ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၁၂/၁၅ စာ. ၁၉-၂၀
  • နိုင်ဂျီးရီးယားတရားရုံးချုပ်က ဘာသာရေးလွတ်လပ်မှုကို စွဲကိုင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နိုင်ဂျီးရီးယားတရားရုံးချုပ်က ဘာသာရေးလွတ်လပ်မှုကို စွဲကိုင်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • တစ်ရုံးမှ တစ်ရုံးသို့
  • ဘာသာရေးလွတ်လပ်မှု အောင်မြင်
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၁၂/၁၅ စာ. ၁၉-၂၀

နိုင်ဂျီးရီးယားတရားရုံးချုပ်က ဘာသာရေးလွတ်လပ်မှုကို စွဲကိုင်

ရွာသားများသည် လယ်ရှင်တစ်ဦး၏ကောက်လှိုင်းများကို လုယက်ကြသည်။ အခြားသူများသည် ပန်းရန်တစ်ဦး၏အိမ်ထဲရုတ်တရက်ဝင်တိုက်ခိုက်ပြီး သူ၏လက်နက်ကိရိယာများကိုသိမ်းယူသွားသည်။ အခြားသူတို့ကလည်း အမျိုးသမီးတစ်ဦးအား မရောင်းဝယ်ရန် တားဆီးပိတ်ပင်ခဲ့သည်။ ဤသို့အဘယ်ကြောင့်ခိုက်ရန်ပြုကြသနည်း။ အကြောင်းမှာ ယေဟောဝါသက်သေများချည်းသာဖြစ်သော ထိုသို့နှိပ်စက်ကလူပြုခံရသူများသည် သက်တူရွယ်တူပေါင်းသင်းမှုများ၌ မပါဝင်ကြသောကြောင့်ဖြစ်သည်။ ‘မည်သည့်အရာပါလိမ့်’ ဟုသင်တွေးတောနေမည်။

သက်တူရွယ်တူအပေါင်းအသင်းမည်သည်ကား တစ်ချိန်တည်းနီးပါး၊ တစ်ရွာတည်းတွင်မွေးဖွားခဲ့သော အများအားဖြင့် အမျိုးသားများဖြင့်ဖွဲ့ထားသည့် အဖွဲ့ဖြစ်သည်။ နိုင်ဂျီးရီးယားနိုင်ငံအရှေ့ပိုင်းတွင် သက်တူရွယ်တူအုပ်စုများ ဖွဲ့စည်းလေ့ရှိသည်။ ယင်းတို့သည် ရပ်ရွာစီမံကိန်းတစ်ခုကို အားပေးလှုံ့ဆော်ရုံမက ဗာဗုလုန်ကိုးကွယ်မှု၌လည်းပါဝင်ကြပြီး အဖွဲ့ဝင်များသည် အရွယ်ရောက်ကြပြီဖြစ်ကြောင်း သက်သေအနေနှင့် နတ်ဝိဇ္ဇာအတတ်ဆိုင်ရာထုံးစံများကို ပြုလုပ်ကြပါသည်။ ခရစ်ယာန်စစ်များသည် ဤကဲ့သို့သောအကျင့်များကို မပြုလုပ်ရဟု သမ္မာကျမ်းစာကမြစ်တားထားသောကြောင့် ယေဟောဝါသက်သေများသည် ဤအုပ်စုများတွင် မပါဝင်ကြခြင်းဖြစ်သည်။—၁ ကောရိန္သု ၁၀:၂၀၊ ၂၁။ ၁ ယောဟန် ၅:၂၁။

စဲမြူအဲလ် အိုကိုဘျူသည် နိုင်ဂျီးရီးယားနိုင်ငံ၊ အာဘာမြို့တွင် စက်ချုပ်ပြီးဝမ်းစာရှာသည်။ ၁၉၇၈ ခုနှစ်အစောပိုင်းကာလတွင် အာလာယီမြို့ရှိ အူမွန်ကာလူ သက်တူရွယ်တူအဖွဲ့က ကျန်းမာရေးဌာနတည်ဆောက်ဖို့အတွက် သူထံမှ “အခွန်” လာတောင်းသည်။ ခရစ်ယာန်စစ်တစ်ဦးအနေနှင့် စဲမြူအဲလ်သည် သူတစ်ပါးကိုကြိုးစားကူညီပေးလေ့ရှိသော်လည်း ဩတ္တပ္ပစိတ် ခွင့်မပြုသည့်အတွက် ထိုသက်တူရွယ်တူအဖွဲ့နှင့် မပတ်သက်လိုခဲ့ပါ။ ထိုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် ယင်းအဖွဲ့ဝင်ခြောက်ဦးသည် သူ၏ဆိုင်ခန်းထဲထွင်းဖောက်ကာ အပ်ချုပ်စက်ကိုအဓမ္မယူပြီး ငွေမပေးမချင်း ယင်းစက်ကိုသူတို့ပြန်ပေးမည်မဟုတ်ဟု ခြိမ်းခြောက်ကြသည်။ မိမိသည် သူတို့အဖွဲ့၏အသင်းသားမဟုတ်သည့်အတွက် ဘာမျှပေးဆောင်စရာအကြောင်းမရှိဟု စဲမြူအဲလ်တင်ပြပါသော်လည်း စက်ပြန်မရသည့်အတွက် ဤအမှုကို ရုံးတင်အမှုဖွင့်ခဲ့ပါသည်။

တစ်ရုံးမှ တစ်ရုံးသို့

စဲမြူအဲလ်၏အသက်အရွယ်ကြောင့် သူတို့၏အသင်းသားတစ်ဦး အလိုအလျောက်ဖြစ်သည့်အတွက် သူတို့သတ်မှတ်သော မည်သည့်အခွန်ကိုမဆို ပေးဆက်ရန်တာဝန်ရှိသည်ဟု ရာဇဝတ်တရားသူကြီးချုပ်ရုံးတွင် သက်တူရွယ်တူအဖွဲ့က တင်ပြပါသည်။ ထို့ပြင်အသင်းသားတစ်ဦးသည် အခွန်မပေးလျှင် သူပိုင်ဆိုင်သောပစ္စည်းတစ်ခုခုကို မပေးမချင်းသိမ်းဆည်းထားရမည့်ဒေသထုံးစံရှိသည်ဟု ဆိုကြ၏။

တရားရုံးက လက်မခံပါ။ ၁၉၈၀ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင်၊ သက်တူရွယ်တူအဖွဲ့ဝင်ဖြစ်ရန် စဲမြူအဲလ်အား အကြပ်အတည်းမပြုလုပ်နိုင်ဟု စီရင်ဆုံးဖြတ်ပါသည်။ ရာဇဝတ်တရားသူကြီးချုပ်က ဤသို့ဆိုသည်။ “ပြည်သူတစ်ဦး လွတ်လပ်စွာရွေးချယ်ပေါင်းသင်းခွင့်မရှိစေသည့်ထုံးစံသည် နိုင်ဂျီးရီးယားသမ္မတနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၃၇ နှင့်ဆန့်ကျင်သည့်အတွက် ဥပဒေအရ နိုင်ထက်စီးနင်းပြုလုပ်ခွင့်မရှိပါ။”

သက်တူရွယ်တူအဖွဲ့က ဤစီရင်ချက်ကို တရားလွှတ်တော်သို့ အယူခံဝင်ရာ အနိုင်ရလေသည်။ ဤတရားရုံး၏တရားသူကြီးက မိမိနေထိုင်သောရပ်ရွာဖွံ့ဖြိုးတိုးတက်မှုအတွက် အခွန်ပေးဆက်ခြင်းမျှဖြစ်သည့်အတွက် စဲမြူအဲလ်သည် အခွန်ပေးရမည်ဟု စီရင်ပါသည်။

ထိုအခါ စဲမြူအဲလ်သည် ဤစီရင်ချက်ကို တရားမျှတမှုနှင့်မညီဟု ခံစားရပြီး အယူခံဝင်ပြန်သည်။ အယူခံဝင်တရားရုံးက တရားလွှတ်တော်၏စီရင်ချက်ကို ပယ်ဖျက်ပြီး စဲမြူအဲလ်ကိုအနိုင်ပေးခဲ့သည်။ အရှုံးမခံလို၍ သက်တူရွယ်တူအဖွဲ့က ဤအမှုကို တရားရုံးချုပ်သို့ တင်ပြန်သည်။

ထိုကာလအတွင်း စဲမြူအဲလ်၏ရွာတွင် သက်တူရွယ်တူအဖွဲ့ဝင်များ အလွန်လှုပ်ရှားနေကြသည်။ သက်သေခံများသည် ရပ်ရွာစီမံကိန်းတိုင်းကို အားမပေးကြပါဟု အဆိုတင်သွင်းပြီး ယေဟောဝါသက်သေများ၏လုပ်ငန်းကို ပိတ်ပင်လိုက်ရန် ရွာသူကြီးကိုတိုက်တွန်းနေကြသည်။ ယေဟောဝါသက်သေများနှင့် အဆက်အသွယ်ပြုသူ မည်သူမဆိုကို ဒဏ်ပေးမည်ဟု ရွာဆော်ကလည်း လိုက်ကြေညာပါသည်။ ထိုအခါ အနီးအနားရှိမြို့များမှ သက်သေခံများသည် ရွာလူကြီးများနှင့် ဤကိစ္စကိုလာရောက်ဆွေးနွေး ဖြေရှင်းပေးကြပါသည်။ ရပ်ရွာတိုးတက်ရေးကို ဘုရားသခင့်လူများသည် အဘယ်နည်းဖြင့်မျှမဆန့်ကျင်ကြောင်း သူတို့ရှင်းပြသည်။ အမှန်သော်ကား၊ သက်တူရွယ်တူအဖွဲ့နှင့်မပတ်သက်သည့် အခြားရပ်ရွာစီမံကိန်းများကို စဲမြူအဲလ် အားပေးခဲ့ကြောင်း သက်သေပြသည့် စာရွက်စာတမ်းများကို သူထုတ်ပြနိုင်ခဲ့ပါသည်။ ထိုအခါ သက်သေခံများအား ဝိုင်းပယ်ရန်ဆုံးဖြတ်ချက်ကို ရွာလူကြီးများပယ်ဖျက်လိုက်လေသည်။

ဘာသာရေးလွတ်လပ်မှု အောင်မြင်

၁၉၉၁၊ အောက်တိုဘာ ၂၁ ရက်နေ့တွင် နိုင်ဂျီးရီးယားတရားရုံးချုပ်မှ တရားသူကြီးငါးဦးသည် စဲမြူအဲလ်ကိုအနိုင်ပေးရန် သဘောတူညီကြသည်။ တရားသူကြီး ပေါလ် နဝိုကဒီး၏ လမ်းပြစီရင်ချက်ကို တရားသူကြီး အဘူဘေကာ ဝါလီက ဤသို့အသေးစိတ်ဖော်ပြသည်။ “လျှောက်ထားခံရသူ [စဲမြူအဲလ်] သည်အခွန်အကောက် [ကန့်သတ်သောအခွန်] ကိုမပေးလိုခြင်းမဟုတ်ဘဲ မည်သည့်အဖွဲ့အစည်း၊ အသင်း၊ သို့မဟုတ် သက်တူရွယ်တူအုပ်စု အဝင် မဖြစ်လိုကြောင်း ကန့်ကွက်နေခြင်းဖြစ်သည်။ သူသည် ယေဟောဝါသက်သေတစ်ဦးဖြစ်၍ သူ၏ဘာသာရေးယုံကြည်ချက်နှင့် ယင်းအမှုသည် ဆန့်ကျင်နေ၍ဖြစ်ပါသည်။”

တရားသူကြီးက ဤသို့ဆက်ပြောသေးသည်။ “၁၉၆၃၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ ပုဒ်မ ၂၄ (၁) အရ နိုင်ဂျီးရီးယားနိုင်ငံသားအားလုံး လွတ်လပ်စွာယူဆနိုင်ခြင်း၊ စဉ်းစားနိုင်ခြင်း၊ ကိုးကွယ်နိုင်ခြင်းအခွင့်ရှိကြောင်း အာမခံထားပါသည်။ လျှောက်ထားခံရသူအား သက်တူရွယ်တူအဖွဲ့သို့ဝင်ခွင့်မပြုသော သူ့ဘာသာရေး၊ သူ့သဘောထား၊ သူ့ယူဆချက်ကို သူခံယူခွင့်ရှိပါသည်။ ထိုသို့ပြုခွင့်မပေးသော မည်သည့်ထုံးစံမဆိုသည် အခြေခံဥပဒေနှင့်ဆန့်ကျင်သဖြင့် ယင်းနှင့်အညီ အတည်မဖြစ်၊ ပျက်ပြယ်ရ၏။”

အတိုချုပ်ပြောရမည်ဆိုလျှင် သက်တူရွယ်တူအဖွဲ့ဝင်ဖြစ်ခြင်းသည် ရပ်ရွာထုံးစံဖြစ်ဦးတော့ တရားဥပဒေအရ မည်သူကိုမျှ အတင်းအကြပ်အသင်းမဝင်စေနိုင်ကြောင်း တရားရုံးက စီရင်ဆုံးဖြတ်လိုက်ပါသည်။ အခွန်အကောက်သည် ရပ်ရွာဖွံ့ဖြိုးရေးအတွက် ဖြစ်ဦးတော့ မိမိအသင်းမဝင်ထားသည့်အဖွဲ့မှတစ်ဆင့် အခွန်ပေးဆက်ရန် မည်သူကိုမျှ ဥပဒေမထုတ်နိုင်ဟူ၍လည်း စီရင်ချက်ချမှတ်ပါသည်။ ထိုကြောင့်အသေးအမွှားကိစ္စဖြစ်ပုံရှိသည့် ဤအရေးတွင် နိုင်ဂျီးရီးယားနိုင်ငံသားအားလုံးအတွက် ဘာသာရေးလွတ်လပ်ခွင့်ကို စွဲကိုင်ခဲ့ပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ