ခရစ်ယာန်မိသားစုသည် ဝိညာဉ်ရေးရာများကို ဦးစားထား
“သင်တို့အပေါင်းသည် စိတ်တညီတညွတ်တည်း ရှိကြလော့။ စိတ်ကြင်နာခြင်း၊ ညီအစ်ကိုချင်းကဲ့သို့ ချစ်ခြင်း၊ သနားစုံမက်ခြင်း၊ စိတ်နှိမ့်ချခြင်း ရှိကြလော့။”—၁ ပေတရု ၃:၈။
၁ ကျွန်ုပ်တို့အားလုံး၌ အဘယ်အခွင့်အရေးရှိသနည်း။ ကျွန်ုပ်တို့၏ရွေးချယ်မှုသည် မိမိအနာဂတ်ကို မည်သို့အကျိုးပြုနိုင်သနည်း။
အထက်ပါကျမ်းချက်သည် လူသား၏ ရှေးအကျဆုံး အသိုက်အဝန်း—မိသားစု—နှင့် အလွန်သက်ဆိုင်လှသည်တကား! အဆိုပါအပြုအမူတို့တွင် မိဘများ ဦးစီးဦးဆောင်ပြုမူခြင်းသည် အလွန်အရေးကြီးလှသည်တကား! သူတို့၏ အပြုသဘောပါ အရည်အချင်းများနှင့် အဖျက်သဘောရှိ အရည်အချင်းများပါ သားသမီးတို့တွင် ဖြစ်ပေါ် ထင်ရှားလာတတ်ပါသည်။ သို့တိုင်၊ မိသားစုရှိသူ တစ်ဦးစီအနေနှင့် ရွေးချယ်ရန်အခွင့်ရှိသည်။ ခရစ်ယာန်များအနေနှင့် ဝိညာဏလူများ၊ သို့မဟုတ် ဇာတိပကတိလူများဖြစ်ရန် ရွေးချယ်နိုင်ပါသည်။ ဘုရားသခင့် အလိုတော်နှင့်အညီ ပြုမူရန်၊ သို့မဟုတ် အလိုတော်ကို ဆန့်ကျင်ရန် ရွေးချယ်နိုင်ပါသည်။ မိမိရွေးချယ်မှုကြောင့် ကောင်းချီးမင်္ဂလာဖြစ်သည့် ထာဝရအသက်နှင့် ငြိမ်သက်မှုသော်လည်းကောင်း၊ ကျိန်ခြင်းဖြစ်သည့် အစဉ်ထာဝရ အသက်သေဆုံးခြင်းသော်လည်းကောင်း ခံရလိမ့်မည်ဖြစ်သည်။—ကမ္ဘာဦး ၄:၁၊ ၂။ ရောမ ၈:၅-၈။ ဂလာတိ ၅:၁၉-၂၃။
၂။ (က) မိသားစုအတွက် ပေတရုစိုးရိမ်တတ်ကြောင်း မည်သို့တင်ပြခဲ့သနည်း။ (ခ) ဝိညာဉ်ရေးရှိခြင်း မည်သည်ကား အဘယ်နည်း။ (အောက်ခြေမှတ်ချက်ရှု။)
၂ ၁ ပေတရု အခန်းကြီး ၃၊ အခန်းငယ် ၈ ပါတမန်တော်၏စကားများသည် ဇနီးသည်၊ လင်သားများနှင့်ဆိုင်သော အလွန်ကောင်းမွန်သည့်သြဝါဒကို သူပေးပြီးနောက် ပြောဆိုခဲ့ခြင်းဖြစ်သည်။ ပေတရုသည် ခရစ်ယာန်မိသားစုများ၏အကျိုးကို အမှန်လိုလားခဲ့သူဖြစ်သည်။ ဝိညာဉ်ရေးခိုင်ခံ့မြဲမြံခြင်းသည် စည်းလုံးတွယ်တာသောအိမ်ထောင်စု၏ သော့ချက်ဖြစ်ကြောင်း သူသိထားပါသည်။aယင်းကြောင့် လင်သားနှင့်ဆိုင်သော သူ၏သြဝါဒကို လျစ်လျူရှုပါက လင်ယောက်ျားနှင့်ယေဟောဝါစပ်ကြား ဝိညာဏအတားအဆီးရှိလိမ့်မည်ဟု အငယ် ၇ တွင်သူအရိပ်အမြွက်ဖော်ပြထားခြင်းဖြစ်သည်။ ဇနီးသည်၏ လိုအပ်ရာများကို သူလျစ်လျူရှုထားမည်၊ သို့မဟုတ် သူမအား သနားကြင်နာမှုမရှိဘဲ စိတ်ဆင်းရဲစေပါက လင်ယောက်ျားဖြစ်သူ၏ဆုတောင်းချက်များ ပြည့်မည်မဟုတ်ပါ။
ခရစ်တော်—ဝိညာဉ်ရေးကောင်းခြင်း၏ စုံလင်သောပုံသက်သေ
၃။ လင်ယောက်ျားများအတွက် ခရစ်တော်၏ပုံသက်သေကို ပေါလု မည်သို့ပေါ်လွင်စေသနည်း။
၃ မိသားစုတစ်ခု၏ဝိညာဉ်ရေးကောင်းမှုသည် ပုံသက်သေကောင်းပေါ် မူတည်ပါသည်။ လင်ယောက်ျားဖြစ်သူသည် ခရစ်ယာန်လမ်းစဉ်ကို ကျင့်သုံးသူဖြစ်ပါက ဝိညာဏအရည်အချင်းများကို သူကိုယ်တိုင် ဦးဆုံးတင်ပြရမည်။ ယုံကြည်သူ လင်သားမရှိပါက မိခင်ဖြစ်သူသည် ထိုတာဝန်ကို အများအားဖြင့်ထမ်းဆောင်လေ့ရှိသည်။ မည်သူပင်ဖြစ်စေကာမူ လိုက်လျှောက်ရန် စုံလင်သောပုံစံပြသူမှာ ယေရှုခရစ်တော်ဖြစ်သည်။ ကိုယ်တော်၏အပြုအမူ၊ အပြောအဆိုနှင့် အတွေးအခေါ်သည် အမြဲတည်ဆောက်မှုဖြစ်၍ စိတ်လန်းဆန်း၊ ပေါ့ပါးစေသည်။ တမန်တော်ပေါလုသည် စာရှုသူအား ခရစ်တော်၏ မေတ္တာပါပုံသက်သေကို ထပ်ခါတလဲ ညွှန်ပြပါသည်။ ဥပမာ၊ သူဤသို့ဆိုသည်။ “ခရစ်တော်သည် အသင်းတော်၏အပေါ်မှာ ခေါင်းဖြစ်တော်မူသကဲ့သို့ ယောက်ျားသည် မိမိခင်ပွန်း၏အပေါ်မှာ ခေါင်းဖြစ်၏။ ခရစ်တော်သည်လည်း မိမိကိုယ်ကို ကယ်တင်သောသူဖြစ်တော်မူ၏။ အချင်းယောက်ျားတို့ ခရစ်တော်သည် အသင်းတော်ကိုချစ်တော်မူသကဲ့သို့ သင်တို့လည်း ကိုယ်ခင်ပွန်းကိုချစ်ကြလော့။ . . . ထိုအသင်းတော်အဖို့အလိုငှာ ကိုယ့်ကိုကိုယ် စွန့်တော်မူ၏။”—ဧဖက် ၅:၂၃၊ ၂၉; မဿဲ ၁၁:၂၈-၃၀; ကောလောသဲ ၃:၁၉။
၄။ ဝိညာဉ်ရေးရှိခြင်းနှင့်ပတ်သက်၍ ယေရှုသည် အဘယ်ပုံသက်သေတင်ပြခဲ့သနည်း။
၄ ယေရှုသည် ဝိညာဉ်ရေးရာနှင့် ဦးစီးမှု၌ ချစ်ခြင်းမေတ္တာ၊ ကြင်နာမှုနှင့် စာနာမှုဖြင့်တင်ပြရာတွင် ထူးခြားသောပုံသက်သေဖြစ်တော်မူသည်။ ကိုယ်တော်သည် ကိုယ်ကျိုးမရှာ၊ ကိုယ်ကျိုးစွန့်တော်မူသည်။ ခမည်းတော်အား အမြဲဂုဏ်တင်ချီးမွမ်းတော်မူ၍ ကိုယ်တော်၏ဦးစီးမှုကို လေးစားပါသည်။ ခမည်းတော်၏ ညွှန်ကြားမှုကိုခံယူသည့်အတွက် ကိုယ်တော်ဤသို့ဆိုနိုင်ခြင်းဖြစ်သည်။ “ငါသည် ကြားသည့်အတိုင်း တရားစီရင်၏။ ငါစီရင်ခြင်းသည်လည်း တရားတော်နှင့်ညီညွတ်၏။ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့မလိုက်။ ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်၏အလိုသို့လိုက်၏။” “ငါသည် ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှမပြုဘဲ ငါ့ခမည်းတော်သည် ငါ့အား နည်းပေးတော်မူသည်အတိုင်း ငါဟောပြောသည်။”—ယောဟန် ၅:၃၀; ၈:၂၈; ၁ ကောရိန္သု ၁၁:၃။
၅။ တပည့်နောက်လိုက်များကို ပြုစုကျွေးမွေးရာတွင် လင်ယောက်ျားများအတွက် ယေရှုအဘယ်ပုံသက်သေတင်ပြခဲ့သနည်း။
၅ ယင်းက လင်ယောက်ျားများအတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။ အရာရာတွင် သူတို့လိုက်ရှောက်ရမည့် ပုံနမူနာမှာ ခမည်းတော်ကို အမြဲလက်အောက်ခံသူ ခရစ်တော်ဖြစ်သည်ဟု ဆိုလိုပါသည်။ ဥပမာ၊ ကမ္ဘာ့သက်ရှိသတ္တဝါအပေါင်းအတွက် ယေဟောဝါရှင်သည် အစာရေစာပြင်ဆင်တော်မူသည်နည်းတူ တပည့်နောက်လိုက်များကို ယေရှုကျွေးမွေးပြုစုတော်မူသည်။ သူတို့၏ အခြေခံကာယရေးကို လျစ်လျူရှိမထားပါ။ လူ ၅,၀၀၀ နှင့် လူ ၄,၀၀၀ တို့ကို အံ့ဖွယ်နည်းဖြင့် ကိုယ်တော်ကျွေးမွေးခဲ့ခြင်းတို့က ကိုယ်တော်၏ဂရုစိုက်ခြင်း၊ တာဝန်သိတတ်သည့် စိတ်တော်ကို တင်ပြပါသည်။ (မာကု ၆:၃၅-၄၄; ၈:၁-၉) ယနေ့လည်း တာဝန်ကျေပွန်သော အိမ်ထောင်ဦးစီးများသည် သူတို့အိမ်ထောင်၏ကာယရေးကို ပြုစုဖြည့်စွက်ပေးပါသည်။ သို့သော် သူတို့၏ တာဝန်ကျေပွန်မှုသည် ဤမျှသာလော။—၁ တိမောသေ ၅:၈။
၆။ (က) အဘယ်မိသားစုလိုအပ်ရာများကို ပြုစုပေးရမည်နည်း။ (ခ) လင်သားများနှင့်ဖခင်များသည် နားလည်မှုရှိကြောင်း မည်သို့တင်ပြနိုင်သနည်း။
၆ ယေရှုညွှန်ပြခဲ့သည့်အတိုင်းပင် မိသားစုများမှာ ပိုမိုအရေးကြီးသော လိုအပ်ရာများ ရှိပါသေးသည်။ ဝိညာဏနှင့် စိတ်ဓာတ်ရေးဆိုင်ရာ လိုအပ်ချက်များ သူတို့မှာ ရှိနေသည်။ (တရားဟောရာ ၈:၃; မဿဲ ၄:၄) ကျွန်ုပ်တို့၏မိသားစုနှင့် အသင်းတော်အတွင်း အခြားသူများနှင့် အပြန်အလှန်အကျိုးသက်ရောက်ကြပါသည်။ တည်ဆောက်မှုပေးသူဖြစ်နိုင်ရန် တိုက်တွန်းခံရဖို့ ကောင်းသောလမ်းပြညွှန်ကြားမှု လိုပါသည်။ ယင်းကို လင်ယောက်ျားများနှင့် ဖခင်များသည် အဓိကကဏ္ဍမှ တာဝန်ယူဆောင်ရွက်ရမည်။—သူတို့သည် အကြီးအကဲများ၊ သို့မဟုတ် ဓမ္မအမှုထမ်းများဖြစ်မည်ဆိုလျှင် သာ၍ပင် တာဝန်ကြီးလေးပါသည်။ သားသမီးများကို အကူအညီပေးသည့်အခါ ကြင်ဖော်မဲ့မိဘများသည် ထပ်တူအရည်အချင်းများ ရှိဖို့လိုပါသည်။ မိသားစုအဝင်ဖြစ်သူများ ပြောဆိုကြသည့်စကားကိုသာမက သူတို့ရင်ဖွင့်မပြောကြသောစကားများကိုပါ မိဘများ သဘောပေါက်နားလည်ရန် လိုပါသည်။ ယင်းအတွက် ထိုးထွင်းသိမြင်ခြင်း၊ အချိန်ကာလနှင့် စိတ်ရှည်မှုရှိရန် လိုပါသည်။ ဤအကြောင်းကြောင့် ပေတရုက လင်သားများသည် ဇနီးသည်တို့နှင့်ဆက်ဆံရာတွင် သတိပညာနှင့်လျော်စွာ နားလည်မှုတင်ပြကာ စာနာမှုရှိရမည်ဟု ပြောဆိုခဲ့ရသည့် အကြောင်းတစ်ကြောင်းဖြစ်သည်။—၁ တိမောသေ ၃:၄၊ ၅၊ ၁၂; ၁ ပေတရု ၃:၇။
ရှောင်ကြဉ်ရမည့် အန္တရာယ်များ
၇၊ ၈။ ဝိညာဏသင်္ဘောပျက်ခြင်းကို မိသားစုရှောင်ကြဉ်ရန် ဘာလိုအပ်သနည်း။ (ခ) ခရစ်ယာန်လမ်းစဉ် လိုက်လျှောက်ရာတွင် အစကောင်းသည့်အပြင် အခြားအဘယ်အရာလိုအပ်သေးသနည်း။ (မဿဲ ၂၄:၁၃)
၇ မိသားစု၏ဝိညာဉ်ရေးကို ဂရုပြုရန် အဘယ်ကြောင့်ဤမျှအရေးကြီးရသနည်း။ ဥပမာအနေနှင့် ကျွန်ုပ်တို့မေးမြန်းနိုင်သည်ကား ရေတိမ်များသည့် အန္တရာယ်ထူပြောသော ရေထုထဲ မာလိန်မှူးသည် သင်္ဘောပဲ့ကိုင် ခုတ်မောင်းသည့်အခါ ရေကြောင်းပြမြေပုံများကို သူအဘယ်ကြောင့်ဂရုစိုက်ကြည့်ရန်လိုသနည်း ဖြစ်သည်။ သဲသောင်နှင့်ကျောက်ဆောင်များပြီး မှားယွင်းစွာခုတ်မောင်းလေ့ရှိသည့်ရေပြင်တွင် Queen Elizabeth 2 (QE2) ခေါ်အပျော်ခရီးထွက်သင်္ဘောကို ၁၉၉၂ ဩဂုတ်လတွင် မောင်းနှင်ခဲ့ပါသည်။ ဒေသခံသားတစ်ဦး ဤသို့ဆိုခဲ့သည်။ “ထိုအရပ်ဒေသကြောင့် အလုပ်ဖြုတ်ခံခဲ့ရသူ များစွာရှိခဲ့ပြီ။” QE2 သည်ရေအောက်ကျောက်ဆောင်မှ ငေါထွက်နေသောအစွန်းတစ်ခုကို တိုက်မိခဲ့သည်။ ယင်းသည် မဟာအမှားကြီးဖြစ်ခဲ့သည်။ သင်္ဘောကိုယ်ထည် သုံးပုံပုံတစ်ပုံပျက်စီးသွားသည့်အတွက် ပြုပြင်ရေးအတွက် အပတ်အနည်းငယ် သင်္ဘောကျင်းတင်ထားရသည်။
၈ ထိုနည်းတူ မိသားစု “မာလိန်မှူး” သည် ရေကြောင်းပြမြေပုံ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို အသေအချာမစစ်ဆေးလျှင် တစ်အိမ်ထောင်လုံး ဝိညာဏအန္တရာယ်ကြုံတွေ့နိုင်ပါသည်။ ယင်းကြောင့် အကြီးအကဲ၊ သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦးဖြစ်လျှင် အသင်းတော်တွင်း အခွင့်အရေးများ ဆုံးရှုံးသွားနိုင်၍ မိသားစုအဝင် အခြားသူများပါ အကြီးအကျယ်ထိခိုက်နစ်နာနိုင်ပေမည်။ ထိုကြောင့် ခရစ်ယာန်တစ်ဦးစီသည် ယခင်ကလေ့လာမှုပြုခဲ့ခြင်းနှင့် ဇွဲလုံ့လကိုသာအားကိုးနေပြီး ဝိညာဉ်ရေးဘက် တင်းတိမ်စိတ်လွှမ်းမိုးမခံရန် သတိပြုသင့်သည်။ ကျွန်ုပ်တို့၏ခရစ်ယာန်လမ်းစဉ်တွင် အစကောင်းရုံမျှမက အနှောင်းသေချာရန်လိုသည်။—၁ ကောရိန္သု ၉:၂၄-၂၇; ၁ တိမောသေ ၁:၁၉။
၉။ (က) ကိုယ်ပိုင်လေ့လာမှုသည် မည်မျှအရေးကြီးသနည်း။ (ခ) အဘယ်သက်ဆိုင်ရာမေးခွန်းများကို ကိုယ့်ကိုယ်ကိုမေးမြန်းနိုင်မည်နည်း။
၉ ဝိညာဏရေတိမ်များ၊ ကျောက်ဆောင်များနှင့် သဲသောင်များကိုရှောင်ကြဉ်ရန် ဘုရားသခင့်နှုတ်ကပါတ်တော်ကို မှန်မှန်လေ့လာခြင်းအားဖြင့် နောက်ဆုံးထုတ် “ရေကြောင်းပြမြေပုံများ” ကိုကျွန်ုပ်တို့ကောင်းစွာသိရှိနေရန်လိုသည်။ သမ္မာတရားစရစဉ်ကလေ့လာခဲ့သော အခြေခံတရားကိုသာ အားကိုးနေ၍မရပါ။ ဝိညာဉ်ရေးတွင် ကြံ့ခိုင်မှုရှိရန် ကျမ်းစာလေ့လာမှုကို မှန်မှန်နှင့်မျှတစွာပြုလုပ်ရမည်။ လုပ်ငန်းတော်၌လည်း မှန်မှန်ပါဝင်ရန်လိုသည်။ ဥပမာ၊ ဤလထုတ်ကင်းမျှော်စင်ကိုလေ့လာရန် အသင်းတော်အစည်းအဝေးတက်သည့်အခါ ကိုယ့်ကိုယ်ကို ဤသို့မေးမြန်းနိုင်ပါသည်။ ‘အကျွန်ုပ်၊ သို့မဟုတ် ကျွန်ုပ်တို့မိသားစုလိုက် ဤဆောင်းပါးပါ ကျမ်းချက်များကို ဖွင့်ဖတ်ခြင်း၊ သက်ဆိုင်ပုံကို သုံးသပ်ခြင်းအားဖြင့် အမှန်လေ့လာထားပြီဟု ဆိုနိုင်မည်လော။ သို့မဟုတ် အဖြေကိုသာ မျဉ်းသားထားရုံရှိသလော။ အစည်းအဝေးမတက်မီ ဆောင်းပါးကိုပြန်မဖတ်ဘဲ လျစ်လျူရှုနေခဲ့ပြီလော။’ ဤမေးခွန်းများကို ရိုးသားမှန်ကန်စွာဖြေဆိုခြင်းအားဖြင့် စဉ်းစားဆင်ခြင်စရာအကြောင်းရှိစေကာ တိုးတက်လိုစိတ်ကို ပေါ်ပေါက်စေပေမည်။—ဟေဗြဲ ၅:၁၂-၁၄။
၁၀။ မိမိကိုယ်ကို စစ်ဆေးခြင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။
၁၀ ကိုယ့်ကိုယ်ကို ဤသို့စစ်ဆေးခြင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။ အကြောင်းမှာ စာတန်၏သြဇာလွှမ်းမိုးသောလောက၊ မသိမသာနည်းမျိုးစုံဖြင့် ဘုရားသခင်ကိုလည်းကောင်း၊ ကိုယ်တော့်ကတိတော်များကိုလည်းကောင်း အယုံအကြည်ကင်းမဲ့စေသည့်လောကတွင် ကျွန်ုပ်တို့အသက်ရှင်နေကြသောကြောင့်ဖြစ်သည်။ ဝိညာဏလိုအပ်ရာများအတွက် အချိန်မပေးနိုင်သည့်တိုင်အောင် အလုပ်များလွန်းနေစေလိုသည့် လောကကြီးဖြစ်သည်။ ထိုကြောင့် ကိုယ့်ကိုယ်ကို ဤသို့မေးမြန်းနိုင်သည်။ ‘အကျွန်ုပ်မိသားစုသည် ဝိညာဉ်ရေးကောင်းပါသလော။ မိဘတစ်ဦးအနေနှင့် ဝိညာဉ်ရေးကောင်းသင့်သလောက် ကောင်းပါသလော။ ဖြောင့်မတ်ခြင်းနှင့် သစ္စာရှိခြင်းကိုအခြေခံသည့် ဆုံးဖြတ်ချက်များကိုပြုလုပ်ရန် ဝိညာဏစိတ်အကြံအစည်အသစ်ကို မိသားစုလိုက် မွေးမြူနေပါသလော။’—ဧဖက် ၄:၂၃၊ ၂၄။
၁၁။ ခရစ်ယာန်အစည်းအဝေးများသည် ဝိညာဉ်ရေးအရ အဘယ်ကြောင့်အကျိုးရှိသနည်း။ ဥပမာပေးပါ။
၁၁ ကျွန်ုပ်တို့၏ဝိညာဉ်ရေးသည် တက်ရောက်လေသမျှ အစည်းအဝေးအားဖြင့် ခိုင်ခံ့မြဲမြံလာသင့်သည်။ စာတန့်အမုန်းပွားသောလောကတွင် ရှင်သန်ရပ်တည်နိုင်ရန်ကြိုးစားရသည့် ရှည်ကြာသည့်အချိန်ပိုင်းနှင့်နှိုင်းယှဉ်လိုက်လျှင် ဘုရားသခင့်နိုင်ငံတော်ခန်းမ၊ သို့မဟုတ် အသင်းတော်စာအုပ်ကြီးသင်တန်း၌ အကုန်ခံသောတန်ဖိုးရှိအချိန်နာရီပိုင်းသည် ကျွန်ုပ်တို့အား စိတ်လန်းဆန်းပေါ့ပါးစေပါသည်။ ဥပမာ၊ အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားစာအုပ်ကိုလေ့လာရခြင်းသည် စိတ်လန်းဆန်းမှု အလွန်ပေးသည်။ ယင်းကြောင့် ယေရှုအကြောင်း၊ ကိုယ်တော့်အသက်တာနှင့် ကိုယ်တော့်ဓမ္မအမှုအကြောင်း ပိုမိုသိရှိနားလည်နိုင်ကြပြီ။ ကိုးကားထားသောကျမ်းချက်များကိုလည်း ကျွန်ုပ်တို့ဖတ်ရှုခဲ့ပြီဖြစ်သည်။ ကိုးကားထားသည့်ကျမ်းချက်များကို အသေအချာဖတ်ခဲ့ပြီ၊ ကိုယ်ပိုင်လေ့လာသုံးသပ်မှုလည်း ပြုလုပ်ခဲ့ပြီ၊ ဤနည်းဖြင့် ယေရှုတင်ပြခဲ့သောပုံသက်သေမှ များစွာ တတ်မြောက်လာခဲ့ပေပြီ။—ဟေဗြဲ ၁၂:၁-၃; ၁ ပေတရု ၂:၂၁။
၁၂။ လယ်ကွင်းဓမ္မအမှုသည် ကျွန်ုပ်တို့ဝိညာဉ်ရေးကောင်းမကောင်း မည်သို့စမ်းသပ်သနည်း။
၁၂ ကျွန်ုပ်တို့ဝိညာဉ်ရေးကောင်းမကောင်း စမ်းသပ်ခြင်းငှာ ကောင်းသောနည်းတစ်နည်းကား ခရစ်ယာန်ဓမ္မအမှုပင်ဖြစ်သည်။ ဥပေက္ခာပြုသည့်ကြား၊ သို့မဟုတ် အတိုက်အခံပြုသောလူထုအား ထုံးစံရှိသည်အတိုင်းနှင့် အလွတ်သဘောအရ သက်သေခံခြင်းအမှုကို ဇွဲလုံ့လဖြင့်လုပ်ဆောင်နိုင်ရန် မှန်ကန်သော လှုံ့ဆော်တိုက်တွန်းမှုဖြစ်သည့် ဘုရားကိုလည်းကောင်း၊ ကိုယ်နှင့်စပ်ဆိုင်သောသူကိုလည်းကောင်း ချစ်ရန်လိုပါသည်။ မည်သူမျှ ငြင်းပယ်မခံလိုပါ။ သို့ရာတွင် လယ်ကွင်းဓမ္မအမှုတွင် ထိုသို့ငြင်းပယ်ခံရလိမ့်မည်။ သို့သော် သတိပြုသင့်သည်ကား ပုဂ္ဂိုလ်ရေးအရ ကျွန်ုပ်တို့အားမဟုတ်ဘဲ သတင်းကောင်းကို ငြင်းပယ်ကြခြင်းဖြစ်သည်။ ယေရှုဤသို့မိန့်တော်မူခဲ့သည်။ “လောကီသားတို့သည် သင်တို့ကိုမုန်းလျှင် သင်တို့ကိုမမုန်းမီ ငါ့ကိုမုန်းကြသည်ကို သိမှတ်ကြလော့။ သင်တို့သည် လောကီနှင့်ဆက်ဆံလျှင် လောကီသားတို့သည် မိမိတို့နှင့်ဆက်ဆံသော သင်တို့ကိုချစ်ကြလိမ့်မည်။ သင်တို့သည် လောကီနှင့်မဆက်ဆံ၊ လောကီထဲက ငါရွေးကောက်သောသူဖြစ်သောကြောင့် လောကီသားတို့သည် သင်တို့ကိုမုန်းကြ၏။ . . . ထိုသူတို့သည် ငါ့ကိုစေလွှတ်တော်မူသောသူကို မသိသည်ဖြစ်၍ ငါ၏နာမကြောင့် သင်တို့အား ထိုအမှုရှိသမျှတို့ကိုပြုကြလိမ့်မည်။”—ယောဟန် ၁၅:၁၈-၂၁။
အပြောထက် အလုပ်တာသွားသည်
၁၃။ မိသားစု၏ ဝိညာဉ်ရေးကို တစ်ဦးတစ်ယောက်က မည်သို့တိုက်စားနိုင်သနည်း။
၁၃ မိမိနေအိမ်၏ သပ်ရပ်သန့်ရှင်းမှုကို မိသားစုမှ တစ်ယောက်သာလျှင် တန်ဖိုးမထားပါက အသို့နည်း။ မိုးရွာသောနေ့တစ်နေ့တွင် အိမ်ထဲ ခြေရာမထင်စေရန် မေ့လျော့သူတစ်ဦးမှအပ အားလုံးဂရုစိုက်ကြပေမည်။ သူတစ်ပါးအတွက် အလုပ်ပိုများစေသည့် ပေရေသောခြေရာများက ထိုသူ၏နမော်နမဲ့နိုင်မှုကိုထင်ရှားစေသည်။ ဝိညာဉ်ရေးနှင့်စပ်လျဉ်း၍လည်း ထို့အတူဖြစ်သည်။ အတ္တဆန်သော၊ သို့မဟုတ် ပေါ့ဆသောသူတစ်ယောက်တည်းကြောင့် မိသားစု၏ နာမည်ကောင်းကို ပျက်ပြားစေနိုင်ပါသည်။ မိဘများသာမက အိမ်ထောင်သားအားလုံးသည် ခရစ်တော်၏စိတ်ဓာတ်ကို ရောင်ပြန်ဟပ်သင့်ပါသည်။ ထာဝရအသက်ကို မျက်ခြည်မပြတ်စေဘဲ အားလုံးစုပေါင်းလုပ်ဆောင်ကြသည့်အခါ မည်မျှစိတ်လန်းဆန်းမှုရှိစေသည်တကား။ (ကိုယ့်ကိုယ်ကို ဖြောင့်မတ်သည်ဟုထင်ခြင်းမဟုတ်ဘဲ) ဝိညာဏစိတ်ထားသည် ထိုမိသားစု၏ စိတ်ဓာတ်ဖြစ်လာလေသည်။ ဤကဲ့သို့သောအိမ်ထောင်စုတွင် ဝိညာဉ်ရေးကိုလျစ်လျူရှုထားခြင်း တွေ့လေ့မရှိပါ။—ဒေသနာ ၇:၁၆; ၁ ပေတရု ၄:၁၊ ၂။
၁၄။ ကာယရေးဆိုင်ရာ အဘယ်စုံစမ်းခြင်းများကို စာတန်ကမ်းလှမ်းသနည်း။
၁၄ အသက်ရှင်သန်ရေးကို နေ့စဉ်နှင့်အမျှ ဖြည့်စွက်ပေးဖို့လိုသည့် အခြေခံလိုအပ်ရာများ ကျွန်ုပ်တို့အားလုံး၌ရှိပါသည်။ (မဿဲ ၆:၁၁၊ ၃၀-၃၂) သို့သော် ကျွန်ုပ်တို့လိုချင်တောင့်တရာများသည် ထိုလိုအပ်ရာများကို လွှမ်းမိုးတတ်သည်။ ဥပမာ၊ စာတန့်စနစ်သည် ကိရိယာတန်ဆာပလာ၊ တီထွင်မှုအမျိုးမျိုးကို ကမ်းလှမ်းထားသည်။ အရာရာတွင် နောက်ဆုံးပေါ်ကို အမြဲတန်းရလိုလျှင် ရောင့်ရဲတင်းတိမ်မှု ဘယ်တော့မျှရှိမည်မဟုတ်ပါ။ အကြောင်းမူကား၊ နောက်ဆုံးပေါ်ပစ္စည်းသည် မကြာမီ ခေတ်နှောင်းသွားပြီး နောက်ဆုံးပေါ် ခေတ်အမီဆုံးပုံစံအသစ် ပေါ်လာပြန်သည်။ စီးပွားရေးလောကသည် မဆုံးနိုင်သည့် သံသရာကြီးကို တည်ထောင်ထားပါသည်။ အတောမသတ်နိုင်သော လိုအင်ဆန္ဒများကို ဖြေသိမ့်ခြင်းငှာ စည်းစိမ်ချမ်းသာကို မရပ်မနားရှာဖွေနေရန် သွေးဆောင်လျက်ရှိသည်။ ယင်းကြောင့် “မိုက်မဲဖျက်ဆီးတတ်သောတပ်မက်ခြင်းထဲသို့” သို့မဟုတ် အဓိပ္ပာယ်မဲ့၍အန္တရာယ်ရှိသော ရည်မှန်းချက်များ” ရှိစေရန် သွေးဆောင်နိုင်ပါသည်။ သို့ဖြစ်၍ ဝိညာဉ်ရေးရာလုပ်ငန်းများအတွက် အချိန်လျော့နည်းသည်ထက် လျော့နည်းစေမည့် မျှတမှုမရှိ၊ ဟန်ချက်မညီသောအသက်တာမျိုးကို ဖြစ်ပေါ်စေနိုင်ပါသည်။—၁ တိမောသေ ၆:၉၊ ၁၀; The Jerusalem Bible.
၁၅။ အိမ်ထောင်ဦးစီး၏ပုံသက်သေသည် အဘယ်နည်းဖြင့်အရေးကြီးသနည်း။
၁၅ ဤတွင်တစ်ဖန် ခရစ်ယာန်အိမ်ထောင်ဦးစီး၏ပုံသက်သေသည် အလွန်အရေးကြီးပါသည်။ လောကီရေးရာနှင့် ဝိညာဉ်ရေးရာတာဝန်များအပေါ် သူ၏ မျှတသောသဘောထားသည် မိသားစုကို အကျိုးသက်ရောက်သင့်သည်။ ဖခင်၊ သို့မဟုတ် လင်ယောက်ျားဖြစ်သူသည် အပြောအလွန်ကောင်းပြီး ကိုယ်ပြောသည့်အတိုင်း မလုပ်နိုင်လျှင် အမှန်အကျိုးနည်းပါလိမ့်မည်။ ငါပြောသည့်အတိုင်းလုပ်၊ ငါလုပ်သည့်အတိုင်း မလုပ်နှင့်ပုံစံကို သားသမီးများသည် ချက်ချင်းရိပ်မိကြသည်။ ထိုနည်းတူစွာ တစ်အိမ်မှတစ်အိမ် ဓမ္မအမှုဆောင်ထွက်ကြရန် သူတစ်ပါးကိုအားပေးတိုက်တွန်းပြီး ထိုလုပ်ငန်းတွင် မိသားစုနှင့်အတူပါဝင်လေ့မရှိသော အကြီးအကဲ၊ သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦးကို အိမ်တွင်းသော်လည်းကောင်း၊ အသင်းတော်တွင်သော်လည်းကောင်း ယုံကြည်မှုလျော့နည်းသွားပေမည်။—၁ ကောရိန္သု ၁၅:၅၈; မဿဲ ၂၃:၃ နှိုင်းယှဉ်။
၁၆။ ကိုယ့်ကိုယ်ကို အဘယ်မေးခွန်းများ မေးသင့်သနည်း။
၁၆ သို့ဖြစ်၍ အကျိုးရှိရှိ ကျွန်ုပ်တို့ဘဝအသက်တာကို ဆန်းစစ်ကြည့်နိုင်ပါသည်။ ဝိညာဏတိုးတက်မှုကို ဆုံးရှုံးခံပြီး လောကီရေးဘက် အောင်မြင်မှုရရှိခြင်း၌ နစ်မြုပ်နေပါသလော။ ဤလောကတွင် တိုးတက်ကြီးပွားနေပြီး အသင်းတော်၌မူကား ကျဆင်းနေပါသလော။ ပေါလု၏သြဝါဒကို သတိရပါ။ “ကြီးကြပ်မှူးအရာကို လှမ်းယူနေသောသူသည် ကောင်းသောအမှုအရာကိုတောင်းတနေ၏ ဟူသောစကားသည် မှန်သောစကားဖြစ်၏။” (၁ တိမောသေ ၃:၁၊ ကဘ) အလုပ်ခွင်တွင် ရာထူးတက်ခြင်းထက် အသင်းတော်တွင် တာဝန်သိတတ်သောစိတ်က ကျွန်ုပ်တို့၏ဝိညာဉ်ရေးအခြေအနေကို ပို၍ထင်ရှားစေသည်။ မိမိကိုယ်ကို ယေဟောဝါထံဆက်ကပ်အပ်နှံထားရာမရောက်ဘဲ အလုပ်ရှင်များထံ ကိုယ့်ကိုယ်ကိုဆက်ကပ်အပ်နှံထားဘိသကဲ့သို့ ကျွန်ုပ်တို့အား သူတို့လွှမ်းမိုးခွင့်မပေးရန် ဟန်ချက်ညီညီရှိဖို့ အထူးသတိပြုသင့်သည်။—မဿဲ ၆:၂၄; မဿဲ ၂၃:၃ နှိုင်းယှဉ်။
အဓိပ္ပာယ်ရှိရှိ ဆက်သွယ်ခြင်းသည် ဝိညာဉ်ရေးကို တိုးတက်စေ
၁၇။ မိသားစုတွင် စစ်မှန်သောမေတ္တာရှိရန် အဘယ်အရာများက အထောက်အကူပြုသနည်း။
၁၇ ယနေ့ သန်းပေါင်းများစွာသောအိမ်များသည် တည်းခိုရာအရပ်များမျှ ဖြစ်ချေပြီ။ မည်သို့အားဖြင့်နည်း။ အိမ်ထောင်သားများသည် အိပ်ရုံစားရုံလောက်အတွက်သာ အိမ်သို့ပြန်လာ၍ အလျင်အမြန်ထွက်သွားကြပြန်သည်။ ထမင်းစားပွဲဝိုင်းတွင် စုရုံးထိုင်၍ အတူတကွအစာစားခြင်း မရှိသလောက်ဖြစ်ကြသည်။ မိသားစုစိတ်ထားကို မတွေ့ရကြပါ။ ရလဒ်ကားအဘယ်နည်း။ ဆက်သွယ်မှုမရှိ၊ အရာရောက်သော အပြန်အလှန်စကားပြောဆိုမှု ကင်းမဲ့နေကြသည်။ ဤသို့ဖြစ်သည့်အတွက် မိမိအိမ်ထောင်သားတို့ကို စိတ်ဝင်စားမှုမရှိ၊ သူတစ်ပါးအရေးကို ဂရုမစိုက် အလေးမထားဘဲ ဖြစ်ကောင်းဖြစ်ပေမည်။ တစ်ဦးကိုတစ်ဦးချစ်ခင်မည်ဆိုလျှင် အချင်းချင်းစကားပြောဆို၊ နားထောင်ရန် အချိန်ရှာယူတတ်သည်။ တစ်ဦးကိုတစ်ဦး အားပေးကူညီကြသည်။ ဝိညာဉ်ရေးရှိခြင်းနှင့်ပတ်သက်သည့် ဤကဏ္ဍတွင် လင်နှင့်မယားစပ်ကြား၊ မိဘနှင့်သားသမီးစပ်ကြား အဓိပ္ပာယ်လေးနက်စွာဆက်သွယ်ခြင်း ပါဝင်သည်။bကျွန်ုပ်တို့၏ပျော်ရွှင်မှုများ၊ တွေ့ကြုံမှုများနှင့် ပြဿနာများကို တင်ပြပြောဆိုခြင်းငှာ တစ်ဦးကိုတစ်ဦး စကားစမြည်ပြောဆိုရာတွင် အချိန်နှင့်ပါးနပ်လိမ္မာမှုအသုံးပြုရန် လိုပါသည်။—၁ ကောရိန္သု ၁၃:၄-၈; ယာကုပ် ၁:၁၉။
၁၈။ (က) ဆက်သွယ်မှုကို အများဆုံးတားဆီးသည့်အရာကား အဘယ်နည်း။ (ခ) အဓိပ္ပာယ်ပါသောဆက်ဆံရေးရှိရန် အဘယ်အရာလိုသနည်း။
၁၈ ဆက်သွယ်မှုကောင်းရှိရန် အချိန်နှင့်ကြိုးစားမှုလိုသည်။ သို့ပြုခြင်းငှာ တစ်ဦးကိုတစ်ဦး စကားစမြည်ပြောဆိုနားထောင်ရန် အချိန်ပေးဖို့လိုပါသည်။ ယင်းကို အများဆုံးအတားအဆီးဖြစ်စေသည့် အရာတစ်ခုမှာ အိမ်ထောင်အများတွင် ဂုဏ်တင်မြှောက်စားထားသော အချိန်များစွာကုန်ခန်းစေသည့်တီဗွီဖြစ်သည်။ ယင်းသည် စိန်ခေါ်ချက်ဖြစ်သည်။ တီဗွီသည် သင့်အားချုပ်ကိုင်ထားသလော။ သို့မဟုတ် ယင်းကို အသင်ထိန်းချုပ်နိုင်သလော။ တီဗွီကိုထိန်းချုပ်နိုင်ရန် ယင်းကို ပိတ်လိုက်နိုင်သည့် စိတ်တန်ခိုးအပါအဝင် အခိုင်အမာစိတ်ဆုံးဖြတ်နိုင်ဖို့လိုသည်။ သို့သော် ယင်းသို့ပြုလုပ်ခြင်းဖြင့် မိသားစုအနေနှင့်သော်လည်းကောင်း၊ ဝိညာဏညီအစ်ကို၊ ညီအစ်မများအနေနှင့်သော်လည်းကောင်း စည်းလုံးမှုရှိရန် လမ်းဖွင့်ပေးပါလိမ့်မည်။ အဓိပ္ပာယ်ပါသောဆက်ဆံရေးရှိရန် ဆက်သွယ်မှုကောင်းဖို့၊ တစ်ဦးကိုတစ်ဦး နားလည်သဘောပေါက်ဖို့၊ အချင်းချင်း၏လိုအပ်ရာများ၊ ပျော်ရွှင်မှုများကိုသိထားဖို့၊ ကျွန်ုပ်တို့အား ကျေးဇူးပြုထားသမျှကို မည်မျှတန်ဖိုးထားလေးမြတ်ကြောင်းကို အချင်းချင်းသိစေရန်လိုပါသည်။ တစ်နည်းပြောရမည်ဆိုလျှင် အဓိပ္ပာယ်ရှိရှိစကားစမြည်ပြောဆိုခြင်းဖြင့် သူတစ်ပါးကို အခွင့်အရေးယူမနေကြောင်း တင်ပြပါသည်။—သု၊ ၃၁:၂၈၊ ၂၉။
၁၉၊ ၂၀။ တစ်အိမ်ထောင်လုံးကို ချစ်မြတ်နိုးသည်ဆိုလျှင် ဘာလုပ်မည်နည်း။
၁၉ ထိုကြောင့် မယုံကြည်သူများဖြစ်သော ဆွေမျိုးများပါအပါအဝင် မိသားစုအသိုင်းအဝိုင်းအဝင်ဖြစ်သူများသည် တစ်ဦးကိုတစ်ဦးချစ်ခင်မည်ဆိုလျှင် ကျွန်ုပ်တို့၏ဝိညာဉ်ရေးကောင်းရန် များစွာတိုးပွားတည်ဆောက်ပေးနေပါလိမ့်မည်။ မိသားစုအသိုင်းအဝိုင်းတွင် ပေတရု၏သြဝါဒကို လိုက်နာနေပါလိမ့်မည်။ “သင်တို့အပေါင်းသည် စိတ်တညီတညွတ်တည်း ရှိကြလော့။ စိတ်ကြင်နာခြင်း၊ ညီအစ်ကိုချင်းကဲ့သို့ ချစ်ခြင်း၊ သနားစုံမက်ခြင်း၊ စိတ်နှိမ့်ချခြင်း ရှိကြလော့။ သင်တို့သည် ကောင်းချီးမင်္ဂလာကိုအမွေခံစေခြင်းအလိုငှာ ခေါ်တော်မူသောသူဖြစ်သည်ဟု သိမှတ်၍ အချင်းချင်းရန်တုံ့မမူ၊ ပြန်၍မကဲ့ရဲ့၊ မေတ္တာပို့ခြင်းကိုပြုကြလော့။”—၁ ပေတရု ၃:၈၊ ၉။
၂၀ ကျွန်ုပ်တို့၏ဝိညာဉ်ရေးကို ထိန်းသိမ်းထားရန် ကြိုးစားမည်ဆိုလျှင် ယေဟောဝါ၏ကောင်းချီးကို ခံစားနိုင်မည်။ ယင်းကြောင့် ပရဒိသုကမ္ဘာမြေကြီးပေါ် ထာဝရအသက်ဆုကို ကျွန်ုပ်တို့ရရှိသည့်အခါ အနာဂတ်ကာလတွင် ကိုယ်တော်ထံမှ ကောင်းချီးများခံစားရဖို့ အထောက်အကူပြုပေမည်။ တစ်ဦးကိုတစ်ဦး ဝိညာဉ်ရေးအရကူညီဖေးမပေးရန် မိသားစုလိုက် ပြုလုပ်နိုင်သည့် အခြားအရာများလည်းရှိပါသေးသည်။ နောက်ဆက်တွဲဆောင်းပါးတွင် မိသားစုလိုက် အတူတကွပေါင်းစည်းလုပ်ဆောင်ခြင်းမှရမည့် အကျိုးကျေးဇူးများကို ဆွေးနွေးပါမည်။—လုကာ ၂၃:၄၃; ဗျာဒိတ် ၂၁:၁-၄။
[အောက်ခြေမှတ်ချက်များ]
a ဝိညာဉ်ရေးရှိခြင်းမည်သည် “ဘာသာရေးဆိုင်ရာ မွန်မြတ်ရာများကို မြတ်နိုးခြင်း၊ တန်ဖိုးထားခြင်း၊ ဝိညာဏအရည်အချင်းရှိခြင်း၊ သို့မဟုတ် ဝိညာဉ်ရေးကောင်းခြင်း” ဟူ၍အနက်ဖွင့်ထားပါသည်။ (Webster’s Ninth New Collegiate Dictionary) ဝိညာဏလူသည် ဇာတိပကတိဖြစ်သော တိရစ္ဆာန်ကဲ့သို့သောသူနှင့် ဆန့်ကျင်ပါသည်။—၁ ကောရိန္သု ၂:၁၃-၁၆; ဂလာတိ ၅:၁၆၊ ၂၅; ယာကုပ် ၃:၁၄၊ ၁၅; ယုဒ ၁၉။
b မိသားစုဆက်သွယ်ရေးနှင့်ပတ်သက်၍ ထပ်ဆင့်အကြံဉာဏ်များအတွက် ၁၉၉၁ စက်တင်ဘာ ၁ ရက်ထုတ်၊ ကင်းမျှော်စင် စာမျက်နှာ ၁၈-၂၀ ရှု။
သင်မှတ်မိသလော
◻ ဝိညာဉ်ရေးရှိခြင်းမည်သည်ကား အဘယ်နည်း။
◻ အိမ်ထောင်ဦးစီးသည် ခရစ်တော်၏ပုံသက်သေကို မည်သို့အတုယူနိုင်သနည်း။
◻ ကျွန်ုပ်တို့၏ဝိညာဉ်ရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို မည်သို့ရှောင်ရှားနိုင်သနည်း။
◻ မိသားစု၏ ဝိညာဉ်ရေးကို အဘယ်အရာက တိုက်စားနိုင်သနည်း။
◻ အဓိပ္ပာယ်ပါစွာ ဆက်သွယ်မှုပြုခြင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
အသင်းတော်စာအုပ်ကြီးသင်တန်း တက်ရောက်ခြင်းက မိသားစုကို ဝိညာဉ်ရေးဘက် ကြံ့ခိုင်စေ