အကောင်းသည် အဆိုးကို တစ်ချိန်ချိန်တွင် အနိုင်ယူနိုင်မည်လော
နှစ်ပေါင်းနှစ်ထောင်နီးပါးကာလက အပြစ်မဲ့သူ ယေရှုခရစ်သည် တရားစီရင်ခံနေရရှာသည်။ အမှန်တရားကို ကိုယ်တော်ပြောဆိုသည့်အတွက် ဆိုးသွမ်းသူများက ကိုယ်တော်အားဖျက်ဆီးရန် ကြံစည်နေကြပါသည်။ ပုန်ကန်ရန် လှုံ့ဆော်ပေးသည်ဟု ကိုယ်တော်အားစွပ်စွဲကြပြီး သူ့ကိုသတ်ပစ်ရန် လူအုပ်က အော်ကြီးဟစ်ကျယ်တောင်းဆိုနေကြသည်။ ဆင်းရဲနွမ်းလျသူ လက်သမား၏အသက်ထက် မိမိ၏နိုင်ငံရေးဂုဏ်သိက္ခာကို ပိုတန်ဖိုးထားသူ၊ ရောမမြို့ဝန်တစ်ဦးက ယေရှုအား ရက်စက်ကြမ်းကြုတ်စွာသတ်ပစ်ရန် စီရင်ချက်ချလိုက်လေသည်။ အမြင်အားဖြင့်ဆိုလျှင် ဆိုးသွမ်းမှုသည် အခွင့်သာနေပုံရှိသည်။
သို့ရာတွင် ကိုယ်တော်အသတ်မခံရမီညတွင် တပည့်တော်တို့အား ယေရှုက “ငါသည် လောကကိုအောင်ပြီ” ဟုမိန့်တော်မူခဲ့သည်။ (ယောဟန် ၁၆:၃၃) ကိုယ်တော် ဘာကိုဆိုလိုသနည်း။ တစ်နည်းအားဖြင့်ဆိုလျှင် လောက၏ဆိုးသွမ်းမှုသည် ကိုယ်တော့်စိတ်တော်ကို မခါးသီးစေခဲ့ကြောင်း၊ ထပ်တူနည်းဖြင့် မတုံ့ပြန်စေခဲ့ကြောင်း ဆိုလိုနေခြင်းဖြစ်သည်။ ဤလောကသည် ကိုယ်တော်အား ပုံမသွင်းနိုင်ခဲ့ပါ။ (ရောမ ၁၂:၂ နှိုင်းယှဉ်။) သေလုဆဲဆဲတွင်ပင် ကိုယ်တော်အားသတ်ပစ်မည့်သူများအတွက် ဤသို့ဆုတောင်းပေးတော်မူခဲ့သည်။ “အိုအဘ၊ သူတို့၏အပြစ်ကို လွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကိုမသိကြ။”—လုကာ ၂၃:၃၄။
ဆိုးသွမ်းမှုကို အနိုင်ယူနိုင်ကြောင်း အသက်ထွက်သည်အထိ ယေရှုဖော်ပြခဲ့ပါသည်။ ဆိုးသွမ်းမှုကို တိုက်လှန်ကြရန် တပည့်နောက်လိုက်များအားလည်း ကိုယ်တော်တိုက်တွန်းပေးတော်မူခဲ့သည်။ ထိုသို့မည်သို့ပြုလုပ်နိုင်ကြမည်နည်း။ ယေရှုနည်းတူ “အဘယ်သူကိုမျှ ရန်တုံ့မမူ” ရန်၊ “အကောင်းအားဖြင့် အဆိုးကိုနိုင်” ရန် ကျမ်းစာသြဝါဒကို လိုက်နာခြင်းအားဖြင့်ဖြစ်သည်။ (ရောမ ၁၂:၁၇၊ ၂၁) သို့သော် ဤကဲ့သို့သောလမ်းစဉ်သည် အမှန်အကျိုးပြုသလော။
ဒါ့ခ်ရှောတွင် ရန်တုံ့မမူခြင်း
၁၄ နှစ်အရွယ်ရှိ ရုရှားအမျိုးသမီးလေးအား အဖိုးတန် ယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်းဆုကျေးဇူးကိုပေးခဲ့သော အဲလ်ဇာသည် ဒါ့ခ်ရှောတွင် အကျဉ်းကျခဲ့သော ဂျာမန်အမျိုးသမီးတစ်ဦးဖြစ်ပါသည်။
ဒါ့ခ်ရှောသည် ထောင်ပေါင်းများစွာ ဓာတ်ငွေ့ဖြင့် အသတ်ခံရသည့်၊ ဤရုရှားအမျိုးသမီးလေးအပါအဝင် ရာချီသောသူတို့သည် ထိတ်လန့်စက်ဆုပ်ဖွယ် ဆေးဘက်ဆိုင်ရာစမ်းသပ်မှုများခံခဲ့သည့် နာမည်ကြီးချွေးတပ်စခန်းဖြစ်ပါသည်။ ဒါ့ခ်ရှောသည် ဆိုးသွမ်းမှုသရုပ်မှန် ဖြစ်ပုံရှိသည်။ မည်သို့ဆိုစေကာမူ ဤမျှမြေသြဇာမကောင်းသောနေရာတွင်ပင် ကောင်းမှုအညွန့်ထွက်လာရုံမက ကြီးထွားတိုးပွားခဲ့သည်။
မိခင်ဖြစ်သူအား အက်စ်အက်စ်အစောင့်များ ကြမ်းတမ်းစွာဗလက္ကာရပြုခြင်းကို မကြည့်ချင်ဘဲကြည့်ခဲ့ရသည့် ဤဆယ်ကျော်သက်လုံမလေးအပေါ် အဲလ်ဇာ၏စေတနာစိတ် ပြင်းပြခဲ့ပါသည်။ သို့ဖြစ်၍ မိမိအတွက် စိုးရိမ်စရာရှိလျက်ပင် အခွင့်ကောင်းများရှာယူကာ ကောင်းမှုနှင့် ဆိုးသွမ်းမှုများအကြောင်းကို ဤလုံမလေးအား အဲလ်ဇာပြောပြရုံမက ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ ကျမ်းစာမျှော်လင့်ချက်အကြောင်းကိုလည်း အသိပေးခဲ့ပါသည်။ သို့နှင့် မိမိ၏မိတ်ဆွေငယ်အား မုန်းတီးမည့်အစား ချစ်ခင်တတ်ရန် သွန်သင်ပေးပါသည်။ အဲလ်ဇာကြောင့်လည်း ထိုရုရှားအမျိုးသမီးလေးသည် ဒါ့ခ်ရှော၏ရက်စက်ကြမ်းကြုတ်မှုများကို ကျော်လွှားနိုင်ခဲ့ပါသည်။
အဲလ်ဇာသည် ခရစ်တော်၏ကိုယ်ကျိုးမရှာပုံသက်သေကို တုပလိုသောကြောင့် ထိုသို့ပြုမူခဲ့ခြင်းဖြစ်သည်။ ယေဟောဝါသက်သေတစ်ဦးအနေနှင့် အဆိုးကိုအဆိုးနှင့် မတုံ့ပြန်ရန် သူသင်ယူထားသဖြင့် အခြားသူတို့သည်လည်း ထပ်တူပင်ပြုမူနိုင်ရန် ကူညီပေးဖို့ သူမ၏ယုံကြည်ခြင်းက လှုံ့ဆော်ပေးပါသည်။ ဒါ့ခ်ရှောတွင် သူမဆင်းရဲဒုက္ခခံခဲ့ရသော်လည်း ဆိုးသွမ်းသောအုပ်ချုပ်နည်းစနစ်ကို ကျင့်ဝတ်တရားအရ အနိုင်ယူနိုင်ခဲ့ပါသည်။ သူမတစ်ဦးတည်းသာ အနိုင်ရခဲ့သည် မဟုတ်ပါ။
ပေါလ် ဂျောန်စင်ရေးသည့် A History of Christianity ဟူသောစာအုပ်တွင် သူ ဤသို့သတိပြုစေသည်။ “လုံးဝဆိုးသွမ်းသည်ဟု သူတို့ဖော်ထုတ်သော နာဇီအစိုးရကို မည်သည့်နည်းဖြင့်မျှ [ယေဟောဝါသက်သေများ] မထောက်ခံခဲ့ပါ။ . . . ကိုးဆယ်ခုနစ်ရာခိုင်နှုန်းသည် တစ်နည်းမဟုတ်တစ်နည်းဖြင့် နှိပ်စက်ညှဉ်းပန်းခံခဲ့ရပါသည်။” သူတို့၏ခုခံမှုသည် အချည်းနှီးသက်သက်လော။ Values and Violence in Auschwitz ဆိုသည့်စာအုပ်တွင် ပိုလန်လူမျိုးဖြစ်သော လူမှုရေးပညာရှင် အာနာ ပါဗဲလ်ရှင်းစကာက သက်သေခံများအကြောင်း ဤသို့ဆိုသည်။ “ဤအကျဉ်းကျသူ လူနည်းစုသည် ခိုင်မြဲသောသဘောတရားရှိ အင်အားစုဖြစ်၍ နာဇီဝါဒကို တိုက်လှန်ရေးတွင် အနိုင်ရခဲ့ကြသည်။”
သို့သော် ကျွန်ုပ်တို့အများစုအနေနှင့် အဓိကတိုက်လှန်နေရသည်ကား ပြင်ပမှဆိုးသွမ်းမှုမဟုတ်ဘဲ အတွင်းဆိုးသွမ်းမှုပင်ဖြစ်သည်။ ကျွန်ုပ်တို့ကိုယ်တွင်းနှင့် ဆိုင်ပြိုင်တိုက်ခိုက်နေကြရ၏။
ကျွန်ုပ်တို့အတွင်းရှိ ဆိုးသွမ်းမှုကို အနိုင်ယူခြင်း
ဤတိုက်လှန်မှုကို အောက်ပါအတိုင်း တမန်တော်ပေါလုဖော်ပြပါသည်။ “ငါသည် ကျင့်ချင်သောအကျင့်ကောင်းကိုမကျင့်၊ မကျင့်ချင်သော အကျင့်ဆိုးကို အဆက်မပြတ်ကျင့်ပါသည်။” (ရောမ ၇:၁၉၊ ဝီလီယမ် ဘာကလေး၏ The New Testament) ပေါလုကောင်းစွာသဘောပေါက်သည်ကား ကောင်းမှုပြုခြင်းသည် အလိုအလျောက်မဖြစ်ပေါ်လာခြင်း ဖြစ်သည်။
အေသြကေန်ယိုaသည် နှစ်နှစ်လုံးလုံး မိမိ၏ဆိုးသွမ်းသောသဘောကို တိုက်လှန်ခဲ့ရရှာသည့် စပိန်အမျိုးသားတစ်ဦးဖြစ်ပါသည်။ “ကျွန်တော့်ကိုယ်ကိုကျွန်တော် ကြမ်းတမ်းခဲ့ရပါတယ်။ ငယ်ငယ်ကတည်းက ကျွန်တော်အကျင့်မကောင်းချင်ဘူး။ ဆယ်ကျော်သက်အရွယ်မှာ အလိုတူအလိုပါ လိင်တူပျော်မြူးပွဲတွေထဲ ပါဝင်ခဲ့တယ်။ အဲ့ဒီလိုဘဝပုံစံမျိုးကိုလည်း ကျွန်တော်တကယ်ကြိုက်တယ်လို့ ဝန်ခံရမယ်။” နောက်ဆုံး သူအဘယ်ကြောင့်ပြောင်းလဲလိုခဲ့ပါသနည်း။
“ဘုရားသခင့်အလိုတော်တွေ့သူ ဖြစ်ချင်လာတယ်။ ကျွန်တော့်နေထိုင်ပုံကို ကိုယ်တော်မကြိုက်မှန်း ကျမ်းစာလေ့လာတဲ့အခါ သိနားလည်လာတယ်” ဟုအေသြကေန်ယိုပြောသည်။ “ဒါနဲ့ ဘုရားသခင့်ညွှန်ကြားမှုအတိုင်း အသက်ရှင်တဲ့လူဖြစ်ဖို့ ကျွန်တော်စိတ်ဆုံးဖြတ်လိုက်တယ်။ ကျွန်တော့်စိတ်ထဲ ဝင်လာနေသေးတဲ့ အပျက်သဘောပါညစ်ညမ်းတဲ့အတွေးအခေါ်များကို ကျွန်တော် နေ့တိုင်းတိုက်လှန်နေရတယ်။ ဒီတိုက်ပွဲမှာ ကျွန်တော်အနိုင်ယူမယ်လို့လည်း စိတ်ဆုံးဖြတ်ထားတယ်။ ဘုရားသခင့်အကူအညီကိုတော့ အမြဲဘဲတောင်းဆိုရတယ်။ နှစ်နှစ်ကြာတော့ အဆိုးရွားဆုံးအခြေအနေကို ကျော်လွှားနိုင်ခဲ့ပေမယ့် ကျွန်တော့်ကိုယ်ကိုကြပ်မတ်နေရတုန်းဘဲ။ ဒါပေမယ့် အဲ့ဒီလိုရုန်းကန်ခဲ့တာ အကျိုးနပ်ပါတယ်။ အခုဆိုယင် ကျွန်တော့်ကိုယ်ကိုကျွန်တော် တန်ဖိုးထားတတ်လာပြီ။ ကျွန်တော့်အိမ်ထောင်ရေးလည်း သာယာတယ်။ အဲ့ဒါတွေထက်ကို ကျွန်တော့်မှာ ဘုရားသခင်နဲ့ဆက်ဆံရေးကောင်းရှိတယ်။ တကယ်ကြိုးစားမယ်ဆိုယင် ဆိုးသွမ်းတဲ့အတွေးအခေါ်များ မသီးမပွင့်ခင်ကတည်းက ထုတ်ပစ်လိုက်နိုင်တယ်ဆိုတာကို ကိုယ်တွေ့ကနေ ပြောပြနိုင်ပါတယ်။”
ဆိုးသွမ်းသောအတွေးအခေါ်ကို ပယ်ရှားတိုင်း၊ အဆိုးကိုအဆိုးနှင့် တုံ့ပြန်ရန် ငြင်းဆိုတိုင်း အဆိုးကိုအကောင်းက အနိုင်ယူပါသည်။ သို့သော်လည်း ဤသို့သောအောင်ပွဲများသည် မည်မျှပင်အရေးကြီးစေကာမူ ဆိုးသွမ်းမှု၏အဓိကတရားခံနှစ်ခုကို ဖျောက်ဖျက်၍မရပါ။ မည်မျှပင်ကြိုးစားဦးတော့ မွေးရာပါ အားနည်းချက်များကို လုံးလုံးလျားလျားနှိပ်ကွပ်၍ မရ။ စာတန်သည်လည်း လူသားအပေါ် မကောင်းဆိုးရွားစွာ ဩဇာညောင်းလျက်သာရှိနေသေးသည်။ ထိုကြောင့် ဤအခြေအနေပြောင်းလဲစရာအကြောင်း ရှိကောင်းရှိပါမည်လော။
မာရ်နတ်ကို ချိုးနှိမ်ပစ်ခြင်း
သေသည်တိုင် ယေရှုသစ္စာတည်ကြည်ခဲ့ခြင်းက စာတန်အတွက် အရှုံးတကာ့အရှုံးကြီးဖြစ်ပါသည်။ ယေရှု၏သမာဓိကို မာရ်နတ်မချိုးဖျက်နိုင်ခြင်းက စာတန့်ပျက်စီးခြင်း၏အစဖြစ်ပါသည်။ သမ္မာကျမ်းစာရှင်းပြသည့်အတိုင်းပင် အသေခံတော်မူခြင်းဖြင့် ယေရှုသည် မာရ်နတ်ကို “ချိုးနှိမ်ပစ်” ပါသည်။ (ဟေဗြဲ ၂:၁၄၊ သတ) ရှင်ပြန်ထမြောက်တော်မူပြီးနောက် တပည့်တော်များအား ယေရှုက “ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း စီရင်ပိုင်သောအခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ” ဟုမိန့်တော်မူခဲ့သည်။ (မဿဲ ၂၈:၁၈) စာတန်၏လုပ်ရပ်များကို အချည်းနှီးဖြစ်စေရန် ဤအခွင့်အာဏာကို အသုံးပြုတော်မူလိမ့်မည်။
ကောင်းကင်မှ စာတန်ကို ယေရှုနှင်ထုတ်မည့်နေ့ရက်အကြောင်း ဗျာဒိတ်ကျမ်းက ဖော်ပြပါသည်။ ဤမဟာနတ်ဆိုးနှင့် သူ၏နတ်ဆိုးအပေါင်းအပါအားလုံးတို့ကို ကမ္ဘာမြေဝန်းကျင်၌ ဘောင်ခတ်ထားရန်ဖြစ်သည်။ ယင်းကြောင့် ဆိုးသွမ်းမှုများ တိုးပွားများပြားလာမည်ဟု သမ္မာကျမ်းစာက သတိပေးပါသည်။ “မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မာရ်နတ်သည် မိမိကာလတစ်ခဏသာရှိသည်ကိုသိ၍ ပြင်းစွာသောဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ ဆင်းလေပြီ။”—ဗျာဒိတ် ၁၂:၇-၉၊ ၁၂။
ဤသမိုင်းဝင်အဖြစ်အပျက်သည် ပထမကမ္ဘာစစ်ဖြစ်စဉ်အချိန်ခန့်က ဖြစ်ပျက်ပြီးနှင့်ပြီဟု သမ္မာကျမ်းစာပရောဖက်ပြုချက်က တင်ပြပါသည်။bယင်းကြောင့် ကျွန်ုပ်တို့ခေတ်တွင် တွေ့မြင်နေရသော ဆိုးသွမ်းမှုများတိုးပွားနေရခြင်းတည်း။ သို့သော် မည်သူကိုမျှ ဩဇာမလွှမ်းနိုင်ရန် စာတန်ကို များမကြာမီ လုံးလုံးချုပ်နှောင်ထားလိမ့်မည်။—ဗျာဒိတ် ၂၀:၁-၃။
ယင်းတို့က လူသားအတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။
“သူတို့သည် ဆိုးသွမ်းမှုကို မပြုကြရ”
ဘုရားသခင့်နိုင်ငံတော်ဘုရင်အဖြစ် ယေရှုသည် ဝိညာဏအသိပညာ ပြန်လည်ပေးရေးအစီအစဉ်ကို ဖွဲ့စည်းပေးရန် ကိုယ်တော်၏ ‘မြေကြီးပေါ်အခွင့်အာဏာ’ ကို များမကြာမီ အသုံးပြုတော်မူလိမ့်မည်။ ထိုအခါ “မြေကြီးပေါ်မှာ နေထိုင်သူတို့သည် ဖြောင့်မတ်ခြင်းတရားကို အမှန်သင်ယူကြလိမ့်မည်။” (ဟေရှာယ ၂၆:၉၊ ကဘ) ထိုသို့ပြုခြင်း၏အကျိုးကျေးဇူးများကို လူအပေါင်းတွေ့ရှိကြမည်။ သမ္မာကျမ်းစာအာမခံသည်ကား “အချင်းချင်းညှဉ်းဆဲခြင်း၊ [“သူတို့သည် ဆိုးသွမ်းမှုကို မပြုကြရ” ဂရင်း၏ Interlinear Hebrew/Greek English Bible] ဖျက်ဆီးခြင်းကို မပြုရကြ။ . . . အကြောင်းမူကား၊ ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့ မြေကြီးသည် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုသိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။”—ဟေရှာယ ၁၁:၉။
ယခုပင်လျှင် ကျွန်ုပ်တို့၏ဆိုးသွမ်းသောသဘောထားများစွာကို ချိုးနှိမ်နိုင်ပါသည်။ နတ်ဆိုးသြဇာမရှိသည့်အခါ “ဒုစရိုက်ကိုလွှဲရှောင်၍ သုစရိုက်ကိုပြု” ရန် များစွာလွယ်ကူသွားပါလိမ့်မည်။—၁ ပေတရု ၃:၁၁။
ဘုရားသခင်သည် ကောင်းမြတ်တော်မူသည့်အတွက် ဆိုးသွမ်းမှုကို ကောင်းမှုကအနိုင်ယူလိမ့်မည်ဟု စိတ်ချနိုင်စရာအကြောင်းရှိပါသည်။ ကိုယ်တော်တိုင်၏ပုံသက်သေအားဖြင့် ယေရှုတင်ပြခဲ့သည့်နည်းတူ ဘုရားသခင်၏မစမှုဖြင့် ကောင်းမှုပြုလိုသူများသည် ဆိုးသွမ်းမှုကို အနိုင်ယူနိုင်ပါလိမ့်မည်။ (ဆာလံ ၁၁၉:၆၈) ဆိုးသွမ်းမှုကို ထာဝရကာလအတွက် အမြစ်ပြတ် သုတ်သင်ရှင်းလင်းပစ်ရန် တာဝန်ယူထားသည့်အစိုးရဖြစ်သော ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက် သန့်ရှင်းစင်ကြယ်သောကမ္ဘာပေါ် နေထိုင်ရန် ဆိုးသွမ်းမှုကို ယခုပင်တိုက်လှန်လိုသူများ မျှော်လင့်နိုင်ကြပါသည်။ ယင်း၏အကျိုးဆက်ကို ဆာလံဆရာ ဖော်ပြပေးပါသည်။ “ချစ်ခင်ကြင်နာခြင်းနှင့်သစ္စာတော် ဆုံမိပြီ။ ဖြောင့်မတ်ခြင်းနှင့်ငြိမ်သက်ခြင်းသည် တစ်ပါးကိုတစ်ပါးနမ်းကြပြီ။ သစ္စာတော်သည် မြေကြီးထဲက ပေါက်လိမ့်မည်။ ဖြောင့်မတ်ခြင်းသည်လည်း ကောင်းကင်ပေါ်က ငုံ့ကြည့်လိမ့်မည်။”—ဆာလံ ၈၅:၁၀၊ ၁၁၊ ကဘ။
[အောက်ခြေမှတ်ချက်များ]
a သူ၏အမည်ရင်း မဟုတ်ပါ။
b အသေးစိတ်ထပ်မံသိလိုလျှင် ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်း ထုတ်ဝေသည့် သင်သည် ကမ္ဘာ့ပရဒိသုတွင် ထာဝစဉ်အသက်ရှင်နိုင်သည် စာအုပ်၊ စာမျက်နှာ ၂၀-၂ ကိုရှု။