ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၁၀/၁ စာ. ၃-၄
  • မိသားစုဘဝ အောင်မြင်ရေးသော့ချက်တစ်ခု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိသားစုဘဝ အောင်မြင်ရေးသော့ချက်တစ်ခု
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကြီးလေးသည့်တာဝန်
  • သူတို့ကိုမည်သို့ပြုစုစောင့်ရှောက်ရ
  • ဝိညာဉ်ရေးခိုင်ခံ့သောမိသားစု တည်ဆောက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • “သားသမီးတွေဟာ ယေဟောဝါပေးတဲ့ အမွေပဲ”
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၆
  • ကျွန်ုပ်တို့၏သားသမီးများ—အဖိုးတန်အမွေဥစ္စာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • မိသားစု ပျော်ရွှင်နိုင်ပုံ​—အပိုင်း ၂
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၁၀/၁ စာ. ၃-၄

မိသားစုဘဝ အောင်မြင်ရေးသော့ချက်တစ်ခု

“အခြေအနေဆိုးရွားကျဆင်းနေတဲ့ မိသားစုယူနစ်တစ်ခု ကျွန်တော်တို့မှာရှိတယ်၊” ဟု လွန်ခဲ့သောနှစ်က အမေရိကန်နိုင်ငံသမ္မတလောင်းတစ်ဦးမှတ်ချက်ချခဲ့သည်။ အခြေအနေဆိုးရွားကျဆင်းသည့်မိသားစုအရေအတွက်သည် အမှန်ပင်ထိတ်လန့်ဖွယ်အတိုင်းအတာကိုပြနေသည်။ “တစ်ချိန်တည်းတွင် စီးပွားရေးဆိုင်ရာ သို့မဟုတ် စက်မှုလုပ်ငန်းဆိုင်ရာ အခြေခံအကြောင်းအချက်များတွင် အလားတူကြီးမားသည့်အတိုင်းအတာဖြင့် အပြောင်းအလဲများဖြစ်ခြင်းသည် ကျွန်ုပ်တို့အား အလွန်အံ့သြတွေဝေစေပေမည်” ဟု အလားအလာကောင်း မဂ္ဂဇင်းက ဖော်ပြသည်။

သမ္မာကျမ်းစာစည်းမျဉ်းကို လိုက်လျှောက်ရန် ကြိုးစားနေသည့်မိသားစုများပင်လျှင် ဝမ်းနည်းဖွယ်ထိခိုက်လေ့ရှိသည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်က အရွယ်မရောက်သေးသည့်ကလေးခြောက်ယောက်ဖခင်တစ်ဦးအား စိတ်ရင်းမှန်ရှိခရစ်ယာန်ယောင်းရင်းတစ်ဦး ဤသို့ပြောခဲ့သည်–“ခင်ဗျားကလေးလေးယောက်တော့ လောကထဲပါသွားမှာပဲ။” သို့သော် သားသမီးတစ်ယောက်မျှ ထိုသို့ဖြစ်မည်ဟု ထိုဖခင်မယူမှတ်ခဲ့ပါ။ သူဤသို့ရှင်းပြသည်။

“ကျွန်တော်တို့ကလေးတွေဟာ တကယ်တော့ကိုယ့်ကလေးတွေမဟုတ်ဘူး။ ယေဟောဝါဘုရားသခင်က ကျွန်တော်နဲ့ကျွန်တော့်ဇနီးကိုအပ်ထားတဲ့ ‘အမွေ’ ဒါမှမဟုတ် လက်ဆောင်တွေဖြစ်တယ်။ သူတို့ကိုနည်းမှန်လမ်းကျလေ့ကျင့်ပေးရင် ‘အဲဒီလမ်းကနေမလွဲလိုက်သွားမယ်’ လို့ကိုယ်တော်ပြောခဲ့တယ်။ ဒါကြောင့် သူတို့လေးတွေကို ယေဟောဝါပိုင်ဆိုင်ရာအဖြစ် ကြည့်ရှုစောင့်ရှောက်ပေးဖို့ ကျွန်တော်တို့အမြဲကြိုးစားတယ်။”—ဆာလံ ၁၂၇:၃; သု၊ ၂၂:၆။

ဤတွင် ဤဖခင်သည် အောင်မြင်သောမိသားစုဘဝအတွက် သော့ချက်တစ်ခု—မိဘများသည် မိမိတို့၏သားသမီးများကို ဘုရားသခင်၏ဥစ္စာကဲ့သို့ ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်း မှတ်သားဖော်ပြနေခြင်းဖြစ်သည်။ သို့ပြုခြင်းဖြင့် သားသမီးများသည် သင်၏ကောင်းသောလမ်းညွန်မှုကို အမြဲလိုက်လျှောက်မည်ဟုမဆိုလိုသော်လည်း ဘုရားသခင်အပ်နှင်းထားသောသားသမီးများကို ကြည့်ရှုရန် သင်၌တာဝန်ရှိသည်။

ကြီးလေးသည့်တာဝန်

ဤသို့ကြည့်ရှုစောင့်ရှောက်မှုကို ပေါ့တီးပေါ့ဆ သို့မဟုတ် ဂရုမစိုက်လျက်မဟုတ်ဘဲ လေးမြတ်ခန့်ငြားမှုနှင့် အလွန်ကြောင့်ကြမှုဖြင့် ပြုရမည်။ ကိုယ်တော့်အမွေဥစ္စာ သို့မဟုတ် လက်ဆောင်နှင့်ပတ်သက်၍ ပြန်ထုချေရမည်ကို သဘောပေါက်သောအားဖြင့် ယင်းကိုသင်အပင်ပန်းခံလုပ်ဆောင်ရမည်။ ကလေးပြုစုပျိုးထောင်ရေးဆိုင်ရာ အခြားအခြားသောနည်းစနစ်များကို သင်စမ်းသပ်ကြည့်စရာမလိုပါ။ မိဘများသည် ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာကျမ်းစာတွင် ပေးထားသည့်ညွှန်ကြားချက်များသာလိုအပ်ပြီး ယင်းတို့ကိုဂရုတစိုက်လိုက်လျှောက်သင့်သည်။

ယေဟောဝါဘုရားသခင်၏ညွှန်ကြားချက်ကား ဤသို့– “ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကိုပြောရမည်။ ထိုစကားကိုလည်း သင်၏လက်၌ လက္ခဏာသက်သေဖို့ရာလည်းကောင်း၊ သင်၏မျက်စိကြားမှာ သင်းကျစ်ကဲ့သို့လည်းကောင်း ချည်ထားရမည်။ မြို့တံခါးတို့၌လည်း ရေးထားရမည်။” သမ္မာကျမ်းစာဤသို့တိုက်တွန်းပြန်သေးသည်–“အဘတို့ . . . ယေဟောဝါ၏ ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေအရ သူတို့ကိုမွေးမြူကြလော့။”—တရားဟောရာ ၆:၇-၉; ဧဖက် ၆:၄၊ ကဘ။

ထို့ကြောင့် သားသမီးမွေးမြူခြင်းတွင် နေ့စဉ်ဂရုစိုက်ကြည့်ရှုခြင်းလိုအပ်သည်; မှန်ပါသည်၊ ယင်းက သူတို့လေးများအား သင့်အချိန်နှင့် အထူးသဖြင့် သင့်မေတ္တာနှင့်လေးနက်သည့်စိုးရိမ်ကြောင့်ကြမှုကို မတွန့်မတိုပေးခြင်းမည်၏။ သားသမီးများအား ဤအခြေခံလိုအပ်ချက်များပေးသည့်မိဘများသည် ဘုရားသခင်မိန့်တော်မူသည့် အောင်မြင်သောမိသားစုဘဝကိုမွေ့လျော်ရန် လိုအပ်သည့်အရာများကို လုပ်နေခြင်းဖြစ်သည်။

ယင်းကား အလွန်အကျွံတောင်းဆိုခြင်းဟုသင်ယူမှတ်သလော။ မိဘများစွာတို့က ထိုသို့ယူဆကြောင်း မိမိတို့လုပ်ရပ်များအားဖြင့် တင်ပြကြသည်။ သို့သော် ဘုရားသခင့်ထံမှဤလက်ဆောင်များ—သင့်သားသမီးများ—သည် အထူးတကာ့အထူးဂရုစိုက်စောင့်ရှောက်မှု လိုကိုလိုအပ်သည်။

သူတို့ကိုမည်သို့ပြုစုစောင့်ရှောက်ရ

သားသမီးမွေးမြူပြုစုခြင်းတွင် အောင်မြင်မှုရသူများ၏ ပုံသက်သေများကို ပညာရှိရှိစဉ်းစားဆင်ခြင်ပါ။ မဂ္ဂဇင်းတစ်ခုပါ “အံ့ဖွယ်မိသားစုများ” ဟူသော မျက်နှာဖုံးရုပ်ပုံအကြောင်းရှင်းပြချက်တွင် ကလေးငယ်များကို အောင်မြင်စွာမွေးမြူပြုစုနိုင်ရန် အရေးကြီးသည့်အချက်လေးချက်ကို မှတ်သားဖော်ပြထားသည်–“[၁] အစာစားချိန်တွင် တွေးတောဆင်ခြင်သည့်ဉာဏ်ကို လှုံ့ဆော်ပေးသည့် စကားစမြည်ပြောဆိုခြင်း၊ [၂] ကြီးမြတ်သောစာအုပ်များနှင့်မိတ်ဖွဲ့ခြင်း၊ [၃] တွေးခေါ်ကြံဆနိုင်သည့်ဉာဏ်ရှိသော စံနမူနာကောင်းသူများ၏လှုံ့ဆော်မှု၊ [၄] မိသားစုအစဉ်အလာတစ်ခုကို ဆက်လက်ထိန်းသိမ်းရမည်ဟူသောအသိ။”—ယူ၊ အက်စ်၊ သတင်းနှင့်ကမ္ဘာ့အစီရင်ခံစာ၊ ဒီဇင်ဘာ ၁၂၊ ၁၉၈၈။

“အစာစားချိန်တွင်စကားစမြည်ပြောဆိုခြင်း” နှင့်ပတ်သက်၍ မိဘများသည် သားသမီးများအိမ်တွင်ထိုင်နေစဉ် သွန်သင်ပေးရန် သူတို့အားဘုရားသခင်ညွှန်ကြားထားကြောင်းကို ပြန်သတိရစေသည်။ သင့်မိသားစုသည် မှန်မှန်အတူတကွဝိုင်းထိုင်စားသောက်ခြင်းအားဖြင့် ပေါင်းသင်းရင်းနှီးမှုနှင့် စိတ်အားတက်ကြွစေသည့်စကားစမြည်ပြောဆိုခြင်းအတွက် နေ့စဉ်အခွင့်အရေးရစေသလော။ ထိုအချိန်မျိုးသည် ကလေးများအတွက် အရေးတကြီးလိုအပ်ပြီးအမှတ်တရဖြစ်စေကာ သူတို့အား တည်ငြိမ်မှုနှင့်လုံခြုံမှုကို ခံစားရစေသည်။ ခြောက်နှစ်သားငယ်တစ်ဦးက အစာစားချိန်ကိုသူနှစ်သက်ရခြင်းမှာ “တစ်ယောက်အတွက်တစ်ယောက် စိတ်ပူစရာမလိုတော့ဘူး” သူဟုပြောသည်။ အားလုံးအတူတကွရှိနေကြသောကြောင့်ဖြစ်သည်။

သင့်အစာစားချိန်စကားဝိုင်း၏ အနှစ်သာရနှင့်ပတ်သက်၍ အဘယ်သို့နည်း။ ယင်းသည် သမ္မာကျမ်းစာအပါအဝင် ဘုရားအမှုဆောင်ခြင်း သို့မဟုတ် ဖန်ဆင်းခြင်းပါဝင်သည့် ကျမ်းစာအခြေပြုထားသောစာပေများကဲ့သို့ “ကြီးမြတ်သောစာအုပ်များ” အပေါ်ဗဟိုပြုလေ့ရှိသလော။ ဤကဲ့သို့သောအစာစားချိန်စကားဝိုင်းအပြင် မှန်မှန်လေ့လာမှုအစီအစဉ်အားဖြင့် ကလေးများ၏စိတ်ထဲတွင် ယေဟောဝါနှင့် ကိုယ်တော့်ဖြောင့်မတ်သည့်ပညတ်များအား ချစ်မြတ်နိုးခြင်းကို မိဘများပြုစုပျိုးထောင်ပေးရန်လိုသည်။

အထက်ဖော်ပြပါကလေးခြောက်ယောက်ဖခင်က “မှန်မှန်ထမင်းအတူတူစားတာ ဘာမှမခက်ပါဘူး။ သူ့ဘာသာသူဖြစ်လာပြီး အဲဒါက ကျွန်တော်တို့ကိုစည်းလုံးစေတယ်။ ဒါပေမဲ့ ကျမ်းစာလေ့လာမှုမှန်မှန်လုပ်နိုင်ဖို့ကတော့ခက်တယ်” ဟုရှင်းပြသည်။ တစ်နေ့တာ ပင်ပင်ပန်းပန်းနှင့် ကြိုးစားပမ်းစားအလုပ်လုပ်ပြီးနောက် တစ်ခါတစ်ရံ လေ့လာမှုပြုချိန်အတွင်း သူအိပ်ပျော်သွားသည်အထိဖြစ်ခဲ့သည်။ သို့သော် ကလေးများနှင့် မှန်မှန်ကျမ်းစာလေ့လာခြင်းကို ဘယ်တော့မျှသူလက်မလွှတ်ဘဲ သူတို့တစ်ဦးစီနှင့် စကားပြောဆိုခြင်း၊ သူတို့ပြောသည်ကို အချိန်ကြာကြာနားထောင်ခြင်းတို့ကို မှန်မှန်ပြုလေ့ရှိသည်။

အဓိပ္ပာယ်ရှိသည့် အစာစားချိန်စကားစမြည်ပြောခြင်းနှင့် ကြီးမြတ်သောစာအုပ်များနှင့် ပေါင်းဖော်စေခြင်းအပြင် သင့်ကလေးများသည် “တွေးခေါ်ကြံဆနိုင်သည့်ဉာဏ်ရှိသော စံနမူနာကောင်းသူများ၏လှုံ့ဆော်မှု” ကို ရရှိကြသလော။ အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားဖြစ်သည့်ယေရှုကို တုပသူများနှင့် သင့်ကလေးများမှန်မှန်ပေါင်းသင်းခွင့်ရရန် စီစဉ်ပေးခြင်းသည် အောင်မြင်စွာသူတို့ကြီးပြင်းလာရေးအတွက် လိုအပ်သည့်အရာဖြစ်သည်မှာ မှန်ကန်ချက်ဖြစ်သည်။

နောက်ဆုံးအနေနှင့် “မိသားစုအစဉ်အလာတစ်ခုကို ဆက်လက်ထိန်းသိမ်းရမည်ဟူသောအသိ” ကား မည်သို့နည်း။ သင့်သားသမီးများသည် မိမိတို့စွဲကိုင်ထားကြရမည့် မိသားစုစံချိန်တစ်ခု—လက်မခံနိုင်ဖွယ်ဖြစ်ပြီး မိသားစုအစဉ်အလာကိုချိုးဖောက်သည့် အပြုအမူ၊ အပြောအဆို၊ အဝတ်အဆင်၊ လုပ်ပုံကိုင်ပုံစသည်တစ်ခုခု ရှိကြောင်းကို နားလည်ထားရန်လိုသည်။ မိသားစုအစဉ်အလာကို ချိုးဖောက်ခြင်းသည် အန္တရာယ်ရှိသည့်ကိစ္စဖြစ်ကြောင်း—သားများ၏ရှက်ဖွယ်လုပ်ရပ်ကြောင့် “ဤပြည်သားတို့စက်ဆုပ်ရွံရှာ” ခြင်းခံရသော ရှေးသစ္စာရှိဘိုးဘေးယာကုပ်ကဲ့သို့ နာနာကြည်းကြည်းသင်ခံစားရမည်ဖြစ်ကြောင်း သူတို့သဘောပေါက်ရန်လိုသည်။—ကမ္ဘာဦး ၃၄:၃၀၊ သမ။

မိမိသားသမီးများအား ဘုရားသခင်၏ဥစ္စာပစ္စည်းဟုယူမှတ်သော ကလေးခြောက်ယောက်ဖခင်သည် “မိသားစုအစဉ်အလာ” ကို အထူးပြုပြောဆိုသည်။ အဝတ်အဆင်၊ ဖြီးလိမ်းပြင်ဆင်ပုံ၊ လောကလမ်းစဉ်များနှင့်သီးခြားနေခြင်းတို့ဆိုင်ရာ မိသားစုစံချိန်သည် ဝိညာဉ်တော်နှင့် ဖန်ဆင်းရှင်ယေဟောဝါဘုရား၏လမ်းညွှန်မှုတို့နှင့် မည်သို့ညီညွတ်ကြောင်း သားသမီးများနှင့် သူအမြဲတမ်းဆွေးနွေးဆင်ခြင်သည်။ သူတို့အား အချိန်၊ မေတ္တာ၊ အထူးဂရုစိုက်မှုများကို များများစားစားပေး—သူတို့သွားသင့်သည့်လမ်းအတိုင်း လေ့ကျင့်ခံရ—သည်နှင့်အမျှ ကလေးခြောက်ယောက်လုံးတို့သည် ‘သူတို့သွားရမည့်လမ်းမှမလွဲ’ ခြင်းအားဖြင့် တုံ့ပြန်ကြသည်။

ကမ္ဘာတစ်ခွင်တွင် ထိုကဲ့သို့သော ခိုင်မြဲသည့်မိသားစုယူနစ်ထောင်ပေါင်းများစွာရှိသည်။ သူတို့၏ဖန်ဆင်းရှင်ချီးမွမ်းခံရစရာမည်မျှဖြစ်စေပြီး ကိုယ်ကျိုးမငဲ့၊ မေတ္တာပြည့်ဝသောမိဘများအတွက် ဆုလာဘ်များပါတကား! နှစ်များကုန်လွန်လာသည်နှင့်အမျှ မိဘများ၏ကြိုးစားအားထုတ်မှုမှ အကျိုးကျေးဇူးခံစားရသောသားသမီးများ၏ ကျေးဇူးတင်လေးမြတ်မှုကို ထိုကဲ့သို့သောမိဘများခံစားကြရသည်။ ဆက်လက်၍ ဘုရားတရားရိုသေသည့်မိဘများ၏ မွေးမြူပြုစုခြင်းခံလာရသော အမျိုးသမီးတစ်ဦး၏အကြောင်းကို ဆင်ခြင်သုံးသပ်ပြီး ယင်းမှရယူနိုင်သည့်သင်ခန်းစာများကို မှတ်သားပါလေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ