ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၃/၁၅ စာ. ၂၃-၂၆
  • ဗဟားမားနိုင်ငံတွင် သီးခြားအရာတစ်ခု တွေ့ရှိခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဗဟားမားနိုင်ငံတွင် သီးခြားအရာတစ်ခု တွေ့ရှိခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • သီးခြားအရာတစ်ခု တွေ့ရှိခြင်း
  • ကျွန်းသားများ လှိုက်လှဲစွာလက်ခံ
  • အနာဂတ်အတွက် အသင့်ရှိကြ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၃/၁၅ စာ. ၂၃-၂၆

ဗဟားမားနိုင်ငံတွင် သီးခြားအရာတစ်ခု တွေ့ရှိခြင်း

ဖလောရီဒါပြည်နယ်နှင့်ကျူးဘားနိုင်ငံကြားရှိ မိုးပြာရောင်ပင်လယ်တစ်လျှောက် ခုတုံးများနှင့်တူသော ဗဟားမားကျွန်းစုသည် ၁၉၉၂ ခုနှစ်တွင် တစ်ခါနှင့်မျှမတူ စာနယ်ဇင်းတွင် ဂရုပြုခံခဲ့ရသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ၊ အမေရိကတိုက်ကို ပထမအကြိမ် တွေ့ရှိခဲ့သည့် ၁၄၉၂ ခုနှစ်က ခရစ္စတိုဖာကိုလံဘတ်စ်၏ သမိုင်းဝင်ခရီးစဉ်တွင် ဗဟားမားကျွန်းစုပေါ် သူဦးဆုံးခြေချခဲ့သည်ဟု အာဏာပိုင်အများ ယူဆကြသောကြောင့်ဖြစ်သည်။ ကိုလံဘတ်စ် ကုန်းပေါ်တက်ခဲ့သည့် အောက်တိုဘာ ၁၂ ရက်နေ့၊ နှစ်ပေါင်း ၅၀၀ ပြည့်ပွဲကို နိုင်ငံပေါင်းစုံ အာရုံစူးစိုက် စိတ်ဝင်စားခဲ့ကြသည်။

သို့သော် နှစ်ပေါင်း ၅၀၀ ပြည့်ပွဲဆိုင်ရာ စိတ်ထက်သန်မှုကို သားပုပ်လေလွင့်ပြောဆိုခြင်းလည်းရှိပါသည်။ လူမည်းရှေ့နေများ၏ ၂၃ ကြိမ်မြောက် အမျိုးသားညီလာခံတွင် မိန့်ခွန်းပြောဆိုရာ၌ (အပြည်ပြည်ဆိုင်ရာသုံးသပ်ချက်များ၏ ပါမောက္ခ) ဂျောန် ကရူးက ကိုလံဘတ်စ်သည် “ကာရစ်ဘီယံကျွန်းစုတွင် သတ်ပွဲများအုံကြွ လာစေကြောင်း” ဆိုသည်။—The Nassau Guardian.

ယနေ့ ဗဟားမားကျွန်းစုရှိ တိုင်းရင်းသား ၂၅၀,၀၀၀ အနက်တစ်ယောက်မျှသည် ကိုလံဘတ်စ်တွေ့ဆုံခဲ့သော “ပြေပြစ်ချောမောလှပသည့်မျက်နှာပိုင်ရှင် လုံးကြီးပေါက်လှများ” ဟုဖော်ပြခံရသော ငြိမ်းချမ်းသူတို့နှင့် သွေးရင်းတော်စပ်ကြောင်း လုံးဝမဖော်ပြနိုင်ကြချေ။ ထိုကျွန်းသားများ အဘယ်သို့ ဖြစ်သွားပါသနည်း။ A History of the Bahamas ကဤသို့အဖြေပေးသည်။ “၁၅၀၀ နှင့် ၁၅၂၀ ခုနှစ်ပိုင်းအတွင်း ဗဟားမားကျွန်းစုမှ တိုင်းရင်းသားများဖြစ်သူ လူကင်ယန် ၂၀,၀၀၀ ခန့်ရှိသူအားလုံးကို ဟစ္စပဲန်နီအိုလာကျွန်းစွယ်သို့ ခေါ်ဆောင်သွားကာ” စပိန်နိုင်ငံပိုင် ရွှေတွင်းများ၌ ကျွန်များအဖြစ် အလုပ်ခိုင်းစေခဲ့သည်။

ဤသို့ လူဦးရေလျော့နည်းရာမှ ဗဟားမားကျွန်းစုကို ဦးဆုံး ဗြိတိသျှလူမျိုး၊ နောင်တွင် “သစ္စာစောင့်” တပ်ဖွဲ့အများက “ပြန်တွေ့ရှိ” သည်။ နောက်အဖွဲ့မှာ အမေရိကန်ကိုလိုနီနယ်များမှ အများအားဖြင့် လယ်ယာပိုင်ရှင်များ ဖြစ်ကြသည်။ သူတို့သည် ဗြိတိသျှနိုင်ငံကို ကျေးဇူးသစ္စာစောင့်သူများဖြစ်ကြရာ ပြည်မတွင် တိုက်ခိုက်နေသည့် လွတ်လပ်ရေးစစ်ပွဲကို ရှောင်တိမ်းခဲ့ကြသည်။ ယနေ့ ဗဟားမားတိုင်းရင်းသားများသည် အဓိကအားဖြင့် ဤသို့အခြေချခဲ့သူများနှင့် သူတို့၏ကျွန်များမှ ဆင်းသက်လာခဲ့သူများ ဖြစ်ကြပါသည်။ ကျွန်အများသည် လူလွတ်ဖြစ်လာကြသောအခါ သူတို့သခင်များ၏အမည်နာမကို ဆက်ခံယူကြပါသည်။

သီးခြားအရာတစ်ခု တွေ့ရှိခြင်း

ကိုလံဘတ်စ်သည် မိမိကိုယ်ကို သာသာနာပြုတစ်ဦးကဲ့သို့ ယူမှတ်ခဲ့ကြောင်း ထင်ရှားပါသည်။ သူက “ဘုရားသခင်သည် အကျွန်ုပ်အား ကောင်းကင်သစ်နှင့်မြေကြီးသစ်၏ စေတမန်အဖြစ် အသုံးပြုတော်မူ၏။ . . . ယင်းကိုရှာတွေ့ရန် ကိုယ်တော်ညွှန်ကြားတော်မူခဲ့သည်” ဟုဆိုခဲ့ကြောင်း။ သို့သော် ယင်းကြောင့်ဖြစ်ပွားခဲ့သော ပျက်စီးခြင်းဘေးသည် ထိုသို့မဟုတ်ကြောင်း ထင်ရှားသည်။ ဘုရားသခင့်ကတိတော်နှင့်အညီ ဖြောင့်မတ်ခြင်းတရားတည်ရှိရာ ‘ကောင်းကင်သစ်နှင့်မြေကြီးသစ်’ ၏ထူးခြားသောတွေ့ရှိခြင်းကိုမူကား စောင့်မျှော်ကြရမည်ဖြစ်သည်။—၂ ပေတရု ၃:၁၃။

၁၉၂၆ ခုနှစ်တွင် အဲဒဝါဒ် မကင်ဇီနှင့် သူ၏ဇနီးသည် ဗဟားမားကျွန်းစုသို့ရောက်ရှိလာသည်။ သူတို့အရင်က ရှာဖွေတွေ့ရှိသူများနှင့်မတူ နှိမ့်ချမှုရှိ ဤဂျမေကာလူမျိုးမောင်နှံစုံသည် ဘဏ္ဍာတိုက်ကိုမျှဝေ ပေးရာ လက်ခံယူမည့် စိတ်နှလုံးရိုးသားသူများကို ရှာတွေ့လိုကြပါသည်။ ဗဟားမားကျွန်းစုသို့ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို သူတို့ ဦးဦးဆုံး ယူဆောင်ခဲ့ကြသည်။ (မဿဲ ၁၃:၄၄။ ၂၄:၁၄) ထိုနှစ်အတွင်း အခြားဂျမေကာလူမျိုးများဖြစ်သော ကလဲရင့်စ် ဝေါလ်တာစ်နှင့် ရေချယ်လ် ဂရက်ဂိုရီတို့ ရောက်လာပါသည်။ ၁၉၂၈ ခုနှစ်တိုင်သော် ဗဟားမားကျွန်းစုတွင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ကြေညာသူ ခုနစ်ဦးရှိလေသည်။ လေးနှစ်လုံးလုံး ကျွန်းသားများအား သတင်းကောင်းကို ကြိုးစားပမ်းစား ဟောပြောခဲ့ကြသည်။

ထိုနောက် ထရီနီဒက်နိုင်ငံမှ ပိုင်နိုင်စွာဟောပြောသူ အီး၊ ပီ၊ ရောဘတ်စ် ရောက်လာပါသည်။ လူအများသုံး စည်းဝေးခန်းမများ၌ သူ၏လူထုဟောပြောချက်များသည် မှောက်မှားသောအယူများစွာကို ပပျောက်စေ၍ ကျမ်းစာမှသမ္မာတရားဖြင့် လူများစွာ၏နှလုံးကို ထိမိစေခဲ့သည်။ ဤစည်းဝေးများအနက် တစ်ခုတွင် အာရုံစူးစိုက်နားထောင်ခဲ့သူတစ်ဦးမှာ ဒီ၊ အိုဟု ချစ်စနိုး အခေါ်ခံလာရသူ ဒေါ်နယ် အော်စကာ မာရေးဆိုသူဖြစ်သည်။ နောက်ပိုင်းတွင် လုပ်ငန်းတော်ကို ဤသူဦးဆောင်ထမ်းရွက်ခဲ့သည်။

ဟောပြောခြင်းလုပ်ငန်းအတွက် အကူအညီရရှိရန် စိတ်ထက်သန်စွာ မည်သို့ဆုတောင်းခဲ့ကြောင်း ဒီ၊ အို၊ မာရေးပြောပြသည့်စကားများကို သာသနာပြုသူ နန်စီ ပေါ်တာသည် ကောင်းစွာသတိရပါသည်။ ၁၉၄၇ ခုနှစ်တွင် ဗဟားမားကျွန်းစုသို့ ကင်းမျှော်စင်အသင်းသည် နန်စီနှင့်သူ၏ခင်ပွန်းဖြစ်သူ ဂျော့ဂျ်တို့နှင့်အတူ အခြားသူနှစ်ဦးကိုပါ ပထမသာသနာပြုများအဖြစ် စေလွှတ်ခဲ့ပါသည်။ “ကျွန်မတို့ ဦးဆုံးတက်ခဲ့တဲ့ အစည်းအဝေးကို ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ဖူး။ အဲ့ဒီတုန်းက ကိုးယောက်ဆယ်ယောက်လောက်ပဲရှိတယ်။ ညီအစ်ကို မာရေးက သဘာပတိအနေနဲ့ သာသနာပြုများ ရောက်လာတဲ့အတွက် ယေဟောဝါကိုကျေးဇူးတင်တဲ့အကြောင်း ဆုတောင်းပြီး စည်းဝေးစခဲ့တယ်။ သူက အကူအညီလိုခဲ့လို့ ‘ဆုတောင်းခဲ့တာလဲ ကြာခဲ့ပြီ’ တဲ့။ အသင်းမလည်း ကူညီပေးမယ်လို့ပြောတဲ့အတိုင်း အခုအကူအညီရောက်လာပြီတဲ့။ သူ့ဆုတောင်းချက်ဟာ တကယ်စိတ်လှုပ်ရှားစရာကောင်းတယ်။ ကျွန်မတို့ ဒီမှာပဲအမြဲနေသွားချင်စိတ် ပေါ်စေခဲ့တယ်” ဟုသူမပြောပါသည်။ ယခု ၄၅ နှစ်ကုန်လွန်ပြီး ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ညီအစ်မပေါ်တာသည် နှစ်သိမ့်မှုပေးသော ဘုရားသခင့်နိုင်ငံတော်သတင်းကို ထိုကျွန်းသားများအား ဟောပြောနေဆဲရှိသည်။

အထူးသဖြင့် ၁၉၄၇ ခုနှစ်တွင် သင်္ဘောဖြင့် ကျွန်းများသို့လည်ပတ်ခဲ့သော အချိန်ပြည့်ဓမ္မအမှုဆောင်များနှင့် အခြားသူများ၏လုပ်ငန်းကြောင့် ဗဟားမားကျွန်းစုတွင် ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောခြင်းလုပ်ငန်းသည် များစွာအကျိုးဖြစ်ထွန်းခဲ့ပြီ။ သူတို့သည် အန္တရာယ်ထူပြောသော သဲသောင်ပြင်များနှင့် ရေတိမ်အရပ်များကြား မကြာခဏရေလမ်းခရီးသွားခဲ့ကြပြီး လူသူအရောက်နည်းသော ရပ်ကွက်များထံ သတင်းကောင်းသယ်ဆောင်သွားခြင်းငှာ ရေထဲဆင်း၍ လျှောက်သွားကြရသည်။ ထိုသို့ အစောပိုင်းအချိန်တွင် ကြိုးစားခဲ့သည့်အတွက် ယနေ့တိုင် အသီးသီးနေဆဲရှိသည်။

၁၉၅၀ သည်မှတ်သားလောက်သောနှစ် ဖြစ်ခဲ့ပါသည်။ ထိုနှစ် ဒီဇင်ဘာလတွင် ထိုစဉ်က ကင်းမျှော်စင်အသင်း၏ဥက္ကဌ နေသန် အိပ်ချ်၊ နော်ရ်နှင့် သူ၏အတွင်းရေးမှူး မီလ်တန် ဂျီ၊ ဟင်ရှယ်သည် ဗဟားမားကျွန်းစုသို့ ပထမဦးဆုံးအကြိမ် လည်ပတ်ရောက်ရှိလာခဲ့သည်။ ဂျေးလ် အဲလီလမ်းရှိ သစ်သားအိမ်ငယ်၊ မိခင်များအသင်း၏ခန်းမတွင် ပြည့်ကျပ်နေသောလူပေါင်း ၃၁၂ ယောက်အား နောရ်ဟောပြောခဲ့သည်။ ပါလီမန်ဝင်တစ်ဦးနှင့် နေ့စဉ်သတင်းစာ၏ အယ်ဒီတာတစ်ဦးအပါအဝင် မြို့မျက်နှာဖုံးလူကြီးပိုင်းမှလူအချို့ တက်ရောက်ခဲ့ကြသည်။ ဗဟားမားကျွန်းစုတွင် အသင်း၏ဌာနခွဲရုံး တည်ထောင်ပေးမည့်အကြောင်း ထိုညတွင် ညီအစ်ကိုနောရ်ကြေညာခဲ့ပါသည်။

ကျွန်းသားများ လှိုက်လှဲစွာလက်ခံ

ဘုရားသခင့်နိုင်ငံတော်သတင်းကို ဖော်ရွေသော ဗဟားမားကျွန်းသားများသည် အများအားဖြင့် နားထောင်ကြပါသည်။ သို့ ဖြစ်၍ပင် သူတို့အားလုံးထံ သတင်းကောင်းရောက်ရှိစေရန် စိန်ခေါ်ချက်တစ်ခုဖြစ်ပါသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ၊ လူအများစုသည် နာစောမြို့တော်နှင့် အနီးနားရှိ ဗဟားမားကျွန်းကြီးများပေါ် နေထိုင်ကြသည်မှန်သော်လည်း အခြားသူများသည် ဤဗဟားမားကျွန်းစုအဝင်ဖြစ်သည့် ကျွန်းကြီး ၁၅ ခုနှင့် ကျွန်းငယ် ၇၀၀ အပြင် သန္တာကျွန်းလေးများပေါ်နေထိုင်ကြသည်။

အကူအညီလိုကြောင်းကိုတွေ့ရှိကြ၍ ဒေသခံသက်သေခံများအပြင် အခြားအရပ်များမှ သက်သေခံများစွာတို့သည် ဟောပြောခြင်းလုပ်ငန်း၌ ကူညီပေးခြင်းငှာ ကျွန်းငယ်များရှိ ရပ်ကွက်များထံ ရွှေ့ပြောင်းနေထိုင်သူ တိုးများလာနေပါသည်။ ဤသို့ ပြုခြင်းငှာ သူတို့သည် အတော်အတန်ကိုယ်ကျိုးစွန့်၍ အကုန်အကျများစွာခံခဲ့ကြသည့်အတွက် ချီးကျူးစရာကောင်းပါသည်။ သို့သော် သူတို့၏ ကြိုးပမ်းအားထုတ်မှုကြောင့် များစွာအကျိုးဖြစ်ထွန်းခဲ့ပြီ။

ငယ်ရွယ်သောမောင်နှံစုံတစ်စုံသည် အန်ဒရော့စ်ကျွန်းကြီးသို့ ရွှေ့ပြောင်းနေထိုင်ကြသည်။ တစ်အိမ်မှတစ်အိမ်ဟောပြောကြစဉ် ဟေတီကျွန်းမှ ရွှေ့ပြောင်းလာသူတစ်ဦးနှင့် သူတို့တွေ့ဆုံသည်။ ဗဟားမားကျွန်းတွင် ဤကဲ့သို့သောသူ ထောင်ပေါင်းများစွာရှိပါသည်။ ထိုဟေတီသားသည် အိမ်တွင်းကျမ်းစာသင်အံမှုကို ချက်ချင်းလက်ခံခဲ့သည်။ ထိုနေ့ရက် ညတွင်ပင် အင်္ဂလိပ်နှင့်ပြင်သစ်ဘာသာစကားဖြင့် သင်သည် ကမ္ဘာ့ပရဒိသုတွင် ထာဝစဉ်အသက်ရှိနိုင်သည် စာအုပ်ကိုအသုံးပြုကာ သင်အံမှုစတင်ခဲ့သည်။ နောက်နေ့ညနေချိန်တွင် ခရစ်ယာန်စည်းဝေးပွဲကို သူပထမအကြိမ် တက်ရောက်လေသည်။ မကြာမီပင် ဆေးလိပ်ဖြတ်၍ အလျင်အမြန်တိုးတက်ခဲ့ရာ ဟောပြောခြင်းလုပ်ငန်းတွင် စတင်ပါဝင်လေသည်။

ဤအမျိုးသားနှစ်ခြင်းယူမည့်နေ့ နံနက်ချိန်တွင် ငါးနှစ်လုံးလုံး အဆက်ပြတ်နေသော ဟေတီကျွန်းရှိ မိသားစုထံမှ တိတ်ခွေတစ်ခွေရောက်လာသည်။ သူတို့ ဘာဆိုစရာရှိသနည်း။ မိမိတို့သည် အဘယ်နည်းဖြင့် ယေဟောဝါသက်သေများ ဖြစ်လာခဲ့ကြကြောင်း ပြောပြကြသည်။ ထိုသူ၏ညီအစ်မမှာ မှန်မှန်ရှေ့ဆောင်၊ သို့မဟုတ် အချိန်ပြည့်ဟောပြောသူ ဖြစ်နေပြီဟုရှင်းပြကာ သက်သေခံများကို တွေ့အောင်ရှာပြီး သူတို့နှင့်ကျမ်းစာလေ့လာရန် တိုက်တွန်းကြသည်။ ထိုနေ့ရက်တွင် ယင်းသည် မှန်ကန်ရာကို ပြုလုပ်နေကြောင်း စိတ်ချလက်ချ နှစ်ခြင်းယူခဲ့မည်မှာအမှန်။

ဤကဲ့သို့သော စိတ်အားထက်သန်စရာ တုံ့ ပြန်မှုများက ဒေသခံသက်သေခံများကို အားယူစရာဖြစ်စေခဲ့ပါသည်။ အချိန်ပြည့် ဧဝံဂေလိသတင်းဟောသူများအဖြစ် လုပ်ကိုင်ဆောင်ရွက်သူများအရေအတွက်လည်း တိုးများလျက်နေသည်။ ယင်းကြောင့် တိုးတက်မှုများစွာရှိနေပါသည်။ ဤအကြောင်းကြောင့်လည်း ၁၉၈၈ ခုနှစ်တွင် ဗဟားမားကျွန်းစုရှိ ဘုရားသခင့်နိုင်ငံတော်သတင်းကြွေးကြော်သူများအရေအတွက်မှာ ၁,၀၀၀ ဖြစ်လာပါသည်။ ယနေ့ ကျွန်းကြီးတိုင်းနီးပါးရှိ အသင်းတော် ၁၉ ခုတွင် ဘုရားသခင့်နိုင်ငံတော်ကြေညာသူ ၁,၃၀၀ ရှိပါပြီ။

အနာဂတ်အတွက် အသင့်ရှိကြ

သူတို့၏အရေအတွက် တိုးများလာနေသောကြောင့် သက်သေခံများ၏ နှစ်ပတ်လည်စည်းဝေးပွဲများကျင်းပနိုင်ရန် ဆံ့နိုင်လောက်သောခန်းမများကို ရှာဖွေတွေ့ရှိရန် အခက်အခဲကြုံနေကြသည်။ လူအုပ်များသည့်အတွက် ကျွန်းနှစ်ကျွန်းပေါ်တွင် စည်းဝေးပွဲကြီးနှစ်ခု ကျင်းပပေးခဲ့ရသည်။ ယင်းကြောင့် ဌာနခွဲအသစ်တစ်ခုနှင့်အတူ စည်းဝေးပွဲခန်းမဆောင်တစ်ခု ဆောက်လုပ်ရန် စီစဉ်ခဲ့ကြသည်။ ၁၉၈၉ ဒီဇင်ဘာတွင် စတင်ဆောက်လုပ်ခဲ့ပါသည်။ နိုင်ငံတကာနှင့် ဒေသခံ လုပ်အားပေးသူ ရာပေါင်းများစွာတို့သည် “ယေဟောဝါ၏အမှုတော်ကို ဆောင်ရွက်သကဲ့သို့” လုပ်ငန်းခွင်တွင် လုပ်ကိုင်ခဲ့ကြသည်။—ကောလောသဲ ၃:၂၃၊ ကဘ။

၁၉၉၂၊ ဖေဖော်ဝါရီ ၈ နှင့် ၉ ရက်နေ့တွင် ဌာနခွဲအသစ်နှင့် စည်းဝေးပွဲခန်းမဆောင်ကို အနုမောဒနာပြုချိန်သည် ဗဟားမားကျွန်းစုရှိ သက်သေခံအများဆုံးစုဝေးရာ သူတို့အတွက် အပျော်ရွှင်ဆုံးအချိန် ဖြစ်ခဲ့သည်ကား အမှန်ပင်။ ထိုအချိန်အခါအတွက် ကျွန်းအသီးသီးမှ ညီအစ်ကိုများသည် အသင့်ပြင်ဆင်နေကြစဉ် တဖြည်းဖြည်း တိုး၍တိုး၍ အားတက်သရောဖြစ်လာကြသည်။ ရာသီဥတုသည် အထူးချမ်းအေး၍ အနုမောဒနာပြုအစီအစဉ်မစမီတစ်ညတွင် မိုးရွာသွန်းခဲ့သည်။ သို့သော် အနုမောဒနာပြုခြင်းငှာ ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့ဝင် ဂျောန် အီး၊ ဘားရ်က “သီအိုကရေစီ တိုးတက်ရေးသီချင်း” အကြောင်း ဟောပြောစဉ် ၂,၇၁၄ ယောက်ရှိဝမ်းသာအားရသောလူအုပ်၏ ရွှင်လန်းမှုကို အဘယ်အကြောင်းကမျှ မပျောက်လွင့်စေနိုင်ပါ။

ဤမျှရွှင်လန်းအားရ စိတ်တက်ကြွဖွယ်ကောင်းသောအချိန်အခါအတွက် ကောင်းကင်ခမည်းတော် ယေဟောဝါဘုရားသခင်ကို လှိုက်လှဲစွာကျေးဇူးတင်ကြပါသည်။ တိုးတက်ကြီးပွားမှုကို အကောင်အထည်ဖော်ခဲ့သည့် ဝိညာဏပညာပေးရေးလုပ်ငန်းကို အင်အားပြည့်ဝစွာ ပါဝင်ဆောင်ရွက်ရန် တက်ရောက်သူအပေါင်း သာ၍သန္နိဌာန်ချကြပါသည်။

ဤကျွန်းစုများအတွက် ကိုလံဘတ်စ်၏ ရှာဖွေတွေ့ရှိချက်သည် တိုးတက်ကောင်းမွန်အောင်ပြုလုပ်ခြင်းဖြစ်မဖြစ်ကို ဆက်အငြင်းပွားကောင်းပွားမည်။ သို့သော် တစ်ချိန်က ဝိညာဏသတင်း မရောက်ရှိသေးသောအရပ်သို့ ဘုန်းကျက်သရေရှိသတင်းကောင်း ရောက်ရှိစေခြင်းငှာ ကိုယ်ကျိုးစွန့်စိတ်ဓာတ်ရှိ ဘုရားသခင့်နိုင်ငံတော်သတင်း ကြွေးကြော်သူများကို ဘုရားသခင်ပေါ်ထွက်စေခဲ့သောကြောင့် ဗဟားမားကျွန်းစုရှိ ယေဟောဝါသက်သေများ တစ်စိတ်သဘောတည်းဖြင့် ကျေးဇူးတင်ကြပါသည်။ သူတို့၏လုပ်ငန်းနှင့် “ရှာဖွေတွေ့ရှိမှု” ကြောင့် ဗဟားမားကျွန်းစုရှိ သမ္မာတရားရှာဖွေသူများအားလုံးအတွက် နှိုင်းယှဉ်ချက်မရှိ ဝိညာဏကြွယ်ဝခြင်းအကျိုးကျေးဇူး ပေါ်စေခဲ့ပြီ။

[စာမျက်နှာ ၂၄၊ ၂၅ ပါ မြေပုံ/ရုပ်ပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ဗဟားမားကျွန်းကြီး

အဘာကို

အန်ဒရော့စ်

နာစော

မ

အလီဥသီရာ

ကက်ကျွန်း

အက်စူမာ ကျွန်းကြီး

ရမ်ကေး

ဆန်ဆာလ်ဗေဒေါ

လောင်းကျွန်း

ခရွတ်ကက်ကျွန်း

အဲက်လင်စ်ကျွန်း

မာယာဂွာနာ

အီဂွါနာကျွန်းငယ်

အီဂွါနာကျွန်းကြီး

ကာရစ်ဘီယံ ပင်လယ်

ဖလော်ရီဒါ

ကျူးဘား

[ရုပ်ပုံများ]

ကောက်ရိုးဈေးတန်း၌ ဟောပြောခြင်း

သတင်းကောင်းဝေမျှခြင်းငှာ ရေထဲဆင်း၍ ကမ်းသို့သွားခြင်း

စည်းဝေးပွဲခန်းမကိုလှမ်းမြင်နိုင် သည့်တောင်ကုန်းပေါ်တွင် ဌာနခွဲရုံး တည်ရှိ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ