ဘယ်ဂျီယန်နိုင်ငံ တွင် “လူအပေါင်းတို့”ထံရောက်ရှိခြင်း
ဘုရားသခင်၏အလိုတော်ကား “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကိုသိစေခြင်းငှာ” ဖြစ်ကြောင်းကို ဘိသိက်ခံခရစ်ယာန်ချင်းတို့အား တမန်တော်ပေါလုသတိပေးခဲ့သည်။ ယင်းသို့ဖြစ်စေခြင်းငှာ နားထောင်လိုသူတို့အား ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောနိုင်ဖို့ “ငြိမ်ဝပ်ဆိတ်ညံစွာနေရမည်အကြောင်း” ဆုတောင်းကြရန်ဖြစ်သည်။—၁ တိမောသေ ၂:၁-၄။
ယနေ့သတင်းကောင်းကို “လူအပေါင်းတို့” ထံရောက်စေရန် ဘယ်ဂျီယန်နိုင်ငံရှိ ယေဟောဝါသက်သေများ ထူးခြားစွာကြိုးပမ်းကြသည်။ တန်ဂန်ရီကာကန်၊ သို့မဟုတ် မစ်ရှီဂန်ကန်၏တစ်ဝက်မျှရှိသော ဤနိုင်ငံငယ်ကလေးသည် ဒုတိယကမ္ဘာစစ်ပြီးကတည်းက ယင်း၏လူမျိုးအလိုက်နှင့် ယဉ်ကျေးမှုအလိုက် အခြေအနေအကြီးအကျယ်ပြောင်းလဲလာပါသည်။ ရိုးရာလူမျိုးစုများဖြစ်သည့် ဖလဲမစ်ရှ် (ဒတ်ချ်လူမျိုး) ပြင်သစ်နှင့် ဂျာမန်များအပြင် ဘယ်ဂျီယန်နိုင်ငံတွင် ဘာသာစကားအမျိုးမျိုးနှင့် ယဉ်ကျေးမှုအမျိုးမျိုးမှ လူမျိုးစုများရှိပါသည်။ အနည်းငယ်တို့ကိုဖော်ပြရလျှင် အာရပ်၊ တူရကီ၊ အိန္ဒိယ၊ တရုတ်၊ ဖိလစ်ပိုင်၊ အာဖရိကနှင့် အမေရိကန်လူမျိုးများဖြစ်ကြသည်။ ဘယ်ဂျီယန်နိုင်ငံရှိ လူ ၁၀ ဦးတွင်တစ်ဦး၏ဇာစ်မြစ်မှာ နိုင်ငံခြားမှဖြစ်သည်။
ယင်းကြောင့်ဘယ်ဂျီယန်နိုင်ငံရှိသက်သေခံများသည် ကမ္ဘာတစ်လွှားရှိ ခရစ်ယာန်ချင်းများကဲ့သို့ပင် သတင်းကောင်းကို “လူအပေါင်းတို့” ထံရောက်စေရန်စိန်ခေါ်ချက်ကို ရင်ဆိုင်နေကြရသည်။ ဤမျှများပြားသောလူမျိုးများကြား ဟောပြောရခြင်းသည် မည်သို့ရှိသနည်း။ ယဉ်ကျေးမှုနှင့် ဘာသာတရားနောက်ခံ လုံးဝခြားနားသူများထံသို့ မည်သို့သွားရောက်ပါမည်နည်း။ သမ္မာတရားကို ဤသူတို့ မည်သို့တုံ့ပြန်ကြသနည်း။
အစပျိုးခြင်းသည် အကျိုးရလဒ်ရရှိစေ
“လူအပေါင်းတို့” အား ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းသည် ဝမ်းသာအားရစရာစိတ်လှုပ်ရှားဖွယ်ဖြစ်သည်။ လူသွားလူလာများသောလမ်းများနှင့် ဈေးများတွင်လည်းကောင်း၊ လူထုပို့ဆောင်ရေးယာဉ်များပေါ်၌လည်းကောင်း၊ တစ်အိမ်မှတစ်အိမ်သွားသည့်အခါ၌သော်လည်းကောင်း တိုက်ကြီးတိုင်းမှလူများကို တွေ့ဆုံတတ်ပါသည်။ အနည်းငယ်အစပျိုးရုံဖြင့် ဘုရားသခင့်နိုင်ငံတော်သတင်းကြေညာသူသည် စကားစမြည်စတင်ပြောဆိုနိုင်ပြီး များသောအားဖြင့် အကျိုးဖြစ်ထွန်းသောရလဒ်များကို ရရှိပါသည်။
ကားမှတ်တိုင်တစ်ခုတွင် သက်သေခံတစ်ဦးသည် ခင်မင်ရင်းနှီးသောအပြုံးကလေးဖြင့်သာ အာဖရိကအမျိုးသမီးတစ်ဦးနှင့် စတင်စကားစမြည်ပြောဆိုနိုင်ခဲ့သည်။ ထိုအမျိုးသမီးသည် ဘုရားသခင့်နိုင်ငံတော်သတင်းကို နှစ်သက်မြတ်နိုးကြောင်း၊ သမ္မာကျမ်းစာကို ပိုမိုသိလိုသည့်ဆန္ဒရှိကြောင်းပြောသည်။ ကင်းမျှော်စင် နှင့် နိုးလော့မဂ္ဂဇင်းများကို သူမ လက်ခံယူပြီး သက်သေခံအား သူ၏လိပ်စာကိုပေးပါသည်။ မကြာမီအလည်အပတ်လာမည်ဟုပြောသည့်အခါ ထိုအမျိုးသမီးက “အတိအကျရက်ချိန်းရအောင်။ ရှင်လာမယ့်နေ့ကို အိမ်မှာစောင့်နေမယ်” ဟုပြောသည်။
သုံးရက်အကြာတွင် သက်သေခံသည် ပြန်လည်ပတ်မှုပြုရန်ကြံစည်သည့်အခါ ထိုအမျိုးသမီး၏လိပ်စာပျောက်သွားသည်။ သို့သော်လမ်းနာမည်မှတ်မိသည့်အတွက် အိမ်တိုင်းထံသွားကာ အာဖရိကလူမျိုးနာမည်တွေ့လိုတွေ့ငြားရှာဖွေရာ လမ်းသာဆုံးသွားသည်၊ မတွေ့ရှိခဲ့ပါ။ စိတ်မကောင်းစွာ ပြန်လှည့်သွားရာတွင် သူမ တွေ့လိုသောအမျိုးသမီးသည် သူမရှေ့ဗြုန်းစားရပ်နေသည်ကိုတွေ့ရှိရသည်။ ချိန်းထားသည့်အချိန်ကိုက်လည်း ဖြစ်သည်။ အိမ်တွင်းကျမ်းစာသင်အံမှုကို ချက်ချင်းစနိုင်ခဲ့သည်။
ခြားနားသောထုံးစံများ၊ ယုံကြည်ချက်များနှင့် ထုံးတမ်းစဉ်လာများကော။ ဥပမာ၊ ဟိန္ဒူယုံကြည်ချက်များဖြစ်သည်။ ရှေ့ဆောင်တစ်ဦးသည် Reasoning From the Scriptures စာအုပ်မှ ဖတ်ခဲ့ဖူးသောအကြောင်းကို မှတ်မိပါသည်။ ထိုတွင် ဤသို့ဆိုထားသည်။ “ရှုပ်ထွေးသောဟိန္ဒူအတွေးအခေါ်ကိုဖြေရှင်းရန် ကြိုးစားမည့်အစား သမ္မာကျမ်းစာတွင်ပါရှိသည့် စိတ်ကျေနပ်ဖွယ်ရာ သမ္မာတရားကိုသာ တင်ပြပြောဆိုပါ။ . . . ကိုယ်တော်၏နှုတ်ကပါဌ်တော်မှ ရှင်းလင်းပြတ်သားသောသမ္မာတရားသည် ဖြောင့်မတ်ခြင်းတရားကို ဆာငတ်မွတ်သိပ်သူ၏နှလုံးနှင့်တွေ့မည်အမှန်။”
ကျမ်းစာသင်အံမှုကိုလက်ခံခဲ့သော အိန္ဒိယနိုင်ငံမှ ကာရှီးကိုတွေ့ဆုံချိန်တွင် ရှေ့ဆောင်သည်ဤအတိုင်းပင်ပြုလုပ်ခဲ့သည်။ ကာရှီးလည်း မှန်မှန်တိုးတက်လာ၍ မကြာမီပင် သူမ သိရှိလာသည့်အကြောင်းကို မိတ်ဆွေအပေါင်းအား စတင်ပြောပြလေတော့သည်။ တစ်နေ့သောအခါ သံအမတ်တစ်ဦး၏ဇနီးနှင့် ရှေ့ဆောင်ဖြစ်သူဆုံတွေ့လေသော် သူမက “ရှင်ဟာ ကာရှီးကိုကျမ်းစာသင်ပေးသူလား” ဟုမေးမြန်းခံရပါသည်။ ထိုအမျိုးသမီးကဆက်၍ “ကာရှီးဟာ ဆရာမ ကောင်းတစ်ယောက်ဘဲ။ အကြောင်းအမျိုးမျိုးကို ကျွန်မ ယုံကြည်လာနိုင်အောင် သူရှင်းပြပေးနိုင်တယ်။ စဉ်းစားကြည့်ပါ။ ဟိန္ဒူအမျိုးသမီးတစ်ယောက်က ကက်သလစ်အမျိုးသမီးကို ကျမ်းစာသင်ပြပေးနိုင်တယ်လေ။”
ဖိလစ်ပိုင်လူမျိုးများနှင့်တွေ့ဆုံလျှင် သူတို့သည် သမ္မာကျမ်းစာကိုမြတ်နိုးသူများဖြစ်ကြောင်း ချက်ချင်းသိရှိနိုင်ပါသည်။ သူတို့သည် ခင်မင်ရင်းနှီးမှုရှိပြီး ဧည့်ဝတ်ပျူငှာသူများဖြစ်ကြ၍ သူတို့နှင့်စကားစမြည်စတင်ပြောဆိုရန် မခဲယဉ်းပါ။ ဖိလစ်ပိုင်အမျိုးသမီးတစ်ဦးသည် မဂ္ဂဇင်းနှစ်စောင်ကို အလွယ်တကူလက်ခံယူခဲ့ပါသည်။ သို့သော်ကက်သလစ်ဖြစ်သည့်အတွက် လွှင့်ပစ်လိုက်သည်။ နောင်သုံးလေးပတ်အကြာတွင်လည်း မဂ္ဂဇင်းနှစ်စောင်ကို ပြန်လက်ခံယူ၍ သူမ၏လက်ဆွဲအိတ်ထဲ ထည့်ထားလိုက်သည်။ တစ်ညသောအခါ စာဖတ်လိုစိတ်ပေါ်လာသည့်အတွက် စိတ်ဝင်စားစရာအကြောင်းတစ်ခုခုကိုရှာဖွေနေစဉ် မဂ္ဂဇင်းများကို တွေ့လိုက်လေသည်။ မဖတ်ချင်ဖတ်ချင်နှင့် သူဖတ်ကြည့်သည့်အခါ စိတ်ဝင်စားလာသည်။ ထိုနောက်များမကြာမီ သက်သေခံတစ်ဦးသည် သူမ အိမ်သို့ရောက်လာ၍ ထိုအမျိုးသမီးလည်း မေးခွန်းများစွာမေးမြန်းလေသည်။ ဤအချိန်သည် သမ္မာကျမ်းစာနှင့် သူမ ၏ကက်သလစ်ယုံကြည်ချက်များကို ပထမအကြိမ်နှိုင်းယှဉ်ကြည့်ခြင်းဖြစ်သည်။ ရှေ့နောက်ညီသည့်ကျမ်းစာရှင်းလင်းချက်များကြောင့် အမှန်တရားကို တွေ့ရှိပြီဖြစ်ကြောင်း သူမစိတ်ချလေတော့သည်။
“သင်၏အစာကို . . . ပစ်ချလော့”
တိုင်းတစ်ပါးမှ ဘယ်ဂျီယန်နိုင်ငံတွင် လာရောက်နေထိုင်သူအများသည် စီးပွားရေးအတွက်၊ သို့မဟုတ် သံရုံးပေါင်း ၁၅၀ မှတစ်ခုခုတွင်သော်လည်းကောင်း၊ ဥရောပအရပ်သားများကော်မရှင်တွင်သော်လည်းကောင်း အမှုထမ်းကြရန် ရောက်ရှိလာပါသည်။ အများအားဖြင့် နှစ်အနည်းငယ်သာနေထိုင်ကြပါသည်။ ဤသူတို့အားသက်သေခံခြင်း၊ ကျမ်းစာသင်ပေးခြင်းသည် အကျိုးမရှိလှဟု ထင်စရာအကြောင်းရှိမည်။ သို့သော် သမ္မာကျမ်းစာက ဤသို့သတိပေးထားပါသည်။ “သင်၏အစာကို ရေပေါ်မှာပစ်ချလော့။ ကာလကြာမြင့်မှ တစ်ဖန်တွေ့လေဦးမည်။” (ဒေသနာ ၁၁:၁) မကြာခဏ အံ့အားသင့်ဘွယ်ရလဒ်များကို ရရှိကြပါသည်။
သက်သေခံတစ်ဦးထံမှ မဂ္ဂဇင်းများကိုမှန်မှန်ယူနေသော အမေရိကန်အမျိုးသမီးတစ်ဦး၏အဖြစ်အပျက်သည် ဤသို့ဖြစ်သည်။ အချိန်တန်သော် သမ္မာကျမ်းစာကို မှန်မှန်လေ့လာခြင်းအကျိုးကို သက်သေခံဖြစ်သူကတင်ပြပြီး သူမ အားကျမ်းစာသင်အံမှုကို ကမ်းလှမ်းခဲ့သည်။ ထိုအမျိုးသမီးလည်း သင်အံမှုကိုလက်ခံ၍ အလျင်အမြန်တိုးတက်လာသည်။ မကြာမီပင် စစ်မှန်သောဘာသာနှင့် မှားသောဘာသာကို သူခွဲခြားနိုင်လေသည်။ သို့နှင့်သူမ အိမ်တွင်းရှိ ဘာသာရေးဆိုင်ရာပစ္စည်းအားလုံးကို ရှင်းလင်းစွန့်ပစ်ခဲ့သည်။ ဤသို့နှင့် သူမ အမေရိကန်နိုင်ငံသို့ ပြန်ရန် အချိန်ရောက်လာလေသည်။ ပြန်သွားသည့်အခါ ဝိညာဉ်ရေးဘက်တိုးတက်မှု ရပ်တံ့သွားပါသလော။ ထိုအမျိုးသမီးသည် သင်အံမှုဆက်ပြုလုပ်ပြီး ယေဟောဝါဘုရားသခင်ထံ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းယူပြီးကြောင်း အမေရိကန်နိုင်ငံရှိ အခြားသက်သေခံတစ်ဦးက တစ်နေ့သောအခါ တယ်လီဖုန်းဆက်သတင်းပေးခဲ့ရာ ဘယ်ဂျီယန်ရှိသက်သေခံသည် မည်မျှဝမ်းသာအားရခဲ့မည်ကိုစဉ်းစားကြည့်ပါ။ အမှန်သော်ကား၊ ထိုအမျိုးသမီးသည် အရန်ရှေ့ဆောင်တစ်ဦးအဖြစ် အမှုဆောင်ရွက်နှင့်နေပြီဖြစ်သည်။
ရှေ့တွင်ဖော်ပြခဲ့သော အိန္ဒိယအမျိုးသမီးဖြစ်သူ ကာရှီးနှင့် ဖိလစ်ပိုင်အမျိုးသမီးတို့လည်း ထိုသို့ပင်ပြုလုပ်ခဲ့ကြသည်။ အိန္ဒိယနိုင်ငံသို့ ကာရှီးပြန်သွားသောအခါ သူနှင့်သူ၏ခင်ပွန်းသည်ပါ ကျမ်းစာဆက်သင်ကြပါသည်။ နောက်ဆုံးသူတို့မောင်နှံစုံသည် ယေဟောဝါထံ သူတို့ကိုယ်ကိုဆက်ကပ်အပ်နှံကြပြီး ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်ကြပါသည်။ သူတို့နေထိုင်သောရပ်ကွက်တွင် အခြားသက်သေခံများမရှိကြသဖြင့် သူတို့အိမ်တွင် အသင်းတော်စာအုပ်ကြီးသင်တန်းပြုလုပ်ရန် ခွင့်ပြုခဲ့ပါသည်။ ကာရှီးသည် သူ၏ကျန်းမာရေးခွင့်ပြုသမျှ အရန်ရှေ့ဆောင်အဖြစ်အမှုထမ်းပါသည်။ စုစုပေါင်း ၃၁ ဦးပါဝင်သော အိမ်တွင်းကျမ်းစာသင်အံမှု ခြောက်ခုကို သူပြုလုပ်နေပါသည်။ ဖိလစ်ပိုင်အမျိုးသမီးသည်လည်း အမေရိကန်နိုင်ငံသို့ရွှေ့ပြောင်းနေထိုင်၍ ဆက်ကပ်အပ်နှံနှစ်ခြင်းယူသည့်အထိ တိုးတက်လာရာ မှန်မှန်ရှေ့ဆောင်နေပါသည်။ မိမိတို့ရပ်ကွက်တွင်ရှိသူများအား ဘယ်ဂျီယန်ရှိ ဘုရားသခင့် နိုင်ငံတော်သတင်းကြေညာသူများသည် ဆက်ဟောပြောကြရာတွင် သူတို့ကြုံတွေ့သော ဤဝမ်းသာအားရစရာရလဒ်များသည် အချို့မျှသာဖြစ်ပါသည်။
ဘာသာစကားအမျိုးမျိုး၏ စိန်ခေါ်ချက်
“လူအပေါင်းတို့” အားဟောပြောခြင်းတာဝန်ကိုဆောင်ရွက်နိုင်ရန် ဌာနခွဲရုံးသည် ကျမ်းစာစာပေများကို ဘာသာစကားတစ်ရာကျော်ဖြင့် အသင့်ထားပေးရပါသည်။ ယခုဘာသာစကားဆယ်မျိုးကိုအသုံးပြုသည့် ဘယ်ဂျီယန်အသင်းတော်များရှိပါသည်။ အသင်းတော် ၃၄၁ ခုအနက် ၆၁ ခုသည် တိုင်းတစ်ပါးစကားပြောအသင်းတော်များဖြစ်သည်။ ဘုရားသခင့်နိုင်ငံတော်သတင်းကြေညာသူ ၂၆,၀၀၀ အနက် ၅,၀၀၀ မှာတိုင်းတစ်ပါးသားများဖြစ်ကြသည်။ အသင်းတော်တစ်ခုတွင် နိုင်ငံ ၂၅ နိုင်ငံမှအမျိုးသားအမျိုးသမီးများရှိပါသည်။ သူတို့၏စည်းဝေးများကိုတက်သူများ၏ အရောင်အဆင်းနှင့်ခြားနားထွေပြားမှုကိုသာ စဉ်းစားကြည့်ပါ။ သို့ဖြစ်သော်လည်း ညီအစ်ကိုချင်းအားချစ်ခြင်းနှင့် စည်းလုံးမှုသည် ခရစ်ယာန်တပည့်စစ်များ၏ တန်ခိုးပါသောသက်သေအထောက်အထားဖြစ်ပါသည်။—ယောဟန် ၁၃:၃၄၊ ၃၅။
တိုင်းတစ်ပါးစကားဖြင့် သတင်းကောင်းကိုကြားနာလိုသူများစွာ ဘယ်ဂျီယန်တွင်နေထိုင်သဖြင့် ကြေညာသူအချို့သည် သင်ယူရခဲယဉ်းသော တူရကီစကား၊ အာရဘီစကား၊ တရုတ်ဘာသာစကားများသင်ယူခြင်းကို စိန်ခေါ်ချက်တစ်ခုအဖြစ်သဘောထားကာ လေ့လာဆည်းပူးနေကြပါသည်။ သူတို့၏ကြိုးပမ်းမှုသည်လည်း အကျိုးများစွာဖြစ်ထွန်းစေခဲ့ပြီ။
အာရဘီလူမျိုးကြား အမှုဆောင်သူများသည် သမ္မာကျမ်းစာ၏ လက်တွေ့ကျမှုကို ပေါ်လွင်စေခြင်းအားဖြင့် စိတ်ဝင်စားမှု နှိုးဆွပေးနိုင်ကြောင်း တွေ့ရှိကြပါသည်။ ဘုရားသခင့်နိုင်ငံတော်ကြေညာသူတစ်ဦးသည် အာရဘီပါမောက္ခဆရာတစ်ဦးနှင့် စိတ်ဝင်စားစရာကောင်းသောဆွေးနွေးခန်းတစ်ခုကို ပြုနိုင်ခဲ့ပါသည်။ သို့သော် နောင်သုံးနှစ်တိုင် ထိုပါမောက္ခနှင့် ပြန်မတွေ့ဆုံခဲ့ပါ။ လွယ်ကူစွာစိတ်ဓာတ်မကျဘဲ ကြေညာသူသည် ထိုပါမောက္ခထံ မေးခွန်းအချို့ပါသော စာတစ်စောင်ကို ရေးပို့လိုက်သည်။ ယင်းကြောင့်စူးစမ်းလိုစိတ် နှိုးဆွခံရပြီး သမ္မာကျမ်းစာကိုဘက်မလိုက်ဘဲစစ်ဆေးကြည့်ရန် သူဆုံးဖြတ်လေသည်။ သူ၏တွေ့ရှိချက်များကြောင့် အလွန်အံ့အားသင့်ခဲ့ရာ သူနှင့်သူ၏ဇနီးသည်သည် မွတ်စလင်ဘာသာဝင်များဖြစ်ကြသော်လည်း အချို့ညနေချိန်များတွင် ကျမ်းစာကိုအတူတကွလေ့လာဆည်းပူးကြည့်ရန် စီစဉ်ကြပါသည်။
မြို့ကြီးများတွင်နေထိုင်သော တရုတ်လူမျိုးအုပ်စုကြီးသို့သွားရောက်ကူညီပေးသူများသည် ဘာသာစကားအတားအဆီးအပြင် အခြားအတားအဆီးတစ်ခုကို ကျော်လွှားကြရသည်။ တရုတ်လူမျိုးအများစုသည် ဘုရားသခင်အား ဖန်ဆင်းရှင်အဖြစ်သဘောမထား၊ သမ္မာကျမ်းစာကိုလည်း ဘုရားသခင်၏နှုတ်ကပါဌ်တော်ဟူ၍ မယူမှတ်ပါ။ မည်သို့ဆိုစေ သူတို့သည် စူးစမ်းလိုစိတ်ရှိကြပါသည်။ ထို့ပြင် စာဖတ်ဝါသနာပါသူများဖြစ်ကြသည်။ သူတို့ရရှိသည့် မည်သည့်ကျမ်းစာ စာပေကိုမဆို၊ သို့မဟုတ် ကျမ်းစောင်အတော်များများကိုပင် ရက်အနည်းငယ်အတွင်း အပြီးဖတ်ရှုကြခြင်းသည် အံ့ဩစရာမဟုတ်ပါ။ သူတို့စိတ်ထားမှန်ကန်လျှင် ဘုရားသခင့်နှုတ်ကပါဌ်တော်၏တန်ခိုးကြောင့် လှုံ့ဆော်တိုက်တွန်းခံရပါသည်။
တရုတ်အမျိုးသမီးတစ်ဦးသည် ဖန်ဆင်းရှင်ရှိသည်ကိုလက်ခံရ အလွန်ခဲယဉ်းနေသည်။ သို့သော် ဒုတိယသင်အံမှုပြုနေစဉ် သူမက “အခု ယေဟောဝါဘုရားသခင်ကို ကျွန်မယုံကြည်နိုင်ပြီ။ ဘာကြောင့်လည်းဆိုတော့ ကျမ်းစာကို နှစ်ပေါင်း ၁,၆၀၀ အတွင်းလူပေါင်း ၄၀ ရေးခဲ့တာတောင် အဓိကခေါင်းစဉ်တစ်ခုတည်းနှင့် ညီညွတ်နေတယ်ဆိုယင် အဲ့ဒါကိုရေးဖို့ ယေဟောဝါဘုရားသခင်လမ်းပြညွှန်ကြားပေးခဲ့ရမယ်။ ဒါ၊ ယုတ္တိရှိပါတယ်” ဟုမျက်ရည်တဝဲလည်လည်ဖြင့် ပြောဆိုခဲ့သည်။
အခြားတရုတ်အမျိုးသမီးတစ်ဦးကို သက်သေခံညီမတစ်ယောက်က ဓာတ်ရထားပေါ်တွေ့ဆုံပါသည်။ သူမက “ခရစ်ယာန်လား” ဟုသက်သေခံအားမေးခဲ့သည်။ ထိုနောက် ခရစ်ယာန်အမည်ခံသူတို့သည် ရှေ့နောက်မညီညွတ်မှုများလွန်းသည်ကိုတွေ့ရှိခဲ့၍ စိတ်ကြိုက်မဖြစ်နိုင်ကြောင်း သူမ ပြောပြသည်။ သက်သေခံကလည်း သူမ စကားမှန်သည်ဟုဝန်ခံ၍ သမ္မာကျမ်းစာမူကား ရှေ့နောက်မညီညွတ်မှုမရှိကြောင်း ရှင်းပြပါသည်။ ဤအချိန်တွင်ပင် ထိုအမျိုးသမီးဆင်းရမည့်နေရာသို့ရောက်လေသည်။ သူ၏လိပ်စာကို သက်သေခံအားပေးခဲ့ရာ သက်သေခံဖြစ်သူသည် သူ့ထံအလည်ရောက်သွားသည့်အခါ ထိုအမျိုးသမီးက “ဒီလိုသာဖြစ်မယ်မှန်းသိယင် ကျွန်မ အရင်နှစ်ကတည်းက ဓာတ်ရထားစီးတာပေါ့” ဟုဟစ်ကြွေးပါသည်။ ဘာကိုဆိုလိုကြောင်းမေးကြည့်သည့်အခါ ထိုအမျိုးသမီးက “ဓာတ်ရထားနဲ့တက္ကသိုလ်ကိုသွားတက်တာ အဲ့ဒီနေ့ဟာပထမအကြိမ်ဘဲ။ စဉ်းစားကြည့်တော့။ တစ်နှစ်လုံးလုံးအချိန်ပုပ်သွားတယ်။” တရုတ်ပြည်မပြန်မီ လအနည်းငယ်အလိုကလေးအချိန်တွင် သမ္မာကျမ်းစာလေ့လာခဲ့ရသည့်အတွက် သူမမှာ အလွန်ဝမ်းသာသွားပါသည်။
ဤကဲ့သို့သောတွေ့ကြုံမှုများက ဘယ်ဂျီယန်နိုင်ငံတွင်ရှိ သက်သေခံများအား သင်ခန်းစာရစေခဲ့ပြီ။ “နံနက်အချိန်၌ မျိုးစေ့ကိုကြဲလော့။ ညဦးအချိန်၌လည်း မကြဲဘဲမနေနှင့်။ အကြောင်းမူကား၊ အဘယ်အရာသည် အကျိုးရှိမည်ကိုလည်းကောင်း၊ နှစ်ပါးစလုံးတို့သည် အညီအမျှအကျိုးရှိမည်ကိုလည်းကောင်း မသိနိုင်” ဟု ကျမ်းစာဆို၏။ (ဒေသနာ ၁၁:၆) ဘာသာစကား၊ ထုံးစံနှင့် ထုံးတမ်းဓလေ့ကြောင့်ပေါ်လာသည့် အတားအဆီးများကိုကျော်လွှားရန် ကြိုးစားအားထုတ်မှုများသည် အကျိုးနပ်ပါသည်။ “ဘုရားသခင်သည် လူမျက်နှာကိုမှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌မျက်နှာရသည်” ဟူသောစကားများသည်မှန်ကန်ကြောင်း အရာခပ်သိမ်းထက် ဤစိတ်ကြည်နူးဖွယ်ရာတုံ့ပြန်မှုများက သက်သေထူပါသည်။—တမန်တော် ၁၀:၃၄၊ ၃၅။