ယေဟောဝါမြတ်နိုးသောသိုးများကို နူးညံ့စွာ ထိန်းကျောင်းခြင်း
အကြီးအကဲများသည် စိတ်ပါလက်ပါဂရုစိုက်နားထောင်ကြသည်။ ဧဖက်မြို့မှ မိလက်မြို့သို့ မိုင် ၃၀ ခန့်ခရီးထွက်လာခဲ့၍ တမန်တော်ပေါလု၏ မှာကြားချက်များကို လက်ခံယူခဲ့ကြရာ ဤအကြိမ်သည် သူနှင့်ဆုံတွေ့ရမည့် နောက်ဆုံးအကြိမ်ဖြစ်လိမ့်မည်အကြောင်း ကြားသိကြသောအခါ အလွန်ဝမ်းနည်းနေကြသည်။ ထိုကြောင့် ဆက်လက်ပြောဆိုမည့်စကားများသည် အလွန်ပင်အရေးကြီးလိမ့်မည်အကြောင်း သူတို့သဘောပေါက်ကြပါသည်။ သားတော်၏ “အသွေးတော်ဖြင့် ဘုရားသခင်အပိုင်ရတော်မူသောအသင်းတော်ကို ထိန်းကျောင်းကြစေရန် သင်းအုပ် [ကြီးကြပ်မှူး၊ ကဘ] များအဖြစ် သန့်ရှင်းသောဝိညာဉ်တော် ခန့်ထားတော်မူသည့်အလျောက် သိုးတော်တစ်အုပ်လုံးကိုလည်းကောင်း၊ ကိုယ်ကိုလည်းကောင်း ဂရုပြုကြလော့။”—တမန်တော် ၂၀:၂၅၊ ၂၈၊ ၃၈၊ သမ။
သိုးထိန်းခြင်းနှင့်စပ်လျဉ်း၍ ပေါလုပြောလိုက်သည့်အကျဉ်းချုပ်စကားသည် ထိုဧဖက်အကြီးအကဲများ သိသင့်သိအပ်ရာအကြောင်းများစွာကို အမှန်ဖော်ပြပါသည်။ သူတို့သည် အနီးအနားရှိစားကျက်တွင် သိုးကျောင်းခြင်းလုပ်ငန်းနှင့် အကျွမ်းတဝင်ရှိကြသည်။ ဟေဗြဲကျမ်းစောင်များပါ သိုးထိန်းများနှင့်စပ်လျဉ်းသော အခြားကိုးကားချက် မြောက်မြားစွာတို့ကိုလည်း ကောင်းစွာသိထားကြသည်။ ယေဟောဝါရှင်က ကိုယ်တော်တိုင်အား လူမျိုးတော်၏သိုးထိန်းအဖြစ် ခိုင်းနှိုင်းထားကြောင်းကိုပါ သူတို့သိရှိကြသည်။—ဟေရှာယ ၄၀:၁၀၊ ၁၁။
ထိုကြောင့် ပေါလုက သူတို့အား “သိုးတော်တစ်အုပ်လုံး” တွင် “ကြီးကြပ်မှူးများ၊” “အသင်းတော်” ၏ “သိုးထိန်းများ” ဟုခေါ်ဆိုခဲ့ရခြင်းဖြစ်သည်။ “ကြီးကြပ်မှူးများ” ဟူသောစကားလုံးက သူတို့တာဝန်သည် အဘယ်သို့ဖြစ်ကြောင်းတင်ပြသည်မှန်သော်လည်း “သိုးထိန်း” ဟူသောစကားလုံးက ယင်းအုပ်ချုပ်မှုကို မည်သို့ဆောင်ရွက်ရမည်အကြောင်း ဖော်ပြပါသည်။ မှန်ပါသည်။ ကြီးကြပ်မှူးများသည် သိုးအုပ်ကို သိုးထိန်းဂရုပြုကြည့်ရှုသည်နည်းတူ အသင်းတော်အဝင် ယောက်စီယောက်တိုင်းကို ဂရုပြုရန်ဖြစ်သည်။
ယနေ့ အကြီးအကဲအနည်းငယ်သာ ပကတိသိုးများကိုထိန်းကျောင်းဖူးမည်။ သို့သော် သမ္မာကျမ်းစာက သိုးနှင့်သိုးထိန်းများအကြောင်း အထူးသဖြင့်ပုံဆောင်စကားဖြင့် ကြိမ်ဖန်များစွာဖော်ပြထားသည့်အတွက် ပေါလု၏စကားများသည် အချိန်မရွေးသက်ဆိုင်သည်။ ရှေးခေတ်က ဘုရားသခင်မျက်နှာသာရသိုးထိန်းများအကြောင်းမှလည်း များစွာသိရှိနိုင်ပါသည်။ ဘုရားသခင့်အသင်းတော်ကို ထိန်းကျောင်းပေးရာတွင် တိုးတက်ဖွံ့ဖြိုးရန် လိုသောအရည်အချင်းများကို သိမြင်ဖို့ သူတို့၏ ထူးခြားသောပုံသက်သေများက မျက်မှောက်ခေတ်အကြီးအကဲများကို အကူအညီပေးနိုင်ပါသည်။
ကြောက်ရွံ့ခြင်းမရှိသော သိုးထိန်းဒါဝိဒ်
ကျမ်းစာခေတ်ကသိုးထိန်းများအကြောင်း ကျွန်ုပ်တို့စဉ်းစားလိုက်သည့်အခါ ဒါဝိဒ်ကို သတိရပေမည်။ အကြောင်းမှာ သူ၏ဘဝကို သိုး ထိန်းကျောင်းခြင်းဖြင့် စတင်ခဲ့ပါသည်။ ဒါဝိဒ်၏ဘဝမှ ကျွန်ုပ်တို့ရသောသင်ခန်းစာတို့တွင် အဦးဆုံးသိရှိရသည်မှာ သိုးထိန်းအရာသည် ထင်ရှားကျော်ကြားသောအရာမဟုတ်ကြောင်းဖြစ်သည်။ အမှန်မှာ၊ ဣသရေလနိုင်ငံ၏ အနာဂတ်ဘုရင်အဖြစ် ယေရှဲ၏သားတစ်ဦးကို ဘိသိက်ပေးခြင်းငှာ ပရောဖက်ရှမွေလရောက်လာသောအခါ လူငယ်ဒါဝိဒ်ကို လုံးဝထည့်မတွက်ခဲ့ကြပါ။ သူ၏အစ်ကိုခုနစ်ဦးစလုံးကို ယေဟောဝါငြင်းပယ်ပြီးနောက်မှသာလျှင် “သိုးတို့ကိုထိန်းကျောင်း” နေသောဒါဝိဒ်နာမည် ပေါ်လာပါသည်။ (၁ ဓမ္မရာဇဝင် ၁၆:၁၀၊ ၁၁) မည်သို့ဆိုစေကာမူ၊ သိုးထိန်းအဖြစ် ဒါဝိဒ်အပင်ပန်းခံခဲ့သည့် အနှစ်နှစ်အလလတို့က ဣသရေလလူမျိုးကိုထိန်းကျောင်းပေးရန် ပင်ပန်းခက်ခဲသောလုပ်ငန်းအတွက် ကောင်းစွာပြင်ဆင်ပေးပါသည်။ “ဒါဝိဒ်ကို သိုးခြံများထဲက [ယေဟောဝါ] ရွေးယူတော်မူ၏။ . . . မိမိလူတည်းဟူသော ယာကုပ်အမျိုးသား . . . ကိုကျွေးမွေးစေခြင်းငှာ ခန့်ထားတော်မူ၏” ဟုဆာလံ ၇၈:၇၀၊ ၇၁ ကဆိုသည်။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည်ငါ၏သိုးထိန်းဖြစ်တော်မူ၏” ဟူသောစကားများနှင့်စတင်သော နာမည်ကျော် အလွန်နှစ်သက်ဖွယ် ၂၃ ခုမြောက် ဆာလံကိုဒါဝိဒ်ရေးသားခဲ့ခြင်းသည် လျောက်ပတ်ပေသည်။
ဒါဝိဒ်နည်းတူ ခရစ်ယာန်အသင်းတော်ရှိအကြီးအကဲများသည် နှိမ့်ချသောလက်ထောက်သိုးထိန်းများအဖြစ် ထင်ပေါ်ခြင်းကိုမရှာကြံဘဲ အမှုထမ်းသင့်ပါသည်။ တိမောသေအား တမန်တော်ပေါလုရေးခဲ့သကဲ့သို့ပင် ဤသိုးထိန်းခြင်းတာဝန်ကို ရယူရန်ကြိုးစားနေသူများသည် “ကောင်းသောအမှုအရာကိုတောင်းတ”နေ၏။—၁ တိမောသေ ၃:၁။
ဒါဝိဒ်၏သိုးထိန်းအလုပ်သည် အောက်ကျနောက်ကျအလုပ်ဖြစ်သည်မှန်သော်လည်း ရဲစွမ်းသတ္တိများစွာတင်ပြဖို့ လိုသည့်အခါများ ရှိသည်။ ဥပမာ၊ ဖခင်၏သိုးအုပ်မှသိုးများကို တစ်ခါတွင် ခြင်္သေ့တစ်ကောင်၊ နောင်တစ်ကြိမ်တွင် ဝက်ဝံတစ်ကောင် ချီသွားသောအခါ ထိုသားရဲများကို ရဲရင့်စွာဖြင့် ဒါဝိဒ်ရင်ဆိုင်သတ်ဖြတ်ခဲ့သည်။ (၁ ဓမ္မရာဇဝင် ၁၇:၃၄-၃၆) ခြင်္သေ့သည် မိမိထက်များစွာကြီးမားသောတိရစ္ဆာန်တို့ကို သတ်ပစ်နိုင်စွမ်းရှိကြောင်းကိုထောက်ရှုလျှင် ထိုသို့ပြုခြင်းငှာ ပြောင်မြောက်သောသတ္တိလိုပါသည်။ ပါလက်စတိုင်းနိုင်ငံတွင်ကျက်စားခဲ့သော ပေါင် ၃၁၀ ခန့်အထိရှိ ဆီးရီးယန်းဝက်ဝံညိုသည် သမင်တစ်ကောင်ကို သူ၏အင်အားကြီး လက်တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်ပါသည်။
ဖခင်၏သိုးများကို ဒါဝိဒ်သတ္တိရှိရှိကြည့်ရှုခဲ့ခြင်းသည် ခရစ်ယာန်အသင်းတော်ရှိ သိုးထိန်းများအတွက် ပုံသက်သေကောင်းဖြစ်ပါသည်။ “သိုးများကိုမသနား” သည့် “ကြမ်းတမ်းသောတောခွေး” များပေါ်လာမည့်အကြောင်း ဧဖက်အကြီးအကဲတို့အား တမန်တော်ပေါလု သတိပေးခဲ့ပါသည်။ (တမန်တော် ၂၀:၂၉) မျက်မှောက်ခေတ်တွင်လည်း ယေဟောဝါသိုးများ၏ ဝိညာဉ်ရေးကိုစောင့်ရှောက်ပြုစုပေးရန် ခရစ်ယာန်သိုးထိန်းများသည် သတ္တိပြကြရမည့်အခါများ ပေါ်ပေါက်လာလိမ့်မည်။
သိုးများကို ရဲစွမ်းသတ္တိဖြင့် ကာကွယ်ပေးစဉ် သူတို့အား မေတ္တာရှိသိုးထိန်းဒါဝိဒ်နှင့် ကောင်းသောသိုးထိန်းယေရှုခရစ်တို့ကိုတုပသော အတတ်နိုင်ဆုံးနူးညံ့မှုဖြင့်လည်း ဆက်ဆံပေးသင့်သည်။ (ယောဟန် ၁၀:၁၁) သိုးတော်စုကို ယေဟောဝါပိုင်သတော်မူကြောင်း အသိအမှတ်ပြုကာ အကြီးအကဲများသည် “ဘုရားသခင်ပိုင်ဆိုင်ရာတော်ကို အာဏာထား၍အစိုးတရပြုသည်မဟုတ်။” ခက်ထန်စွာ ဘယ်သောအခါမျှ ဆက်ဆံမည်မဟုတ်ပါ။ ၁ ပေတရု ၅:၂၊ ၃၊ ကဘ။ မဿဲ ၁၁:၂၈-၃၀၊ ၂၀:၂၅-၂၇။
စာရင်းရှင်းခြင်း
ဘိုးဘေးယာကုပ်လည်း ထင်ရှားသောသိုးထိန်းတစ်ပါးဖြစ်ပါသည်။ မိမိသည် သိုးတစ်ကောင်စီ၏ တာဝန်ခံဖြစ်သည်ဟု သူယူမှတ်ပါသည်။ ယောက္ခမ လာဘန်၏သိုးအုပ်များကို တာဝန်ကျေပြွန်စွာ ထိန်းကျောင်းပေးခဲ့သည့်အတွက် နှစ်ပေါင်း ၂၀ စေစားခံပြီးနောက် ယာကုပ်ဤသို့ဆိုနိုင်ခဲ့သည်။ “သင်၏သိုးမ၊ ဆိတ်မတို့သည် ဝမ်းပိုး မပျက်။ ဆိတ်ထီး၊ သိုးထီးတို့ကို ကျွန်ုပ်မစား။ သားရဲကိုက်သတ်သောအကောင်ကို သင့်ထံသို့ ကျွန်ုပ်မဆောင်ခဲ့။ ကိုယ်အရှုံးခံရ၏။ နေ့မှာခိုးသည်ဖြစ်စေ၊ ညမှာခိုးသည်ဖြစ်စေ သင်သည် ကျွန်ုပ်တွင် အစားတောင်းလေ့ရှိ၏။”—ကမ္ဘာဦး ၃၁:၃၈၊ ၃၉။
ကျွန်ုပ်တို့၏ကြီးမြတ်သောသိုးထိန်း၊ ယေဟောဝါဘုရားသခင်သည် “မိမိသားတော်၏အသွေးတော်ဖြင့် ဘုရားသခင်ဝယ်ယူတော်မူသော” သိုးများကို ခရစ်ယာန်ကြီးကြပ်မှူးများသည် ထိုထက်မကစိုးရိမ်တကြီးဖြစ်ကြသည်။ (တမန်တော် ၂၀:၂၈၊ ကဘ။ ၁ ပေတရု ၂:၂၅။ ၅:၄) အသင်းတော်တွင် ဦးစီးဦးဆောင်ရသောအမျိုးသားများသည် “အစီရင်ခံရမည့်သူကဲ့သို့ သင်တို့၏အသက်ဝိညာဉ်အတွက် စောင့်ကြပ်လျက်နေကြသည်” ဟု ဟေဗြဲခရစ်ယာန်များအား သတိပေးသောအခါ ဤကြီးလေးသောတာဝန်အကြောင်း ပေါလုအလေးအနက်ဖော်ပြခဲ့ပါသည်။—ဟေဗြဲ ၁၃:၁၇၊ ကဘ။
သိုးထိန်းလုပ်ငန်း၌ အချိန်အကန့်အသတ်နှင့်မရှိကြောင်း ယာကုပ်၏အဖြစ်အပျက်ကလည်း တင်ပြပါသည်။ နေ့ရောညပါထိန်းကျောင်းပေးရ၍ မကြာခဏကိုယ်ကျိုးစွန့်လုပ်ဆောင်ရန်လိုအပ်သည်။ လာဘန်အား သူဤသို့ဆိုသည်။ “နေ့အချိန်၌လည်း နေပူကိုလည်းကောင်း၊ ညအချိန်၌လည်း နှင်းခဲကိုလည်းကောင်း ခံရပြီ။ အအိပ်ပျက်ခြင်းကိုလည်း ခံရပြီ။”—ကမ္ဘာဦး ၃၁:၄၀။
အောက်ပါတွေ့ကြုံမှုဖော်ပြသည့်အတိုင်း ယနေ့ခရစ်ယာန်အကြီးအကဲများစွာသည် ထိုအတိုင်းပင်မေတ္တာ တင်ပြနေကြပါသည်။ ဦးနှောက်မြင်းကို ခွဲထုတ်စစ်ဆေးပြီးနောက် ဆင့်ပွားရောဂါများဖြစ်ပေါ်ခဲ့ရာ မခြားမလပ်ပြုစုပေးသည့်အခန်းတွင် ညီအစ်ကိုတစ်ဦးအား ဆေးရုံတင်လိုက်ရပါသည်။ သူ၏မိသားစုက နေ့ညမပြတ် ဆေးရုံတွင် သူနှင့်အတူရှိနေရန် စီစဉ်သည်။ လိုအပ်သောစိတ်ဓာတ်ရေးအကူအညီနှင့် အားပေးမှုအတွက် ဒေသခံအကြီးအကဲတစ်ဦးသည် အလွန်အလုပ်များသည့်အစီအစဉ်ကိုပြုပြင်လိုက်ခြင်းဖြင့် လူနာနှင့်သူ၏မိသားစုထံ နေ့တိုင်းသွားရောက်လည်ပတ်နိုင်ခဲ့ပါသည်။ သို့သော် ဆေးရုံ၏ မခြားမလပ်ပြုစုခြင်းအစီအစဉ်ကြောင့် နေ့အချိန်တွင် သွားရောက်တွေ့ဆုံအားပေးရန် သူ့အတွက် အဆင်မပြေပါ။ ယင်းကြောင့် အကြီးအကဲသည် ညဉ့်နက်မှသွားတွေ့ဆုံရသည့်အခါပေါင်း များစွာရှိပါသည်။ မည်သို့ဆိုစေ ဝမ်းသာစွာဖြင့် ညပိုင်းတွင် အကြိမ်ကြိမ်လည်ပတ်သွားခဲ့ပါသည်။ “ကျွန်တော့်အတွက်အဆင်ပြေတဲ့အချိန်မှာမဟုတ်ဘဲ လူနာအတွက် အဆင်ပြေတဲ့အချိန်မှာ ကျွန်တော်သွားတွေ့ရမယ်လို့ သိထားတယ်” ဟုအကြီးအကဲပြောပါသည်။ ဆေးရုံတွင် အခြားအခန်းသို့ရွှေ့ပြောင်းနိုင်သည့်အခြေအနေသို့ တိုးတက်လာသည့်အခါတွင်လည်း ညီအစ်ကိုထံ အကြီးအကဲသည် နေ့စဉ်သွားရောက်အားပေးခဲ့ပါသည်။
သိုးထိန်းအဖြစ် မောရှေတတ်သိလာသည့် သင်ခန်းစာ
မောရှေသည် “မြေကြီးပေါ်မှာရှိနေသောသူအပေါင်းတို့ထက် သာ၍နူးညံ့သိမ်မွေ့သောသဘောရှိ၏” ဟုသမ္မာကျမ်းစာက ဖော်ပြပါသည်။ (တောလည်ရာ ၁၂:၃) သို့ရာတွင် ထိုသို့အမြဲဖြစ်ခဲ့သည်မဟုတ်ပါ။ လူငယ်ဖြစ်စဉ်က ဣသရေလအမျိုးသားချင်းတစ်ဦးကို ရိုက်ပုတ်ခဲ့သော အီဂျစ်အမျိုးသားတစ်ဦးကို သူသတ်ပစ်ခဲ့ဖူးသည်။ (ထွက်မြောက်ရာ ၂:၁၁၊ ၁၂) ယင်းက နူးညံ့သိမ်မွေ့သူတစ်ဦး၏အပြုအမူ အဘယ်နည်းဖြင့်မျှ မဟုတ်ချေ။ သို့တိုင် သန်းပေါင်းများစွာရှိသော လူမျိုးတစ်မျိုးကို ကတိထားရာပြည်သို့ တောအရပ်တွင်ဦးဆောင်ပေးရန် နောက်ပိုင်း၌ မောရှေအား ဘုရားသခင်အသုံးပြုတော်မူလိမ့်မည်။ ယင်းအတွက် မောရှေအား ထပ်ဆင့်လေ့ကျင့်ပေးရန်လိုအပ်မည်အကြောင်း ထင်ရှားနေပါသည်။
“အဲဂုတ္တုအတတ်ပညာအလုံးစုံတို့ကို” မောရှေတတ်မြောက်ခဲ့နှင့်ပြီမှန်သော်လည်း ယေဟောဝါ၏သိုးတော်စုကို ထိန်းကျောင်းပေးရန် ထိုထက်မက လိုအပ်နေပါသည်။ (တမန်တော် ၇:၂၂) ထပ်ဆင့်လေ့ကျင့်ပေးမှုကို အဘယ်ပုံစံဖြင့် ရလိမ့်မည်နည်း။ မိဒျန်ပြည်တွင် သာမန်သိုးထိန်းတစ်ဦးအဖြစ် နှစ်ပေါင်း ၄၀ မောရှေလုပ်ကိုင်နေထိုင်ရန် ဘုရားသခင်ခွင့်ပြုခဲ့သည်။ ယောက္ခမ ယေသရော၏သိုးအုပ်များကို မောရှေထိန်းကျောင်းပေးနေစဉ် သူသည် စိတ်ရှည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ နှိမ့်ချခြင်း၊ သည်းခံခြင်း၊ သနားကြင်နာခြင်းနှင့် စိတ်ချုပ်တည်းခြင်း အစရှိသည့် အရည်အချင်းကောင်းများကို မွေးမြူနိုင်ခဲ့သည်။ ထို့ပြင် ယေဟောဝါကို စောင့်မျှော်တတ်လာပါသည်။ မှန်ပေသည်။ ပကတိသိုးများကို ထိန်းကျောင်းရခြင်းအားဖြင့် ဣသရေလလူမျိုးကို ကျွမ်းကျင်စွာထိန်းကျောင်းပေးရန် မောရှေအရည်အချင်းရှိလာပါသည်။—ထွက်မြောက်ရာ ၂:၁၅–၃:၁။ တမန်တော် ၇:၂၉၊ ၃၀။
ယနေ့ ဘုရားသခင့်လူမျိုးကို ကြည့်ရှုပြုစုပေးရန် အကြီးအကဲတစ်ဦးသည် ထပ်တူအရည်အချင်းများ လိုအပ်သည်မဟုတ်လော။ မှန်ပါသည်။ အကြောင်းမှာ တိမောသေအား ပေါလု ဤသို့သတိပေးခဲ့သည်။ “သခင်ဘုရား၏ကျွန်သည် . . . ခပ်သိမ်းသောသူတို့အား ဖြည်းညှင်းစွာပြုသောသူ၊ ဆုံးမသြဝါဒပေးခြင်းအမှု၌ လိမ္မာသောသူ၊ သည်းခံနိုင်သောသူဖြစ်ရမည်။ ဆီးတားငြင်းခုံသောသူတို့ကို နူးညံ့သိမ်မွေ့စွာဆုံးမရမည်။”—၂ တိမောသေ ၂:၂၄၊ ၂၅။
ဤအရည်အချင်းများကို အပြည့်အဝမွေးမြူရန် အခက်အခဲကြုံတွေ့သည့်အတွက် အကြီးအကဲအနေနှင့် စိတ်ဓာတ်ကျရသည့်အခါများ ရှိကောင်းရှိပေမည်။ မည်သို့ဆိုစေ လက်မလျှော့သင့်ပါ။ မောရှေနည်းတူပင် ကောင်းသောသိုးထိန်းတစ်ဦးဖြစ်ရန် လိုအပ်သောအရည်အချင်းများကို အပြည့်အဝရရှိရန် အချိန်ကြာမြင့်စွာယူရပေမည်။ သို့ရာတွင် အချိန်တန်သော် ဤသို့ကြိုးစားအားထုတ်မှုသည် အကျိုးပေးပါလိမ့်မည်။—၁ ပေတရု ၅:၁၀ နှိုင်းယှဉ်။
အကြီးအကဲတစ်ဦးအဖြစ် အသင်သည် အခြားသူများကဲ့သို့ အပြည့်အဝအသုံးမခံရဘဲ ဖြစ်ကောင်းဖြစ်နေမည်။ မောရှေနည်းတူပင် အရေးကြီးသောအရည်အချင်းများ ပိုမိုရှိလာရန် သင့်အား ယေဟောဝါအချိန်ပေးနေခြင်း ဖြစ်ကောင်းဖြစ်မည်လော။ ယေဟောဝါသည် သင့်အား “သတိနှင့်ကြည့်ရှု” နေတော်မူကြောင်းကို ဘယ်သောအခါမျှ မမေ့ပါနှင့်။ သို့ရာတွင် ‘ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင်ဆီးတားတော်မူပြီး စိတ်နှိမ့်ချသောသူတို့အား ကျေးဇူးပြုတော်မူသောကြောင့် အချင်းချင်း တစ်ယောက်အောက်တစ်ယောက် နှိမ့်ချလျက်နေ၍ နှိမ့်ချခြင်းတန်ဆာကိုဆင်” ဖို့လိုကြောင်းကိုလည်း သတိရနေသင့်သည်။ (၁ ပေတရု ၅:၅-၇) လက်တွေ့ကျင့်သုံးကာ ယေဟောဝါခွင့်ပြုသည့် လေ့ကျင့်မှုကို သင်လက်ခံမည်ဆိုလျှင် မောရှေနည်းတူပင် ကိုယ်တော်အတွက် အသင်သည် သာ၍အသုံးဝင်သူ ဖြစ်လာနိုင်ပါမည်။
ယေဟောဝါ၏သိုးအပေါင်းသည် တန်ဖိုးရှိ
ကျမ်းစာခေတ်က တာဝန်သိတတ်၍ မေတ္တာရှိသော သိုးထိန်းများသည် သိုးတိုင်းကိုဂရုစိုက်ပါသည်။ ဝိညာဏသိုးထိန်းများလည်း ထိုနည်းထပ်တူ ဖြစ်သင့်သည်။ “သိုးစုတစ်စုလုံးကို သတိနှင့်ကြည့်ရှုကြလော့” ဟူသည့် ပေါလု၏စကားများက ယင်းအချက်ကို ရှင်းလင်းစွာဖော်ပြပါသည်။ (တမန်တော် ၂၀:၂၈) “သိုးစုတစ်စုလုံး” တွင် မည်သူပါဝင်မည်နည်း။
သိုးအကောင်တစ်ရာရှိသော်လည်း ပျောက်သောသိုးတစ်ကောင်ကို သိုးအုပ်အတွင်း ပြန်ရောက်လာစေရန် ချက်ချင်းရှာဖွေခဲ့သောသူတစ်ဦးအကြောင်းကို ယေရှုသည် ဥပမာအားဖြင့် တင်ပြပြောဆိုခဲ့သည်။ (မဿဲ ၁၈:၁၂-၁၄။ လုကာ ၁၅:၃-၇) ထိုနည်းတူစွာ ကြီးကြပ်မှူးသည် အသင်းတော်သားတစ်ဦးစီကို စိုးရိမ်မကင်းဖြစ်သင့်သည်။ ဓမ္မအမှုတွင် မလှုပ်ရှား၊ ခရစ်ယာန်စည်းဝေးများကို မတက်သောသိုးသည် သိုးအုပ်အဝင်မဟုတ်တော့ ဟု အဓိပ္ပာယ်မသက်ရောက်ပါ။ ယေဟောဝါရှေ့ အကြီးအကဲများ “အစီရင်ခံရမည့်” “သိုးတော်စု” အဝင် သူတို့ဖြစ်ကြပါသည်။
အသင်းတော်နှင့်ပေါင်းသင်းခဲ့သူအချို့ မလှုပ်မရှားသောအဖြစ်သို့ တရွေ့ရွေ့ ရွေ့လျားနေကြသည့်အတွက် အကြီးအကဲများအဖွဲ့တစ်ဖွဲ့သည် အလွန်စိုးရိမ်မကင်းဖြစ်လာခဲ့ကြသည်။ ထိုအခါ ဤသူများ၏နာမည်စာရင်းကို ရေးဆွဲကြပြီး သူတို့ထံလည်ပတ်၍ ယေဟောဝါ၏သိုးတော်စုအတွင်းသို့ ပြန်လာကြဖို့ ကူညီပေးရန် အထူးကြိုးစားခဲ့ကြသည်။ နှစ်နှစ်ခွဲအကြာတွင် လူပေါင်း ၃၀ ကျော်ကို ယေဟောဝါ၏လုပ်ငန်းတော်၌ ပြန်လှုပ်ရှားစေရန် ကူညီပေးနိုင်ခဲ့သဖြင့် ဤအကြီးအကဲများသည် ဘုရားသခင်ကို အလွန်ကျေးဇူးတင်ခဲ့ကြသည်။ ဤသို့အကူအညီပေးခံရသူတို့တွင် တစ်ယောက်မှာ ၁၇ နှစ်ခန့် မလှုပ်မရှားဖြစ်နေခဲ့သူဖြစ်သည်။
သိုးများကို “မိမိသားတော်၏အသွေးတော်ဖြင့် ဘုရားသခင်ဝယ်ယူ” ထားတော်မူသည့်အကြောင်းက ဤတာဝန်သည် မည်မျှတာဝန်ကြီးကြောင်း ကြီးကြပ်မှူးများအား ထပ်၍စွဲမှတ်စေသည်။ (တမန်တော် ၂၀:၂၈၊ ကဘ) ဤတန်ဖိုးရှိသိုးများကိုဝယ်ခြင်းငှာ ဤအဖိုးအခထက်ကြီးမားသောအခ ပေးနိုင်စရာမရှိပါ။ သိုးကဲ့သို့သောသူတစ်ဦးစီကို ရှာဖွေတွေ့ရှိ၍ ကူညီပေးခြင်းငှာ ဓမ္မအမှု၌ပါဝင်ခဲ့ရသည့် အချိန်နှင့်အင်အားတို့ကိုလည်း စဉ်းစားကြည့်ပါလေ။ သူတို့အားလုံးသည် ဘုရားသခင့်သိုးတော်စုအတွင်း ဆက်ရှိနေစေရန် ထပ်တူပင်ကြိုးစားအားထုတ်သင့်သည် မဟုတ်လော။ အသင်းတော်ရှိ သိုးတိုင်းသည် တန်ဖိုးအမှန်ရှိပါသည်။
သိုးအုပ်အဝင်ဖြစ်သူတစ်ဦးသည် ကြီးလေးသောအပြစ်ပြုမိသည့်တိုင် အကြီးအကဲများ၏တာဝန်သည် မပြောင်းလဲပါ။ သူတို့သည် ဂရုစိုက်ကြည့်ရှုပေးရမည့် သိုးထိန်းများဆက်ဖြစ်နိုင်လျှင် ပြစ်မှားသူအား ကယ်တင်ပေးခြင်းငှာ ကြင်နာနူးညံ့စွာကူညီပေးရမည့်သူများ ဖြစ်ပါသည်။ (ဂလာတိ ၆:၁၊ ၂) ဝမ်းနည်းစရာကား တစ်ခါတစ်ရံ အသင်းသားတစ်ဦးသည် မိမိပြုမိသော ကြီးလေးသည့်အပြစ်များအတွက် ဘုရားရေးရာဝမ်းနည်းခြင်းမရှိပုံပေါက်ပါသည်။ ထိုအခါ ဤမသန့်ရှင်းသောသြဇာမှ သိုးအုပ်ကိုကာကွယ်ရန် မေတ္တာရှိသောသိုးထိန်းများ၌ ကျမ်းပေးတာဝန်ရှိပါသည်။— ၁ ကောရိန္သု ၅:၃-၇၊ ၁၁-၁၃။
သို့ဆိုသည့်တိုင် လမ်းလွဲနေသောသိုးများအား ကရုဏာပြသည့် စုံလင်သောပုံသက်သေကို ယေဟောဝါဘုရားသခင် တင်ပြပါသည်။ စာနာမှုရှိသိုးထိန်းတစ်ပါး ဤသို့ဆိုခဲ့ဖူးသည်။ “ပျောက်သောသိုးကို ငါရှာမည်။ သူတစ်ပါးနှင်သောသိုးကိုလိုက်၍ဆောင်ခဲ့မည်။ အရိုးကျိုးသောသိုးကို အဝတ်နှင့်စည်းမည်။ အားနည်းသောသိုးကို မစမည်။” (ယေဇကျေလ ၃၄:၁၅၊ ၁၆။ ယေရမိ ၃၁:၁၀) ဤထူးခြားသောပုံသက်သေကို အတုယူသည့်အနေနှင့် ကူညီမှုကို ခံယူကောင်းခံယူမည့် နှင်ထုတ်ခံထားသူများထံ မျက်မှောက်ခေတ် ဝိညာဏသိုးထိန်းများ သွားရောက်လည်ပတ်ပေးခြင်း မေတ္တာပါအစီအစဉ်ကို ပြုလုပ်ထားပါသည်။ ပျောက်သောသိုးတို့ကို ပြန်ရခြင်းငှာ ဤကရုဏာပါကြိုးစားအားထုတ်မှုများသည် အကျိုးများစွာ ဖြစ်ထွန်းခဲ့ပြီ။ ပြန်လက်သင့်ခံရသောညီအစ်မတစ်ဦးက “အကြီးအကဲများရောက်လာတဲ့အချိန်ဟာ ကျွန်မပြန်လာဖို့အတွက် လိုအပ်နေတဲ့ အားပေးမှုပဲဖြစ်ခဲ့ပါတယ်” ဟုပြောပြသည်။
မိလက်မြို့ရှိ ဧဖက်အကြီးအကဲများအား ပေါလုပြောဆိုခဲ့သောစကားများသည် ယုံမှားခြင်းမရှိဘဲ သူတို့အတွက်နှင့် ယနေ့ ကြီးကြပ်မှူးများအတွက်ပါ—အလွန်အဓိပ္ပာယ်လေးနက်ပါသည်။ သိုးထိန်းများကို သူကိုးကားဖော်ပြခြင်းက ကြီးကြပ်မှူးများ၌ထင်ရှားသင့်သော နှစ်မြို့ဖွယ်အရည်အချင်းများ—သိုးထိန်းဘုရင် ဒါဝိဒ်တင်ပြခဲ့သည့် နှိမ့်ချခြင်းနှင့်ရဲစွမ်းသတ္တိ၊ နေ့ညမပြတ် ယာကုပ်လုပ်ကိုင်ခဲ့ပုံ၌ထင်ရှားသည့် တာဝန်ကျေပွန်စွာ တယုတယကာကွယ်စောင့်ရှောက်ပေးခြင်း၊ မောရှေ၌ရှိခဲ့သော ထပ်ဆင့်လေ့ကျင့်မှုကို စိတ်ရှည်စွာလက်ခံယူရန် အသင့်ရှိသောစိတ်ထား အစရှိသည့် အရည်အချင်းများဖြစ်သည်။ ကျမ်းစာမှ ဤဥပမာများသည် အသင်းတော်အကြီးအကဲများအား လိုအပ်သည့်အရည်အချင်းများကို ပြုစုပျိုးထောင်၍ တင်ပြပေးရန် အကူအညီဖြစ်ပါလိမ့်မည်။ သို့မှသာ နူးညံ့စွာဖြင့် “မိမိသားတော်၏အသွေးတော်ဖြင့် ဘုရားသခင်ဝယ်ယူတော်မူသော အသင်းတော်ကိုထိန်းသိမ်း” နိုင်ကြလိမ့်မည်။