူ၏အစွန်းရောက်သည့်ဘဝပုံစံသည် နောက်ဆုံးတွင် ကိုယ်တစ်ပိုင်းသေလေဖြတ်ခြင်းကို ခံစားရစေတော့သည်။ ဆေးရုံပေါ်တွင်ကုသခံနေစဉ် သမ္မာကျမ်းစာမှ လေ့လာသိရှိခဲ့ရာများနှင့် သူမည်သို့အသက်ရှင်ခဲ့ပုံများကို ပြန်လည်စဉ်းစားရန်အချိန်ရခဲ့သည်။ မိမိလေ့လာသိရှိခဲ့ရာများကို စ၍လက်တွေ့ကျင့်သုံးရန် အချိန်ရောက်ပြီဟုသူဆုံးဖြတ်လိုက်သည်။ သူ၏အုပ်ချုပ်ရေးရာထူးမှနှုတ်ထွက်လိုက်ပြီး အပေါင်းအသင်းပြောင်းလိုက်သည်။ ခရစ်ယာန်ဥပဓိရုပ်ကိုဝတ်ဆင်နိုင်ရန်လည်း အားတက်သရောကြိုးစားပြီး ရုပ်ပစ္စည်းပိုင်ဆိုင်မှုအပေါ်မိမိအမြင်ကို ပြုပြင်ပြောင်းလဲခဲ့သည်။ သို့နှင့် သူ၏တန်ဖိုးပြောင်းလဲသွားပြီး ကျန်းမာရေးလည်း ပိုမိုကောင်းမွန်လာသည်။ နောက်ဆုံးတွင် သူ့အသက်တာကို ယေဟောဝါထံဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံခဲ့သည်။
လူတစ်ဦးသည် ရေပန်းမစားသည့်လမ်းစဉ်ကိုလိုက်လျှောက်ခြင်းတွင် အောင်မြင်ရန် သက်ဆိုင်သည့်စည်းမျဉ်းများကိုသိပြီး ယင်းတို့မှန်ကန်ကြောင်း အပြည့်အဝယုံကြည်စိတ်ချရမည်။ မာစူရာ၏တွေ့ကြုံမှုက ယင်းအဖြစ်ကိုဖော်ပြသည်။ မူလတန်းကျောင်းတွင် အဆင့်ခြောက်ရရှိခဲ့စဉ်က ကျောင်းကောင်စီဥက္ကဋ္ဌလောင်းဖြစ်ရန် အတန်းဖော်များ၏ထောက်ခံမှုကိုရခဲ့သည်။ ပတ်သက်သည့်သမ္မာကျမ်းစာစည်းမျဉ်းများကို အပြည့်အဝနားမလည်ခဲ့သောကြောင့် အုပ်ချုပ်ရေးနှင့်ဆိုင်သည့်တာဝန်ကို အဘယ်ကြောင့်သူမလုပ်နိုင်ကြောင်း သူ့အတန်းဖော်များအားရှင်းမပြနိုင်ခဲ့ကြောင်း မအီမသာနှင့်ပြန်ပြောပြသည်။ လူကိုကြောက်ခြင်းသည် မိမိခရစ်ယာန်ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုရန် သူ့အားတားဆီးခဲ့သည်။ မျက်ရည်လည်ရွဲခေါင်းငိုက်စိုက်နှင့် “ကျွန်တော်မလုပ်နိုင်ဘူး” ဟုသာ သူပြောနိုင်တော့သည်။
နိုင်ငံရေးနှင့်ဆိုင်သောလုပ်ဆောင်မှုများတွင် အဘယ်ကြောင့်ခရစ်ယာန်များမပါဝင်နိုင်ကြောင်း ဤအထိနာသည့်တွေ့ကြုံမှုက သူ့အားစုံစမ်းလေ့လာမှုပြုစေသည်။ (ယောဟန် ၆:၁၅ နှိုင်းယှဉ်။) နောက်ပိုင်း သူအလယ်တန်းရောက်သောအခါ အလားတူအခြေအနေပေါ်ပေါက်လာပြန်သည်။ ဤတစ်ကြိမ်တွင် ဆရာအား မိမိ၏ရပ်တည်ချက်ကို ယုံကြည်ပိုင်နိုင်စွာရှင်းပြနိုင်ရန် သူပြင်ဆင်ထားသည်။ သူ့ရှင်းပြချက်ကို ဆရာလက်ခံခဲ့သကဲ့သို့ သမ္မာကျမ်းစာအခြေခံသည့်သူ့ယုံကြည်ချက်များကို မေးမြန်းကြသည့် အခြားအတန်းဖော်များစွာကလည်း လက်ခံခဲ့ကြသည်။
လူအားလုံးမှန်ရာကိုလုပ်မည့်အချိန်
ခရစ်တော်အုပ်ချုပ်ရေးအောက် လာမည့်ကမ္ဘာသစ်တွင် ရေပန်းစားသည့်အရာများသည် မှန်သောအရာများဖြစ်မည်။ ထိုအချိန်မရောက်မချင်း ရေပန်းစားရာများကိုလိုက်လုပ်ရန်တိုက်တွန်းခံရခြင်းကို ကျွန်ုပ်တို့သတိပြုနေရမည်။ ပေါလု၏ဆုံးမချက်မှ ကျွန်ုပ်တို့အားယူနိုင်ကြသည်– “ဤမျှလောက်များစွာသောသက်သေအပေါင်းတို့သည် ငါတို့ကိုဝိုင်းရံလျက်ရှိကြသည်ဖြစ်၍ ငါတို့သည် ခပ်သိမ်းသောဝန်တို့ကိုလည်းကောင်း၊ နှောင့်ယှက်တတ်သောဒုစရိုက်တို့ကိုပယ်ရှား၍ ငါတို့မျက်မှောက်၌ထားသောပန်းတုံးတိုင်သို့ရောက်စေခြင်းငှာ အားမလျော့ဘဲပြေးကြကုန်အံ့။”—ဟေဗြဲ ၁၂:၁။
သင့်လမ်းခရီးတွင် ပြဿနာများနှင့်စိန်ခေါ်မှုများရင်ဆိုင်လာရသော် သင်ဘာပြုမည်နည်း။ လူကိုကြောက်ပြီး ရေပန်းစားရာကိုသင်လုပ်လိုက်မည်လော။ သို့မဟုတ် ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာကျမ်းစာ၏ အကူအညီကိုရယူပြီး ယင်း၏စည်းမျဉ်းများကိုလိုက်လျှောက်မည်လော။ ဒုတိယလမ်းစဉ်ကိုလိုက်လျှောက်ခြင်းသည် သင့်အားယခုအကျိုးပြုသည်သာမက “ယုံကြည်ခြင်းနှင့်သည်းခံခြင်းအားဖြင့် ကတိတော်တို့ကို အမွေခံရသောသူ” များအဝင်ဖြစ်မည့်မျှော်လင့်ချက်ကို ရရှိစေသည်။—ဟေဗြဲ ၆:၁၂။